← Chapters

အခန်း (၃၁၁-၃၁၃)

Vol. 22 Ch. 311-313

အခန်း (၃၁၁-၃၁၃)

Vol. 22 Ch. 311-313

ယွမ်ကျိုး အပိုင်း(၃၁၁)

ဒေသတွင်းထုတ်ကုန်တန်ဖိုးကို မြင့်တက်စေသူ

“အဲ့ဒီတော့ လူတစ်ယောက်တည်းက မြို့နယ်တစ်ခုလုံးရဲ့ဒေသတွင်းထုတ်ကုန်တန်ဖိုးကို မြှင့်တင်ပေးနေတာလို့ မင်းဆိုလိုချင်တာလား”

အမျိုးသားမှာ စိတ်အနှောင့်အယှက်ဖြစ်သလို စားပွဲစွန်းကို လက်ဖြင့် ပုတ်လိုက်ရင်း ထိုအကြောင်းအရာအား သံသယဝင်နေပုံပေါ်သည်။

ထိုသို့သောလူတစ်ဦးကို ရောမမြို့ရှိ ထိုက်ဘာမြစ် အနောက်ဘက်မြစ်ကမ်းနဖူးတွင် တွေ့ခဲ့ဖူးသည်။ ထိုသူမှာ ဂျဟိုဗာဖြစ်ပြီး နေရာမှာ ဗက်တီကန်မြို့ဖြစ်သည်။

“ဟုတ်ပါတယ်။ စာတမ်းအဆုံးမှာ ဒီတင်ပြချက်နဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေထည့်သွင်းပေးထားပါတယ်ရှင့်”

ဆံပင်တိုတိုနှင့်အမျိုးသမီးက နောက်ဆုံးစာမျက်နှာလေးငါးရွက်ကို ဆွဲထုတ်ယူလိုက်သည်။

တွေ့ရှိချက်တွင် ဓာတ်ပုံအချို့ပါဝင်ပြီး ပညာရှင်အဆင့်ဒေတာဆန်းစစ်တွက်ချက်မှုများ၊ ဇယားများ၊ လူတစ်ဦးချင်းစားသုံးမှုနှုန်းပြဂရပ်များ၊ လွန်ခဲ့သောလအနည်းငယ်အတွင်း ယွမ်ကျိုးစားသောက်ဆိုင်တည်ရှိသော နေရာတစ်ဝိုက်သို့ လာရောက်ခဲ့သော ဧည့်သည်အရေအတွက်ပါ ပါဝင်သည်။

အမျိုးသမီးက တစ်ရွက်ချင်း ထုတ်ပေးလိုက်သည်။ အမျိုးသားက အကုန်လုံးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ခေတ္တငြိမ်သက်သွားကာ

“ဟွားဟွား မင်းရဲ့လုပ်ငန်းအဆိုပြုချက်က ဘာလဲ”

သူမ၏အဆိုပြုချက်ကို ယုံကြည်ချက်ရှိရှိဖြင့်

“ကျွန်မတို့ရဲ့တွေ့ရှိချက်တွေအရ ဒီစားသောက်ဆိုင်လေးဟာ တစ်ဟုန်ထိုးများပြားလာတဲ့စားသုံးသူနဲ့ လိုအပ်ချက်ကို

မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒါ့အပြင် အရည်အသွေးကောင်းတဲ့ အိမ်ချက်အစားအသောက်အရောင်းဆိုင် ၁ဆိုင်၊ ၂ဆိုင်လောက်ပဲ။ အနီးဝန်းကျင်မှာ ရှိနေတာ ဖြစ်တဲ့အတွက် ကျွန်မတို့ ဝင်တိုးလို့ရနိုင်ပါတယ်” ဟုပြောလိုက်သည်။

“အရသာကောင်းတာကလွဲလို့ အဲ့ဆိုင်လေးက ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာစံသတ်မှတ်ချက်တွေ၊ သန့်ရှင်းမှု၊ ဝန်ဆောင်မှုတွေမှာ လိုက်မမီပါဘူး။ ဒါကြောင့် ကျွန်မတို့က အရည်အသွေးကောင်းတဲ့ စားသောက်ကုန်လုပ်ငန်းတစ်ခုအဖြစ် အဲ့နေရာကို ဝင်တိုးနိုင်ပါတယ်။ ဒီအတိုင်းဆို ကျွန်မတို့က အဲ့ဆိုင်လေးကို အလဲထိုးနိုင်မှာပါရှင့်”

အမျိုးသမီးက လုပ်ငန်းအဆိုပြုချက်ကို ထုတ်ယူလိုက်ကာ အမျိုးသားထံ လွှဲပေးလိုက်ရင်း ရှင်းပြသည်။

အမျိုးသားက ဓာတ်ပုံကို ညွှန်ပြလိုက်ရင်း “မင်း အခုတင်ပြောပြသွားတဲ့လူက တကယ်အံ့သြဖို့ကောင်းတာပဲ။ ငါတို့စားဖိုမှူးတွေရဲ့ ဟင်းချက်စွမ်းရည်ကရော ဘယ်လိုရှိလဲ”

ဓာတ်ပုံမှာ ယွမ်ကျိုး၏နောက်ကျောဖက်ဓာတ်ပုံတစ်ပုံဖြစ်၏။ တရုတ်ဟန်လူမျိုးဝတ်စုံကို ဝတ်ဆင်ထားပြီး မီးဖိုချောင်တွင် အလုပ်များနေပုံဖြစ်သည်။

“စိတ်မပူပါနဲ့ရှင့်။ စီနီယာစားဖိုမှူးလီလီကို ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ပြီးပါပြီ” ဟု ပြောဆိုနေပေမယ့် အမျိုးသမီးမှာ

ဒီပြိုင်ဘက်ယွမ်ကျိုးအပေါ် သတိကြီးကြီးထားဆဲဖြစ်သည်။

အရည်အသွေးကောင်းတဲ့ဝန်ဆောင်မှု၊ သက်တောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အနေအထားစတဲ့အချက်တွေအားလုံးက ကျွန်မတို့ကိုအောင်မြင်စေမှာဆိုပေမယ့် လီလီရဲ့ခိုင်မာတဲ့အထောက်အပံ့ကိုလည်း လိုအပ်နေပါသေးတယ်။ သူ့ရဲ့ပူးပေါင်းမှုနဲ့သာဆိုရင် ကျွန်မတို့ကုမ္ပဏီက ပထမခြေတစ်လှမ်းနဲ့တင် ချန်ဒူမြို့မှာ ကျိန်းသေပေါက် ခြေကုပ်ယူနိုင်မှာပါ” အမျိုးသမီးက ယုံကြည်မှုရှိရှိဖြင့် အာမခံချက်ပေးလိုက်သည်။

အမျိုးသားက လုပ်ငန်းအဆိုပြုချက်ကို ချက်ချင်းသဘောတူလိုက်ကာ

“မင်းရဲ့အဆိုပြုချက်အတိုင်း ဆောင်ရွက်နိုင်ပြီ။ လီလီကို စားသောက်ဆိုင်အစုရှယ်ယာရဲ့ လေးရာခိုင်နှုန်းအထိပေးဖို့ ငါ သဘောတူ တယ်”

“ဟုတ်ကဲ့။ ကျွန်မ အခုသွားစီစဉ်လိုက်ပါ့မယ်”

အမျိုးသမီးက အတည်ပြုပေးလိုက်သော စာရွက်ကို ယူကာ သွက်လက်စွာ ထွက်သွားသည်။

အမျိုးသားက “အင်း”ဟု ဆိုကာ ခေါင်းညိတ်ပြလိုက်သည်။

“ဘမ်း” ဟူသောအသံဖြင့် သစ်သားတံခါးမှာ ပိတ်သွားခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် အမျိုးသားက “အကုန်အဆင်ပြေမယ်မျှော်လင့်ရတာပဲ” ဟု မသဲမကွဲ ရေရွတ်လိုက်လေသည်။

ရုံးခန်းထွက်လာပြီးနောက် အမျိုးသမီးမှာ အတော်စိတ်လှုပ်ရှားနေဟန်ပေါ်သည်။ ကနဦးသုတေသနအလုပ်မှာ ခက်ခဲခဲ့ပေမယ့် သူမ အတော်ကြိုးစားပြီး ရခဲ့သော အောင်မြင်မှုဖြစ်သည်။

ထွက်လာပြီးသည်နှင့်တစ်ပြိုင်နက် သူမ ဖုန်းထုတ်ကာ ဆက်လိုက်သည်။ ယခင် ဆက်နေကြကဲ့သို့ပင် ဖုန်းမှာ သုံးခါဝင်ပြီးသည်နှင့် တစ်ဖက်က ကိုင်လိုက်၏။

“မစ္စတာလီ ... စီမံကိန်းအတွက် ကျွန်မခွင့်ပြုချက်ရလာပြီ။ အကုန်လုံး နေရာချထားပြီးပြီဆို အချိန်မှီ ရောက်လာခဲ့ပါနော်” အမျိုးသမီးက စိတ်သက်သာရာရသွားသောလေသံဖြင့် ပြောသည်။

“ကိစ္စမရှိပါဘူး။ ကျွန်တော်က စိတ်ရင်းမှန်နဲ့ဖိတ်ကြားချက်တွေကို ဘယ်တော့မှ မငြင်းတတ်ပါဘူးဗျာ”

တစ်ဖက်မှ လီလီက ပြုံးကာ ဖြေလိုက်သည်။

“အဲ့ဒါဆို ကျွန်မတို့ ပူးပေါင်းဆောင်ရွက်မှုအတွက် မျှော်လင့်နေမယ်နော်”

အမျိုးသမီးမှာ အဓိကအချက်ကို အောင်နိုင်ပြီးဖြစ်ရာ အလွန်ပျော်ရွှင်ပုံပေါက်နေတော့သည်။

အမျိုးသမီးမှာ ခိုင်မာသော စီမံခန့်ခွဲပိုင်ခွင့်ရှိနေပြီး ဤအကြောင်းကို ယွမ်ကျိုးစားသောက်ဆိုင်ရှိ စားပွဲထိုးမလေးမှလည်း ယွမ်ကျိုးကို ဒီနေရာကို ဝယ်ယူကြတော့မည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်နှင့် တိုက်ဆိုင်နေသည်။

အမျိုးသမီးမှာ ဤနေရာအား မည်သည့်ဈေးဖြင့် ယွမ်ကျိုးငှားရမ်းခဲ့သည်ကို စုံစမ်းသိရှိပြီးဖြစ်ရာ အသုံးမဝင်သည်များကို ဆက်လုပ်တော့မည်မဟုတ်ချေ။

ယခုကိစ္စများကို ယွမ်ကျိုးသိရှိခြင်းမရှိပေ။ နဂိုအတိုင်း သူ့စားသောက်ဆိုင်လေးကို ဖွင့်ရန် အားသန်နေလျက်ရှိသည်။ ယွမ်ကျိုးစားသောက်ဆိုင်နှင့် မဝေးလှသောနေရာမှ ဆူညံသံများ ထွက်ပေါ်နေသည်။

“မင်း ဘာပြောလိုက်တာလဲ။ သူတို့က တစ်နေ့လုံး အဆောက်အဦးပြင်ဆင်ရေးလုပ်နေတာလား။ တစ်လလောက်တောင် ရှိနေပြီ” အစားအသောက်မှာယူရန် စောင့်ဆိုင်းနေစဉ် လူတစ်ယောက်က စိတ်ပျက်စွာမေးလိုက်သည်။ ထိုသူမှာ ဆူညံသံများကို မနှစ်မြို့ပေ။ အထူးသဖြင့် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေရချိန်တွင် ဖြစ်သည်။

“စားသောက်ဆိုင်ထင်တယ်။ ဒီနားတစ်ဝိုက်မှာ စားသောက်ဆိုင်ခန်းတွေ ပိုများလာတာမင်းသတိမထားမိဘူးလား”

ပြောင်းလဲမှုများကို သတိပြုမိသော စားသုံးသူတစ်ဦးက ဆိုသည်။

“ငါ သတိမထားမိဘူး။ အေးလေ ငါက ဒီဆိုင်မှာ မစားဖြစ်ရင် အိမ်မှာပဲစားလိုက်တာ” ကျန်လူက ပုခုံးတွန့်ရင်း မထူးခြားသလိုပြောသည်။

“အဲ့လိုပြောလို့မရဘူး။ ဒီနားတစ်ဝိုက်က ဆိုင်တွေက ဟင်းပွဲတွေ တစ်စထက်တစ်စ ပိုပိုအရသာရှိလာတာ။ မင်းသတိမထားလို့ ဖြစ်မယ်”

အစားအသောက်နှစ်သက်သူများမှာ ဤကဲ့သို့ အရသာပြောင်းလဲမှုများကို ပိုမိုခံစားသိလွယ်လေသည်။

ယွမ်ကျိုးသည်လည်း သတိထားမိခြင်းမရှိပေ။ သူ၏ဟင်းချက်စွမ်းရည်တိုးတက်အောင် လုပ်ရေးကိုသာ စိတ်ဝင်စားသူဖြစ်သည်။

“တခြားဟာတွေ ပြောမနေပါနဲ့။ ငါက ဘော့စ်ယွမ် ဘယ်တော့အိမ်သာဆောက်ပေးမလဲကိုပဲ သိချင်တာ”

ဘေ့စ်ဘောဦးထုပ်နှင့် အားကစားဝတ်စုံဝတ်ထားကာ မျက်နှာနီမြန်းနေသောလူငယ်လေးက ပြောသည်။

“ဟော..မင်းအိမ်သာသွားချင်လို့လား”

ဤသည်မှာ ဖောက်သည်များ ပုံမှန်ကြုံတွေ့နေကြအရာ ဖြစ်သည်။

“အေး ဟုတ်တယ်” ဟုပြောရင်း လူငယ်လေးမှာ မျက်နှာပိုနီလာတော့သည်။ သူရှက်လာ၍လား ဒါမှမဟုတ် အောင့်ထားရ၍များလား ဘယ်သူမှ မသိနိုင်ပေ။

“လူမှ သိပ်မများတာ။ မင်း အခုအရင်တန်းစီလိုက်။ ဟင်းမှာပြီးမှ အိမ်သာသွားလိုက်ပေါ့။ မင်းပြန်လာရင် မှာထားတာလည်း ရလောက်ပြီ”

ဤသည်မှာ အတွေ့အကြုံရှိစားသုံးသူတစ်ဦး၏ပညာသားပါသော အကြံပေးချက်ဖြစ်လေသည်။

ဘေ့စ်ဘောကောင်လေးမှာ သူ့အနောက်ရှိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှည်လျားသော လူတန်းကြီးကိုကြည့်ပြီး

“အဲ့လိုလည်း ကောင်းသားပဲ။ အိမ်သာသွားပြီးမှ ပြန်လာရမယ်ဆို ငါဘယ်ချိန် စားရမလဲဆိုတာ ဘုရားပဲသိမယ်” ဟု ကြက်သီးထကာ ပြောလိုက်လေတော့သည်။ ဤဖြစ်ရပ်ကို ယွမ်ကျိုး တွေ့လိုက်ရသည်။

“ဆိုင်ရှင်ရေ ကျွန်တော့်ကို သုန်ပိုဝက်လက်ဟင်းတစ်ပွဲနဲ့ ထမင်းဖြူတစ်ပန်းကန်ပေးပါ။ ဒီမှာထိုင်မှာနော်။ ခဏလေးနေရင် ပြန်လာမယ်။ ဒီမှာ ကျသင့်ငွေပါ”

ဤသည်မှာ ဘေ့စ်ဘောကောင်လေး၏ဟင်းမှာပုံမှာနည်းပင် ဖြစ်တော့သည်။

“အမ်”

ကောင်လေး၏နီမြန်းသောမျက်နှာကို ကြည့်ကာ ယွမ်ကျိုးတစ်ယောက် ချက်ချင်းမတုံ့ပြန်နိုင်ပေ။

“ဒီနားနော်။ ကျွန်တော် ခဏနေ ပြန်လာမယ်” ကောင်လေးက သူနဲ့ကပ်လျက်ရှိ ခုံအလွတ်ကို ညွှန်ပြလိုက်ရင်း စိတ်ပူသလို ပြောလိုက်သည်။

“ဟုတ်ပြီ ဟုတ်ပြီ။ သွားပါ”

ကောင်လေး၏ခြေနှစ်ချောင်းစုလိမ်ကာ မသက်မသာဖြစ်နေသောအမူအရာကို ကြည့်ကာ ယွမ်ကျိုး နောက်ဆုံးသဘောပေါက်သွားသည်။

ကျိုကျာရောက်လာကာ ပိုက်ဆံလက်ခံပြီးနောက် ကောင်လေးမှာ ချက်ချင်းနောက်လှည့်ကာ ပြေးထွက်သွားသည်။

“ဟော..စိတ်ဝင်စားဖို့ကောင်းတဲ့ကောင်လေးပဲ။ ဘော့စ်ယွမ်ရေ သူ့ကိုကြည့်ပါဦး။ ခင်ဗျား ဒီပြဿနာကို မဖြေရှင်းတော့ဘူးလား"

ဘေးဘက်တွင်ထိုင်နေသော လင်းဟုန်က ကောင်လေး၏ကျောဘက်ကို ညွှန်ပြရင်း ပြုံးကာ ပြောလိုက်သည်။

“အိမ်သာဆောက်တာက ငါ့ဆိုင်ကြီးပွားဖို့ အရေးမပါဘူး”

ဘော့စ်ယွမ်၏ဆိုးဝါးလှသော စကားပြောစွမ်းရည်မှာ ပြီးပြည့်စုံသည်အထိ လေ့ကျင့်ပြီးဖြစ်လေသည်။

“မင်းဆက်ပြီး ကြွားနေ။ ငါသိသလောက်တော့ အဲ့ဒါမင်းဆိုင်က တအားသေးနေလို့လေ”

လင်းဟုန်က ဟွန့်ခနဲ နှာမှုတ်လိုက်သည်။ သူက ယွမ်ကျိုး၏အကြောင်းပြချက်များကို လုံးဝ မယုံပေ။

“ငါတော့ ဒီအတိုင်းလေးလည်း ကောင်းတယ်ထင်တာပဲ”

ဝူဟိုင်းက စားသောက်ပြီးနောက် အခြားသူများအတွက် နေရာဖယ်ပေးရင်းပြောသည်။

လင်းဟုန်က ဝူဟိုင်း၏သူတော်ကောင်းဟန်ဆောင်မှုကို

“အေးပေါ့ မင်းကတော့ ကောင်းမှာပေါ့။ မင်းနေရာက သူနဲ့ နီးတာကိုး” ဟု ပြောကာ ဖော်ထုတ်လိုက်သည်။

“ဒါကတော့ ငါ့အားသာချက်ပဲ”

ဝူဟိုင်းက ခေါင်းငြိမ့်ပြရင်း လုံးဝမျှတကြောင်း ပြလိုက်သည်။

“ကောင်းကောင်းစားတယ်ဆိုတာ မှန်ကန်တဲ့စီးပွားရေးပဲလေ”

မန်နေဂျာရှီက အစားအသောက်များကို သက်တောင့်သက်သာစားသုံးရင်း ဇိမ်ယူကာပြောသည်။

“ဒီလူအိုကြီးကလည်း ဒီစားသောက်ဆိုင်ကကောင်းတယ်လို့ ထင်တယ်။ ဒါပေါ့။ အထူးသဖြင့် လက်ရာက ကောင်းတာ” ဟု လူတန်းရှည်ကြီးကို ကြည့်ကာ အဖိုးအိုတစ်ဦးက သက်ပြင်းချရင်း ပြောသည်။

ဤသည်မှာ နွေးထွေးသော ပတ်ဝန်းကျင်အနေအထားရှိသည့် ယွမ်ကျိုး၏စားသောက်ဆိုင်တွင် နေ့စဉ်တွေ့ရသောအခြေအနေဖြစ်သည်။ ခဏကြာပြီးနောက် လူငယ်လေး ပြန်ရောက်လာသည်။ သူ့မျက်နှာသွင်ပြင်မှာမူ အေးချမ်းတည်ငြိမ်သွားလေသည်။

“ဝိုး...ထင်တဲ့အတိုင်း လုပ်နိုင်ခဲ့ပြီဟေ့”

သူက စားပွဲပေါ်ရှိ ဝက်လက်စွပ်ပြုတ်နှင့် ထမင်းဖြူပန်းကန်လုံးကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒုန်း ဒုန်း ဒုန်း”

ကောင်လေးမှာ ထိုင်ခုံဆီသို့ တစ်ဟုန်ထိုးပြေးဝင်ထိုင်ရင်း စားဖို့ပြင်တော့သည်။

“ခဏနေပါဦး။ မင်း အခုစားလို့မရသေးဘူး” ယွမ်ကျိုးက ကောင်လေးဆီ လျှောက်လာပြီး တားလိုက်သည်။

“ဗျာ...ဘာလို့လဲ”

ကောင်လေးမှာ မကျေမနပ်နှင့် ခေါင်းမော့ကြည့်လိုက်ရာ သူ့ကို တားသည်မှာ ယွမ်ကျိုးဖြစ်ကြောင်း သိရှိသွားသည်။

“ခဏနေရင် မင်းသိလာလိမ့်မယ်”

ယွမ်ကျိုးက ဝက်လက်စွပ်ပြုတ်ကို ကြည့်ကာ ဖြေသည်။

“စိတ်မပူပါနဲ့ ဘော့စ်ယွမ်။ ကျွန်တော်လက်ဆေးလာပါတယ်ဗျ”

ကောင်လေးက သူ၏သန့်ရှင်းသောလက်များကို ဝမ်းသာစွာ မြှောက်ပြရင်း ပြောသည်။ ယွမ်ကျိုးက ကောင်လေး၏ရှင်းပြချက်ကို သတိမထားမိဘဲ

“မင်း နောက်ငါးမိနစ်လောက်နေရင် စားလို့ရပြီ” ဟု ပြောလိုက်သည်။ ကောင်လေးမှာ ပိုသိချင်လာသည်။ ယွမ်ကျိုး၏ဆိုင်တွင် အစားအသောက်မှာယူပြီးနောက် မစားရဘူးဆိုသည့်ကိစ္စကို မကြားဖူးခဲ့ပေ။ သူက ပထမဆုံးသူများလား။ ဘာကြောင့်များပါလိမ့်။

ယွမ်ကျိုး အပိုင်း(၃၁၁)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း (၃၁၂)

သုန်ပိုဝက်လက်ဟင်း စားဖို့ ဒုတိယနည်းလမ်း

ဘေ့စ်ဘောကောင်လေးမှာ အနည်းငယ်စိတ်ရှုပ်ထွေးသွားရ၏။

“ဘာဖြစ်လို့လဲ ဘော့စ်ယွမ်”

ကောင်လေးက ယွမ်ကျိုးကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ယွမ်ကျိုးက သုန်ပိုဝက်လက်ဟင်းကို တစ်ချက်ပြန်ကြည့်လိုက်ပြီး

“ဘာမှမဟုတ်ပါဘူး။ သုံးမိနစ် ကျန်သေးတယ်” ဟုပြောသည်။

“ဘော့စ်ယွမ်။ ခင်ဗျား ကျွန်တော့်ကို မပြောဘူးဆိုရင် ကျွန်တော် တော်တော်စိတ်ပူလာပြီ”

စားပွဲပေါ်ရှိ စားကောင်းသောက်ဖွယ်များကို ကြည့်ကာ ကောင်လေးမှာ တံတွေးပင် မြိုချလိုက်ရသည်။

“စိတ်အေးအေးထားပါ”

ယွမ်ကျိုးက ကောင်လေးကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။

“ဘော့စ်ယွမ်။ ခင်ဗျားက ဒီကောင်လေးကိုခြောက်နေတာပဲ”

လင်းဟုန်ကလည်း အလွန်သိချင်နေပေမယ့် တိုက်ရိုက်မမေးလိုက်ဘဲ ယခုလိုသာ အသာဝင်ပြောလိုက်သည်။

“မင်း အခုစားလို့ရပြီ”

အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ဝက်လက်စွပ်ပြုတ်ကိုကြည့်ကာ ယွမ်ကျိုးက ကောင်လေးကိုစားရန် အချက်ပြလိုက်သည်။

ကောင်လေးမှာ အနည်းငယ်အံ့သြစွာဖြင့် “အမ်...စားလို့ရပြီလား။ ဒါပဲလား”

ဘာမှလည်းမလုပ်ဘဲ ငါးမိနစ်စောင့်လိုက်ရုံနဲ့ အခုစားလို့ရသွားပြီပေါ့။

“ကောင်းကောင်းသုံးဆောင်ပါ”

ယွမ်ကျိုးက သူ့လက်ကို ဆန့်တန်းလိုက်ပြီး ယဉ်ကျေးသမှုဖြင့် ပြောလိုက်သည်။

“ကျွန်တော် တကယ်စားလို့ရပြီနော်”

ဘေ့စ်ဘောကောင်လေးမှာ အနည်းငယ်စိတ်ရှုပ်ထွေးဆဲ ဖြစ်သည်။

“စားပါ စားပါ”

ယွမ်ကျိုးက ခေါင်းဆတ်ပြကာ ပြောသည်။

“ဘော့စ်ယွမ်က တခါတလေ ထူးဆန်းတယ်” ဘေ့စ်ဘောကောင်လေးက ယွမ်ကျိုးကို ပြောစရာစကားမဲ့စွာ ငြီးတွားလိုက်သည်။

ထိုသို့အချိန်အတန်ကြာပြီးနောက် ဟင်းပွဲမှာအေးနေပြီဖြစ်သည်။

“ဘော့စ်ရေ။ ဟင်းက အခုအေးသွားပြီ ဘယ်လိုလုပ်စားရမှာလဲ”

ဘေ့စ်ဘောကောင်လေးက မကျေနပ်သလိုပြောလိုက်၏။

ယွမ်ကျိုးက “အပူချိန်က အနေတော်ပဲ” ဟု ခိုင်မာစွာ ပြောလေသည်။

“ခင်ဗျား ဘာကိုဆိုလိုတာလဲ ဘော့စ်။ ဒါကအသားဟင်းပွဲလေ။ အေးမှစားရင် ဝမ်းပျက်မှာပေါ့”

ဘေ့စ်ဘောကောင်လေးက အခြေခံအချက်များကို သိကြောင်းပြသလာသည်။

ယွမ်ကျိုးက လက်ပိုက်လိုက်ကာ “ငါ့သုန်ပိုဝက်လက်ဟင်းကတော့ ပူတုန်းမှာ မစားနိုင်ရင် အေးမှ စားရတယ်။ ခပ်နွေးနွေးဖြစ်နေတုန်းမစားရဘူး” ဟု ရုပ်တည်ကြီးဖြင့်ပြောလိုက်သည်။

“အမ်”

ဘေ့စ်ဘောကောင်လေးမှာ နားမလည်နိုင်သေးပေ။ သို့သော်လည်း ယွမ်ကျိုးမှာမူ နောက်ထပ်ရှင်းမပြတော့ဘဲ လုပ်စရာရှိသည်များကိုသာ ဆက်လုပ်တော့သည်။

“စားကြည့်ကြည့်လေ။ ငါတော့ အေးသွားတဲ့အချိန် တစ်ခါမှ မစားဖူးသေးဘူး”

လင်းဟုန်က စိတ်လှုပ်ရှားစွာ တိုက်တွန်းလိုက်သည်။

“အေးသွားရင်စားလို့ရလို့လား”

ဝက်လက်စွပ်ပြုတ်မှာ အငွေ့များ မထွက်တော့သဖြင့် ဘေ့စ်ဘောကောင်လေးမှာ စားရန် တွန့်ဆုတ်နေသည်။

“ဘော့စ်ယွမ်က သူ့စည်းမျဉ်းစည်းကမ်းတွေကို ဘယ်တော့မှ သွေဖယ်မသွားဘူးလေ။ အဲ့ဒါကြောင့် သူ့ကို သံလိုက်အိမ်မြှောင်လို့ခေါ်တာဆိုတော့ ဒါလုံးဝပြဿနာမရှိနိုင်ဘူး။ စားကြည့်လိုက်ရင် သိမှာပေါ့”

လင်းဟုန်က စကားအရှည်ကြီးပြောကာ သိမ်းသွင်းပြောဆိုလိုက်သည်။

“အဲ့ဒါလည်းယုတ္တိရှိသား”

ဘေ့စ်ဘောကောင်လေးမှာ လင်းဟုန်၏စကားတွင် ပြစ်ချက်ရှာမတွေ့ချေ။ စည်းမျဉ်းစည်းကမ်းများနှင့် ချိုးဖောက်ခြင်းအကြား ဆက်စပ်ချက်ကို ရှာမတွေ့နိုင်ရာ မှန်နေသယောင်ရှိသည်။

“အဲ့ဒါဆိုလည်း စားပြီဗျာ”

ဘေ့စ်ဘောကောင်လေးက တူကိုင်ကာ စားရန် ပြင်လိုက်သည်။ သို့သော်လည်း သူက ထမင်းဖြူကို သတိနှင့် အရင်စစားလိုက်ကာ အစာအိမ်အတွင်း တစ်ခုခုအခံရှိစေရန် ပြင်ဆင်လိုက်သည်။ သို့မှသာ အဆီရစ်သလိုမခံစားဘဲ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ချေလည်း မရှိစေရန်ဖြစ်သည်။

ပန်းကန်လုံးကို ယူလိုက်ပြီး စားရန်ပြင်လိုက်ချိန်တွင် ဝက်လက်စွပ်ပြုတ်မှာ အေးသွားပြီဖြစ်သဖြင့် ထမင်းလည်း အေးလောက်ပြီဟု သူထင်ထားရာ နှုတ်ခမ်းနား၌ ပန်းကန်လုံးကိုကပ်၍ စစားလိုက်သည်။

“နွေးနေသေးတာပဲ”

ပါးစပ်ထဲသို့ ထမင်းရောက်သည်နှင့် ခပ်နွေးနွေးရှိနေဆဲဖြစ်သည်ကို ခံစားလိုက်ရသည်။

ပန်းကန်လုံးကို လက်ဖြင့်စမ်းကြည့်ရာ နွေးနေသေးသည်။ ဝက်လက်စွပ်ပြုတ်ပန်းကန်ကို စမ်းကြည့်ပြန်ရာ ၎င်းမှာတော့ အေးစက်နေပြီဖြစ်သည်။

“ထူးဆန်းလိုက်တာ”

ကောင်လေးက တီးတိုးရေရွတ်လိုက်ပြီး ထမင်းနောက်ထပ်နှစ်လုတ်လောက် စားလိုက်သည်။ ပြီးမှသာ ဝက်လက်စွပ်ပြုတ်ကိုစားလိုက်သည်။

သူထင်ထားသည့်အတိုင်းပင် ဝက်လက်စွပ်ပြုတ်မှာ အေးပြီး အဆီဝေ့သလိုဖြစ်နေသည်။ ဒီလောက် ကြိုးစားပမ်းစားအားထုတ်ခဲ့သည်မှာ ယခုလို စားဖို့မဟုတ်ပေ။

ဤကဲ့သို့သော ဟင်းပွဲမျိုးမှာ အေးသွားပါက အရသာမရှိဘဲ အီလည်လည်ဖြစ်စေသည်။ သိသာစွာပင် ဝက်လက်ပေါ်ရှိ ဟင်းအနှစ်များမှာ အနည်းငယ်ခဲနေ၏။

“ဒီဇွန်းက ဆိုင်က ပေးတာပါ”

ကျိုကျာက သူ့ကို ဇွန်းတစ်ချောင်းပေးလိုက်သည်။

“အို့ ကျေးဇူးပဲ”

ကောင်လေးမှာ မည်သို့စားရမည်မသိဖြစ်နေစဉ် ဇွန်းပေးလာသည်။ ဓလေ့အတိုင်းပင် ကောင်လေးမှာ ဝက်လက်ကို ဇွန်းဖြင့်သာခပ်ယူလိုက်ရတော့သည်။

ကောင်လေးက ဝက်လက်ကို ယူရင်း

“ဒါ ကျွန်တော်ပထမဆုံး သုန်ပိုဝက်လက်ဟင်းကို ဇွန်းနဲ့စားဖူးတာပဲ” ဟု ရေရွတ်ပြောဆိုလိုက်သည်။ ဒါပေမယ့်လည်း သူနောက်ဆုံးတော့ စားရချေပြီ။

ဇွန်းအသုံးပြု၍ အသားဂျယ်လီတုံးကဲ့သို့ဖြစ်နေသော ဝက်လက်ကို တဖဲ့ဖဲ့ယူလိုက်သည်။

အသားတုံးမှာ ပယင်းကျောက်အရောင်ကဲ့သို့ လှပပြီး ကြည်လင်နေသည်။ အိတုန်အိတုန်ဖြစ်နေသော အသားဂျယ်လီတုံးမှာ အလွန်ပင်သွားရည်ယိုစရာကောင်းနေသည်။

“ကြည့်ရတာတော့မဆိုးဘူး”

လင်းဟုန်က ဘေးမှကြည့်ရင်း ပြောလိုက်သည်။

ကောင်လေး၏ပါးစပ်အတွင်းသို့ ဝက်လက်အသားဝင်သွားသည်နှင့် တစ်ပြိုင်နက် ခံတွင်းအပူရှိန်ဖြင့် အေးနေသောအသားတုံးမှာ ဖြည်းဖြည်းချင်းပျော်ကျလာတော့သည်။

“ပလပ် ပလပ်”

ကောင်လေးမှ နည်းနည်းဝါးလိုက်ပြီးနောက် နူးညံ့ကြွပ်ရွသောအသားမှာ ပါးစပ်အတွင်း၌ပင် အရည်ပျော်လာသည်။

ဝက်ခေါက်မှာ အနည်းငယ်ဝါးရသော်လည်း အသားဂျယ်လီတုံးမှာမူ အနည်းငယ်မွှေးပျံ့သောရနံ့နှင့် ဝက်လက်တစ်ခုလုံး၏အရသာကို ပြယ်စေသော ဌာပနာမုန့်အရသာ ခပ်ရေးရေးပါဝင်နေသည်။

“အရမ်းအရသာရှိတာပဲ။ လက်စသတ်တော့ အေးသွားတဲ့အချိန်ကျ ဒီလိုအရသာမျိုးရတာကိုး”

ကောင်လေးက အံ့သြသွားဟန်ပြလာသည်။ အဲ့ဒီနောက်မှာတော့ ဇွန်းဖြင့် ဆက်တိုက်ဖဲ့စားနေတော့သည်။

ဝက်လက်ကို အချိန်အတော်ကြာအောင် နှပ်ပြီး ချက်ထားသဖြင့် အဆီအနည်းငယ်ပါသောအသားမှာ ပါးစပ်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ပျော်ဝင်သွားသည််။ မတူညီသောချက်ပြုတ်နည်းကြောင့် ဝက်ခေါက်မှာမူ အနည်းငယ်ဝါးရပြီး ကြွပ်ရွနေသည်။ ပိုအံ့သြဖို့ကောင်းသည်မှာ အသားဂျယ်လီပင်။

၎င်းမှာ ဌာပနာမုန့်အရသာအနည်းငယ်ရှိပြီး လန်းဆန်းရာ လူများ၏စားချင်စိတ်ကို လုံးဝလှုံ့ဆော်ပေးနိုင်ကာ ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်ပင် အကောင်းဆုံးအရသာကို ပေးနေသည်။

စားရင်းဖြင့် အသားတုံးအလယ်ပိုင်းသို့ရောက်သောအခါ အတွင်းရှိ အရိုးမှာ နူးညံ့ချောမွတ်သော အနီရောင်ရေညှိဖြင့် လုပ်ထားကြောင်း ပေါ်လာသည်။

ကောင်လေးမှာ ဇွန်းဖြင့် ဖဲ့ရန်ကြိုးစားလိုက်ရာ ရေညှိဖြင့်လုပ်ထားသောအရိုးမှာ နူးညံ့နေသည်မဟုတ်ဘဲ ထိလိုက်သည်နှင့် အနည်းငယ်ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေရာ

တကယ့်အသီးဂျယ်လီကဲ့သို့ပင်။

“မိုက်တယ်။ ဒါက ခဲသွားတာမဟုတ်လား” စိတ်ဝင်စားစွာ ဇွန်းဖြင့် အကြိမ်အတော်များများ တို့ကြည့်နေပြီးမှ တဖဲ့ဖဲ့ကာ စားလိုက်သည်။

အရိုးကို တို့ကြည့်သောအခါ အသီးဂျယ်လီနှင့်တူပြီး စားလိုက်သောအခါ ပိုတူလာလေသည်။ အေးမြသောရေညှိဟင်းကဲ့သို့ ခံစားချက်တူစေသည့် ကြွပ်ဆတ်ဆတ်အသီးဂျယ်လီပုံစံအတိုင်း ဖြစ်ပေသည်။

“ဘော့စ်ယွမ် အလယ်က ရေညှိကြောင့် ဒီဟင်းကို အပူစားလို့မရတာမဟုတ်လား” လင်းဟုန်မှာ စူးရှသောအမြင်အာရုံ ရှိသည်သာမက တိကျမှန်ကန်သော ဆုံးဖြတ်ချက်လည်း ချနိုင်ပေသည်။ ခဏလေးအတွင်းမှာပင် သူအဖြေကို ရှာတွေ့ခဲ့ပြီဖြစ်သည်။

“မှန်တယ်။ ပူနေသေးရင် စားရတာတစ်မျိုးဖြစ်မယ်”

ယွမ်ကျိုးက ခေါင်းညိတ်ဖြေရင်း အတည်ပြုပေးလိုက်သည်။

“ထပ်ထည့်ထားတဲ့ ပါဝင်ပစ္စည်းတစ်ခုကြောင့် သာမန်ဟင်းပွဲလေးတစ်ခုကို ပုံစံနှစ်မျိုးနဲ့ စားလို့ရသွားတယ်။ ပြီးတော့ အခြေအနေနှစ်ခုစလုံးမှာ အသားရဲ့အနေအထားကလည်း တူမှာမဟုတ်ဘူး” လင်းဟုန်က သက်ပြင်းအသာချရင်းပြောသည်။

“ဘော့စ်ယွမ်က ကျွန်တော့်ရဲ့သုန်ပိုဝက် လက်ဟင်းအပေါ် သဘောထားကို ဆန်းသစ်ပေးလိုက်တာပဲဗျ”

အခြားစားသုံးသူတစ်ဦးကလည်း အတော်အံ့သြနေသည်။

“သုန်ပိုဝက်လက်ဟင်းက အရမ်းအရသာရှိတယ်။ အခု‌တော့ အဲ့ဒါကိုစားဖို့ ဒုတိယနည်းလမ်း ရှိသွားပြီပေါ့။ အဲ့လိုပြီးပြည့်စုံစေဖို့ဆိုတာ ဘော့စ်ယွမ်ရဲ့မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာတာပဲ”

အဆိုပါဧည့်သည်မှာ ကံကောင်းစွာဖြင့် ကန်ရာသီ မဖြစ်လောက်ပေ။ သို့မဟုတ်ပါက သူသည်လည်း ဘော့စ်ယွမ်နှင့်တူကာ သူ့ကိုယ်သူ ဘာပြောရမယ်မှန်း သိမည်မဟုတ်ချေ။

“ဘော့စ်ယွမ်က နတ်ဘုရားတွေထက်တောင်သာသေးတယ်”

သူ့လေသံမှာ အွန်လိုင်းဂိမ်းတွေ အတော်ဆော့သည့်ပုံပင်။

“ကျွန်တော်တော့ အခုမှပဲ အဆက်မပြတ်ကြိုးစားအားထုတ်တယ်ဆိုတာကို နားလည်တော့တယ်။ အစီရင်ခံစာမအပ်ခင် ပိုပြီးပြည့်စုံသွားအောင် နောက်ထပ်သုံးခေါက်လောက်ရေးဖို့ ပြန်လိုက်ရတော့မလား” စားသုံးသူတစ်ယောက်က သူ့ဖုန်းကိုကြည့်လိုက်ရင်း တစ်ကိုယ်တည်း ရေရွတ်နေသည်။

“သုံးခေါက်က မလုံလောက်သေးဘူးလို့ ငါထင်တယ်။ ဘော့စ်ယွမ်ကတော့ ၁၀ကြိမ်လောက် သေချာပေါက် ကြိုးစားခဲ့ရမယ်။ မင်းလည်း သူ့လို ကြိုးစားကြည့်ပေါ့ကွာ” နောက်တစ်ဦးက အကြံပြုလိုက်သည်။

“တော်တယ်။ ဒါမှ ဘော့စ်ယွမ်ကွ”

လင်းဟုန်က ဒီဆိုင်မှဟင်းပွဲများကို ကြိုက်မိသည်မှာ အံ့သြစရာမရှိကြောင်း ပြသလိုက်သည်။

ပြီးပြည့်စုံအောင် ကြိုးစားမှုနှင့် ခိုင်မာသောစိတ်ထားတို့ကသာ အရသာရှိသောအရာများကို ချက်ပြုတ်စေနိုင်လေသည်။

ဘေးဖက်ရှိ စားသုံးသူတစ်ဦးမှ

“ငါတို့လည်း သုန်ပိုဝက်လက်ဟင်းတစ်ပွဲလောက်မှာရအောင်လေ။ တစ်ယောက်တစ်ဝက်ရှင်းမယ်။ အေးမှ စားကြရအောင်” ဟု ဆိုကာ အရသာအသစ်ကို စမ်းသပ်ရန် စီစဉ်တော့သည်။

“ကောင်းလိုက်တဲ့အကြံ။ မင်းက ဘယ်လိုခွဲချင်လို့လဲ”

စားသုံးသူနှစ်ဦးမှာ သဘောတူညီချက်ရသွားပြီး ဟင်းတစ်ပွဲကို မည်သို့ခွဲဝေစားကြမလဲဆိုတာ ဆွေးနွေးနေကြသည်။

“ငါးဆယ် ငါးဆယ်ပေါ့ဟ”

လက်သင့်ခံနိုင်သောနည်းလမ်းတစ်ခု ဖြစ်ပေရာ တစ်ယောက်စလိုက်သည်နှင့် အခြားလူများလည်း လိုက်ပါလုပ်ဆောင်ကြတော့သည်။ ထို့နောက် စားသုံးသူတော်တော်များများမှာ သူတို့နှင့်ရင်းနှီးသူများ သို့မဟုတ် ယခင်က စကားစမြည်ပြောဖူး သူများကို စတင်ရှာဖွေကြသည်။ ဤသို့ဖြင့် သုန်ပိုဝက်လက်ဟင်းကို စားကြလေတော့သည်။ အစားသရဲများအတွက်တော့ ဘယ်သောအခါမှ သိမ်ငယ်ရှက်ရွံ့ခြင်းရှိမည်မဟုတ်ပေ။

ယွမ်ကျိုး အပိုင်း(၃၁၂)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၁၃) ပညာရှင်အဆင့် စားဖိုမှူး၏ရန်စမှု

သုန်ပိုဝက်လက်ဟင်းကို စားရန် ဒုတိယနည်းလမ်းမှာ အခြားစားသုံးသူများ၏ စိတ်ဝင်စားမှုကိုပါ လှုံ့ဆော်နိုင်ခဲ့သည်။ မှာယူသူများပိုပိုများလာပြီးနောက် အခြားသူများနှင့် တူညီမျှတူခွဲဝေကြကာ အေးအောင် စောင့်ပြီးစားကြလေသည်။

ဝက်လက်စွပ်ပြုတ်၏ အရသာနှစ်မျိုးကို စားရန်အလို့ငှာ ဝူဟိုင်းက ဝူလင်ကို ဖိတ်ခေါ်လိုက်သည်။ ထို့နောက် စားသုံးသူများမှာ အစားသရဲနှင့် အစားပုတ်သူများကြား ခြားနားချက်ကို ၎င်းတို့ဘေးရှိလူများနှင့် ငြင်းခုန်ကြပြန်သည်။

များမကြာမီတွင် အမျိုးသားနေ့ရောက်တော့မည်ဖြစ်သည်။ ယွမ်ကျိုးမှာ ဧည့်သည်များအတွက် အကျိုးဖြစ်ထွန်းစေရန်အလို့ငှာ ဟင်းလျာအသစ်များ ထည့်သွင်းရန် ပြင်ဆင်လျက်ရှိသည်။ ထိုအကြောင်းကို အများသိစေရန် ကြေငြာခြင်းတော့မပြုလုပ်ရသေးပေ။

ထိုအချိန်တွင် သူ့ဆိုင်နှင့် မနီးမဝေးရှိ မွမ်းမံပြင်ဆင်နေသောဆိုင်ခန်းမှာ လက်စသတ်နေပြီဖြစ်ကြောင်း ယွမ်ကျိုးသတိပြုသည်။ ဆိုင်၏အသွင်အပြင်မှာ အများအမြင်၌ ထင်းထွက်နေပြီး အမည်မှာလည်း ကျက်သရေမင်္ဂလာနှင့် ပြည့်စုံကာ အတော်အရည်အသွေးမြင့်မည့်ပုံပေါ်သည်။

“ပြိုင်ဖက်ကင်းလက်ရာ” ယွမ်ကျိုးက ဆိုင်းဘုတ်ကို အချိန်အတန်ကြာအောင် ငေးကြည့်နေပြီးနောက် သူ့ဆရာသင်ပေးခဲ့သော အင်္ဂလိပ်စာလုံးများကို နောက်ဆုံးတွင် မှတ်မိသွားသည်။ တဖြည်းဖြည်းနှင့် ထိုစကားလုံးမှာ တရုတ်လို “အကောင်းဆုံး”ဟု အဓိပ္ပာယ်ရကြောင်း သိလာသည်။

“ကြည့်ရတာတော့ စားသောက်ဆိုင်ပဲထင်တယ်”

ယွမ်ကျိုး သိပ်တော့မသေချာပေ။ ကာလအတန်ကြာပျောက်ဆုံးနေသော ယွမ်ကျိုး၏ သိလိုစိတ်မှာ ရုတ်တရက်ပေါ်ထွက်လာချေသည်။ သူ့ထင်ကြေးအတိုင်း ဟုတ်၊ မဟုတ် အတည်ပြုလိုသဖြင့် ဆိုင်ခန်းအတွင်းသို့ လှည့်ပတ်ကြည့်ရှုရန် ခြေလှမ်းပြင်လိုက်သည်။

“ဆိုင်က တော်တော်တော့ကျယ်သားပဲ။ ဆိုင်ခန်းလေးခန်းစာလောက်ရှိမယ်”

လှည့်ပတ်ကြည့်ပြီးနောက် ယွမ်ကျိုးပြောလိုက်သည်။ တစ်ပတ်ပြည့်သွားပြီးနောက် ယွမ်ကျိုးက ဆိုင်ခန်းအရွယ်အစားနှင့် ခင်းကျင်းပြသထားသည့်စတိုင်လ်ကို အကြမ်းဖျဉ်း သိသွားပြီဖြစ်သည်။

ဆိုင်ခန်းမှာ အနောက်တိုင်းစားသောက်ဆိုင်တစ်ခု၏ပုံစံအတိုင်း ပြင်ဆင်ထားမှန်း သိသာသည်။ လူသွားလမ်းအနောက်ဖက်တွင် ခုံများခင်းထားပြီး မီးဖိုခန်းမှာမူ ယွမ်ကျိုးစားသောက်ဆိုင်၏အနောက်တံခါးရှိရာ လမ်းကြားဖက်အခြမ်းတွင် နေရာချထားသည်။ စားသောက်ဆိုင်တစ်ခုလုံးကို အနောက်တိုင်းဥရောပစတိုင်လ် ပြင်ဆင်ထားပြီး အသွင်အပြင်မှာ အနုစိတ်ကာလက်ရာမြောက်လှသည်။

စားပွဲများပေါ်တွင် အညိုရောင်စားပွဲခင်းခင်းထား၏။ ထို့အပြင် ဖန်ဖြင့်ပြုလုပ်ထားသော ကြယ်ပုံသဏ္ဍာန် မီးအိမ်များချိတ်ဆွဲထားရာ အသေးစိတ်ကအစ ပြီးပြည့်စုံနေပြီး တန်ဖိုးကြီး အသွင်အပြင်ရှိနေသည်။

“ကြည့်ရတာ တန်ဖိုးကြီး ဝန်ဆောင်မှုပေးမယ့်ဆိုင်ပဲ”

ယွမ်ကျိုးက နဖူးပေါ်ရှိဆံပင်ကို သပ်တင်လိုက်ရင်း သေချာသလိုပြောသည်။ သူ့ကိုယ်ပိုင်စားသောက်ဆိုင်ကို လှမ်းကြည့်လိုက်ရာ ဤနေရာမှ (၃၀)မီတာမျှပင် မဝေးပေ။

ယွမ်ကျိုးမှာ စားသောက်ဆိုင်(၂)ဆိုင်ကို ထပ်မံနှိုင်းယှဉ်ကြည့်မိရာ ယှဉ်နိုင်လောက်စရာသိပ်မရှိသည်ကို တွေ့လိုက်ရသည်။ တစ်ဆိုင်မှာ လုံးဝလက်ရာမြောက်ကာ အရည်အသွေးမြင့်အနောက်တိုင်းဥရောပစတိုင်လ် ပြင်ဆင်ထားရာ အခြားတစ်ဆိုင်မှာမူ စားသောက်ဆိုင်ဆိုရုံမျှ ဆိုင်သေးသေးလေး ဖြစ်ပြီး ဆိုင်းဘုတ်ပင် မရှိပေ။

“အပြင်အဆင်ပိုင်းအရဆိုရင်တော့ သေချာပေါက် ရှုံးမှာပဲ။ တော်သေးတာပေါ့။ ငါက သိပ်တော်တဲ့စားဖိုမှူးလောင်းဖြစ်နေလို့”

ယုံကြည်ချက်အပြည့်ဖြင့် ယွမ်ကျိုး ပြောချလိုက်သည်။ နောက်ဆုံးတွင်တော့ ယွမ်ကျိုးက စားဖိုမှူးအများစုကို ဟင်းချက်စွမ်းရည်အပိုင်းတွင် အနိုင်ယူနိုင်သေးသည်။ သူကျွမ်းကျင်တဲ့ဟင်းဆိုလျှင်ပေါ့။

ခမ်းနားလှသော စားသောက်ဆိုင်၏ ဝင်ပေါက်တွင် လူများရှုပ်ယှက်ခတ်နေရာ ယွမ်ကျိုးမှာ ဝင်ပေါက်အနီး အတန်ကြာရပ်နေမိသဖြင့် အနည်းငယ် သိသာနေသည်။

ထို့နောက် လူတစ်ဦးရောက်လာပြီး

“ဘာများကူညီပေးရမလဲမသိဘူး”

ထိုသူက ယဉ်ကျေးမှုအရမေးလာသည်။ ထိုသူမှာ ဆိုင်ခန်းပြင်ဆင်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။

“ဘာမှမဟုတ်ပါဘူးဗျ။ ကျွန်တော်က ဒီအတိုင်းလျှောက်ကြည့်နေတာပါ”

ယွမ်ကျိုးက ခေါင်းအသာယမ်းရင်းဖြေသည်။

“အဝေးမှာ သွားနေပါဗျ။ ဒီမှာသိပ်မလုံခြုံဘူး”

ထိုသူက သူ့ခေါင်းပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးဦးထုပ်ကို ညွှန်ပြလိုက်ပြီး ယွမ်ကျိုးကို အဝေး၌နေရန် ပြောလာသည်။

“ဟုတ်ကဲ့ပါ”

ယွမ်ကျိုးမှာ ထိုအကြံကို လက်ခံလိုက်ပြီး ခေါင်းညိတ်ပြကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

“ဘော့စ်ယွမ် မဟုတ်လား။ ရှင် ဒီနေ့ဟင်းချက်မလေ့ကျင့်ဘူးလား”

သာယာနွဲ့နှောင်းသော သံစဉ်တစ်ခုကဲ့သို့ အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။

“အင်း”

ယွမ်ကျိုး လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ ယွမ်ကျိုးမှာ အမြဲလိုပင် မရင်းနှီးသူများနှင့် ဆက်ဆံရန် တွန့်ဆုတ်နေသည်။ လူတစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆက်ဆံနေရတာ ပင်ပန်းလိုက်တာ။

“ခဏနေပါဦးရှင့်။ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ ဘော့စ်ယွမ်။ ကျွန်မက ဒီစားသောက်ဆိုင်ရဲ့တာဝန်ခံနျိုလီပါရှင့်”

ထိုစကားပြောလိုက်သူမှာ ဆံပင်အတိုနှင့် အမျိုးသမီးဖြစ်သည်။ သူမ၏ဘေးတွင် လူကြီးလူကောင်းတစ်ဦးပုံစံဖြင့် ရှိနေသည်မှာ စားဖိုမှူးလီလီပင် ဖြစ်ပေသည်။

ဤသည်မှာ တိုက်ဆိုင်မှုသက်သက်သာဖြစ်သည်။ ဆိုင်ပြင်ဆင်မှုအပြီးသတ်တော့မည်ဖြစ်ရာ လီလီက သူအသုံးပြုနေကြမီးဖိုခန်းကဲ့သို့ ဖြစ်စေရန် ထပ်မံဖြည့်သွင်းလိုသည်များကို တောင်းဆိုလာသည်။

နျိုလီ ဟုခေါ်သည့် ဆံပင်အတိုနှင့် အမျိုးသမီးက လေးစားသမှုဖြင့် သူ့ကို ဤဆိုင်သို့ ကိုယ်တိုင် အဖော်လိုက်ပေးခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများနှင့် ပြင်ဆင်လိုသည်များကို ဆွေးနွေးပြီးနောက် တံခါးမှအထွက်တွင် ယွမ်ကျိုးနှင့် ဆုံခြင်းဖြစ်သည်။

နျိုလီမှာ ယွမ်ကျိုးကို ဖိအားအချို့ပေးချင်ရာ စကားစလိုက်ခြင်းဖြစ်သည်။

“အင်း”

ယွမ်ကျိုးမှာ ယခင်အတိုင်း ခေါင်းညိတ်ပြပြန်သည်။ သူ၏လက်ရှိဟင်းချက်စွမ်းရည်နှင့် လုပ်နိုင်ကိုင်နိုင်ရှိမှုအရ၊ ယွမ်ကျိုးမှာ သူ့ကိုယ်သူ ဖိအားပေးရန်မလိုအပ်ချေ။ နောက်ဆုံးတွင် သူ၏ရည်မှန်းချက်မှာ ကျွမ်းကျင်စားဖိုမှူးတစ်ဦးဖြစ်လာရန်သာဖြစ်ပြီး စီးပွားရေးလုပ်ကာ ပိုက်ဆံရှာရန် မဟုတ်ပေ။ ထို့အတွက် အခြားသူများအား ပြန်ဖြေခြင်း၊ မဖြေခြင်းမှာ သူ၏လွတ်လပ်ခွင့်ပင်ဖြစ်သည်။

“ဒါက ကျွန်မတို့စားသောက်ဆိုင်ရဲ့ အမှုဆောင်စားဖိုမှူးမစ္စတာလီလီပါ”

ယွမ်ကျိုး၏မထုံတက်သေးမျက်နှာကို ဂရုမစိုက်ဘဲ နျိုလီက ဆက်ပြောသည်။ ယွမ်ကျိုးထိုသူကို ကြည့်လိုက်ရာ အနည်းငယ်ရင်းနှီးသလိုရှိသည်။ ဒါပေမယ့် ဘာမှမပြောလိုက်ချေ။ ယခုကဲ့သို့ ရုတ်တရက် မိတ်ဆက်ပေးမှုတွင် ယွမ်ကျိုးတစ်ယောက် ထိုသူကို နှုတ်ဆက်လိုစိတ်မရှိပေ။

“ကျွန်မတို့ရဲ့ခေါင်းဆောင်စားဖိုမှူးလီလီက နိုင်ငံတကာအသိအမှတ်ပြုအရည်အချင်းရှိပုဂ္ဂိုလ်တစ်ဦးလေ။ ပြီးတော့ စားဖိုမှူးလုပ်လာတာ ၁၀နှစ်ကျော်နေပြီ”

နျိုလီက ထိုအကြောင်းပြောချိန်တွင် အလွန်ဂုဏ်ယူနေဟန်ပေါ်သည်။

“အဲ့ဒီတော့...”

ယွမ်ကျိုး အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားသည်။ ဒီခေါင်းဆောင်စားဖိုမှူးက စားဖိုမှူးလုပ်သက်(၁၀)နှစ်မကရှိလည်း အဲ့ဒါသူနဲ့ ဘာဆိုင်လို့တုန်း။

“ရှင့်မှာ ဟင်းချက်စွမ်းရည်ကောင်းပိုင်ဆိုင်ထားပေမယ့် မစ္စတာလီနဲ့ ယှဉ်ရင်တော့ နုသေးတာပေါ့နော်။ သူက နိုင်ငံတကာမှာအရမ်းနာမည်ကြီးတာ”

နျိုလီက စိတ်ရင်းစေတနာကောင်းဖြင့် ရှင်းပြသလို ပြောသည်။ ဤစားဖိုမှူးလောကတွင် လုပ်သက်က ထိပ်တန်းဦးစားပေးအချက်ဖြစ်ကြောင်း ယွမ်ကျိုး ရှင်းရှင်းလင်းလင်းသိသည်။ ဟိုတယ်တစ်ခု၏မီးဖိုခန်းတွင် အလုပ်အတွေ့အကြုံ အများအပြားရပြီးဖြစ်ရာ သူလည်း သိသည်။ အဲ့တော့ဘာဖြစ်သေးလဲ။ သေတာ၊ ရှင်တာက အရေးမကြီးပေ။ တစ်ယောက်က စိန်ခေါ်လာလျှင် ကျန်လူကလည်း လက်ခံရဲရမည်။ နည်းနည်းရယ်စရာကောင်းသလို ယွမ်ကျိုးခံစားလိုက်ရသည်။ သို့သော်လည်း သူ၏ခပ်ကင်းကင်းနေလိုသောပုံစံကိုထိန်းရန် မပြောဘဲနေလိုက်သည်။

“အစ်မကို ကျွန်တော် မသိဘူးဗျ။ သွားလိုက်ပါဦးမယ်”

ပုခုံးတွန့်ပြကာ ထွက်လာခဲ့လေသည်။

“ခင်ဗျားက ဒေသတွင်းထုတ်ကုန်တန်ဖိုးကို တစ်ယောက်တည်းမြှင့်တင်ပေးခဲ့တာ မဟုတ်လား။ ခင်ဗျားရဲ့မီနူးကို ကျုပ်ကြည့်ပြီးပြီ။ ဟင်းတွေက ဟင်းချက်စွမ်းရည် သိပ်မလိုတဲ့ အိမ်ချက်ဟင်းတွေပဲဗျ။ ဒါပေမယ့်အရသာကတော့ မဆိုးဘူးဗျို့”

နှုတ်ဆိတ်နေခဲ့သောလီလီက အခုမှ စကားဝင်ပြောလာသည်။

“ကျုပ်ကိုယ်တိုင် ချက်ပြုတ်မယ့် စားကောင်းသောက်ဖွယ်စစ်စစ်တွေကို မြည်းစမ်းကြည့်ဖို့ ခင်ဗျားကို ဖိတ်ပါရစေ။ ကျုပ်ကျွေးမှာပါဗျ”

လီလီက ယွမ်ကျိုး၏ထသွားထလာအဝတ်အစားကို တစ်ချက်ကြည့်လိုက်ရင်း ပြောပြန်သည်။

“ဒါပေမယ့် ဒီဆိုင်က အနောက်တိုင်းစားသောက်ဆိုင်ဆိုတော့ ခင်ဗျားကျကျနနလေး ဝတ်စားခဲ့ဖို့တော့လိုမယ်”

လီလီက ချက်ချင်း သတိပေးလိုက်သည်။

“အော်...ဟော်...ကျေးဇူးပဲဗျာ။ ဒါပေမယ့်ကျွန်တော့်လက်ရာမြည်းဖို့တော့ ခင်ဗျားကိုဖိတ်မှာ မဟုတ်ဘူးနော်”

ယွမ်ကျိုးမှာ ထိုကဲ့သို့ဘဝင်မြင့်သောသူကို မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ အနည်းငယ်စိတ်ဝင်စားလာသည်။

“ဖိတ်ဖို့ မလိုပါဘူးဗျာ”

လီလီက သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိ ဖြေလိုက်သည်။

“ခင်ဗျားထင်သလိုတော့မဟုတ်ဘူးဗျ။ ကျွန်တော် မဖိတ်ချင်လို့ မဖိတ်တာ”

ယွမ်ကျိုး၏စိတ်နေသဘောထားမှာ အရင်အတိုင်း တည်ငြိမ်နေဆဲဖြစ်သည်။

“ခင်ဗျား စိတ်ဝင်စားရင် ကျုပ်တို့အဖွဲ့မှာပူးပေါင်းလို့ရတယ်နော်။ ခင်ဗျားကို ခေါင်းဆောင်စားဖိုမှူးနေရာပေးနိုင်ပါတယ်ဗျ”

အမှုဆောင်စားဖိုမှူးတစ်ဦးဖြစ်သည့်လီလီမှာ အရည်အချင်းရှိသည့်လူများကို သိမ်းသွင်းရာတွင်လည်း ကျွမ်းကျင်လေသည်။ သို့သော် ယွမ်ကျိုးမှာ သူ့စားသောက်ဆိုင်ကိုရောင်းရန် ငြင်းခဲ့သည့်လူဖြစ်ကြောင်း မေ့သွားခဲ့ပုံရသည်။

“ဪ...ဪ”

လီလီ၏ကမ်းလှမ်းချက်ကြောင့် ယွမ်ကျိုးမှာ စကားပြောချင်စိတ်ပင် မရှိတော့ချေ။ ထို့အပြင် ဆိုရိုးစကားတစ်ခုကို သွားသတိရမိသေးသည်။

“တကယ့်စစ်မှန်တဲ့အင်အားက ဘာလဲဆိုတာ ဘယ်တော့မှ မသိနိုင်ချေ”

ယွမ်ကျိုးမှာ ထိုဆိုရိုးကို ထုတ်ပြောလိုက်ချင်လွန်းလှသော်လည်း ပြောရန်မသင့်တော်၍သာ။

“ခင်ဗျားတို့လို စားဖိုမှူးငယ်လေးတွေက ချက်နည်းပြုတ်နည်းအကြောင်း ပိုပိုလေ့လာနေမှ အဆင်ပြေမှာ”

သူ့အသက်မှာ (၃၀)သာရှိသေးသော်လည်း လီလီမှာ လူကြီးတစ်ယောက်လိုပြုမူနေသည်။ ထိုသို့ ယွမ်ကျိုးကို ဆုံးမနေခြင်းသည် သူ့မိသားစုမှ လူငယ်လေးကို လမ်းညွှန်သင်ကြားနေသကဲ့သို့ပင်။ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ဒီလမ်းအတွင်းရှိ သူတို့၏တစ်ဦးတည်းသောပြိုင်ဖက်ဖြစ်ကြောင်း နျိုလီက သူ့အား ပြောပြထားရာ ယွမ်ကျိုးကို အများကြီးအာရုံစိုက်မိနေလေသည်။ ယွမ်ကျိုးတစ်ဦးတည်းက ဒေသတွင်းထုတ်ကုန်တန်ဖိုးကို မြှင့်တင်ပေးခဲ့သည်ဟူသော ပေါက်ကရစကားများကိုတော့

သူ မယုံပေ။ သို့သော်ငြားလည်း လီလီမှာ စားဖိုမှူးရာထူး ဟူသောနေရာကို အလွန်လေးစားသည်ဖြစ်ရာ ဤသို့ အကြိမ်အနည်းငယ်မျှ ဖိတ်ခေါ်ခြင်းပြုမိသည်။

“တကယ်တော့လေ။ ခင်ဗျားတို့က နည်းနည်းကြောင်တောင်တောင်ဖြစ်နေသလိုပဲ။ ခင်ဗျားတို့ကို ကျွန်တော်လည်းမသိဘဲနဲ့။ ဘာလို့ စကားတွေ ဒီလောက်ပြောနေတာလဲ” ယွမ်ကျိုးမှာ ထိုသို့ပြောပြီးနောက် ချာခနဲလှည့်ထွက်သွားလေတော့သည်။ ဒီတစ်ကြိမ်တွင်တော့ သူလုံးဝ မရပ်တော့ပေ။ တခြားလူများ၏ကယောင်ကတမ်းစကားများ ကြားရသည်မှာ ပင်ပန်းလာသကဲ့သို့ပင်။

“သူက တော်တော်မာနကြီးတာပဲ။ ဒါပေမယ့် သူ့ဖောက်သည်တွေမရှိတော့တဲ့အခါကျရင် ကျုပ်ပြောတာကို သူနားလည်လာပါလိမ့်မယ်”

လီလီသည်လည်း သည်းခံတတ်သူ မဟုတ်ရာ ထိုစကားများကိုသာ ယုံကြည်ချက်ရှိရှိပြောလိုက်လေသည်။ အလိုအလျောက်ပင် နျိုလီကလည်း သူ့ကို ထောက်ခံလိုက်သည်။

ယွမ်ကျိုး အပိုင်း(၃၁၃)

ပြီးပါပြီ။

All Chapters