← Chapters

အခန်း (၃၁၄-၃၁၆)

Vol. 22 Ch. 314-316

အခန်း (၃၁၄-၃၁၆)

Vol. 22 Ch. 314-316

ယွမ်ကျိုး အပိုင်း(၃၁၄)

လီလီ၏စကားကို နျိုလီသဘောတူလိုက်ပေမယ့် တာဝန်သိစွာဖြင့် သတိပေးလိုက်ဖို့မမေ့ပေ။

“မစ္စတာလီ...မစ္စတာယွမ်ရဲ့အချက်ပြုတ်စွမ်းရည်က တကယ်ကောင်းတယ်ရှင့်။ သူသာကျွန်မတို့စားသောက်ဆိုင်မှာ ပူးပေါင်းခဲ့မယ်ဆိုရင် အတိုင်းထက်အလွန်ပဲပေါ့”

လီလီက ခေါင်းညိတ်လိုက်ရင်း

”သိတာပေါ့ဗျာ။ ဒါကြောင့်လည်း ကျုပ် သူ့ကို အခုဖိတ်လိုက်တာပေါ့ဗျ”

“သူ ကျွန်မတို့ဆီလာပြီး အလုပ်လုပ်မယ်လို့ရှင်ထင်သလား”

နျိုလီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သူ့စားသောက်ဆိုင်မပိတ်မချင်းတော့ မလုပ်လောက်ဘူးဗျ”

လီလီက ယွမ်ကျိုး၏နောက်ကျောကို ကြည့်ရင်းဆိုလိုက်သည်။

နျိုလီမှာ သက်ပြင်းခိုးချရင်း

“အဲ့အတွက်တော့ မစ္စတာလီကို ကျွန်မတို့အားကိုးရမှာပဲ”

သို့သော် ထိုစကားများမှာ သူမ၏ရင်ထဲ၊အသည်းထဲက ဆိုလိုက်ခြင်း ဖြစ်ပေသည်။

“အင်း...စားသောက်ဆိုင်တစ်ခု ဖွင့်တယ်ဆိုတာ အရသာရှိတဲ့ဟင်းလျာတွေ တစ်ခုတည်းလိုတာမဟုတ်မှန်း သူသိအောင် ပြရသေးတာပေါ့ဗျာ”

လီလီက ခိုင်မာစွာဆိုလိုက်သည်။

“ဒါပေါ့ရှင်။ ကျွန်မတို့စားသောက်ဆိုင်မှာ စားသုံးသူတွေက အိမ်မှာစားရသလိုမျိုး ခံစားရစေအောင် ဖန်တီပေးမှာလေ"

နျိုလီက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကျုပ်တို့သဘောတူထားတာမမေ့နဲ့နော်။ ကျုပ်သွားပြီ”

လီလီက နျိုလီကို လှည့်ကြည့်လိုက်ရင်း သတိပေးသည်။

“သေချာတာပေါ့ရှင်။ စိတ်မပူပါနဲ့မစ္စတာလီ။ ကျွန်မတို့ ကျန်နေသေးတဲ့ စတိုခန်းတွေကို သေချာကြည့်ထားလိုက်ပါ့မယ်”

နျိုလီက လွယ်ကူစွာ သဘောတူလိုက်သည်။

“အင်း”

လီလီက ခေါင်းညိတ်ပြကာ ထွက်ခွာသွားတော့သည်။ လီလီမှာ မြင့်မားလှသော ရှယ်ယာပမာဏကြောင့် သူတို့စားသောက်ဆိုင်နှင့် ပူးပေါင်းခဲ့ခြင်း ဟုတ် ဟန်မတူပေ။ သူ့မှာ တခြားရည်ရွယ်ချက်တွေရှိနေသည်။

ယွမ်ကျိုးကတော့ လုံးဝဂရုမစိုက်ပေ။ တောထဲမှ ထွက်လာသော လူနှစ်ဦးနှင့် ရုတ်တရက်ဆုံလိုက်သည်ဟုသာ သဘောထားလိုက်ပြီး ဘာမှစိတ်ထဲမထည့်ပေ။ ထို့အပြင် တခြားကိစ္စတစ်ခုနှင့်လည်း သူကြုံတွေ့လိုက်ရသေးသည်။ သူ့အရှေ့တွင် ရပ်နေသည့်လူပင် ဖြစ်သည်။

အောင်မြင်နေသောလူများကဲ့သို့ ထိုသူမှာ လက်ရာမြောက်သောဝတ်စုံနှင့် သားရေဖိနပ်စီးထားသည်။ ဆံပင်ကို သေသပ်စွာဖြီးထားပြီး သားရေဖိနပ်မှာလည်း ပြောင်လက်နေအောင် တိုက်ချွတ်ထားသဖြင့် တဖိတ်ဖိတ်တောက်ပနေသည်။ ယွမ်ကျိုး၏ရှေ့တွင် မတ်မတ်ရပ်နေသော ထိုလူကို စကားသုံးလုံးတည်းဖြင့် ပြည့်စုံအောင်ဖော်ပြရလျှင် 'အောင်မြင်နေသောစီးပွားရေးလုပ်ငန်းရှင်'

သို့သော် ယွမ်ကျိုးမှာမူ အနည်းငယ်စိတ်ရှုပ်သွားသည်။ သူ့အနေဖြင့် ပြောရလျှင် ကြောင်တောင်တောင်လူသုံးဦးကို တစ်ဆက်တည်းတွေ့ရခြင်းပင်။

“ဟယ်လို...ဘော့စ်ယွမ်”

ထိုလူက တည်ငြိမ်သောလေသံဖြင့်နှုတ်ဆက်သည်။ ပုံစံမှာ ညှိနှိုင်းရလွယ်ကူသည့်ပုံပေါ်သည်။

“အင်း”

ယွမ်ကျိုးမှာ ထိုသို့ရင်းရင်းနှီးနှီးနှုတ်ဆက်မှုမျိုးကို စိတ်မဝင်စားရာ အနည်းငယ်သာ အသိအမှတ်ပြု ဖြေလိုက်သည်။

“ဘော့စ်ယွမ်ကို အကူအညီတောင်းစရာလေးရှိလို့ပါ”

ထိုလူမှာ အလွန်နှိမ့်ချသောပုံစံဖြင့်ပြောလာသည်။

“ဘာကိစ္စများလဲဗျ”

ထိုသို့နှိမ့်ချသောလေသံကို ကြားလိုက်ရသည်နှင့် ယွမ်ကျိုးမှာ ထိုင်ခုံတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။ ယွမ်ကျိုးပြန်ရောက်လာပြီးနောက် တံခါးဝအနီးရှိ ထိုင်ခုံတစ်လုံးယူကာ လက်မှုပစ္စည်းထုလုပ်ရန် ပြင်ဆင်နေခဲ့သည်။ မစရသေးခင် သူ့ရှေ့ဆီသို့ ထိုလူ လျှောက်လာခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ကျွန်တော် တခြားလူတွေကို နေ့လယ်စာကျွေးချင်လို့ပါ။ ခင်ဗျား ကျွန်တော်တို့ကို နှစ်ယောက်စာခုံပြင်ပေးထားလို့ရမလား”

ထိုလူမှာ အရင်က သူ့ဆိုင်တွင် ကြက်ဥထမင်းကြော်ဝယ်စားဖူးပေသည်။ ဤဆိုင်က ဟင်းလျာများမှာ အမှန်ပင်အရသာရှိလှသော်လည်း ဈေးကြီးလှသည်။ အရသာအလွန်ကောင်းသောကြောင့်သာ ဈေးမှာ သင့်တင့်မျှတသည်ဟု ထင်ရလေသည်။ ရိုးရှင်းသောပတ်ဝန်းကျင်အနေအထားမှာလည်း ဖိတ်ကြားခံရသူများ၏အဆင့်အတန်းနှင့် သင့်တင့်လျောက်ပတ်သဖြင့် နိမ့်ကျသလို မခံစားရပေ။

“အဲ့ဒါဆိုရင်တော့ ခင်ဗျား တန်းဝင်စီရမယ်။ နှစ်ယောက်စားပွဲတွေ ရှိပါတယ်။ ခင်ဗျားအလှည့်ရောက်ရင် ဝင်ထိုင်စားလို့ရတယ်” ယွမ်ကျိုးက ဆိုင်အတွင်းရှိ နှစ်ယောက်စားပွဲကို ညွှန်ပြလိုက်ရင်း ပေါ့ပေါ့ပါးပါး ပြောသည်။

“ကျွန်တော်ကြိုမှာထားလို့ရမလားဗျ”

ထိုသူက ထပ်မေးပြန်သည်။

“ကြိုမှာလို့မရဘူး။ ပါဆယ်မရဘူး။ ကျော်တက်လို့မရဘူး။ အစားအသောက်အလေအလွင့်ဖြစ်အောင်မလုပ်ရဘူး”

ယွမ်ကျိုးက သူ၏“မလုပ်ရ”စည်းကမ်းများ ထဲမှ အချို့ကို ဆက်တိုက်ရွတ်ဆိုပြလိုက်သည်။ ထို"မလုပ်ရ"စည်းကမ်းများအကြောင်းကြားသောအခါ အမျိုးသားမှာ ဆွံ့အသွားရရှာသည်။

“ဘော့စ်ယွမ်ရဲ့စားသောက်ဆိုင်မှာ စည်းကမ်းတွေ ပိုများလာပါလား။ ဟင်းပွဲတွေရော ပိုများလာလားဗျ”

ထိုလူမှာ ယွမ်ကျိုးကို စိတ်ထဲမထားဘဲ ထိုင်ခုံတွင် ဝင်ထိုင်ရင်း ပြန်ပြောလိုက်သည်။

“ဒါပေါ့။ ဟင်းပွဲတွေ ပိုများလာတယ်လေ”

မည်သို့ပင်ဖြစ်စေ ယွမ်ကျိုးက သူ့သဘာဝအတိုင်း ခေါင်းညိတ်ကာ‌ ဖြေလိိုက်သည်။

“ကျွန်တော်ဆိုရင်တောင် အမှာစာကြိုတင်ထားလို့မရဘူးပေါ့လေ”

ထိုလူမှာ နာရီကို ကြည့်လိုက်ရင်း မေးပြန်သည်။ သူ့ပုံစံမှာ ယွမ်ကျိုးကိုဆက်လက်နားချကြည့်ချင်နေပုံပင်။ ယခုကဲ့သို့မေးရသည်မှာ အကြောင်းရှိသည်။ သူ့အမည်မှာ လီချန်းဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်မဟုတ်သော်လည်း စီးပွားရေးသတင်းစာများတွင် မကြာခဏပါဝင်လေ့ရှိသူ ဖြစ်သည်။ သူမှာ အလွန်နာမည်ကြီးလှသော လူငယ်စွန့်ဦးတီထွင်သူဖြစ်ပေတော့သည်။

အသက်၂၅နှစ်အရွယ်သာ ရှိသေးသော်လည်း လုပ်ငန်းများမှ သိန်းရာချီဝင်နေသူဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ စီးပွားရေးကို လက်ဗလာဖြင့် စခဲ့ခြင်း ဖြစ်ပေသည်။ သူ့ကို သာမန်မိသားစုတွင် မွေးဖွားခဲ့ပြီး လက်ရှိအခြေအနေထိရောက်အောင် သူ့ကိုယ်ပိုင်ဉာဏ်စွမ်းဉာဏ်စကို အသုံးချကာ အခွင့်အရေးကို ဆုပ်ကိုင်ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူ့လိုလူမျိုးကို ‌နေရာတိုင်းတွင် အပေးအယူဖြင့် ကမ်းလှမ်းခြင်းခံရပေလိမ့်မည်။

ယွမ်ကျိုးရဲ့စားသောက်ဆိုင်စဖွင့်စဉ်အချိန်က လီချန်းမှာ သူ့ဆိုင်၌ နေ့လယ်စာအဖြစ် ကြက်ဥထမင်းကြော်ကို တစ်ခါလာစားဖူးခဲ့သည်။ ထိုအချိန်က ဧည့်သည်အများကြီး မရှိသေးပေ။ ထိုင်ခုံရှစ်လုံးပင် လူမပြည့်တတ်။ ယခုအကြိမ်လို အရေးကြီးကိစ္စမျိုးသာ မဟုတ်ပါက ဒီနေရာကို သူ သတိရမိလိမ့်မည်မဟုတ်။ သူ့ဆီမှာ မှတ်ဉာဏ်ရှိလို့သာ တော်တော့သည်။ မဟုတ်ပါက သန့်ရှင်းသပ်ရပ်ပြီး ဈေးနှုန်းသက်သာကာ အရသာရှိသောစားကောင်းသောက်ဖွယ်များ ရနိုင်သည့် လူရှင်းသောစားသောက်ဆိုင်တစ်ဆိုင်တွေ့ဖို့က မလွယ်ချေ။ အထူးသဖြင့် ယခုကိစ္စကို လီချန်းကိုယ်တိုင်စီစဉ်ခဲ့သည်ဖြစ်ရာ သူ့ကိုယ်ရေးအရာရှိလည်း မသိနိုင်သဖြင့် သူ့မှတ်ဉာဏ်အားကိုးဖြင့်သာ ရှာခဲ့ရရာ နောက်ဆုံး၌ ယွမ်ကျိုး၏စားသောက်ဆိုင်ကို ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။

“မရဘူးခင်ဗျ”

လီချန်းတစ်ယောက် ဆိုင်ကို ရှာတွေ့သဖြင့် ကိုယ့်ကိုကိုယ် ကျေနပ်နေစဉ် ယွမ်ကျိုးက ငြင်းလိုက်သည်။

“တစ်ဆိုင်လုံး အပြတ်ငှားမယ်ဆိုရင်ရောဗျာ” လီချန်းက ဆိုင်ကိုကြည့်လိုက်ရင်း ယွမ်ကျိုးကို မေးလိုက်သည်။

“ကျွန်တော့်ကို ငတ်လို့ လုပ်စားနေတယ်ထင်တာလား”

ယွမ်ကျိုး၏သည်းခံမှုမှာ ကြောင်တောင်တောင်လူသုံးဦးကို တစ်ဆက်တည်းတွေ့ရပြီးနောက် စိတ်ရှုပ်လာရတော့သည်။

“အဲ့ဒါဆိုလည်း ဘော့စ်ယွမ်ရယ်။ ကျွန်တော့်ကို မီနူးလေးပေးပါဗျာ”

ယွမ်ကျိုး၏စီးပွားရေးမှာ သိပ်မကောင်းဟုသူ ထင်သော်လည်း လီချန်းမှာ စိတ်လည်းမဆိုး၊ ဆက်လည်းမမေးတော့ပေ။ အခြေအနေကောင်းလာလို့ပဲ ဖြစ်ရမည်။ သူ၏အကျိုးအကြောင်းမသင့်သောတောင်းဆိုချက်ကြောင့် လီချန်းမှာ သဘောထားကြီးပေးလိုက်တော့သည်။

“ဆိုင်ဖွင့်ဖို့ နာရီဝက်လောက် လိုသေးတယ်ဗျ။ အဲ့အချိန်ကျမှ ခင်ဗျား မီနူးကြည့်လို့ရမယ်”

ယွမ်ကျိုးက ထပ်ငြင်းပြန်သည်။

“ခင်ဗျားက တော်တော်စိတ်တိုလွယ်တာပဲ” လီချန်းက သူ့အင်္ကျီလက်များကို သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“နေ့လည်ကျမှ လာခဲ့ပါ”

လီချန်းကို ဥပေက္ခာပြုရင်း ယွမ်ကျိုးက နှုတ်ဆက်စကားပြောပြီး သူ့ဆိုင်ထဲသို့ ဝင်သွားသည်။ ထို့နောက်တွင်မူ လီချန်းငြိမ်ကျသွားသည်။

“ထင်တဲ့အတိုင်း ငါ စိတ်လှုပ်ရှားသွားတာပဲ။ အခုဘာများလုပ်မိသွားပြီလဲ။ ငါ စိတ်တိုလွယ်သွားတာပဲ”

လီချန်းက အသက်ရှုထုတ်လိုက်ရင်း မိုက်မဲစွာပြောလိုက်သည်။ ပုံမှန်အချိန်များတွင် လီချန်းမှာ စိတ်ရှည်ပြီး စေ့စပ်သေချာသော သက်လတ်ပိုင်းအရွယ်လူတစ်ဦးဖြစ်သည်။ ချက်ကောင်းကို ကိုက်ရန် စောင့်ဆိုင်းနေသော ငြိမ်သက်နေသည့်မြွေတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းကြီးကို မည်သို့ထူထောင်နိုင်မည်နည်း။

မျက်မှောင်ကြုတ်လျက် ဖုန်းထုတ်ကာခေါ်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူက ဖုန်းကိုင်လိုက်သည်။

“ဥက္ကဌလီ...ကျွန်တော့်ကို ဘာများခိုင်းစရာရှိလို့လဲခင်ဗျ”

ကျိုးနွံသော ယောက်ျားအသံတစ်သံထွက်ပေါ်လာသည်။

“ဥက္ကဌကျန်းကို ဒီနေရာကို အခုလူလွှတ်ဖို့ပြောလိုက်။ ငါအခု ထောင်ရှီးလမ်း နံပါတ် (၁၄)မှာ စောင့်နေတယ်”

လီချန်းက တိုတိုတုတ်တုတ်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော် အခုချက်ချင်းဖုန်းဆက်လိုက်ပါ့မယ်”

တစ်ဖက်လူမှာ အများကြီးမမေးဘဲ ချက်ချင်း သဘောတူလိုက်သည်။

“အင်း”

လီချန်းဖုန်းချလိုက်တော့သည်။ အနှီပုဂ္ဂိုလ်ကို မကြာခင် တွေ့ရတော့မည့်အကြောင်း စဉ်းစားလိုက်ရုံနှင့် လီချန်း စိတ်လှုပ်ရှားလာပြန်သည်။ နှစ်ပတ်လောက်လမ်းလျှောက်ပြီးနောက် မတ်မတ်ရပ်ရင်း သေချာဂရုစိုက်သည့်ပုံစံဖြင့် စောင့်နေလေသည်။ ယွမ်ကျိုးက စပ်စပ်စုစုမရှိခြင်းကြောင့်သာ ဖြစ်သည်။ အခြားလူများသာ ဤကဲ့သို့ ငယ်ရွယ်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က တစ်စုံတစ်ယောက်ကို စိုးရိမ်ပူပန်စွာစောင့်ဆိုင်းနေသည်ကို မြင်ပါက သူတို့မည်မျှသိချင်ကြမည်ကို ဘုရားသာသိလိမ့်မည်။ စုံစမ်းပြီးပင် ဖြစ်ပေလိမ့်မည်။ ဒီနေ့ ယွမ်ကျိုးဆိုင်သို့ စောစောရောက်လာသော မန်မန်က တိုးတိုးတိတ်တိတ် မေးလိုက်သည်။

“ဟယ်...အဲ့ဒါ လီချန်းမဟုတ်လား။ သူ ဘယ်သူ့ကို စောင့်နေတယ်လို့ ရှင်ထင်လဲ။ ကြည့်...ကြည့်...သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေသလိုပဲ”

မန်မန်က အသံနှိမ့်ကာ မေးသည်။

“ငါမသိဘူးလေ။ မင်း သူ့ကို သိလို့လား”

ယွမ်ကျိုးက ခေါင်းကို အရင်ယမ်းလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘော့စ်ယွမ်က တကယ်အပြင်ကိစ္စတွေကို အာရုံမထားတာပဲ။ သူက ဒီဒေသထဲမှာတော့ ဆယ်လီပဲလေ။ စီးပွားရေးအင်ပါယာကြီးကို လက်ဗလာနဲ့စခဲ့တဲ့ အရည်အချင်းရှိ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ပေါ့။ အဲ့ဒါအပြင် သူက ကောင်မလေးတော်တော်များများရဲ့စိတ်ကူးယဉ်အိပ်မက်ပဲလေ”

မန်မန်မှာ “ငါ သူ့ကို တော်တော်သဘောကျပါတယ်” ဟု မျက်နှာတွင် စာတမ်းချိတ်ဆွဲထားသည့်အလား စိတ်လှုပ်ရှားနေသည့်အမူအရာမျိုးဖြင့် ဖြေသည်။

ယွမ်ကျိုးက ထိုသူအား စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ

“သူက ငါ့ကို မှီဖို့ နည်းနည်းလိုသေးတယ်ဆိုပေမယ့်လည်း ဆိုးတော့မဆိုးပါဘူး။ သူ နာမည်ကြီးတာ အံ့သြစရာမဟုတ်ဘူး”

"..."

မန်မန်မှာ ပြောစရာစကား ပျောက်ရှသွားသည်။

“ဆိုင်က မဖွင့်သေးဘူး။ နောက်မှလာ”

မန်မန်၏အမူအရာကို အမှုမထားဘဲ ယွမ်ကျိုးက တံခါးဝကို ညွှန်ပြကာ အေးစက်စွာဆိုလိုက်သည်။ သူမကို လက်စားချေလိုသဖြင့် ထိုသို့ပြောခြင်းမဟုတ်ပေ။ နောက်ဆုံးတော့ ယွမ်ကျိုးမှာ သူ့ကိုယ်သူ မြင့်မြတ်သော အမျိုးသားဇာတ်ဆောင်တစ်ဦးအဖြစ် အမြဲတမ်းမှတ်ယူထားခဲ့ခြင်းသာ ဖြစ်သည်။

ယွမ်ကျိုး အပိုင်း(၃၁၄)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၁၅)

မိမိုက်ဟန်မဆောင်နိုင်တော့သော လီချန်း

“ကျွတ်စ် ကျွတ်စ် ..အမြဲတမ်းအဲ့လိုပဲ”

မန်မန်က ပုခုံးတွန့်ကာ ပြောစရာစကားမရှိတော့ပေ။ ထို့နောက် သူမ နာခံစွာထွက်သွားလိုက်သည်။ အပြင်ဘက်တွင်ရှိနေသည့် ထိုအရည်အချင်းရှိလူငယ်လေးအား သွားရောက်အသိအမှတ်ပြုနိုင်ပေလိမ့်မည်။

ထိုခဏတွင် စားသောက်ဆိုင်တွင်အလုပ်စလုပ်နေပြီဖြစ်သည့် ကျိုကျာမှာ တံခါးမှထွက်လာလေသည်။

“အားလုံးကျေးဇူးပြုပြီး ဝင်လာလို့ရပါပြီ။ ဆိုင်ဖွင့်ပါပြီနော်”

အပြင်ဘက်တွင်ရှိနေသော ဖောက်သည် များအား အော်ပြောလိုက်သည်။

“အချိန်အတိအကျပဲဟေ့။ နည်းနည်းလေးတောင်မလွဲဘူး။ ဘော့စ်ယွမ်ရဲ့အချိန်တိကျမှုကတော့ သေချာလေ့ကျင့်ထားတာပဲဖြစ်ရမယ်” ‌

ဖောက်သည်တစ်ဦးက တီးတိုးပြောသည်။

“ဒါပေါ့။ ကျွန်တော့်အထက်လူကြီးကတောင် ကျွန်တော့်ကို အခုတလော အချိန်ပိုတိကျလာတယ်လို့ ချီးကျူးသေးတယ်”

အခြားဖောက်သည်တစ်ဦးက သံယောင်လိုက်ပြောသည်။

“အဲ့ဒါကောင်းတာပေါ့ဗျာ”

အခြားတစ်ဦးက ပြုံး၍ ပြောလေသည်။

“မကောင်းဘယ်ရှိပါ့မလဲဗျာ။ ကျုပ်တို့မှာ ဒီဆိုင်က မှာစားဖို့အရေး တစ်မိနစ်ချင်းရေတွက်နေရတာကိုးဗျ”

“အဲ့လိုနဲ့ ကြာလာတော့လည်း အကျင့်ဖြစ်သွားတာပေါ့ဗျာ”

ထိုဖောက်သည်မှာ သူ ဘာမှမတတ်နိုင် သော်လည်း ပျော်နေပုံပင်။ သူ၏အမူအရာနှင့် ပုံပန်းအမြင်အရ သိမြင်နိုင်လေသည်။ ဆိုင်စဖွင့်လေသည်နှင့် လူတစ်ဦးမှအပ ကျန်ဖောက်သည်များအားလုံးမှာ ပျော်ရွှင်နေကြသည်။ မပျော်နိုင်သူမှာ လီချန်းဖြစ်သည်။

မူလက ဤဆိုင်မှာ တိတ်ဆိတ်ပြီး လူအနည်းငယ်သာရှိကာ အရသာရော၊ ဈေးနှုန်းပါကောင်းမွန်သည်ဟု သူထင်ထားခဲ့ပြီး အရေးကြီးဆုံးမှာ ဖိတ်ကြားမည့်သူ၏နေရာနှင့် နီးနေခြင်းပင်။

ခဏလေးအတွင်းပင် တိတ်ဆိတ်ငြိမ်သက်နေသောဆိုင်မှာ ဆူညံကျယ်လောင်လာတော့သည်။ သူ့နောက်တွင်ရှိသည့် လူတန်းရှည်ကြီးနှင့် ဘေးဘက်တွင် အနည်းငယ်ခွာရပ်နေသောလူကို ကြည့်ကာ စိတ်ရှုပ်လာသည်။

“ကျေးဇူးပြုပြီး အထဲကိုကြွပါ”

လီချန်းက သူ့နောက်ရှိလူကို လမ်းဖယ်ပေးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဝူဟိုင်း၊ မန်မန်နှင့် မန်နေဂျာရှီတို့မှလွဲ၍ လူတော်တော်များများမှာ လီချန်းကို မသိကြပေ။ နာမည်ကျော်သရုပ်ဆောင်မဟုတ်လေရာ မိတ်ဆက်ပေးခြင်း သို့မဟုတ် အထူးတလည်ကြည့်ရှုစစ်ဆေးခြင်းမရှိပါက သူ့ကို သတိပြုမိကြမည်မဟုတ်။ ထို့အပြင် လူကိုယ်တိုင်မြင်တွေ့ရခြင်းနှင့် သတင်းစာပေါ်၌ မြင်တွေ့ရခြင်းသည်လည်း ထပ်တူညီခြင်းမရှိပေ။

“ခင်ဗျား အရင်ဝင်ပါ”

လီချန်းဖိတ်ခေါ်ထားသည့်လူမှာ အတော်လေးသတိထားထိန်းသိမ်းနေပုံရပြီး ဘာလုပ်ရမည်မှန်း လုံးဝမသိပုံပေါ်သည်။ ထိုကြောင့် သူက တံခါးကိုညွှန်ပြကာ ပြောလိုက်ရသည်။

“ခင်ဗျားက ကျွန်တော့်ဧည့်သည်ဆိုတော့ ခင်ဗျားပဲအရင်ဝင်ပါဗျာ။ ကိစ္စမရှိပါဘူး”

သူတို့နှစ်ဦးစလုံး တန်းတူညီမျှရှိသည်ဟုယူဆထားကာ လီချန်းက အသာပြောလိုက်သည်။

“မကောင်းပါဘူးဗျာ။ ခင်ဗျားအရင်ဝင်ပါ” ထိုလူမှာ ယဉ်ကျေးမှုအရ အထဲသို့ဝင်ရန် လက်ဝှေ့ယမ်းပြလိုက်ကာ နေရာမှ မရွေ့ချေ။

“ကျွန်တော်တို့ ဒီမှာပိတ်ရပ်နေလို့ မကောင်းဘူး။ အထဲကို အတူတူဝင်ကြရအောင်”

ထိုလူမှာ စားသောက်ဆိုင်အတွင်းသို့ဝင်ရန် တွန့်ဆုတ်နေပုံပေါ်ရာ လီချန်းက ထိုသို့အကြံပြုလိုက်သည်။

“ရတာပေါ့ဗျာ”

ထိုလူက မသက်မသာဖြစ်ဟန်ဖြင့်ပြောသည်။ ရုတ်တရက်ကြည့်လိုက်ပါက ထိုလူမှာ အသက်လေးငါးဆယ်ဝန်းကျင်ခန့်ရှိပုံပေါ်သည်။ လီချန်းမှာ အနည်းငယ် ကူကယ်ရာမဲ့နေဟန်ပေါ်သည်။ ထိုလူ၏မလှုပ်မရှားရပ်နေပုံကြောင့် သူကသာ စားသောက်ဆိုင်အတွင်းသို့ အရင်ဝင်လိုက်ရသည်။

လောကဝတ်ပြုပြီးနောက် သူတို့နှစ်ဦးမှာ အခြားသူများ၏အာရုံစိုက်မှုကို ရသွားတော့သည်။ လက်ရာမြောက်‌ပြီး အံဝင်ခွင်ကျချုပ်လုပ်ထားသောဝတ်စုံနှင့် လီချန်းမှာ ခေါင်းအစ၊ ခြေအဆုံး လေးနက်ထက်သန်ပုံပေါ်နေသည်။

လက်ကောက်ဝတ်ရှိ နာရီ၊ စီးထားသောသားရေဖိနပ်နှင့် အသေးအဖွဲ့ပစ္စည်းလေးများသည်ပင် လီချန်းမှာ သာမန်လူတစ်ဦးမဟုတ်ကြောင်း ထုတ်ဖော်ပြသနေသည်။

လီချန်းမှ လောကဝတ်ပြု နှုတ်ဆက်နေသော လူမှာမူ လုံးဝဆန့်ကျင်ဘက်အခြေအနေဖြစ်သည်။

ထိုသူမှာ အညစ်အကြေးများဖြင့် စွန်းထင်းနေသော အလုပ်သမားဝတ်စုံကိုဝတ်ဆင်ထားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှ အလုပ်သမားတစ်ဦးဖြစ်ပုံပေါ်သည်။ ဆံပင်တိုတိုမှာ ဖုန်များ ကပ်ညိနေပြီး မျက်နှာမှာလည်း သန့်ရှင်းသပ်ရပ်မှုမရှိချေ။

လမ်းလျှောက်သွားပါက ခြေရာများကျန်နေတော့မည်ဟု အခြားလူများထင်ရလောက်အောင်ပင် ဖိနပ်များတွင်လည်း ရွှံ့များပေကျံနေသည်။

သူ့တကိုယ်လုံးတွင် သန့်ရှင်းသည့်နေရာဟူ၍ သူ့လက်များသာဖြစ်နိုင်ပေသည်။ ကြီးမားတုတ်ခိုင်သော လက်ဆစ်များကို ကြည့်ရုံဖြင့် ထိုလူက အလုပ်ကြမ်းသမား တစ်ဦးဖြစ်ကြောင်းသိနိုင်၏။ သူတို့နှစ်ဦးအကြား တူညီမှုဟူ၍ စိုးစိမျှမရှိပုံပင်။

“ရှင်အဲ့ဒါကိုဘယ်လိုထင်လဲ?” မန်မန်က သူမဘေးဘက်ရှိ ဝူဟိုင်အား တံတောင်ဖြင့်တွတ်လိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ငါကဘယ်လိုလုပ်သိမှာလဲ?” ဝူဟိုင်မှာ အစားစားခြင်းနှင့် ပုံဆွဲခြင်းမှလွဲ၍ အခြားအရာများတွင် စိတ်ဝင်စားပုံမရ။

“ဘာပဲဖြစ်ဖြစ် လီချန်းကတော့ လူငယ်သူဌေးတစ်ဦးဆိုပေမယ့် ဒီလူကတော့ ကြည့်ရတာသာမန်ပဲ” မန်မန်က အလေးအနက်ထားဟန်ဖြင့် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

“သာမန်ဟုတ်လား? သူကဆောက်လုပ်ရေးအလုပ်သမားတစ်ဦးပဲလေ၊ သူဌေးက သူနဲ့ကစားနေတာပဲဖြစ်မယ်” လင်းဟုန်က လုံးဝမတူညီသောလူနှစ်ဦးကို ကြည့်ကာ မကျေမနပ်ပြောသည်။

“အဲ့လူရဲ့နောက်ခံကဘာဖြစ်မယ်လို့ရှင်ထင်လဲ? ကျွန်မကတော့ အဲ့လိုသူဌေးတစ်ယောက်က သူ့ကို ဘာကိစ္စမှမရှိဘဲ ထမင်းတစ်နပ်လိုက်ကျွေးမယ်လို့မယုံဘူး” ကျန်လူများမှာလည်း အသံခပ်နိမ့်နိမ့်ဖြင့် ပြောဆိုကြတော့သည်။

“သူ့အစွမ်းအစတွေကိုဖုံးကွယ်ထားတဲ့လူပဲဖြစ်ရမယ်” ဖောက်သည်တစ်ဦးက ရမ်းသမ်းမှန်းဆ ပြောလိုက်သည်။

“ငါထင်တာတော့ အဲ့လူက သူဌေးလူငယ်ရဲ့ ကာလကြာရှည်ပျောက်ဆုံးနေတဲ့ အဖေပဲဖြစ်မယ်” အခြားတစ်ဦးက ခန့်မှန်းပြန်သည်။

“ခင်ဗျားတော့ ဝတ္တုတွေအဖတ်လွန်နေပြီဖြစ်မယ်၊ ကျုပ်တော့ ဒီလူကဒီအတိုင်းသာမန်လူတစ်ယောက်လို့ပဲထင်တယ်၊ သူအဲ့လောက်စိတ်လှုပ်ရှားနေတာ ခင်ဗျားမမြင်ဘူးလား?” တန်းစီနေသူများထဲမှ နောက်တစ်ဦးက ပြောပြန်သည်။

“အင်းလေ...ဘယ့်နှယ် အဖေဆိုရင် သူ့သူငယ်ချင်းကို ဆက်ဆံသလိုမျိုး ဆက်ဆံပါ့မလဲ?” အခြားတစ်ဦးက သံသယဖြင့်ပြောသည်။

“အဲ့ဒါဆိုလည်း ဘာလို့ဒီလိုချမ်းသာတဲ့သူဌေးတစ်ဦးက အဲ့လိုလူမျိုးကို ထမင်းလိုက်ကျွေးတာဖြစ်မလဲ ခင်ဗျားပြောကြည့်လေ” ရမ်းသမ်းခန့်မှန်းထားသောသူက အရှုံးမပေးလိုဟန်ဖြင့် ဆက်ပြောသည်။

“အဲ့လိုသူဌေးတွေရဲ့စဉ်းစားပုံစဉ်းစားနည်းတွေ ကျုပ်ဘယ်လိုက်မီပါ့မလဲ..အဲ့လိုစဉ်းစားနိုင်မှတော့ ကျုပ်လည်းသူဌေးဖြစ်နေပြီပေါ့ဗျ” ဤလူမှာမူ ပွင့်လင်းသည့်လူတစ်ဦးဖြစ်ရာ သူမသိကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်လေသည်။

“ကြည့်ရတာတော့ ဒီအတိုင်းသူဌေးနဲ့အလုပ်သမားထင်တာပဲ” ဒီဖောက်သည်ကတော့ အလွန်စူးရှသည့်မျက်လုံးများရှိပုံပင်။

အလုပ်သမားမှာ စိတ်လှုပ်ရှားနေဟန်ပေါ်ကြောင်း အကြည့်တစ်ချက်တည်းနှင့်ပြောနိုင်သော်လည်း လီချန်းမှာမူ သက်သောင့်သက်သာဖြစ်နေပုံပေါ်၏။

ဤသို့ဖြင့် စားသုံးသူများမှာ အလွန်အမင်းသိလိုစိတ်ဖြစ်နေကြပြီး တီးတိုးတီးတိုးဖြင့် ဆွေးနွေးနေကြတော့သည်။ သူဌေးတစ်ဦးမှ သူ့အားထမင်းတစ်နပ်ဝယ်ကျွေးစေလောက်အောင် ဤလယ်သမားလိုလူတစ်ဦးမှာ မည်သို့သောကံကောင်းခြင်းမျိုးရှိနေသနည်း။ ပိုအရေးကြီးသည်က သူဌေးဖြစ်သူမှာ အလွန်ကြင်နာ၍ လိုက်လျောနေခြင်းပင်။

ဆွေးနွေးမှုတွင်ပါဝင်နေသည့် အလုပ်သမားအင်္ကျီဝတ်ထားသောလူမှာ ကျန်းဖန်ဟုခေါ်သည်။ တကယ့်လက်တွေ့တွင်လည်း ထိုသူမှာ ‌ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ပြီး အဆောက်အဦ အတွင်းပိုင်း အင်္ဂတေကိုင်ပေးသောသူဖြစ်သည်။ ထိုသူမှာလည်း ကိုယ်တိုင်နားမလည်ဖြစ်နေသည်။

ယနေ့နေ့လယ်စာချိန်မတိုင်ခင် အမှုဆောင်အရာရှိက သူ့ဆီသို့ မန်နေဂျာကို စေလွှတ်ကာ တစ်စုံတစ်ယောက်က သူ့အား အလျင်စလိုရှာနေကြောင်းပြောလာသည်။

ဆေးကြောသုတ်သင်ဖို့မပြောနှင့်၊ ဤထူးဆန်းသောလူနှင့် တွေ့ဆုံရန် သူ့မန်နေဂျာမှ သူ့အား ကားပေါ်တင်မပေးလိုက်ခင် အဝတ်အစားလဲချိန်ပင် မရလိုက်ပေ။ အဓိကအချက်မှာ သူ့မန်နေဂျာ၏ ပြောစကားအရ ဆောက်လုပ်ရေးပရောဂျက်တစ်ခုလုံး၏သူဌေးဟူသည့်အချက်ပင်ဖြစ်သည်။

ဘယ်လောက်ပင် ကို့ယို့ကားရားဖြစ်နေပါစေ။ ကျန်းဖန်မှာ ဘာမှမပြောရဲ မလုပ်ရဲပေ။ အမှန်တော့ သူသည် သာမန်အလုပ်သမားလေးမျှသာဖြစ်ပြီး သူ၏တစ်နှစ်စာလခမှာလည်း မရသေးပေ။ ဆောက်လုပ်ရေးလုပ်ငန်းတွင် သဘောတူညီချက်အရ အလုပ်သမားများအား လစဉ်နေထိုင်စရိတ်ကိုသာ ပေးပြီး ကျန်ငွေများကို နှစ်ကုန််မှသာ ပေးချေမည်ဖြစ်သည်။

သူ ကံကောင်းသည်ဟု ခံစားရသောတစ်ခုတည်းသောအရာမှာ ဒီကိုမလာခင် လက်ဆေးခဲ့ရခြင်းပင်။ လက်တွေကတော့သန့်ရှင်းနေခဲ့သည်။

“မီနူးကို တစ်ချက်ကြည့်ပါဦး။ ဘာစားချင်လဲ”

လီချန်းက အပြုံးတစ်ခုဖြင့် မီနူး ကမ်းပေးလိုက်ကာ ပြောသည်။

“ဟုတ်ကဲ့ ကျေးဇူးပါ”

ကျန်းဖန်က လှမ်းမယူမီ သူ့လက်များကို အမှိုက်တစ်စမကျန်စေရန် အတွင်းအင်္ကျီဖြင့် သုတ်လိုက်ပြီး သန့်ရှင်းလှသောမီနူးစာရွက်ကို ယူကြည့်လိုက်သည်။ ဟင်းပွဲအမည်တွေကို မြင်ကာမှ သူ ပိုပြီးစိတ်မသက်မသာဖြစ်လာသည်။

ဟင်းပွဲများမှာ သေချာပေါက် သူနှင့် မတန်ပေ။ ရိုးရိုးကြက်ဥထမင်းကြော်တစ်ပွဲပင် ၁၈၈ ယွမ် ကျသင့်ပြီး လက်ဖက်ကြက်ဥတစ်လုံးပင်လျှင် ၁၈၈၈ ယွမ် ကျသင့်သည်။ ရှေ့တွင်မြင်နေရသည့် သူဌေးကြီးမှ သူ့အားပြုံး၍သာ ကြည့်မနေခဲ့ပါလျှင်

“ဒီဟင်းတွေက စားဖို့ထက် အလှထိုင်ကြည့်နေဖို့များလား။ ဒီလောက်ဈေးကြီးနေတာ ဘယ်သူက စားမှာလဲ” ဟူ၍သာ အော်ဟစ်လိုက်ချင်သည်။ ထို့အတွက် ကျန်းဖန်မှာ မီနူးစာရွက်ကို ကိုင်ကာ ဟင်းလည်းမမှာရဲ၊ ဘာမှလည်းမပြောရဲဘဲ အချိန်အကြာကြီး တိတ်နေတော့သည်။

“ကျွန်တော် မှာပေးပါရစေ။ ခင်ဗျားက အလုပ်ကြမ်းတွေ လုပ်နေရတော့ အသားစားချင်မှာပဲ”

မီနူးကို တစ်ချက်ကြည့်ပြီးနောက် လီချန်းမှာ ဂရုမစိုက်မိသည့်အတွက် သူ့ကိုယ်သူအပြစ်တင်လိုက်ရင်း ပြောသည်။

“မလိုပါဘူး သူဌေး။ ကျွန်တော့်ကို ပြောစရာရှိရင် ဒီအတိုင်းပဲ ပြောလို့်ရပါတယ်ဗျ”

ကျန်းဖန်မှာ ဤအခြေအနေကို သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။

“အရေးမကြီးပါဘူး။ ထမင်းလေးတစ်နပ်ပဲဟာ”

လီချန်းက သူ့ကို နှစ်သိမ့်ရန် ကြိုးပမ်းလိုက်သည်။ လီချန််းက သူ့အား တကယ်အရေးတကြီးပြောစရာမရှိသည်ကို တွေ့သောအခါ “ဟုတ်ကဲ့ခင်ဗျ။ မှာပါ...မှာပါ”

ဟုသာ ပြောလိုက်ရသည်။

“ဟုတ်ပြီ။ အဲ့ဒါဆို မှာလိုက်တော့မယ်”

လီချန်းက ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။

“မိန်းကလေးရေ၊ ကျွန််တော်တို့ကို သုန်ပိုဝက်လက်ဟင်းရယ်၊ ဖီးနစ်အမြီးပုစွန်ဟင်းရယ်၊ အမဲသားလွှာရယ်၊ ဝက်သားစင်းကောအစပ်၊ ဝက်စင်းကောတို့ဟူးပေါင်းနဲ့ ကြက်ဥထမင်းကြော်နှစ်ပွဲ၊ ကျင်းလင်မြက်ရောပေးပါ”

လီချန်းမှာ အလွန်ပင် ရက်ရောလှသည်။ မီနူးပေါ်ရှိ ဟင်းပွဲအားလုံးနီးပါးကို မှာလိုက်သလိုပင်။ မန်မန်တောင် မနေနိုင်ဘဲ “ဘောစိပဲ” ဟုခပ်တိုးတိုး ရေရွတ်မိသွားသည်။

လီချန်းက မိမိုက်သောပုံစံဖြင့် မှာချလိုက်သော်လည်း ကျိုကျာမှ အပြုံးလေးဖြင့်

“စိတ်မရှိပါနဲ့ရှင်။ ဧည့်သည်တွေက မှာထားသမျှကို အကုန်ကုန်အောင်စားရမှာပါ။ အထူးသဖြင့် အဓိကဟင်းပွဲတွေကိုပါရှင့်။ အရံဟင်းပွဲတွေကတော့ ကုန်ဖို့မလိုပါဘူးရှင်”

လီချန်းက မျက်မှောင်ကြုတ်လိုက်ကာ

“ဘာအဓိပ္ပာယ်လဲဗျ”

“ကုန်အောင်မစားနိုင်ဘူးဆိုရင် နောက်ဘယ်တော့မှ မှာခွင့်မရှိတော့ပါဘူးရှင့်”

ကျိုကျာက သေချာရှင်းပြလိုက်သည်။

ဤသည်မှာ လုံးဝအသစ်အဆန်းပင်။ အောင်မြင်လာပြီးနောက်ပိုင်း သူ့အား တစ်ယောက်ယောက်က ဤသို့ပြောလာသည်မှာ ဒါပထမဆုံးအကြိမ်ပင်။

ယွမ်ကျိုး အပိုင်း(၃၁၅)

ပြီးပါပြီ။

၃၁၆ မှ ၃၂၀

ယွမ်ကျိုး အပိုင်း(၃၁၆)

ထမင်းတစ်နပ်မှရသော အကြံဉာဏ်

“သွားပြီ။ သူဌေးမျက်နှာကြည့်ရတာ စိတ်ညစ်သွားပုံပဲ”

စားသုံးသူတစ်ဦးက တီးတိုးပြောလိုက်သည်။

“စိတ်ညစ်မှာပေါ့။ သူက ဘယ်လိုတောင် သံလိုက်အိမ်မြှောင်ရှေ့မှာ ‌မြှောက်ကြွား၊ မြှောက်ကြွားကြီးသွားလုပ်ရဲတာလဲ မသိဘူး။ဟင်းပွဲတွေ အများကြီးမှာရဲရင်တော့ Blacklistသွင်းခံရဖို့သာ ပြင်ထားတော့”

ဒီတစ်ယောက်ကတော့ အနည်းငယ်ရွှင်မြူးသလိုဖြစ်နေသည်။

“တစ်ပွဲလောက်လျော့သွားရင် ကောင်းမယ်။ နောက်တစ်ခါဆို ငါ့အလှည့်ရောက်ဖို့ လူနည်းနည်းပဲ စောင့်ရတော့မှာကို” ဖောက်သည်တစ်ဦးကတော့ ဟင်းပွဲလျော့သွားစေချင်နေသည်။

“အဲ့သူဌေး စိတ်ဆိုးသွားတော့မယ်လို့ မင်းထင်လား”

အခြားတစ်ဦးက စိတ်အနှောင့်အယှက်ဖြစ်နေသောလီချန်းကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးသည်။

“မသိဘူးလေ။ အကုန်လုံးက သိတဲ့တတ်တဲ့လူတွေချည်းပဲ။ ဘယ်လိုလုပ် လွယ်လွယ်စိတ်ဆိုးပါ့မလဲ”

ဒီတစ်ဦးကတော့ ခေါင်းညိတ်ကာပြောသည်။

“ဒါပေမယ့် ငါတော့ သူ စိတ်ဆိုးသွားမယ်လို့ထင်တယ်။ ငါတို့ အခုထိ ဘယ်သူမှန်းမသိရသေးတဲ့သူ့အလုပ်သမားရှေ့မှာ မျက်နှာပျက်စရာဖြစ်သွားတာလေ”

တစ်ဦးကမူ အခြားသူမျက်နှာပျက်သွားရသည်ကို ပျော်နေဟန်ဖြင့် ပြောသည်။

“ဟော...ကြည့်...ကြည့်”

အခြားတစ်ဦးက လီချန်းကို တိတ်တဆိတ်လက်ညှိုးထိုးကာ ပြောလိုက်သည်။

“စားမကုန်ရင် ပါဆယ်ထုပ်သွားမယ်လေ”

လီချန်းမှာ အမှန်ပင် အနည်းငယ်စိတ်တိုနေပြီဖြစ်သည်။ သို့သော် ဆိုင်အတွင်း လူအများကြီးရှိနေသည်ဖြစ်ပြီး ရေးကြီးခွင်ကျယ်လုပ်ရမည့်ကိစ္စမဟုတ်ရာ စိတ်ထိန်းပြီး အခြားနည်းတစ်ခုကို ပြောလိုက်သည်။

“စိတ်မရှိပါနဲ့ရှင်။ ကျွန်မတို့က ပါဆယ်မထုပ်ပေးပါဘူး”

ကျိုကျာက တောင်းပန်လိုဟန်ဖြင့် ပြောလိုက်သည်။

“စည်းကမ်းတွေက တစ်ခုပြီးတစ်ခု ပိုများလာပါလားဗျာ”

လီချန်းမှာ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်သွားရတော့သည်။ သို့သော် ကိုယ့်ကိုကိုယ် အရမ်းထိန်းချုပ်ထားဟန် တောင့်တင်းနေသောကျန်းဖန်ကို သူမြင်သောအခါ မထွက်သွားဖြစ်တော့ပေ။

ယွမ်ကျိုး၏အမူအရာကို မော့ကြည့်လိုက်သော်လည်း ထိုလူမှာ အစကတည်းကအတိုင်း သူလုပ်နေကြဖြစ်သည့် ဟင်းပွဲပြင်ဆင်ခြင်းကိုသာ တစိုက်မတ်မတ်လုပ်နေသည်ကို တွေ့လိုက်ရသည်။

လီချန်း ပို၍ပင် ဆွံ့အသွားတော့သည်။ သူ့ကိုလုံးဝဂရုမစိုက်ခြင်း ဖြစ်ပေသည်။ ကံကောင်းစွာဖြင့် ဒီနေ့မှာ သူက အခြားသူတစ်ဦးကို ထမင်းတစ်နပ်ကျွေးရန် ဒီဆိုင်ကိုရောက်လာခြင်းဖြစ်သည်။

“အင်း...”

လီချန်းက တစ်ချက် စဉ်းစားလိုက်သည်။ သူ့ဘေးတွင်ထိုင်နေသော ကျန်းဖန်မှာမူ လီချန်း၏အဝတ်အစားများကို လေးစားအားကျသည့်အမူအရာဖြင့် တိတ်တဆိတ်ကြည့်နေလေသည်။

“အဲ့ဒါဆိုရင် ဝက်သားစင်းကောအစပ်နဲ့ ဝက်စင်းကောတို့ဟူးပေါင်းကို မမှာတော့ဘူးဗျ။ အဲ့လောက်ပါပဲ”

ခဏစဉ်းစားလိုက်ပြီးနောက် လီချန်းက ဟင်းနှစ်ပွဲကို ပယ်လိုက်သည်။

“ဟင်းပွဲတွေ တစ်ချက်စစ်ပေးပါဦးနော်” ထို့နောက် ကျိုကျာက သူ မှာထားသည်များကို တစ်ခေါက် ပြန်ရွတ်ပြသည်။

“ဟုတ်ကဲ့။ ကျွန်တော်မှာထားတာတွေမှန်ပါတယ်ဗျ”

လီချန်းက ခေါင်းညိတ်ပြလိုက်သည်။

“ငွေအရင်ချေရပါမယ်ရှင့်။ ဘဏ်အကောင့်နဲ့ ရှင်းလို့ရသလို၊ ငွေသားနဲ့လည်း ရှင်းလို့ရပါတယ်ရှင်။ ယွမ်ပဲ လက်ခံပါတယ်ရှင့်”

ကျိုကျာက ပြုံးကာ ပြောသည်။

“ဟုတ်။ ငွေလွှဲမယ်ဗျ”

လီချန်းက ဖုန်းထုတ်လိုက်ကာ အင်တာနက်မှတစ်ဆင့် ပေးချေလိုက်သည်။ ငွေလက်ခံရရှိကြောင်း အတည်ပြုပြီးနောက် ကျိုကျာက ယွမ်ကျိုးကို ဟင်းပွဲအမည်များ ပြောလိုက် သည်။ ထို့နောက် လီချန်းနှင့် ကျန်းဖန်တို့ကို နှုတ်ဆက်စကားဆိုလိုက်သည်။

“ခဏစောင့်ပါနော်။ ဟင်းပွဲတွေ မကြာခင်ရပါတော့မယ်”

ကျိုကျာမှာ အလွန်တာဝန်ကျေပွန်သော စားပွဲထိုးမလေးတစ်ဦး ဖြစ်ပေတော့သည်။

ဒီတစ်ကြိမ်၌ လီချန်း သူမအား ပြန်မဖြေခဲ့ပေ။ ခေါင်းကိုအသာညိတ်ပြလိုက်ပြီး နားလည်ကြောင်း ပြလိုက်သည်။ ကျိုကျာထွက်သွားသည်နှင့် လီချန်းမှာ သူ့ကိစ္စသူ စလုပ်တော့သည်။

“မစ္စတာကျန်းဖန်၊ ခင်ဗျားအရင်က ချန်ဒူမြို့မှာ နေဖူးတယ်မဟုတ်လားဗျ”

လီချန်းက ယဉ်ကျေးစွာ မေးလိုက်သည်။

“ဟုတ်တယ်။ ကျွန်တော်က မြောက်ပိုင်းကပါခင်ဗျ”

ကျန်းဖန်မှာ အနည်းငယ်နားမလည်သလိုခံစားရသော်လည်း ပြန်ဖြေပေးလိုက်သည်။

“အရင်က ခင်ဗျားမျက်နှာမှာ မှဲ့တစ်လုံးရှိပါတယ်။ အခုဘယ်ရောက်သွားတာလဲဗျ” ကျန်းဖန်၏မျက်နှာကို ၂ခါပြန်ကြည့်လိုက်ရင်း လီချန်းက မေးသည်။

“မရှိတော့တာကြာပြီဗျ။ လူတွေ အသက်ကြီးလာတော့ တစ်ချို့မှဲ့တွေက ပျောက်သွားတယ်လေ”

ကျန်းဖန်က သူ့မေးစေ့ကို အသာပွတ်ကာ မထူးခြားသလိုပြောလိုက်သည်။

“ခင်ဗျား မွေးရပ်မြို့ကို ရထားနဲ့ မကြာခဏ ပြန်တတ်တယ်မဟုတ်လား"

ရထားအကြောင်းပြောရင်း လီချန်းမှာ ပို၍ ယဉ်ကျေးသိမ်မွေ့လာသလိုရှိသည်။

“ခဏတိုင်းတော့ မပြန်ဖြစ်ဘူးဗျ။ အဲ့တုန်းကကျွန်တော် အချိန်သိပ်မရတော့လေ” ယေဘုယျအားဖြင့် ကျန်းဖန်မှာ မေးသည်ကိုသာ မပိုမလိုဖြေနေသည်။ သူ့စိတ်ထဲမှာ ထူးဆန်းသလို ရှိလာချေသည်။ တစ်ဖက်ကကြည့်လျှင် သူဌေးမှာ သူ့ကို ပြောရန် ကိစ္စထွေထူးမရှိနိုင်ပေ။ အခြားတစ်ဖက်မှကြည့်ပြန်လျှင်မူ သူ့အတွင်းရေးကိစ္စများ ထိခိုက်သည်မဟုတ်သော်လည်း ကိုယ်ရေးကိုယ်တာကိစ္စတော့ ဖြစ်နေပြန်သည်။

အခြားစားသုံးသူများမှာလည်း သူတို့နှစ်ဦးပြောနေသည်များကို နားထောင်ကာ ထူးဆန်းသလို ခံစားလာရသည်။ မအပ်စပ်သောလူနှစ်ဦးကို မဆိုထားနှင့် ၎င်းတို့ပြောနေသည့်စကားများကပင် ထူးဆန်းနေသည်။

ပြောစကားများအရ သူတို့နှစ်ဦးမှာ အရင်ကသိကျွမ်းခဲ့ခြင်းမဟုတ်။ ပြောရမည်ဆိုလျှင် သူတို့နှစ်ဦးမှာ ကုမ္ပဏီတစ်ခုတည်းမှပင် မဟုတ်နိုင်ချေ။ သူတို့သာ ကုမ္ပဏီတစ်ခုတည်းမှ ဖြစ်ခဲ့ပါက သူဌေးဖြစ်သူမှာ သူ့ဝန်ထမ်းကို သေချာပေါက်သိမည်ဖြစ်ပြီး ထမင်းလိုက်ကျွေးကောင်းကျွေးမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး မရင်းနှီးသလိုဖြစ်မနေသင့်ပေ။ သို့သော် လီချန်း၏ မေးခွန်းမေးခြင်းမှာ အချိန်သိပ်မယူလိုက်ရပေ။

ကျိုကျာ၏ “ခဏစောင့်ပါ” ဟူသော စကားသည်လည်း တကယ်တမ်း သိပ်မကြာခဲ့ဘဲ ဟင်းပွဲများမှာ အချိန်တိုအတွင်းရောက်လာ လေတော့သည်။ ပတ်ဝန်းကျင်ရှိ စားသုံးသူများအားလုံးမှာ လီချန်းနှင့် ကျန်းဖန်တို့မှာ ဟင်းပွဲများကို သပ်သပ်စီစားကြလိမ့်မည်ဟု ထင်ခဲ့ကြပြီး ကျန်းဖန်ပင် ဤသို့ထင်ခဲ့သည်။

လီချန်း အရင်ဟင်းပွဲရွေးမည်ကို သေချာစောင့်နေလိုက်ပြီး လီချန်း မရွေးသောဟင်းပွဲကိုသာ သူစားမည်ဖြစ်သည်။

“အတူတူစားကြတာပေါ့။ ကိုယ့်အိမ်မှာလိုသဘောထား။ ဒီအတိုင်း ထမင်းလေးတစ်နပ်ပါပဲ။ အရေးမကြီးဘူး”ဟု ဆိုကာ လီချန်းက တူကိုင်လိုက်သည်။ သူက ဝက်လက်တစ်ပိုင်းကို လွယ်လင့်တကူ ယူလိုက်ပြီး ကျန်းဖန်၏ပန်းကန်လုံးအတွင်းသို့ ထည့်ပေး လိုက်ကာ သူ့ဘာသာသူ စစားတော့သည်။

လီချန်းက သူနှင့်အတူစားရန် စိတ်မရှိသည်ကိုတွေ့သောအခါ ကျန်းဖန်လည်း စစားတော့သည်။ သို့သော် သူသည် အလွန်ဂရုတစိုက်စားနေပြီး ဘယ်ဟင်းကိုမှ မနှိုက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လီချန်းကသာ သူ့အတွက် ဟင်းများကို မကြာခဏထည့်ပေးလေသည်။

ဟင်းများကို စားသောက်မိသည့်နောက် ကျန်းဖန်မှာ ဘာကြောင့် ဤဆိုင်ရှိအစားအသောက်များမှာ အလွန်ဈေးကြီးနေရသည်ကို သိရှိသွားတော့သည်။ အလွန်အင်မတန် အရသာရှိလှသောကြောင့် ဖြစ်သည်။

သူ့လျှာကိုပင် ပြန်မြိုချမိမတတ်ပင်။ ပြောရလျှင် ဤသည်မှာ သူ့အတွက် အလွန်အရသာရှိသော အစားအသောက်များကို ပထမဆုံးအကြိမ်စားဖူးခြင်းဖြစ်သည်။ စားကောင်းသောက်ဖွယ်များက လူနှစ်ဦးကို ရင်းနှီးစေနိုင်ပေသည်။ အလွန်အရသာရှိသောဟင်းများကို စားနေစဉ် ကျန်းဖန်မှာယခင်ကလောက် စိတ်မလှုပ်ရှားတော့ပေ။ သူ့ဘာသာ ဟင်းများကို မကြာခဏထည့်စားလာသည်။

လီချန်းမှာ ယွမ်ကျိုး ဘာကြောင့်မာနကြီးရသည်ကို နောက်ဆုံးတွင် သိလိုက်ရချေပြီ။ ထိုကဲ့သို့ ပြောင်မြောက်လှသောဟင်းချက်စွမ်းရည်ဖြင့် သူသည် ဘယ်အရာကိုမှ စိတ်ပူပန်တော့မည်မဟုတ်ချေ။

“ဒီဆိုင်မှာ ကြက်ဥထမင်းကြော်တစ်ခုပဲ အရသာရှိတယ်ထင်နေတာ”

လီချန်းက စိတ်ထဲမှ ပြောလိုက်သည်။

အဲ့လိုဆိုလျှင်တောင် လီချန်းမှာ အချိန်အကြာကြီး တန်းစီရသည်ကို မပျော်မရွှင်ဖြစ်နေဆဲပင်။ တကယ်တမ်း သူ့မှာ ဒီဆိုင်မှာစောင့်ရင်း အချိန်ဖြုန်းရလောက်အောင်မအားပေ။

“ငါ့အတွင်းရေးမှူးကို ငါ့ကိုယ်စား လာစောင့်ခိုင်းလို့ရလောက်တယ်”

လီချန်းက အလားအလာရှိသောလုပ်ကွက် တစ်ခုကို အကြမ်းဖျဉ်းစဉ်းစားလိုက်သည်။

သူ အသာခေါင်းလှည့်ကြည့်လိုက်ရာ ကျန်းဖန်မှာ ကနဦးတုန်းက တွန့်ဆုတ်သည့်အမူအရာများ လုံးဝမရှိတော့ဘဲ ကျေနပ်စွာစားသောက်နေသည်ကို တွေ့လိုက်သည်။

အစားစားရင်း စကားပြောရခြင်းကို လီချန်းမကြိုက်ပေ။ ကျန်းဖန်သည်လည်း တိတ်ဆိတ်သည်ကို သဘောကျသည်။ သူတို့စားလေလေ၊ ပိုပျော်သလို ဖြစ်လာလေဖြစ်နေသည်။ နောက်ဆုံးတွင် ဟင်းပွဲများအားလုံးကို စားပစ်လိုက်ကြတော့သည်။

ကျန်းဖန်မှာ အလုပ်ကြမ်းလုပ်သော ကာယအလုပ်သမားဖြစ်ရာ အဆီများသောအသားဟင်းများကို ကြိုက်နှစ်သက်လေသည်။ နူးညံ့ကြွပ်ရွသော သုန်ပိုဝက်လက်ဟင်းနှင့် မွှေးပျံ့သောအမဲသားလွှာစပ်စပ်တို့မှာ အရသာရှိသောကြက်ဥထမင်းကြော်နှင့် လိုက်ဖက်ညီလှရာ အကုန်လုံးမှာ သူ့အကြိုက်ဖြစ်နေတော့သည်။

ဟင်းပွဲများ၏ တစ်ဝက်ကျော်ကျော်အား သူတစ်ယောက်တည်းစားခဲ့ခြင်းဖြစ်သည်။

အစောပိုင်းအချိန်တုန်းက သိပ်စိတ်ကျေနပ်စရာမဖြစ်ခဲ့ပေမယ့် ထမင်းဖိတ်ကျွေးသူရော၊ ဖိတ်ကြားခံရသည့်သူရော ပျော်ရွှင်စွာထမင်းတစ်နပ်စားလိုက်ကြရသည်။ အနည်းဆုံးတော့ ကျန်းဖန် ပျော်ရွှင်စွာစားနေသည်ကို မြင်ရသဖြင့် လီချန်း စိတ်အေးသွားရသည်။

“သွားကြစို့။ ကျွန်တော် ခင်ဗျားကို ဆိုက်ထဲပြန်လိုက်ပို့ပေးမယ်”

ပြောင်ရှင်းနေသော ပန်းကန်နှင့် စားပွဲကိုကြည့်ကာ လီချန်းက ပြုံးရင်း ပြောလိုက်သည်။

“မလိုပါဘူးဗျာ။ ဝေးမှမဝေးတာ။ ကျွန်တော်လမ်းလျှောက်သွားလိုက်ပါ့မယ်”

ကျန်းဖန်က လက်ယမ်းရင်း ဆက်တိုက်ပြောလိုက်သည်။ ဟာသပဲ။ ဒီသူဌေးနှင့် စကားပြောရသည်ကို စိတ်ပင်ပန်းလာပြီဖြစ်ပြီး သူ့ကို ဘာကြောင့်ထမင်းလိုက်ကျွေးရသည်ကိုလည်း ဘုရားသာ သိပေလိမ့်မည်။

“အရင်ထွက်ကြတာပေါ့။ ကြည့်လိုက်ဦး။ လူတွေအများကြီး စောင့်နေကြတယ်”

လီချန်းမှာ တန်းစီနေကြသည့် စားသုံးသူများကို ညွှန်ပြလိုက်သည်။

“ဟုတ်တာပေါ့”

ပြောရင်းမှ ကျန်းဖန် ထရပ်လိုက်ရာ ဘောင်းဘီမှ ဖုန်များပင် ထသွားသည်။ ဖုန်များမှာ ဟိုဟိုသည်သည်မလွင့်ဘဲ မြေပေါ်သို့အသာကျသွားသဖြင့် ဘယ်သူမှသတိမထားမိလိုက်ကြပေ။ အချို့လူများ ထိုအပေါ်သို့ ဖြတ်နင်းသွားသော်လည်း ဖုန်ပြန်မထတော့။

အလွန်ရှက်ရွံ့သွားသောအမူအရာဖြင့် ကျန်းဖန်က ဆိုင်အပြင်ဘက်သို့ လျင်မြန်သောခြေလှမ်းများဖြင့် ထွက်လိုက်ကာ သက်ပြင်းအသာခိုးချလိုက်သည်။ အစားစားနေစဉ်သတိမထားမိခဲ့သော်လည်း စားပြီးသောအခါ ကျန်းဖန်မှာ သူ၏ညစ်ပေနေသော အဝတ်အစားများကြောင့် ရှက်လာရသည်။

“နောက်မှ ညနေစာအတူစားကြတာပေါ့”

သူတို့အပြင်ရောက်သောအခါ လီချန်းကထိုသို့ပြောလိုက်သည်။

“မဟုတ်တာ။ မလိုပါဘူးဗျာ။ ဒီနေ့တောင် ‌ဒုက္ခပေးသလိုဖြစ်သွားပြီ”

ကျန်းဖန်က လက်ဝှေ့ယမ်းရင်း ပျာပျာသလဲငြင်းလေသည်။

“ကိစ္စမရှိပါဘူး။ ခင်ဗျားမန်နေဂျာနဲ့ ကျွန်တော် ပြောပြီးပါပြီ။ ခင်ဗျားပဲ ဖြေပေးနိုင်မယ့် မေးခွန်းနည်းနည်းလောက် ကျွန်တော်မေးချင်တာလေးရှိလို့”

လီချန်းက သူ့မှာ အရေးကြီးတဲ့မေးခွန်းတချို့မေးရန် ရှိသေးကြောင်း သေချာပြောလိုက်သည်။

“ဟုတ်ကဲ့။ ဒုက္ခပေးမိတာ အားနာလိုက်တာ” ကျန်းဖန်က မပွင့်တပွင့်ပြောသည်။ သူဌေးက ဖုန်းဆက်လိုက်သည်နှင့် သူချက်ချင်းထွက်လာခဲ့ရသည်ကို တွေးမိတော့ ထပ်မငြင်းဆန်တော့ပေ။ ဒီသူဌေး ဘာတွေတွေးနေလဲဆိုသည်ကို မသိရပေ။ သူက တကယ်ပဲ ထိုအလုပ်သမား၏သားများလား။

...

ယွမ်ကျိုး အပိုင်း(၃၁၆)

ပြီးပါပြီ။

All Chapters