အခန်း (၃၁၇-၃၂၀)
Vol. 22 Ch. 317-320
ယွမ်ကျိုး အပိုင်း(၃၁၇)
ရေခဲချောင်းလေး၏ပျော်ရွှင်မှု
ရက်များစွာကြာပြီးနောက် ...
“ဘော့စ်ယွမ်...ဘော့စ်ယွမ်ရေ...သတင်းထူးဗျို့”
လူတစ်ယောက်က စားသောက်ဆိုင်ထဲသို့ ပြေးဝင်လာပြီး အလောတကြီးပြောသည်။
မနက်စာချိန်နှင့် နေ့လယ်စာချိန်ကြား အားလပ်ချိန်ဖြစ်၍ ယွမ်ကျိုး၏ဆိုင်တွင် လူရှင်းနေသည်။ ကျိုကျာတောင်မှ မရောက်သေးပေ။ ယွမ်ကျိုးတစ်ဦးသာလျှင် နေ့လယ်စာအတွက် ဟင်းပွဲများပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ ထိုအသံကြားလိုက်မှ ပြေးဝင်လာသူကို ခေါင်းမော့ကြည့်လိုက်သည်။
“ဘာဖြစ်လာတာလဲ ဝူကျိုး”
ယွမ်ကျိုး အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
“ဟေ့ မင်း ဘာလို့ ဒီလောက်ထိအေးအေးဆေးဆေးဖြစ်နေသေးတာလဲ။ ဒီဆိုင်နဲ့ သိပ််မဝေးတဲ့နေရာမှာ အနောက်တိုင်းစားသောက်ဆိုင်အသစ်ဖွင့်တော့မယ့်ပုံပဲ။ ဒီမှာကြည့် ဖိတ်စာ”
ယွမ်ကျိုး၏ခံစားချက််မဲ့သောအမူအရာကိုကြည့်ကာ ဝူကျိုး တော်တော်စိတ်ပူလာသည်။ ပြောနေရင်းဖြင့် အလွန်လက်ရာမြောက်စွာလုပ်ထားသော ဖိတ်စာကဒ်ကို ယွမ်ကျိုးထံသို့ ကမ်းပေးလိုက်သည်။ ဖိတ်စာကဒ်ပုံစံမှာ အတော်ပင် ခမ်းနားလှသည်။ ဖိတ်စာအိတ်ထဲတွင် ထည့်ထားပြီး စာရွက်သားမှာ ကောင်းမွန်ချောမွေ့လှသော ပိုးသားအထည်ကဲ့သို့ပင် ခံစားရစေသည်။
“မင်းတို့ကုမ္ပဏီက နှစ်ပတ်လည်အစည်းအဝေးကို အစောကြီးလုပ်တာလား” ယွမ်ကျိုးက ဖိတ်ကြားစာကို လှမ်းယူလိုက်ပြီး မရေမရာမေးလိုက်သည်။
“မဟုတ်ပါဘူးဆို။ ဘေးက အသစ်ဖွင့်မယ့်စားသောက်ဆိုင်အသစ်လို့။ ဒီမှာကြည့်”
ဝူကျိုးက မျက်ဖြူလန်ပြလိုက်ပြီး ဖိတ်စာကိုပြကာ အလေးအနက်ဆိုလေသည်။
“ဪ ငါသိပြီ။ ကျေးဇူးပဲ”
ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုပြီးနောက် ယွမ်ကျိုးမှာမူ ဆိုင်အတွင်းမှ ထွက်မည့်ပုံ လုံးဝမပေါ်ချေ။
“အဲ့ဒါဆို မင်း ဘာလို့ အဲ့လောက်ထိ အေးအေးဆေးဆေးနေနေတာလဲ။ ဒီအကောင်းစား စားသောက်ဆိုင်ကြီးက မင်းဆိုင်ဘေးကပ်ရက်မှာနော်”
ဝူကျိုးမှာ အပြင်ဘက်ကို လက်ညှိုးငေါက်ငေါက်ထိုးပြလိုက်ရင်း စိတ်တိုစွာ ပြောလာသည်။
ထို့နောက် ခဏရပ်လိုက်ပြီးမှ
“ဒါပေမယ့် ငါက မင်းလက်ရာပဲကြိုက်တာနော် ဘော့စ်ယွမ်” ဟု ဆက်ပြောလိုက်သည်။
“ကျေးဇူးပဲ”
ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။ ဝူကျိုးမှာ သူ၏မျက်နှာအပြောင်းအလဲကို လွတ်မသွားစေရန် စိုက်ကြည့်နေစဉ် ယွမ်ကျိုးက ဖိတ်စာကို ဖွင့်ဖတ်ရန် ပြင်လိုက်သည်။
ဖိတ်စာကို အတော်ပင် စနစ်တကျပြုလုပ်ထားသည်။ ဝူကျိုးအား လေးစားသည့်အခေါ်အဝေါ်ကို သုံးကာ စတင်ရေးသားထားပြီး နောက်ပိုင်းတွင်တော့ အကြောင်းအရင်းကိုပြောပြထားသည်။
အကြောင်းအရင်းမှာ ရှည်လျားလှရာ ယွမ်ကျိုးက အတိုချုံးဖတ်လိုက်သည်။
[ကျွန်ုပ်တို့၏စားသောက်ဆိုင်ကို အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဟင်းလျာများကို လာရောက်သုံးဆောင်မြည်းစမ်းလှည့်ပါရန် ဖိတ်ကြားလိုပါသည်။]
ကျန်အရာများမှာ ယဉ်ကျေးမှုအရ နှုတ်ဆက်စကားဆိုထားခြင်းများသာဖြစ်သည်။ ဖိတ်စာတစ်စောင်လုံးသည် လှပသောနှင်းဆီအနီရောင်အသွင်ရှိပြီး အနက်ရောင်စာလုံးများ ရိုက်နှိပ်ထားကာ အထိအတွေ့မှာ ပြိုင်ဘက်ကင်းနေသည်။
“တော်တော်ကောင်းတဲ့ဖိတ်စာပဲ။ လုပ်ထားတာ အရမ်းစနစ်ကျတယ်”
ယွမ်ကျိုးက မှတ်ချက်ပြုလိုက်သည်။
“အဲ့ဒါက ခြိမ်းခြောက်စာမဟုတ်ဘူးလား ဘော့စ်ယွမ်။ သူတို့ဟင်းတွေက အရသာရှိမယ်ထင်လား”
ဝူကျိုးက သိချင်စွာဖြင့် မေးလိုက်သည်။
“စားဖိုမှူးခေါင်းဆောင်က ဝါရင့်အချက်အပြုတ်အနုပညာရှင်လို့ ပြောကြတာပဲ။ ဟင်းတွေက မဆိုးလာက်ပါဘူး”
ယွမ်ကျိုးက လိုရင်းအချက်ကိုသာ ပြောကာ မှတ်ချက်ပြုလိုက်သည်။
“အချက်အပြုတ်အနုပညာရှင်”
ဝူကျိုးမှာ စားဖိုမှူးတစ်ယောက်မဟုတ်ရာ ထိုအဓိပ္ပာယ်ကို မသိပေ။
“စားဖိုမှူးရဲ့အခေါ်အဝေါ် နောက်တစ်မျိုးပဲ” ယွမ်ကျိုးက တိုတိုတုတ်တုတ် ရှင်းပြလိုက်သည်။
“မင်းရဲ့ဟင်းတွေနဲ့ ယှဉ်မယ်ဆိုရင် အရသာက ဘယ်လိုရှိမလဲ ဘော့စ်ယွမ်”
ဝူကျိုးက ညစ်ကျယ်ကျယ်ရယ်ရင်း မေးလိုက်သည်။
“သူတို့ဟာနဲ့ ငါ့ဟာက ဘယ်ယှဉ်လို့ရမလဲ။ ငါက အများကြီး ပိုကြိုးစားထားတာကို”
ယွမ်ကျိုးက အလေးအနက်ဖြေလိုက်သည်။
“အာ...ဘော့စ်ယွမ်ရာ။ မင်း နည်းနည်းလောက် နှိမ့်နှိမ့်ချချလေး နေလို့မရဘူးလား” ဝူကျိုးမှာ ပြောစရာစကားမရှိတော့ချေ။
“ငါက မှန်တာပြောတာလေ။ အမှန်ပြောတာကို မောက်မာတယ်လို့ ဘယ်သူက ပြောလဲ" ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ နားမလည်ဟန်ဖြစ်နေသည်။ သူ့မှာ အခြားမည်သည့်အဓိပ္ပါယ်မျှ မရှိခဲ့ဘဲ အမှန်တကယ်စိတ်ရှုပ်ထွေးသွားခြင်းသာ။
“...”
ဝူကျိုး ဘာမှမပြောနိုင်တော့ပေ။
“မဟုတ်ဘူးလား”
ယွမ်ကျိုးက မေးလိုက်သည်။
“ဟုတ်ပါတယ်။ မှန်ပါတယ်။ ဘော့စ်ယွမ်သာ အကောင်းဆုံးပါ”
ဝူကျိုးမှာ ကလေးတစ်ယောက်ကို ချော့မြှူ သကဲ့သို့ ပြောလိုက်သည်။ သေချာတာကတော့ သူ့စိတ်အတွင်း၌လည်း ဤအတိုင်းခံစားနေရခြင်းပင်။ နောက်ဆုံးမှာတော့ ယွမ်ကျိုးရဲ့စားသောက်ဆိုင်မှ ဟင်းလျာများကို စားဖူးပြီးဖြစ်ရာ အခြားစားသောက်ဆိုင်များမှ ဟင်းကောင်းများကို နှစ်သက်နိုင်တော့မည်မဟုတ်ပေ။ ဒါပေမယ့်လည်း တစ်ခေါက်တော့သွားကာ မြည်းစမ်းကြည့်ရပေမည်။
မည်သို့ပင်ဖြစ်စေ ဘယ်စားသောက်ဆိုင်မှ ပုံမှန်လာမည့်ဖောက်သည်များကို ငြင်းဆန်ကာ တစ်ပွဲထိုးစီးပွားရေးလုပ်ငန်းမျိုး လုပ်မည်မဟုတ်ပေ။ ထိုသို့မဟုတ်ပါက စားသောက်ကုန်လုပ်ငန်းကို နောက်ပိုင်းတွင် မည်သို့ ဆက်လက်ဆောင်ရွက်နိုင်မည်နည်း။
“ပြောလက်စနဲ့ ခင်ဗျား အဲ့ဒါကို စိတ်မပူဘူးလား ဘော့စ်ယွမ်”
ဝူကျိုးမှာ ထိုဆိုင်အပေါ် ယွမ်ကျိုး၏သဘောထားကို သိချင်ရုံသက်သက်သာဖြစ်သည်။
“စိတ်ပူစရာလား။ ဒီနားမှာ စားသောက်ဆိုင်ဖွင့်လိုက်တော့ ငါ့ဆိုင်မှာ အလှည့်မရောက်တဲ့လူတွေ နီးနီးနားနား စားလို့ရတဲ့ဆိုင် ရသွားတာပေါ့။ ငါတော့ စားသုံးသူတွေအတွက် တော်တော်ကောင်းတယ်လို့ ထင်တယ်”
ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။
“ဘော့စ်ယွမ် သရုပ်ဆောင်တာ အမိုက်စားပဲ လန့်တောင်လန့်တယ်”
ဝူကျိုးက ခဏအသံတိတ်သွားပြီးနောက် ပြောလာသည်။
“အင်း...ခဏနေဆိုင်ဖွင့်တော့မယ်။ သွားတန်းစီတော့လေ”
ယွမ်ကျိုးက ပြောလိုက်သည်။
“ကောင်းပါပြီဗျာ...ကောင်းပါပြီ”
ဝူကျိုးက ထောက်ခံသလို ပြောလေသည်။
တံခါးအနီးသို့ရောက်သောအခါမှ
“ဘော့စ်ယွမ်က တဖြည်းဖြည်း ပိုပိုပြီး ဆရာလုပ်လာတယ်နော်”
မီးဖိုချောင်တွင် အလုပ်လုပ်နေသော ယွမ်ကျိုး၏ကျောပြင်ကို လှမ်းကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။
“ဟမ်...လာပြန်ပြီ။ မင်းတို့နှစ်ယောက်” တံခါးဝသို့ ရောက်သောအခါ ဒီရက်ပိုင်းအတွင်းမြင်တွေ့နေကြဖြစ်သော ဆိုင်သို့လာသောလူနှစ်ဦးကို တွေ့လိုက်ရသည်။
လီချန်းနှင့် ကျန်းဖန်ပင်။ ဤလူနှစ်ဦး၏ပေါင်းစပ်မှုမှာ လူအများစိတ်ဝင်စားစရာဖြစ်နေသည်။ ယခုတွင်လည်း တံခါးဝ၌ ရပ်နေကြရာ ဝူကျိုးမှာ အလိုအလျောက်သိချင်စိတ်ဖြစ်လာသည်။
“အင်း...ဟယ်လို”
လီချန်း နှုတ်ဆက်လိုက်သည်။ သူ့ဘေးတွင် ရပ်နေသောကျန်းဖန်ကမူ ပြုံးကာ ဘာမှဝင်မပြောပေ။
“အတော်ထူးဆန်းတဲ့တွေ့ဆုံမှုပဲ”
ဝူကျိုးက ခပ်တိုးတိုးရေရွတ်သည်။ လီချန်းမှာ ထိပ်ဆုံးတွင် တန်းစီနေသည်ဖြစ်ရာ သူရေရွတ်သံကို ကြားလိုက်ရပေမယ့် ဘာမှလှည့်မပြောလိုက်ပေ။ အခြားသူများ၏အထင်အမြင်ကို သူ လုံးဝဂရုမစိုက်ချေ။ ကိုယ်လုပ်ချင်တာကို ဖြစ်အောင်လုပ်နိုင်လျှင် ကောင်းသည်ပင်။
“စိတ်ဝင်စားစရာပဲ”
ဝူဟိုင်မှာ အနောက်ဘက်တွင် ဝင်ပြီး တန်းစီနေရင်း သူတို့ကိုကြည့်ကာ ပြောလိုက်သည်။ ဒီရက်ပိုင်းအတွင်း ထိုလူနှစ်ဦး၏တွေ့ဆုံမှုအကြောင်းကို မကြာခဏကြားခဲ့ရသော်လည်း စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားနေရဆဲပင်။ ထို့အပြင် လီချန်းမှာ ကျန်းဖန်ကို အကြိမ်တိုင်း ထူးခြားသောမေးခွန်းများ မေးလေ့ရှိသည်။
ခဏကြာပြီးနောက် နေ့လယ်စာစားချိန်ရောက်ပြီဖြစ်ရာ လီချန်းမှာ ထုံးစံအတိုင်း သုန်ပိုဝက်လက်ဟင်းနှင့် အမဲသားကို မှာလေတော့သည်။ ထိုဟင်းနှစ်ပွဲမှာ ကျန်းဖန် အကြိုက်ဆုံးဟင်းလျာများ ဖြစ်ပေသည်။ မကြာခဏ ထမင်းအတူစားပြီးနောက်မှသာ လီချန်း ထိုအရာကို သတိပြုမိလာခြင်းဖြစ်သည်။
ယခင်အကြိမ်များကဲ့သို့ပင် လီချန်းမှာ သူ့ကို ထမင်းစားရင်းမှ ထူးဆန်းသောမေးခွန်းအချို့ မေးလေသည်။ အခြေခံအားဖြင့် ကျန်းဖန်မှာ သူဖြေနိုင်သမျှတော့ ဖြေသည်ပင်။ ထမင်းစားပြီးနောက် ထိုလူနှစ်ဦးမှာ ထုံးစံအတိုင်း အသီးသီးထွက်ခွာကြသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ကျန်းဖန်က ရပ်၍
“သူဌေး၊ ခင်ဗျား ကျွန်တော့်ကို ပြောစရာရှိရင် ဒဲ့သာပြောလိုက်ပါဗျာ။ ဒီလိုအမြဲတမ်း ထမင်းဝယ်ကျွေးနေတာ ကျွန်တော်အားနာလို့ပါ” ဟု ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်လေတော့သည်။
“ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ဒီအတိုင်း ခင်ဗျားနဲ့အတူ စားချင်ရုံပါ”
လီချန်းက လေးနက်စွာ ပြန်ပြောသည်။
“ခင်ဗျားက ကျွန်တော့်သူဌေးလေ။ ဒီလိုခဏတိုင်း ထမင်းဝယ်ကျွေးနေတာကို ကျွန်တော်ဝန်လေးလို့ပါ။ ခင်ဗျားမှာ တကယ်ပြောစရာမရှိဘူးဆိုရင် ကျွန်တော့်ကို နောက်တစ်ခါ ထမင်းလိုက်မကျွေးပါနဲ့တော့”
ကျန်းဖန်၏ခေါင်းမှာ ဆံပင်ဖြူများဖြင့် ပြည့်နေပြီး၊ နှစ်လရှည်ကြာစွာ အလုပ်ကြမ်းလုပ်ခဲ့ရသဖြင့် ခါးမှာလည်း အနည်းငယ်ကုန်းနေသည်။ သို့သော် စကားပြောလျှင်မူ နည်းလမ်းကျကျဖြင့် ခိုင်ခိုင်မာမာရှိဆဲပင်။
“ခဏတိုင်း ထမင်းအတူစားပြီးတာတောင် ခင်ဗျား ကျွန်တော့်ကို မမှတ်မိသေးဘူးပဲ။ ကျွန်တော့်ကို တကယ်မေ့သွားပြီထင်ပါတယ်”
လီချန်းက သက်ပြင်းအရင်ချပြီး ရုတ်တရက် ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို မသိတာသေချာပါတယ်”
ကျန်းဖန်က ခေါင်းညိတ်ကာ အခိုင်အမာပြောသည်။ သူ့မှာ အလွန်ရိုးရှင်းသောဘဝနေထိုင်မှုရှိခဲ့ရာ ဒီလိုသူဌေးကြီးကို သိဖို့ဘယ်လိုအခွင့်အရေးရှိပါ့မလဲ။
“လွန်ခဲ့တဲ့နှစ်(၂၀)တုန်းက ခင်ဗျား စစ်မှုထမ်းခဲ့သေးတယ် မဟုတ်လား”
လီချန်းက ထိုသို့ပြောလိုက်ချိန်တွင် အနည်းငယ်စိတ်လှုပ်ရှားလာသည်။
“ဟုတ်ကဲ့။ ကျွန်တော် စစ်မှုထမ်းခဲ့တာ လူတိုင်းသိပါတယ်”
ကျန်းဖန်မှာ အလွန်သတိကြီးသောသူဖြစ် သည်။ ဤသို့သူဌေးတစ်ဦးက ဘာမှမဟုတ်တဲ့လူတစ်ဦးကို အကြောင်းမဲ့ စိတ်ရင်းဖြင့်ဆက်ဆံမည်ဟု သူ မယုံကြည်ပေ။
“၁၉၉၃ ခုနှစ် သြဂုတ်လတုန်းက ခင်ဗျားရထားစီးပြီး အားလပ်ရက်အိမ်ပြန်ခဲ့တယ်လေ”
လီချန်းပြောသည်မှာ မေးခွန်းတစ်ခုမဟုတ်ဘဲ အခိုင်အမာပြောလာသည့်စကားတစ်ခွန်းပင်ဖြစ်သည်။
“အင်း...”
ကျန်းဖန်မှာ ပြောစရာစကား မရှိတော့ချေ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ထိုအဖြစ်အပျက်ကို သူ လုံးဝမမှတ်မိတော့။ မဖြစ်မနေစစ်မှုထမ်းရသည့် ဥပဒေအရ သုံးနှစ်ကြာစစ်မှုထမ်းပြီးနောက် အိမ်ပြန်ခဲ့သည့် သာမန်အမှုထမ်းတစ်ဦးသာဖြစ်ခဲ့သည်။ အားလပ်ရက်အိမ်ပြန်ခဲ့ခြင်းမှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အချိန်အားဖြင့်အလွန်ကြာခဲ့ပြီဖြစ်ရာ ဘာမှမမှတ်မိတော့ချေ။
“အဲ့နှစ်တုန်းက အရမ်းကို ပူနေခဲ့တာလေ။ အမေက ကျွန်တော့်ကို ကျန်းစူးပြည်နယ်မှာရှိတဲ့အဖေ့ဆီ ခေါ်သွားတာ။ လူပေါင်းစုံပြည့်နှက်နေတဲ့ရထားတွဲထဲမှာ အမျိုးသမီးတစ်ဦးတည်း ကလေးတစ်ယောက်နဲ့ အတော်ကို အဆင်မပြေဖြစ်နေတာပေါ့”
လီချန်းမှာ ထိုသို့ပြောလိုက်ရင်း သူ့လေသံမှာအနည်းငယ် စိတ်လှုပ်ရှားနေသလိုရှိသည်။
“အာ...”
ကျန်းဖန်မှာ အနည်းငယ် ရှက်ရွံ့သလိုဖြစ်လာသည်။ မိမိနှင့် သိပ်မရင်းနှီးသူက ကိုယ်ရေးကိုယ်တာကိစ္စအချို့ကို ရှေ့တည့်တည့်၌ ထုတ်ဖော်ပြောလာသည်မှာ တကယ်ပင်ရှက်စရာကောင်းလေသည်။
ဒီသူဌေးက ကြီးမားလှသောစီးပွားရေးလုပ်ငန်းကြီးကို မည်သို့ထူထောင်လာမှန်း သူတကယ်စိတ်မဝင်စားသည်ဖြစ်ရာ ဆိုဖွယ်ရာပင်မရှိတော့။ ယခုနှစ်တွင် သူအသက်(၄၀)ပြည့်တော့မည်ဖြစ်ပြီး ယုံတမ်း စကားများကို လက်ခံတတ်သည့်အရွယ်ကျော်လွန်သွားပြီဖြစ်သည်။ လီချန်းမှာ သူ့ကို ဂရုမပြုဘဲ လေလိုသဘောထားကာ ဆက်ပြောနေသည်။
“ရထားအစိမ်းရောင်ကြီးက အရမ်းလည်းနှေးတယ်။ တအားလည်းပူတယ်။ ပြတင်းပေါက်ကတော့ လေနည်းနည်းဝင်ပါရဲ့။ အမေက ကျွန်တော့်ကို ထိုင်ခုံနေရာမရမချင်း ရင်ခွင်ထဲမှာ ချီထားရတယ်”
“နောက်မှ အမေပြောပြတာတော့ ခရီးဆောင်အိတ်တောင် သူများတွေ ယူသွားတယ်တဲ့။ (၃၀)နာရီကျော်ကြာ စီးရတဲ့ခရီးကိုး။ ပထမပိုင်းတုန်းက အိမ်သာတောင် မသွားရဲဘူးတဲ့” လီချန်းမှာ အဖြစ်အပျက်ကို ပြန်ပြောင်းအောက်မေ့ရင်း ဝမ်းနည်းလာသလိုပင်။
“စိတ်မရှိပါနဲ့ဗျာ။ ခင်ဗျား ဘာပြောချင်တာလဲ”
သူစကားခဏပြတ်သွားတုန်း ကျန်းဖန်က ဝင်မေးလိုက်သည်။ လီချန်းမှာ ရှေ့ရက်များကအတိုင်း လုပ်နေပြန်သည်။ ထမင်းကျွေးလိုက် မေးလိုက်၊ ထမင်းကျွေးလိုက် မေးလိုက်နှင့် ကျန်းဖန်မှာ စိတ်မရှည်သလို စိတ်အနှောက်အယှက်ဖြစ်လာသည်။
လီချန်းမှာ ခက်ခက်ခဲခဲဖြင့် ထိုအကြောင်းကိုပြောရသည်ဖြစ်ပြီး အခြားတစ်ခုကိုဆက်ပြောမည့်အချိန်တွင် ကျန်းဖန်က ထိုသို့ထုတ်မေးလာခြင်းဖြစ်သည်။
လီချန်း "..."
ယွမ်ကျိုး အပိုင်း(၃၁၇)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၁၈)
ရေခဲချောင်းလေးရဲ့ဝမ်းမြောက်ကြည်နူးစေမှု
ယခုကိစ္စမှာ သူနှင့် လုံးဝမဆိုင်သလို ကျန်းဖန်ခံစားလိုက်ရသည်။ သူဌေးသာမဟုတ်ပါက သူ ထွက်သွားမိလိမ့်မည်ဖြစ်သည်။ အလကားရသောထမင်းတစ်နပ်မှာ အလွယ်တကူမဖြစ်နိုင်ရာ အလွန်ဈေးကြီးသောအစားသောက်များဖြစ်ပါမူ ဆိုဖွယ်ရာမရှိတော့။ သူ့မှာ သူဌေးအား ပြန်လည် တည်ခင်းဧည့်ခံနိုင်စွမ်းမရှိပါပေ။
ထိုစဉ် လီချန်းက
“ဒါကဒီလိုရှိပါတယ်။ အဲ့အချိန်တုန်းက ကျွန်တော့်အမေက အိမ်သာလည်းမသွားရဲသလို၊ ရေလည်းမတောင်းရဲဖြစ်နေတာ”
“အင်း”
အပြန်အလှန်လေးစားမှုပြသသည့်အနေဖြင့် ကျန်းဖန်က ခေါင်းညိတ်ရင်း သံယောင်လိုက်ပေးလိုက်သည်။
“အဲ့အချိန်တုန်းက ကျွန်တော်လည်း အရမ်းငယ်သေးတော့ နည်းနည်းပဲ မှတ်မိတယ်ဆိုပေမယ့် မုန့်စားချင်လို့၊ ရေသောက်ချင်လို့ဆိုပြီး ကျွန်တော်မငိုခဲ့တာတော့ သိတယ်”
လီချန်းက ထိုသို့ပြောပြီး ကျန်းဖန်ကိုကြည့်လိုက်သည်။
“ခင်ဗျားက ငယ်ငယ်လေးနဲ့တောင် တော်တော်လိမ္မာခဲ့တာပဲ”
ကျန်းဖန်က သူ့အား ရှားရှားပါးပါးချီးကျူးသည်။
“ကျေးဇူးပါ။ ကလေးတွေအားလုံးက တကယ်လိမ္မာပြီး စိတ်ခံစားလွယ်ကြပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့မိသားစုက ကလေးတွေပေါ့”
လီချန်းက ပြုံးရင်း ပြောလိုက်သည်။
“ခင်ဗျားက တခြားကလေးတွေနဲ့မတူမှန်းသိသာပါတယ်”
ကျန်းဖန်က ဆက်ပြောသည်။ ဒီတစ်ကြိမ်တွင်တော့ လီချန်းက ခေါင်းညိတ်ရုံသာညိတ်ပြလိုက်ပြီး ဆက်ပြောသည်။
“အဲ့ဒီအချိန်တုန်းက ခင်ဗျားက စစ်ဝတ်စုံဝတ်ထားပြီး ကျွန်တော့်အနောက်ဘက်က တံခါးမှာ ရပ်နေတာလေ”
“ကျွန်တော်ကလား”
ထိုသို့ကြားလိုက်သောအခါ ကျန်းဖန်မှာ အံ့သြစွာဖြင့် သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်သည်။
“ဟုတ်တယ် ခင်ဗျား။ ခင်ဗျားက အလင်းဘက်ကို ကျောခိုင်းပြီးရပ်နေတော့ ကျွန်တော် ခင်ဗျားရဲ့ပုံစံကို သေချာမမြင်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ခင်ဗျားကို သေသေချာချာကြည့်နေခဲ့တာ”
လီချန်းရဲ့မျက်လုံးလေးများပါ ပြုံးရိပ်သန်းလာပြီး ပြောလိုက်သည်။
“အဲ့ဒီနောက်ရော”
ကျန်းဖန်မှာ မျက်မှောင်ကြုတ်ပြီး ပြန်မှတ်မိရန် ခက်ခက်ခဲခဲကြိုးစားနေသည်။
“အဲ့ဒီနောက်တော့ ခင်ဗျားရေခဲချောင်းစားနေမှန်း ကျွန်တော်တွေ့သွားတယ်”
ထိုအဖြစ်အပျက်ကို ကျန်းဖန် ပြန်မှတ်မိလာစေရန် လီချန်းက တစ်ဆင့်ချင်းပြောပြနေသည်။ ကျန်းဖန်မှတ်မိပုံမပေါ်သေးသောအခါ သူက ဆက်ပြောပြန်သည်။
“အရမ်းလည်းပူနေတော့ ကျွန်တော်ရေလည်းဆာနေတာ။ ကျွန်တော့်အသက်ကလည်းငယ်သေးတော့ ခင်ဗျားဆီက ရေခဲချောင်းတောင်းစားလိုက်မိတယ်”
“ကျွန်တော့်ဆီကလေ။ ကျွန်တော်က ခင်ဗျားကို ပေးလိုက်လား”
ကျန်းဖန်က ထုံးစံအတိုင်း ကောက်ချက်ချကာ ပြောလိုက်သည်။
ထို့နောက် အဆိုပါကိစ္စကို မှတ်မိရန် ကြိုးစားပါသော်လည်း အချိန်မှာ အတော်ကြာခဲ့ပြီဖြစ်ရာ ထိုအချိန်က သူအသက်(၂၀)ဝန်းကျင်အရွယ်သာရှိဦးမည်ဖြစ်ပြီး အိမ်သို့ ရထားဖြင့် မကြာခဏပြန်တတ်သော်လည်း ရေခဲချောင်းကိစ္စကိုမူ အမှန်တကယ်မေ့နေပြီဖြစ်သည်။
“မဟုတ်ဘူး။ ခင်ဗျားစားလက်စဟာကို ကျွန်တော့်ကို ပေးလိုက်တာ”
လီချန်းက ခေါင်းခါကာ ပြောလိုက်သည်။
“ဟမ်”
ကျန်းဖန် အနည်းငယ် အံ့သြသွားသည်။ သာမန်အားဖြင့် အခြားလူကို အသစ်တစ်ခုဝယ်ပေးခဲ့သင့်ပေသည်။ ဘယ်လိုဖြစ်လို့ သူစားလက်စဟာကို သူများကိုပေးလိုက်တာပါလိမ့်။
“ကျွန်တော်လည်း မသိဘူးဗျ။ ဒါပေမယ့်ခင်ဗျားမျက်နှာနီနေတာတော့ မှတ်မိတယ်။ ကျွန်တော် ခင်ဗျားကို စိုက်ကြည့်နေမိလို့ဖြစ်မယ်”
လီချန်း မှတ်မိသလောက် ဖြည်းဖြည်းချင်းပြန်ပြောလိုက်သည်။
“အပြင်ဘက်က နို့အရသာနဲ့ရေခဲချောင်းက အရမ်းအရသာရှိတယ်။ ချိုအေးနေတာပဲ။ စားပြီးတော့ ကျွန်တော် ရုတ်တရက် ရေလည်းမငတ်တော့သလို ဗိုက်လည်းမဆာတော့ဘူး”
လီချန်းမှာ ရေခဲချောင်းရဲ့အရသာကို ပြန်အမှတ်ရလာသကဲ့သို့ ပြောလိုက်သည်။
“အဲ့နှစ်တွေတုန်းက နွေရာသီမှာ အဲ့ရေခဲချောင်းတစ်မျိုးပဲ ရောင်းတာလေ။ ဟုတ်တယ်။ ကျွန်တော် ဝိုးတဝါးမှတ်မိသလိုပဲ”
ကျန်းဖန်က သူ့မှတ်ဉာဏ်အတွင်းမှ ဤဖြစ်ရပ်နှင့်ပတ်သက်သည်ကို ရှာနိုင်ခဲ့သော်လည်း လီချန်းပြောသည့်အကြောင်းအရာနှင့် အတော်ကွဲလွဲနေသေးသည်။
“ဟုတ်တယ်။ အဲ့ဒါ ကျွန်တော်ပထမဆုံးရေခဲချောင်းစားဖူးတာပဲ။ အရမ်းအရသာရှိတယ်"
လီချန်းက ခိုင်မာစွာ ပြောလိုက်သည်။
“ခင်ဗျား အဲ့ဒါကြောင့် ကျွန်တော့်ကို ထမင်းဖိတ်ကျွေးနေတာလား”
ကျန်းဖန်က အတော်လေးအံ့သြသည့်ပုံစံ ဖြစ်သွားလေသည်။
“အဲ့အချိန်တုန်းက ကျွန်တော်သိပ်ငယ်သေးတော့ ရေခဲချောင်းစားပြီးဖို့ အချိန်တော်တော်ကြာသွားတယ်”
လီချန်းက ချက်ချင်းဝန်မခံသေးပေမယ့် သူပြောနေသည့်ပုံက ထိုကဲ့သို့ဖြစ်နေပုံပင်။
ကျန်းဖန်မှာ အကြောင်းရင်းကို သိပြီးနောက် ခဏလောက်တိတ်ဆိတ်သွားပြီး “ကျေးဇူးတင်ပါတယ်ဗျာ”
“ခင်ဗျား မှတ်မိပြီမဟုတ်လား။ အဲ့ဒါဆို ကျွန်တော် ခင်ဗျားကို ဘာမှမဟုတ်ပါဘူးလို့ပြောနေတာကို အခုယုံပြီလား”
လီချန်းက နူးညံ့စွာ ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို နားလည်မှုလွဲသွားတယ်ဗျာ”
ကျန်းဖန် ဆံပင်များဖွေးဖွေးဖြူနေသော ခေါင်းကို ငုံ့ကာပြောလိုက်သည်။ သူ့မှာ တကယ်တမ်း အသက်မငယ်တော့ပေ။
“အဲ့ဒါဆို မစ္စတာကျန်း သဘက်ခါလောက် ကျွန်တော်နဲ့ ညနေစာအတူစားဦးမယ်မဟုတ်လား”
လီချန်းက စိတ်အားထက်သန်စွာဖြင့် ပြောပြန်လိုက်သည်။
“ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေမယ့် မလိုတော့ပါဘူး သူဌေး။ ကျွန်တော် အဲ့ကိစ္စကိုမှတ်မိလာပါပြီ။ ခင်ဗျား ကျွန်တော့်ကို ဒီနေ့လိုက်ကျွေးတဲ့ထမင်းတစ်နပ်က ခင်ဗျားကိုကျွန်တော်ပေးခဲ့တဲ့ ရေခဲချောင်းနဲ့ကျေသွားပါပြီ”
ကျန်းဖန်က ရှားရှားပါးပါး စကားအများကြီးဆက်တိုက်ပြောလိုက်သည်။
“မတူဘူးလေဗျာ”
ကျန်းဖန်က လီချန်းစကားဆုံးသည်အထိ မစောင့်ဘဲ ဖြတ်ပြောလိုက်သည်။ ဒီသူ ထိုကဲ့သို့ ပြုမူသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ကျွန်တော့်အတွက်တော့ ဒါကတော်တော်လုံလောက်နေပါပြီ သူဌေးရာ”
ကျန်းဖန်က လီချန်းကို စိုက်ကြည့်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ဟုတ်ပြီလေ။ ကျွန်တော် ဘယ်တုန်းကမှ ခင်ဗျားကို ကျေးဇူးတင်စကားပြောဖို့အခွင့်အရေးမရခဲ့ဘူး။ ရေခဲချောင်းကျွေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ”
လီချန်းက လှိုက်လှဲစွာ ပြောလိုက်သည်။
“အဲ့လိုမပြောပါနဲ့ဗျာ။ ကျွန်တော် အခုပြန်လိုက်ပါဦးမယ်”
လီချန်းသဘောတူသည်ကိုကြည့်ရင်း ကျန်းဖန်က စိတ်သက်သာရာရသွားပြီး အလျင်စလို နှုတ်ဆက်လိုက်တော့သည်။
“ကောင်းပါပြီခင်ဗျာ။ နှုတ်ဆက်ပါတယ်”
ဒီတစ်ကြိမ်တော့ လီချန်းက အလိုက်သင့်နှုတ်ဆက်စကားဆိုလေသည်။ ထိုလူနှစ်ဦးမှာ အပြန်အလှန်စကားပြောဆိုရာ၌ တမင်တကာလေသံနှိမ့်ထားခြင်းမရှိရလေရာ ဆိုင်အတွင်းရှိ စားသုံးသူများနှင့် တန်းစီစောင့်ဆိုင်းနေသော လူအားလုံးကြားလိုက်ရလေသည်။
တဒင်္ဂတိတ်ဆိတ်သွားပြီနောက် ဖောက်သည်တစ်ဦးမှာ ရုတ်တရက် နာလိုဖွယ်သိပ်မကောင်းသောစကားများကို ပြောတော့သည်။
“ဒီကျန်းဖန်လို့ခေါ်တဲ့လူက ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲနေနေရတာ သိပ်မထူးဆန်းတော့ပါဘူး။ အုတ်သယ်တဲ့ဆောက်လုပ်ရေးအလုပ်သမားပဲ။ သူက ဒါနဲ့ပဲ တန်တယ်”
“ခင်ဗျား ဘာလို့ အဲ့လောက်စိတ်သဘောထားသေးရတာလဲ”
အခြားဖောက်သည်တစ်ဦးက မျက်မှောင်ကြုတ်ရင်း မကျေမနပ်ပြောသည်။
“ဟေ့ ငါပြောတာ မမှန်လို့လား။ ဒီလောက်ရှားပါးတဲ့အခွင့်အရေးကို အမိဖမ်းသင့်တာလေ။ သူဌေးက သူ့အပေါ်အကြွေးတင်နေပါတယ်လို့ ဝန်ခံနေပြီပဲဥစ္စာ။ အခွင့်ရေးကောင်းကိုရထားတာ။ အဲ့ဒါကိုမယူမှတော့ ဒီလို ခက်ခဲတဲ့ဘဝနဲ့ပဲတန်တယ်မဟုတ်လား” ထိုသူက နှာခေါင်းရှုံ့လိုက်ရင်း ဆက်ပြောသည်။
ထိုစကားကိုကြားတော့ စားသုံးသူအများစုက အမှန်တကယ်ယုတ္တိရှိသည်ဟုခံစားလိုက်ရပြီး စိတ်အတွင်းမှ ထိုသူအားအနည်းငယ်ထောက်ခံနေကြသည်။
“လူအမျိုးမျိုး စိတ်အထွေထွေပဲလေ ကျန်းဖန်ဆိုတဲ့လူက လီချန်းက သူ့အပေါ်အကြွေးတင်တယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့လို့ပေါ့”
မန်နေဂျာရှီက ရုတ်တရက်ပြောလိုက်သည်။
“လီချန်းဟုတ်လား။ နေပါဦး။ ခင်ဗျားပြောတာ အဲ့ဒီဒဏ္ဍာရီလာမြို့တစ်ဝက်ပိုင်တဲ့လီကိုပြောတာလား”
စားသုံးသူများမှာ တအံ့တသြဖြင့် ပြောလာသည်။
“သူပဲပေါ့”
မန်နေဂျာရှီမှာ ခေါင်းတဆတ်ဆတ်ညိတ်ကာ အတည်ပြုပေးလိုက်သည်။ ထို့နောက်တွင် ယွမ်ကျိုး၏စားသောက်ဆိုင်အတွင်းရှိ ဆွေးနွေးပွဲမှာ အခွင့်အရေးအမိဖမ်းသည့်အကြောင်းအရာမှ ခေါင်းစဉ်ပြောင်းသွားလေတော့သည်။
သူတို့အားလုံးမှာ လီချန်းအောင်မြင်လာသောအကြောင်းကို စပြောကြသည်။ သူ့ကျော်ကြားမှုမှာ ယခုအဖြစ်အပျက်မှတစ်ဆင့် လူသိများလာတော့သည်။
လူအများမှာ လက်ဗလာဖြင့် စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ထောင်ခဲ့သည့်လူများအကြောင်းကို အလွန်သိချင်ကြသည်ပင်။ ယွမ်ကျိုး၏မျက်နှာ၌ အပြုံးတစ်ခုပေါ်လာခဲ့ပေမယ့် အစမှ အဆုံးထိ ဘာတစ်ခုမှ ဝင်မပြောခဲ့ပေ။ မန်နေဂျာရှီပြောခဲ့သည့်စကားအတိုင်းပင်ဖြစ်ပေလိမ့်မည်။
ထိုနွေရာသီက အဖြစ်အပျက်ကြောင့် လီချန်း၏အကြိုက်မှာ တစ်မျိုးပြောင်းသွားခဲ့ရသည်။ သူမှာ နို့အရသာရှိရေခဲချောင်းများကို စတင်ကြိုက်နှစ်သက်လာခဲ့ပြီး သူ့ကျန်းမာရေးကောင်းသ၍ နေ့တိုင်းနီးပါး တစ်ရက်တစ်ချောင်းစားခဲ့သည်။
စစ်ဝတ်စုံဝတ်ထားသူများကို ထိုအချိန်ကတည်းက စတင်၍ အလိုအလျောက်သဘောကျနှစ်သက်မှုများ ရှိလာခဲ့သည်။ သူစီးပွားရေးအရအောင်မြင်လာခဲ့ပြီးနောက် ထိုသို့အငြိမ်းစားစစ်မှုထမ်းများကို နှစ်စဉ်ငွေအနည်းငယ်ထောက်ပံ့ပေးနေခဲ့သည်။ ထိုအရာများကို အကျိုးမျှော်ကိုးခြင်းမရှိလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်နေရာများနှင့် သူ့ကုမ္ပဏီ၏အခြားသောဌာနခွဲများတွင်လည်း စစ်မှုထမ်းဟောင်းများအား အလုပ်များခေါ်ယူလက်ခံခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုအရာအားလုံးမှာ သူအလွန်အမင်းရေငတ်နေခဲ့သည့် ပြည့်ကျပ်ညပ်နေသော ရထားတစ်စင်းပေါ်မှ ရေခဲချောင်းတစ်ခုကြောင့် ဖြစ်တည်လာရခြင်းဖြစ်သည်။
ထိုကိစ္စမှာ လီချန်း၌ ဖြစ်ပျက်ခဲ့သမျှတွင် အလွန်ကောင်းမွန်သော အတွေ့အကြုံတစ်ခုဖြစ်ပေသည်။ ပြန်လာသည့်လမ်းတွင်ရှိသည့် ကျန်းဖန်မှာမူ ထိုသို့မတွေးခဲ့ပေ။
“ဟင်း”
သူ သက်ပြင်းချလိုက်ရင်း ရှေ့သို့သာဆက်လျှောက်လာခဲ့သည်။
ဒီနေ့ သူဌေးထံမှ လွန်ခဲ့သောအနှစ်နှစ်ဆယ်က သူကျွေးခဲ့ဖူးသော ရေခဲချောင်းတစ်ခုအကြောင်းကြားလိုက် ရချိန်တွင် အနည်းငယ်ရှက်ရွံ့သွားခဲ့ရသည်။
ဟုတ်သည်။ သူရှက်ပေသည်။ ထိုအကြောင်းကို သူ့စိတ်ထဲ မှတ်မိလာသည်နှင့်တစ်ပြိုင်နက် ထိုအချိန်က ခံစားချက်ကိုလည်း ပြန်လည်မှတ်မိလာသည်။
“အဲ့ဒါကြောင့်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး” ကျန်းဖန်မှာ ဘာပြောရမှန်းမသိဖြစ်နေသည်။ အဲ့နှစ်က သူအိမ်ပြန်ရာတွင် ရထားလက်မှတ်မဝယ်နိုင်ခဲ့ဘဲ တံခါးနားတွင်သာရပ်ခဲ့ရသည်။ ပူအိုက်လှသည်ဖြစ်ရာ ရေခဲချောင်းတစ်ချောင်းဝယ်စားပြီး ရေငတ်ဖြေရန် ကြံလိုက်သည်။
ကောင်ကလေးတစ်ယောက်က သူ့ကိုငေးနေသည်အား သတိမထားမိခင်အထိ ရေခဲချောင်းကို တော်တော်များများကိုက်စားပြီးဖြစ်သည်။ ထို့နောက် သူတစ်ခြားဖက်သို့လှည့်လိုက်သော်လည်း ကောင်လေးမှာ ခေါင်းလေးငဲ့လျက် ငေးကြည့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးတွင် သူတကယ်ပုန်းရန် နေရာရှာမတွေ့တော့ချေ။ နောက်တစ်ချောင်းဝယ်ရန် မတတ်နိုင်လေရာ သူ့လက်ထဲရှိ ရေခဲချောင်းကိုသာ ပေးလိုက်ရသည်။ ထိုနှစ်တွေတုန်းက လူတွေမှာ ပိုက်ဆံများများစားစားမရှိကြပေ။
သူတော်တော်ရှက်ရွံ့သွားသည်။ မြင့်မားသည့်အပူချိန်ကြောင့် ရေခဲချောင်းအရည်ပျော်က သူ့လက်သို့ စီးကျလာပြီး စေးကပ်ကပ်ခံစားချက်ကို ခံစားရနေတော့သည်။
ရေခဲချောင်းနောက်တစ်ချောင်းမဝယ်ပေးနိုင်သဖြင့် စားပြီးသားကို ပေးလိုက်ရသည့် ရှက်စရာခံစားချက်နှင့် အခြားတွဲသို့ ကူးသွားကာ ရထားပေါ်မှဆင်းရန် စောင့်နေခဲ့သည်။ ထို့ကြောင့် အဆိုပါကိစ္စကို သူမေ့သွားခြင်းမဟုတ်ဘဲ ပြန်အမှတ်မရချင်ခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်နေခဲ့ခြင်းသာ။
“အဲ့လိုဖြစ်လာမယ်မှန်းသာသိရင် အဲ့တုန်းကရေတစ်ဘူးလောက် ဝယ်ပေးခဲ့လိုက်ရမှာ” ကျန်းဖန်က တီးတိုးရေရွတ်လိုက်ရင်း စားသောက်ဆိုင်လေးသို့ လှည့်ကြည့်လိုက်ရာ လီချန်းမှာမူ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ရေဘူးလေးပေးခဲ့လိုက်ရင် ပိုကောင်းမှာကို။
ကိစ္စရပ်တိုင်းတွင် လူတစ်ဦးချင်း၏ မတူညီသောရှုထောင့်များကြောင့် ခံစားချက်များလည်း ကွဲပြားနိုင်ပေသည်။ ကျန်းဖန်နှင့် လီချန်းကဲ့သို့ပင်။
ယွမ်ကျိုး အပိုင်း(၃၁၈)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၁၉) ပြန်လည်တိုက်ခိုက်ခြင်း
အချိန်များ လျင်မြန်စွာကုန်ဆုံးသွားပြီး ဘေးကပ်ရပ်ရှိ “ပြိုင်ဖက်ကင်းလက်ရာ”ဟုခေါ်သော အနောက်တိုင်းစားသောက်ဆိုင်၏ ဖွင့်ပွဲနေ့မှာ တဖြည်းဖြည်းနီးကပ်လာချေပြီ။
ယွမ်ကျိုး၏ ပုံမှန်ဖောက်သည်များမှာ ဖိတ်စာကဒ်များ နေ့တိုင်းနီးပါးလက်ခံရရှိနေကြသဖြင့် ထိုနေ့ကို သူ ရှင်းရှင်းလင်းလင်းမှတ်မိနေရခြင်းဖြစ်သည်။
သူတို့ဖိတ်စာလက်ခံရရှိတိုင်း ယွမ်ကျိုးကို ထိုအကြောင်းပြောကြသောကြောင့်ဖြစ်သည်။
“သူဌေးယွမ်ရေ တစ်ယောက်ယောက်ကတော့ ခင်ဗျားဖောက်သည်တွေကို အမိဖမ်းချင်နေပြီ”
လင်းဟုန်က မပွင့်တပွင့်ဖြင့် ပြောသည်။
“တကယ်လား...ခင်ဗျားကိုလား”
ယွမ်ကျိုးက သူ့ကို တည်ငြိမ်စွာကြည့်လာသည်။
“ဒါပေါ့ ဒီမှာကြည့်”
လင်းဟုန်က ဖိတ်စာကဒ်ကို ထုတ်ကာ ယွမ်ကျိုးရှေ့သို့ ချပြလိုက်သည်။
“ဒီဖိတ်စာကို မြင်ရတာ ခုတစ်ကြိမ်နဲ့ဆိုရင် (၄၁၀)ကြိမ်မြောက်ပဲ။ သူတို့က တကယ်ပဲ လူတော်တော်များများဆီ ပို့ထားတာကိုး” ယွမ်ကျိုးက ခဏလောက် စဉ်းစားလိုက်ကာ အကြိမ်အရေအတွက်ကို ထုတ်ပြောလာသည်။
“ခင်ဗျား မအံ့သြသွားဘူးလား”
လင်းဟုန် ထိုသို့ဖိတ်စာရကြောင်း ထုတ်ပြောရခြင်းမှာ ယွမ်ကျိုး အံ့သြသွားမလား (ဒါမှမဟုတ်) အနည်းငယ်စိတ်ပူပန်သွားမလားဆိုသည်ကို ကြည့်ချင်ရုံသက်သက်ကြောင့်ဖြစ်သည်။
သို့သော် သူစိတ်ပျက်သွားရသည်။
ယွမ်ကျိုးက “အဲ့လောက်အများကြီးတွေ့ရတော့ မထူးဆန်းတော့ဘူးလေ” ဟုသာ အေးအေးဆေးဆေးဖြေလေသည်။
“ကျွန်တော့်ထက် လက်ဦးသွားတဲ့လူတွေရှိနေတာပဲ”
လင်းဟုန်က မကျေမနပ်ဖြင့် ပွစိပွစိပြောသည်။ တစ်ဆက်တည်း ဖိတ်စာကဒ်ကို အဝေးသို့ လွှင့်ပစ်လိုက်လေသည်။
ယွမ်ကျိုးက ဖိတ်စာကဒ်ကိုကြည့်ကာ လင်းဟုန်ကို တစ်ဖန် ပြန်ကြည့်လိုက်ပြီးနောက် “ကျေးဇူးပြုပြီး အမှိုက်မချပါနဲ့ဗျာ"
“မပစ်ပါဘူး သိမ်းထားမှာ”
လင်းဟုန်က ဖိတ်စာကဒ်ကို ကောက်သိမ်းလိုက်သည်။
“အင်းပါ။ ကျေးဇူးပြုပြီး ဆိုင်ဖွင့်ချိန်ကျမှ လာခဲ့ပါ”
ယွမ်ကျိုးက အချိန်ကို တစ်ချက်ကြည့်ကာ သူ့ကို နှင်ထုတ်လိုက်သည်။
အဆိုပါဆိုင်ဖွင့်ပွဲနေ့ နီးလာလေလေ ထိုကဲ့သို့လာရောက်ပြောဆိုမှုများ ပိုများလာလေလေဖြစ်သည်။
ဝူဟိုင်လည်း ဖိတ်စာလက်ခံရရှိကြောင်းမြင်ရသည်တောင် ယွမ်ကျိုးမှာ အရင်အတိုင်းတည်ငြိမ်နေဆဲပင်ဖြစ်သည်။ သူ့မှာ ရယ်တောင်ရယ်ချင်လာရကာ “ဒီဦးနှောက်မရှိတဲ့လူတွေကတော့ ငါ့ကိုကြောက်လန့်အရှက်ရသွားစေချင်နေကြတာ တော်တော်အတာပဲ”
ဖန်တရာတေစကားများ၏နှိပ်စက်မှုကြောင့် ယွမ်ကျိုးမှာ ဝူဟိုင်အား ကြည့်ရုံသာတတ်နိုင်တော့သည်။
“အဲ့ဒီတော့ ဘာဖြစ်လဲ”
ယွမ်ကျိုးက သူ့ပုံစံအတိုင်း ပြန်ပြောသည်။ ဝူဟိုင်မှ မေးတော့မည့်အချိန်တွင် ယွမ်ကျိုးက သူ့ဘာသာထဖြေလေတော့သည်။
“မင်းလက်ထဲက ဖိတ်စာကိုလည်း ငါစိတ်မဝင်စားဘူး။ အဲ့အကြောင်းလည်း ဘာမှပြောစရာမရှိဘူး”
“ငါရောပဲ။ မိန်းမလှလေးတစ်ယောက် အခုလေးတင် ငါ့ကို ပေးသွားတာ။ သူမက ငါ့နာမည်ကိုတောင် သိတယ်။ ကြည့်ရတာ အနုပညာပြပွဲက တော်တော်အောင်မြင်တဲ့ပုံပဲ”
ဝူဟိုင်က ယွမ်ကျိုးအား ထူးဆန်းသလို တစ်ချက်ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
“အနုပညာပြပွဲနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”
ယွမ်ကျိုးက တဒင်္ဂငြိမ်သက်သွားပြီးမှ မေးလိုက်သည်။ ဒီစိတ်အနှောင့်အယှက်ဖြစ်စရာဝူဟိုင်က ယွမ်ကျိုး မမျှော်လင့်ထားသည့်အဖြေကို ပေးလာခဲ့သည်လေ။
“ဖိတ်စာပေးတဲ့ကောင်မလေးက ငါ့ပန်းချီလက်ရာတွေကြောင့် ငါ့ကိုသိတာပေါ့”
ဝူဟိုင်က ခိုင်မာစွာ ပြောလိုက်သည်။
“ငါ့ဆိုင်ကြောင့် ဖိတ်တာ”
ယွမ်ကျိုးက ဝူဟိုင်၏သုံးသပ်ချက်အား ပေါ့ပေါ့ပါးပါးဖြင့် ပယ်ချလိုက်သည်။
“သူတို့က မင်းနဲ့ လာပြိုင်တယ်ထင်လို့လား” ဝူဟိုင်က ရုတ်တရက် ဟန်ပန်အမူအရာအပြည့်နှင့် ပြောသည်။
“ကြားတာပဲ”
ယွမ်ကျိုး ခေါင်းညိတ်ကာ ဖြေလိုက်သည်။
“လက်ဖျားခါတယ်။ အဲ့ဆိုင်က စားဖိုမှူးရဲ့လက်ရာကိုတော့ သွားမြည်းစမ်းရမယ်”
ဝူဟိုင်မှာ စိတ်လှုပ်ရှားလာသည်။ နှစ်ပတ်လောက်လမ်းလျှောက်ပြီးနောက် ထိုသို့ခပ်တိုးတိုးရေရွတ်ကာ အလျင်အမြန်ထွက်ခွာသွားတော့သည်။
“အဲ့ကောင်က ဘာလို့အဲ့လောက်ပျော်နေလဲ
ငါမသိတော့ဘူး”
ယွမ်ကျိုးမှာ ဘာကြောင့်ရယ်မသိ ထိုသို့ခံစားရလိုက်သည်။
စက်တင်ဘာလ(၃၀)ရက်နေ့ ညနေခင်းအချိန်တွင် ထုံးစံအတိုင်း ဒုတိယထပ်မှ ရှန်မင်ထွက်သွားသည်ကို ယွမ်ကျိုးကြည့်နေသည်။
ဘေးကပ်ရပ်ရှိ “ပြိုင်ဖက်ကင်းလက်ရာ”ဟုခေါ်သော အနောက်တိုင်းစားသောက်ဆိုင်တွင် အနည်းငယ်စည်ကားနေသည်။ ဝန်ထမ်းများမှာ သန့်ရှင်းရေးလုပ်ခြင်း၊ ဧည့်ခန်းအတွက် နေရာချခြင်းများဖြင့် အလုပ်များနေကြသည်။
လှိုင်းတွန့်ခပ်ကြီးကြီးများရှိသည့်ဆံပင်ကို ကျောတွင် သေသပ်စွာ ချထားသော အမျိုးသမီးမှာ ရိုးရှင်းသောအသွင်အပြင်ရှိပေမယ့် ခန္ဓာကိုယ်မှာမူ အတော်ဆွဲဆောင်မှုရှိပေသည်။ သူမ၏အမည်မှာ လျိုရို့ယွိဖြစ်သည်။ သူမမှာ အတော်လုပ်ရည်ကိုင်ရည်ရှိပြီး အရည်အချင်းရှိလေသည်။ ထို့ကြောင့် နျိုလီက သူမအား အတော်ပင် အသိအမှတ်ပြုထားသည်။
“ဧည့်ခန်းက ကော်ဇောအနီကို မနက်ဖြန်(၁၁)နာရီအတိမှာ ခင်းမယ်။ တစ်မိနစ်မှ မစွန်းစေနဲ့”
လျိုရို့ယွိက ဝင်ပေါက်အား ညွှန်ပြကာ သေချာမှာကြားလိုက်သည်။
“ဟုတ်ကဲ့ပါ မန်နေဂျာလျို။ စားပွဲစွန်းပါမကျန် နေရာတိုင်းကို သေချာသုတ်ပြီး သန့်ရှင်းရေးလုပ်ပြီးပါပြီ။ ဝန်ထမ်းတွေကိုအခုအလုပ်ဆင်းပေးလိုက်လို့ ရပြီလား” ဧည့်ခန်းကြီးကြပ်ရေးမှူးက စီစီရီရီရပ်နေကြသောဝန်ထမ်းများကို ညွှန်ပြကာ မေးလိုက်သည်။
“ရပြီ။ သူတို့က တော်တော်သွက်သွက်လက်လက်ရှိပါတယ်။ မနက်ဖြန်ကျရင် မင်းတို့အားလုံး အလုပ်ဝတ်စုံသစ်ကို ဝတ်ရမယ်။ အဝတ်အစားမတော်တာရှိရင် အခုနောက်ဆုံးထားပြီး လဲလို့ရတယ်”
လျိုရို့ယွိက ခေါင်းညိတ်လိုက်ရင်း ဝန်ထမ်းများကို ကျေနပ်စွာဖြင့် ကြည့်ကာပြောသည်။
သူမ အမှန်တကယ် စိတ်ကျေနပ်ရမည့်အကြောင်းရင်းများစွာလည်း ရှိလေသည်။ ဒီစားသောက်ဆိုင်လုပ်ငန်းက ချမ်းသာတဲ့ စားသုံးသူများကို ပစ်မှတ်ထားရာ ခန့်ထားသောဝန်ထမ်းများကိုပင် သေချာစွာ ရွေးချယ်ခဲ့ရသည်။ ဝန်ထမ်းခန့်အပ်ရေးစံနှုန်းများမှာ ဇိမ်ခံပစ္စည်းအရောင်းဆိုင်များအောက် အနည်းငယ်သာ နိမ့်ကျပေသည်။ အလားတူပင် ကမ်းလှမ်းသောလစာမှာလည်း ဤနယ်ပယ်၌ အမြင့်ဆုံးဖြစ်လေသည်။
မြင်းကို မြန်မြန်စိုင်းလိုလျှင် အစာလည်း ကောင်းကောင်းကျွေးထားရမည်မှာ သဘာဝပင်။
ဤအချက်ကို ဘေး၌ ရပ်၍နေကြသော ဝန်ထမ်းများကို ကြည့်ကာ မြင်နိုင်လေသည်။ စားပွဲထိုးများအားလုံးမှာ ခါးစည်းအင်္ကျီအတို၊ ရှပ်အင်္ကျီအဖြူရောင်နှင့် ဘောင်းဘီများကို ဝတ်ဆင်ထားကြသည်။ မျက်နှာပေါ်တွင် နွေးထွေးသောအပြုံးများနှင့် အတော်ပင် တက်ကြွနေကြဟန်ပေါ်သည်။
စားပွဲထိုးမလေးများမှာမူ ဆင်တူစကပ်တို၊ အဖြူရောင်ရှပ်အင်္ကျီနှင့် ခါးစည်းအင်္ကျီအတိုကို ဝတ်ဆင်ထားသည်။ သူတို့၏မျက်နှာပေါ်တွင်လည်း ကျန်လူများနည်းတူ နွေးထွေးသောအပြုံးများရှိရာ မျက်နှာသွင်ပြင်များမှာ သာမန်ရွက်ကြမ်းရေကျိုရုပ်ထက်သာလွန်နေသည်။
ထိုသို့သော အရည်အသွေးမြင့်ဝန်ထမ်းများ၊ အနုစိတ်ပြင်ဆင်ထားသော စားသောက်ဆိုင်၏အခင်းအကျင်းနှင့် အချက်အပြုတ်အနုပညာရှင်၏ ဟင်းချက်စွမ်းရည်တို့ဖြင့် ဖောက်သည်များကို ထိန်းထားရန်မှာ အမှန်ပင် အသေးအဖွဲကိစ္စဖြစ်ပေသည်။
တကယ်တမ်းတော့ ဤသည်မှာ လျိုရို့ယွိ၏အထင်သက်သက်ပင်ဖြစ်သည်။
“ဟုတ်ကဲ့ပါ မဒမ်”
ဝန်ထမ်းများက တညီတညွတ်တည်း သံပြိုင်အော်လိုက်ကြလေသည်။
“အခု အလုပ်ဆင်းလို့ရပြီ။ မနက်ဖြန်ကျရင် အသင့်ရှိနေပါစေနော်။ တုံ့နှေးတုံ့နှေးလုပ်မနေနဲ့”
နျိုလီ၏မှာကြားချက်ကို သတိရကာ လျိုရို့ယွိက ထပ်ပြောလိုက်သည်။
“နားလည်ပါပြီ”
ဝန်ထမ်းများနှင့် ဧည့်ခန်းကြီးကြပ်ရေးမှူးတို့အားလုံး သံပြိုင်ဖြေလိုက်ကြလေသည်။
ဧည့်ခန်းရှိ ကိစ္စရပ်များအားလုံးပြီးစီးသွားသော်လည်း မီးဖိုခန်းဘက်တွင်မူ ပျားပန်းခတ် အလုပ်များနေဆဲဖြစ်သည်။
“မနက်ဖြန်ရဲ့အဓိကဟင်းပွဲတွေအတွက် ပြင်ဆင်စရာရှိတာတွေ အကုန်ပြင်ဆင်ပြီးပြီလား”
လီလီက မီးဖိုခန်းထဲတွင် လှည့်ပတ်စစ်ဆေးနေရင်း ဝန်ထမ်းတစ်ဦးကို မေးလိုက်သည်။
“စိတ်မပူပါနဲ့ခင်ဗျာ။ အကုန်အဆင်သင့်ဖြစ်ပါပြီ။ နေ့စဉ်အရံပစ္စည်းတွေလည်း အသင့်ရှိပါတယ်။ မနက်ဖြန် ဒီကို ပို့လာမယ့်ပါဝင်ပစ္စည်းတွေအတွက်လည်း ဆိုင်တွေဘက်ကို ထပ်ပြီး အတည်ပြုထားပါတယ်”
ပြန်ဖြေလိုက်သူမှာ ခေါင်းဆောင်စားဖိုမှူးဖြစ်သည်။ ထိုသူမှာ ပြည့်ဝိုင်းသော မျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးတစ်ခုရှိပြီး “စားဖိုမှူး”ဟု လူတွေအသိအမှတ်ပြုကြသည့်အရာများနှင့် အတော်ကိုက်ညီလှသည်။
“ဟုတ်ပြီ။ ကောင်းတယ်။ ရှေ့လျှောက် မီးဖိုခန်းနဲ့ အသားကျအောင်လုပ်ထား။ အခု အလုပ်ဆင်းလို့ရပြီ”
ခေါင်းဆောင်စားဖိုမှူးမှ အကုန်အဆင်သင့်ဖြစ်ပြီဟု ပြောသော်လည်း လီလီမှာ အကုန်လုံးကို တစ်ခုချင်းစီ လိုက်လံစစ်ဆေးနေဆဲဖြစ်သည်။ သူသည် အမှန်ပင် စေ့စပ်သေချာပြီး တာဝန်ယူစိတ်ရှိသူပင်။
“မနက်ဖြန်အတွက် စားပွဲဘယ်နှလုံးလွတ်သေးလဲ”
လီလီက အခုပင် ရောက်လာသော လျိုရို့ယွိကို မေးလိုက်သည်။
“ဖိတ်စာလက်ခံထားတဲ့လူအရေအတွက်အရတော့ မနက်ဖြန်အတွက် စားပွဲအလွတ်မရှိတော့ဘူး။ ဒါပေမယ့် လိုလိုပိုပို သုံးဝိုင်းလောက် လွတ်အောင် စီစဉ်ထားတယ်”
လျိုရို့ယွိက သူမ၏မှတ်စုစာအုပ်ကို ဖွင့်ကြည့်ပြီးနောက် ပြန်ပြောသည်။
“အဲ့ဒါဘာပြောချင်တာလဲ”
လီလီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“လမ်းဟိုဘက်မှာနေတဲ့ဝူဟိုင်က ဖိတ်စာတော့ယူထားတယ်။ ဒါပေမယ့် မဖြစ်မနေတော့မလာလောက်ဘူး။ ပြီးတော့ လင်းဟုန်လို့ခေါ်တဲ့တစ်ယောက်၊ နောက်ထပ်လာဖို့မသေချာတဲ့လူတွေလည်း ရှိသေးတယ်”
လျိုရို့ယွိက တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။
“ကောင်းပြီ။ အဲ့လိုဆိုတော့လည်း အဲ့လိုပေါ့” လီလီက ခေါင်းတချက်ညိတ်ကာ မီးအပူဒဏ်ကာကွယ်သည့်ပစ္စည်း တပ်ဆင်ထားမှုကို စစ်ဆေးရန် ခေါင်းဆောင်စားဖိုမှူးကိုအချက်ပြလိုက်ပြီး တံခါးပိတ်ရန် ပြင်လိုက်သည်။
လျိုရို့ယွိမှာ နောက်ဆုံးမှ ထွက်လာခဲ့သည်။ လီလီ အိမ်ပြန်သွားပြီးနောက် သူမသည် စားသောက်ဆိုင်၏သန့်ရှင်းသပ်ရပ်မှု၊ နေရာချထားမှုစသည့် အရာရာတိုင်းကို တစ်ဖန်ထပ်စစ်ဆေးခဲ့သည့်အပြင် တံခါးနှင့်ပြတင်းပေါက်များကိုလည်း မပြန်ခင်စစ်ဆေးလိုက်သေးသည်။
နောက်တစ်နေ့ မနက်အစောပိုင်းတွင် အမျိုးမျိုးသော ဆိုင်ဖွင့်ပွဲအခမ်းအနားအစီအစဉ်များမှာ ဖြတ်သွားဖြတ်လာလူအများကို ဆွဲဆောင်လျက်ရှိသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်မှာမူ ယခင်အတိုင်းရှိနေဆဲပင်။ ဖွင့်ပွဲအခမ်းအနားအစီအစဉ်များပြီးသည့်နောက် အနောက်တိုင်းစားသောက်ဆိုင်မှာ စားသုံးသူများကို တရားဝင်စတင်ရောင်းချချိန်တွင်မူ ယွမ်ကျိုးစားသောက်ဆိုင်၏မနက်စာရောင်းချိန်မှာ ကျော်လွန်သွားပြီဖြစ်သည်။ အားလပ်ရက်ပထမနေ့ဖြစ်ရာ လူအများမှာ သူတို့သာအိပ်ရာမှ စောစောမထခဲ့ပါက မနက်စာ ပွဲရေ(၁၀၀)ခန့်ကို စောင့်ဆိုင်းရမည်ဖြစ်ရာ စောစောထကြရလေသည်။ ထိုသို့သောစိတ်အားထက်သန်မှုဖြင့် အချုပ်အနှောင်များကိုကျော်ဖြတ်ရမည်ဆိုလျှင်တောင် သူတို့အကောင်းဆုံး ကြိုးစားကြပေလိမ့်မည်။ ထို့ကြောင့် မနက်စာစားပြီးသွားကြသော လူအုပ်ကြီးမှာ ဆူညံလှသောဖွင့်ပွဲအခမ်းအနားများကို အလိုက်သင့်ဝင်ကြည့်ကြလေသည်။
နျိုလီမှာ ယွမ်ကျိုးစားသောက်ဆိုင်၏ဝင်ပေါက်သို့ အချိန်ယူစောင့်ကြည့်ခဲ့ပြီး ဘာမှပြောင်းလဲမှုမရှိသည်ကို တွေ့ရသောအခါမှ စိတ်သက်သာရာရသွားသည်။ ဘာပဲဖြစ်ဖြစ် ယွမ်ကျိုးနှင့် သူ့စားသောက်ဆိုင်သည် အကြီးမားဆုံးပြိုင်ဖက်သာ ဖြစ်လေသည်။
ဝင်ပေါက်တွင် ဝိုင်းအုံနေကြသည့် လူအုပ်ကြီးကို ကြည့်ကာ သူမမှာ ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ဘယ်သူမှမသွား ကြလောက်ဟုပင် ထင်မိသည်။ သို့သော် ယွမ်ကျိုးမှာ ဘယ်သောအခါကမှ သူ့ကံဆိုးမှုကို စောင့်ဆိုင်းတတ်သောလူမဟုတ်ခဲ့ချေ။ ထို့အပြင် သူ့ဟင်းချက်စွမ်းရည်ကိုလည်း သူအလွန်ပင်ယုံကြည်ချက်ရှိလေသည်။ ယခုအချိန်မှာ ထိုသူများအား စစ်မှန်သောအင်အားမှာ မည်သည့်အရာဖြစ်ကြောင်း သိအောင်လုပ်ပေးရမည့် အချိန်ကောင်းပင်ဖြစ်ပေသည်။
...
ယွမ်ကျိုး အပိုင်း(၃၁၉)
ပြီးပါပြီ။
ယွမ်ကျိုး
အပိုင်း(၃၂၀) ပြီးပြည့်စုံသောဝန်ဆောင်မှုအတွေ့အကြုံ
“ဒီနေ့ကစပြီး မစ္စတာလီကိုပဲ ဒုက္ခပေးရတော့မယ်”
ဖွင့်ပွဲအခမ်းအနားပြီးနောက် သူမ၏လုပ်ငန်းအဆိုပြုချက်ကို ခွင့်ပြုပေးခဲ့သော နျိုလီ၏သူဌေးက လီလီကို ပြုံးရွှင်စွာဖြင့် ပြောသည်။
“ပြောနေစရာမလိုပါဘူး မစ္စတာချန်”
လီလီကလည်း ပြုံးကာ ပြန်ပြောသည်။
“မစ္စတာလီရဲ့ ဟင်းချက်စွမ်းရည်ကိုတော့ ကျွန်တော်သိပြီးသားပါ။ အချိန်အတော်ကြာ မြည်းစမ်းချင်နေခဲ့တာ အခွင့်အရေးမရခဲ့ဘူး။ ဒီနေ့တော့ အခွင့်ကောင်းကြုံတာပဲ။ ကျွန်တော်စားခွင့်ရမှာပါနော်" မစ္စတာချန်က ကျယ်လောင်စွာရယ်မောရင်း လီလီကို ပြောလိုက်သည်။
“ဒါပေါ့ဗျာ။ ဒီနေ့ ကျုပ်တို့စားသောက်ဆိုင်အတွက် အဓိကဟင်းပွဲ(၁၀၀) ဖန်တီးပေးဖို့ ရှိတယ်။ တစ်ပွဲပွဲကိုတော့ ခင်ဗျားကြိုက်မှာပါဗျာ”
လီလီက ခေါင်းညိတ်ကာ အဖြေပေးလိုက်သည်။
မစ္စတာချန်ကို လီလီကမ်းလှမ်းလိုက်သည့် ဟင်းပွဲတစ်ပွဲဆိုသည်မှာ နဂိုအစီအစဉ်အတိုင်း သူချက်မည့်ဟင်းပွဲတစ်ရာ အနက်မှ တစ်ပွဲသာဖြစ်သည်။ အပိုဟင်းပွဲတစ်ပွဲသက်သက်ထပ်ချက်ပေးရန် စိတ်ကူးမရှိပေ။
“ဟုတ်ကဲ့ပါဗျာ။ ဒီနေ့တော့ ကျွန်တော့်အထူးအခွင့်အရေးကိုအသုံးချပြီး ခင်ဗျားဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ရတာပေါ့”
မစ္စတာချန်က ပြုံးကာ ဖြေလိုက်သည်။
“ဒါပေမယ့် ခင်ဗျားတို့အားလုံး ဒီမှာခဏစောင့်ပေးရမယ်။ စည်းမျဉ်းအရ မီးဖိုခန်းက တချို့လူတွေပဲ ဝင်ခွင့်ရှိတာ။ ကျွန်တော်တို့အတွက် မဟုတ်ဘူး”
မစ္စတာချန်က သူ့နောက်လိုက်များကို ထိုင်ခုံတွင် နေရာယူကြရန် ညွှန်ကြားလိုက်သည်။
သူသည် စားသောက်ဆိုင်လုပ်ငန်းအများကြီး လုပ်ကိုင်နေရာ အမှုဆောင်အကြီးအကဲစားဖိုမှူး၏ စိတ်နေသဘောထားကို သေချာစွာသိလေသည်။ အရည်အချင်းရှိတဲ့သူတွေမှာ အမြဲတမ်း စိတ်နေစိတ်ထားတစ်မျိုးစီ ရှိတတ်ကြသည်။
“ဟုတ်ပါပြီဗျာ။ ခဏလေးစောင့်ပေးကြပါ”
ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် လီလီက မီးဖိုခန်းသို့ သွားကာ ဟင်းပွဲများ ပြင်ဆင်တော့သည်။
မစ္စတာချန်ဘေးတွင်ထိုင်နေသော နျိုလီက “တစ်နပ်စာလေးပဲဟာ။ အားမနာနေတော့ဘူးနော်။ ဆရာနဲ့အတူ ဒီလိုအကျိုးခံစားခွင့်ရတာ ဝမ်းသာစရာပဲ”
“ဟုတ်တယ်။ မှန်တာပေါ့။ အဲ့လိုမှမဟုတ်ရင် မစ္စတာလီရဲ့ဟင်းချက်လက်ရာကို ကျွန်တော်တို့ ဘယ်မြည်းခွင့်ရမလဲဗျာ”
ဤသည်မှာ စကားပြောရာ၌ပင် လိမ္မာပါးနပ်မှုရှိရသော လုပ်ငန်းခွင်ဖြစ်သည်။ ထိုပုဂ္ဂိုလ်က စကားများကို ပွင့်ပွင့်လင်းလင်းသာ ပြောချလိုက်သည်။
“ဪ...ဗျာ။ အဲ့ဒါဆိုလည်း ဟင်းတွေမြည်းဖို့ စောင့်ကြဦးစို့”
မစ္စတာချန်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလေသည်။
မစ္စတာချန်ကို သီးသန့်စားသောက်ခန်းတစ်ခန်း၌ လူတော်တော်များများက အဖော်ပြုပေးနေကြသည်။ အခြားလူများမှာမူ ပင်မစားသောက်ခန်းတွင် ပြွတ်သိပ်ကြပ်စွာ ကျန်နေခဲ့သည်။
The situation was more or less the same to what Liu Ruoyu had expected. Almost all that had received the invitation card arrived, of course, punctually.
အခြေအနေမှာ လျိုရို့ယွိမျှော်မှန်းထားသည်နှင့် မတိမ်းမယိမ်းပင်ရှိသည်။ ဖိတ်ကြားခံရသူအားလုံးနီးပါးမှာ အချိန်တိကျစွာရောက်လာကြသည်။ လူအများအား ချက်ချင်းတန်းစီစောင့်စေသည်ကို ယွမ်ကျိုးတစ်ဦးတည်းသာ နှစ်သက်ပေလိမ့်မည်။
ဝူကျိုး၊ ကျောက်ယိင်းကျွင့်နှင့် မန်နေဂျာရှီတို့ပင် ဤနေရာ၌ အတူတကွ ရောက်ရှိနေကြသည်။
“တကယ့်ကိုအံ့သြစရာပဲ”
ဝူကျိုးက သူ့ကောင်မလေးကျွမ်းရှင်းမူ၏လက်ကို ဆုပ်ကိုင်ရင်းပြောသည်။
“ဒါက အတော်လူသိများတဲ့ အဆင့်မြင့်စားသောက်ဆိုင်လုပ်ငန်းတစ်ခုပဲလေ”
ကျောက်ယိင်းကျွင့်က ကြိုတင်လေ့လာပြီးမှ ရောက်လာခြင်းဖြစ်သည်။
“ဟုတ်ပြီ။ အထဲဝင်ပြီး တစ်ချက်ကြည့်လိုက်ရအောင်”
မန်နေဂျာရှီက ပြောလိုက်သည်။
“စကားကို အကျယ်ကြီး ပြောမနေနဲ့။ တော်ကြာ ငါတို့ ဒီကိုထောက်လှမ်းရေးလာလုပ်မှန်း သူတို့သိသွားရင် ဘယ်လိုလုပ်မလဲ”
ဝူကျိုးက အသံနှိမ့်ကာ ပြောသည်။
“မင်းတော့ အတွေးလွန်နေပြီ။ ဒီလောက် လူတွေအများကြီးထဲမှာ ဘယ်သူက ငါတို့ကို သတိထားမိမှာမို့လို့လဲ”
ကျောက်ယိင်းကျွင့်က သူ့မျက်လုံးများကို လှိမ့်လိုက်ပြီး အနောက်တိုင်းဝတ်စုံလည်ပင်းရှိ ဖဲပြားအား မနေတတ်သလို ဆွဲလိုက်သည်။
ဤစားသောက်ဆိုင်မှာ အဆင့်မြင့်လွန်းလှရာ ဝတ်စုံပြည့်ဝတ်ဖို့မလိုလျှင်တောင် အနည်းဆုံးတော့ သင့်တင့်လျောက်ပတ်စွာ ဝတ်စားခဲ့ဖို့ လိုသေးသည်။ ထို့ကြောင့် ဝူကျိုးနှင့် ကျောက်ယိင်းကျွင့်တို့နှစ်ဦးမှာ ဖဲပြားများဝတ်လာကြသည်။
မန်နေဂျာရှီမှာမူ သူ့နဂိုမူလရှိသော သူဌေးဟန်ပန်ကြောင့် အဝတ်အစားလဲရန် လုံးဝမလိုခဲ့ချေ။
ကျွမ်းရှင်းမူမှာ အရောင်ဖျော့သော အပေါ်အောက်တစ်ဆက်တည်းဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း လှပပြီး ချစ်စရာကောင်းနေသည်။
“မင်္ဂလာပါ။ ကျေးဇူးပြုပြီး အထဲကိုကြွပါရှင့်။ ဖိတ်စာလေးပါလားတစ်ချက်လောက်ပြပါ”
တူညီဝတ်စုံဝတ်ဆင်ထားသည့် လှပသောစားပွဲထိုးမလေးတစ်ဦးမှ သူတို့ထံ ရောက်လာကာ ယဉ်ကျေးစွာဖြင့် မေးလေသည်။
“ပါတာပေါ့။ ဒီမှာ ဖိတ်စာလေးစောင်ပါ”
ဝူကျိုးက ဦးဆောင်ဦးရွက်ပြုကာ သူ၏ဖိတ်စာအား လှမ်းပေးလိုက်သည်။
“အစ်ကိုဝူလို့ ခေါ်လို့ရမလားရှင့်” စားပွဲထိုးမလေးက အပြုံးလေးတစ်ခုဖြင့် ပြောလာသည်။
“အချစ်ရေ... အချစ် ဘယ်လိုသဘောရလဲ”
ဝူကျိုးက ကျွမ်းရှင်းမူဘက်သို့ ချော့သလို ခေါင်းလှည့်ကြည့်ကာ ပြောလိုက် သည်။
သူ့ကောင်မလေး ကျွမ်းရှင်းမူမှာ လူအများရှေ့၌ ဝူကျိုး၏ခံစားချက်ကို အမြဲအလေးထားလေရာ အသာပြုံးကာ ခေါင်းညိတ်ပြလေသည်။
သူ့ကောင်မလေး ခေါင်းညိတ်ပြသည်ကို မြင်သောအခါမှသာ ဝူကျိုးက စားပွဲထိုးမလေးအား
“ရတာပေါ့။ ဘာလို့ မရ,ရမှာလဲ”
“အစ်ကိုဝူက အစ်ကို့ကောင်မလေးနဲ့ တကယ်ရင်းနှီးတာပဲ”
စားပွဲထိုးမလေးက သူ့ကိုအချိန်ကိုက် ချီးမွမ်းလိုက်လေသည်။
“ရင်းနှီးတာပေါ့။ ဒါက ငါ့ဇနီးလေ” ဝူကျိုးမှာ ကျွမ်းရှင်းမူ၏လက်ကိုဆွဲကာ သူတို့၏ဆက်ဆံရေးကို စတင်ကြွားလုံးထုတ်တော့သည်။
“ကျွတ်စ်။ နေ့တိုင်းနေ့တိုင်း မင်းရဲ့ခံစားချက်တွေကို လူသိရှင်ကြားထုတ်မပြဘဲ သိမ်းထားလို့မရဘူးလား”
ကျောက်ယိင်းကျွင့်က သဘောမကျဟန်ဖြင့် ခေါင်းကို တစ်ဖက်သို့လှည့်လိုက်လေသည်။
သို့သော် မန်နေဂျာရှီမှာမူ လုံးဝစိတ်အနှောင့်အယှက်မဖြစ်ပေ။ ဆိုင်အား အလွန်ဂရုတစိုက်ဖြင့် လေ့လာနေသည်။
စားပွဲထိုးမလေးများမှာ တူညီဝတ်စုံများဝတ်ဆင်ထားကြပြီး သူတို့အနားမှ ဖြတ်သွားသူတိုင်းကို ယဉ်ကျေးစွာ နှုတ်ဆက်သွား ကြသည်။
“ဟယ်လို...ကျေးဇူးပြုပြီး အထဲကိုကြွပါရှင့်”
စားပွဲမလေးတိုင်းက ထိုစကားကိုပြောကြပေမယ့် သူတို့စကားပြောနေသည်ကိုတော့ အနှောင့်အယှက်မပြုသွားပေ။ တစ်ယောက်တစ်မျိုးစီဖြင့် ပြောပုံချင်းတော့ မတူကြချေ။
သူတို့မျက်နှာများပေါ်မှ အပြုံးများသည်ပင် မတူညီကြသော်လည်း အကုန်လုံးက သူတို့၏စိတ်ရင်းစေတနာကို ခံစားမိစေသည်။
“ဝန်ဆောင်မှုကတော့ သိပ်မဆိုးပါဘူး”
မန်နေဂျာရှီက တိုးတိုးလေးပြောလိုက်သည်။
“ဒီမှာပါ အစ်ကိုဝူ။ ပြတင်းပေါက်နားမှာ ရှင်တို့အတွက် ထိုင်ခုံနေရာရှိပါသေးတယ်ရှင့်။ စားရင်းနဲ့ ရှုခင်းကြည့်လို့ ရပါတယ်ရှင့်”
စားပွဲထိုးမလေးမှာ မြက်ခင်းများ ပန်းပွင့်များနှင့် ပြည့်နှက်နေသော ခြံဝင်းကို ညွှန်ပြရင်း ပြောလိုက်သည်။
“နေရာကောင်းပဲ။ မူမူ ကိုယ်တို့ အဲ့မှာထိုင်ကြမလား”
ဝူကျိုးက ကျွမ်းရှင်းမူအား စားပွဲအလွတ်ကို ညွှန်ပြရင်း တိုင်ပင် လိုက်သည်။
သူတို့စားသောက်ဆိုင်အတွင်းသို့ ဝင်လာကတည်းက အနေအထားမှာ အတော်ပင် ကောင်းမွန်နေသည်။ ထို့ကြောင့် ဝူကျိုးမှာ ကျန်လူနှစ်ဦးကို ချက်ချင်းမေ့သွားတော့သည်။
မည်သို့ပင်ဆိုစေ မန်နေဂျာရှီနှင့် ကျောက်ယိင်းကျွင့်မှာ ကျင့်သားရနေပြီဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် နေရာယူပြီးသည့်နောက် စားပွဲထိုးမလေးမှာ အခြားတစ်ဦးထံမှ လတ်ဆတ်၍ စားချင်စရာကောင်းသော ရာသီပေါ်အသီးအနှံများထည့်ထားသည့် သစ်သီးတစ်ပန်းကန်ကို ယူလိုက်သည်။
“အစ်ကိုဝူ...ကျွန်မက ရှောင်ကျင်းပါ။ ခဏစောင့်ပြီး သစ်သီးစားပါဦးရှင့်။ ကျွန်မ မီနူးစာရွက်သွားယူလိုက်ပါဦးမယ်ရှင့်”
စားပွဲထိုးမလေးရှောင်ကျင်းက အလွန်ကောင်းမွန်သော မီနူးစာရွက်ကို ယူလာသည်။
ထို့နောက် မီနူးစာရွက်ကို တစ်ယောက်ချင်းစီ၏ရှေ့သို့ ချပေးလိုက်လေသည်။
“ဒါက မျက်မှန်သုတ်တဲ့အဝတ်ပါ။ လိုသေးလားရှင့်”
ရှောင်ကျင်းက မျက်လှည့်ဆရာတစ်ဦးကဲ့သို့ ဘေးဘက်ရှိ စားပွဲပေါ်မှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်လာသည်။
“ဆံပင်စည်းချင်ရင် ကျွန်မတို့ဆီမှာ ပစ္စည်းအပြည့်အစုံပါတဲ့ ပရော်ဖက်ရှင်နယ်အဝတ်လဲခန်းတစ်ခုလည်းရှိပါတယ်”
ရှောင်ကျင်းက ကျွမ်းရှင်းမူကို ကြင်နာစွာဖြင့် ပြောလိုက်သည်။
“အားလုံးပဲ။ ဒီမှာ တဘက်တွေရှိပါတယ်။ အပူရော၊ အအေးရော၊ ဒါက လက်သုတ်ဖို့ပါ။ ဒါက မျက်နှာသုတ်ဖို့ပါရှင့်”
အခြားစားပွဲထိုးမလေးက လင်ဗန်းတစ်ဗန်းကိုင်ကာ သူတို့ဆီကို ရောက်လာပြီး ပြောသည်။ သူတို့သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ ရှောင်ကျင်းက ထပ်ပြောလာသည်။
“အခု ဟင်းပွဲတွေ မှာလို့ရပါပြီရှင့်။ ဒီနေ့ ခေါင်းဆောင်စားဖိုမှူးပြင်ပေးထားတဲ့ သိုးသားနံရိုးကင်ကို ဆေးဖက်ဝင်အပင်၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ထားပါတယ်ရှင့်။ ပွဲ(၁၀၀)ပဲ ခွဲတမ်းနဲ့ရမှာမို့။ သိုးသားစားရတာ ကြိုက်ရင် မြည်းကြည့်လို့ရပါတယ်ရှင့်”
“အင်း...ငါတို့ တစ်ချက်အရင်ကြည့်လိုက်ဦးမယ်”
ဝူကျိုးက မီနူးကို ယူလိုက်ကာ စဉ်းစားသလိုဖြင့် ပြောလိုက်သည်။
“အစ်ကိုဝူ...အဲ့ဒါဆို ကျွန်မ ဒီအနီးနားမှာပဲရှိမှာပါ။ လိုတာရှိရင် ကျွန်မကိုသာ လှမ်းခေါ်လိုက်ပါရှင့်”
ရှောင်ကျင်းက ဘေးသို့ အနည်းငယ်နောက်ဆုတ်ကာ ပြုံးလျက်ဖြင့် ဆိုသည်။
“ဟုတ်ပြီ”
ဝူကျိုးက ခေါင်းညိတ်ကာ ဖြေလိုက်သည်။ စားပွဲထိုးမလေးမှာ သူတို့စကားပြောသည်ကို မကြားရလောက်သောနေရာသို့ ဖယ်သွားသောအခါ ဝူကျိုးက စိတ်သက်သာရာရသွားသလို ပြောလာသည်။
“အကုန်လုံးက အနောက်တိုင်းစတိုင်အစားအစာတွေချည်းပဲ”
"မင်း အခုမှ သိတာလား"
ကျောက်ယိင်းကျွင့်က ကူကယ်ရာမဲ့သလို ပြောသည်။
“ကောင်းပြီ။ အဲ့ဒါဆို မင်းတို့ ဘာစားချင်ကြလဲ”
ဝူကျိုးက ဘေးဘီသို့ လှည့်ပတ်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
“ဘာ...ရှင်ပဲ ပြောတော့ ကြည့်ရုံပဲလာတာပါဆို”
ကျွမ်းရှင်းမူက သူ့အား စလိုက်သည်။
“သူ ဒီကိုစားချင်လို့လာတာ ရှင်းနေတာပဲ။ ထောက်လှမ်းရေးဆင်းတယ်ဆိုတာ အလကား”
ကျောက်ယိင်းကျွင့်က သူ့ရည်ရွယ်ချက်ကို တိုက်ရိုက်ဖော်ထုတ်လိုက်သည်။
“ငါ ဒီကိုလမ်းကြုံဝင်လာကြည့်တာရယ်”
မန်နေဂျာရှီက ကျွမ်းရှင်းမူမှ သူ့အား ကြည့်နေသည်ကို မြင်သည်နှင့် ချက်ချင်းပင် အပြစ်ကင်းသည့်အမူအရာကို ပြလိုက်သည်။
“ကိုယ် မင်းကို အနောက်တိုင်းစတိုင်တစ်နပ်လောက်ကျွေးချင်လို့ ဒီကိုခေါ်လာတာ။ ငါတို့က မင်းတို့လိုမျိုး သွေးမတော်သားမစပ်နှစ်ယောက်နဲ့ လာမိတာပဲရှိတာ”
ဝူကျိုးက သူ့ကောင်မလေးအား ချော့မော့ပြောဆိုရာတွင် ပါရမီကောင်းရှိသည်။
သူ ထိုသို့ပြောလိုက်သည်နှင့် ကျွမ်းရှင်းမူမှာ ပြုံးလာပြီး အနှီယောက်ျားသုံးဦး၏ ရယ်စရာအပြုအမူကို စိတ်ထဲမထား တော့ချေ။
“ဈေးနှုန်းအရတော့ ငါတို့တွေ အရွက်သုပ်တစ်ပွဲလောက်ပဲတတ်နိုင်မယ်ထင်တယ်”
သူတို့၏စကားဝိုင်းထဲသို့ မပါလိုသောကြောင့် မီနူးကို တစ်ယောက်တည်း ကြည့်နေသော ကျောက်ယိင်းကျွင့်က အံ့သြတကြီးပြောလိုက်သည်။
“အဲ့လောက်ဈေးကြီးနေရင် ငါက ဘာလို့ ဒီမှာစားမလဲ”
ဝူကျိုးက ဈေးနှုန်းကို မြင်သောအခါ မကျေနပ်သလို ခံစားလိုက်ရသည်။
“အမှန်ပဲ”
ကျွမ်းရှင်းမူလည်း သူမရှေ့၌ရှိသေ မီနူးကို ဖွင့်ကြည့်ကာ ခေါင်းညိတ်ရင်း သဘောတူလိုက်သည်။
“အဲ့ဒါဆိုလည်း ငါဟင်းတွေမှာလိုက်မယ်”
မန်နေဂျာရှီမှာမူ မြင့်မားလှသော ဈေးနှုန်းကို တတ်နိုင်လေသည်။
သူက ရှောင်ကျင်းကို လှမ်းခေါ်လိုက်ကာ လေးယောက်စာဟင်းပွဲများကိုမှာလိုက်သည်။ ဆေးဖက်ဝင်အပင်များ ပါဝင်သောဆော့စ်နှင့် သိုးသားနံရိုးကင်တစ်ယောက်တစ်ပွဲစီပါ မှာလိုက်လေသည်။
ဟင်းပွဲများမှာပြီးနောက် သူတို့မှာ အနည်းငယ်ပျင်းရိသလို ခံစားလာရရာ ဖုန်းများ ထုတ်လိုက်ကြသည်။
ထုံးစံမပျက်ပင် ဝူကျိုးမှာ အစားအသောက်ဂရုထဲသို့ ဝင်ကြည့်ရာ မက်ဆေ့ချ်များကို မြင်လိုက်သည်နှင့် အံ့အားသင့်သွားတော့သည်။
အခြားသူသုံးဦးမှာ ဘာတွေဖြစ်နေမှန်းမသိလိုက်ရသေးခင်မှာပင် ကျွမ်းရှင်းမူ၏လက်ကို ဆွဲကာ ကျန်လူနှစ်ဦးကိုလည်း ထွက်သွားရန် ခေါ်လိုက်လေတော့သည်။
...
ယွမ်ကျိုး အပိုင်း(၃၂၀)
ပြီးပါပြီ။