ဖုတ်ကောင်ဆိုတာ နာကျင်မှုကို မသိဘူး
Vol. 4 Ch. 31
အဘိုးကြီးရန်မှာ ခေါင်းတလားထဲမှ ထွက်လာခဲ့ပြီဖြစ်သည်။
ပထမဦးဆုံးအနေဖြင့်... နေ့ခင်းကြောင်တောင် အချိန်ကြီးဖြစ်၏။
ဒုတိယအနေဖြင့်... ခက်ထန်သောမျက်နှာနှင့် တာအိုဆရာနှစ်ပါးအပြင် ရိုင်ဖယ်သေနတ် အလက်နှစ်ဆယ်ကျော်ကလည်း သူ့ကို စောင့်ကြိုနေခဲ့သည်။
နောက်ဆုံးအနေဖြင့်... စေးကပ်နေသော ကောက်ညှင်းဆန်များစွာလည်း ရှိနေသေး၏။
အကယ်၍ အဘိုးကြီးရန်သာ အသိဥာဏ်မဲ့သော ဖုတ်ကောင်တစ်ကောင် မဟုတ်ခဲ့လျှင် ဤကဲ့သို့ ကံဆိုးမိုးမှောင်ကျလွန်းသော အစပြုမှုအတွက် ဆဲရေးတိုင်းထွာမိပေလိမ့်မည်။
သူသည် သာမန်ဖုတ်ကောင်တစ်ကောင်သာ ဖြစ်ပြီး ဖုတ်ကောင်ဘုရင်တစ်ပါး မဟုတ်ပေ။
“အား... ဖုတ်ကောင်ကြီး....။”
မြင်ကွင်းတစ်ခုလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။ သူရဲဘောကြောင်သော သခင်ကြီးရန်ပင်လျှင် သူ၏သမီးကို ဆွဲကာ စစ်သားများနောက်တွင် ပုန်းအောင်းလိုက်လေသည်။
ဖုတ်ကောင်ကို ကိုယ်တိုင်မမြင်ဖူးခင်အထိ မည်သူမှ မယုံကြည်ခဲ့ကြသော်လည်း တစ်ခါမြင်လိုက်ရသည်နှင့် ဖုတ်ကောင်နှင့်ပတ်သက်သော ကြောက်မက်ဖွယ်ရာ ဒဏ္ဍာရီများမှာ သူတို့၏ ဦးနှောက်ထဲသို့ ချက်ချင်းဝင်ရောက်လာတော့လေသည်။
သေဆုံးသွားသော ဖခင်ထက် မိမိအသက်က ပို၍အရေးကြီးသည်။ ဖုတ်ကောင်တစ်ကောင်က သားအဖတော်စပ်မှုကို ထောက်ထားပြီး သူ့ကို ချန်လှပ်ထားလိမ့်မည်ဟု ထင်ရသည်အထိ ရန်ဖားတစ်ယောက် မရူးမိုက်ချေ။ လက်ချောင်းများလောက် ရှည်လျားသော ထိုအစွယ်များကို ကြည့်ရုံဖြင့် တစ်ချက်အကိုက်ခံရရုံနှင့် သေလောက်အောင် နာကျင်မည်မှာ သေချာပေသည်။
“ချူရှန်း၊ ဝမ်ချိုင် ဟိုဟာကို ယူ...”
ဦးလေးကျိုးက အော်ဟစ်ခိုင်းစေရန် ပြင်လိုက်သော်လည်း သူ၏ တပည့်နှစ်ယောက်မှာ သေနတ်ဖြင့် အချိန်ခံထားရသည်ကို မြင်လိုက်ရလေသည်။
“ဝမ်ကျဲ...”
သူသည် တန်ဝမ်ကျဲကိုသာ လှမ်းကြည့်လိုက်ကာ သူတို့ကို လွှတ်ပေးရန် မျှော်လင့်လိုက်၏။
သို့သော် တန်ဝမ်ကျဲက အထုပ်တစ်ထုပ်ကိုသာ လှမ်းပစ်ပေးလိုက်သည်ကို မြင်လိုက်ရလေသည်။
လွှတ်ပေးရမယ်ဟုတ်လား။ ဒါက ကိုယ့်ကိုယ်ကိုယ် မီးတွင်းထဲ ခုန်ဆင်းသလို ဖြစ်မသွားပေဘူးလား။
တန်ဝမ်ကျဲသည် သူတစ်ပါးအပေါ် တင်းကြပ်လွန်းသော်လည်း မိမိကိုယ်ကိုယ်အပေါ်တွင်မူ အလွန်ပင် လျှော့ပေါ့သူဖြစ်ရာ ထိုကဲ့သို့သောအမှုကို သူ ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။
တန်ဝမ်ကျဲက ပြောလိုက်၏။
“ကျုပ် ဝမ်ချိုင်ကို အကုန်ပြင်ဆင်ခိုင်းထားပြီးသားပါ။ မက်မွန်သားဓား၊ ကြေးပြားဓား၊ အဝါရောင် အင်းစာရွက်တွေ၊ အနီရောင်ကြိုးနဲ့ မှင်ကြိုးတွေ အကုန်ပါပါတယ်။”
ဦးလေးကျိုး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤသည်မှာ သူသည် တန်ဝမ်ကျဲ၏ “ဂရုစိုက်လွန်းမှု” ကို နောက်တစ်ကြိမ်ထပ်မံ၍ သတိပြုမိသွားခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ ၎င်းကို ချီးကျူးစကားအဖြစ်သာ မှတ်ယူလိုက်တော့သည်။ ချူရှန်းနှင့် ဝမ်ချိုင်တို့သာဆိုလျှင် ဤမျှအထိ ကြိုတင်စဉ်းစားမိကြမည် မဟုတ်ပေ။
သို့သော် အထုပ်ထဲမှ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သောအခါ ဦးလေးကျိုး၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားခဲ့၏။
“အလောင်းဖိနှိပ်အင်းစာရွက် မပါဘူးဟ။”
တန်ဝမ်ကျဲက ဝမ်ချိုင်ကို လှမ်းကြည့်လိုက်၏။
“ဒီလောက်ဟာလေးကိုတောင် မင်း ဘယ်လိုလုပ်ပြီး မှားနိုင်ရတာလဲကွ။”
ဦးလေးကျိုး၏ တပည့်များပီပီ အဝေးကနေတောင် သူတစ်ပါးကို ဒုက္ခပေးနိုင်သေး၏။ နောက်တစ်ခါ အလုပ်တစ်ခုခုလုပ်လျှင် သူတို့ကို အရင်ဆုံး မေ့ဆေးကျွေးပြီးမှ လုပ်ရမည်ဟု ထန်ဝမ်ကျဲ တေးထားလိုက်သည်။
“ဦးလေးကျိုး ခင်ဗျားရဲ့လက်ချောင်းကို ကိုက်ပြီး ဖုတ်ကောင်ကို ထိန်းချုပ်ဖို့ အင်းစာရွက် အမြန်ဆွဲလို့ မရဘူးလား။”
“ဒီဖုတ်ကောင်က ရင့်ကျက်နေပြီ။ အချိန်မရှိတော့ဘူး။”
ဦးလေးကျိုးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“မိုးအုံ့နေလို့ နေရောင်မရှိဘူးဆိုပေမယ့် ယန်စွမ်းအင်တွေ အားကောင်းနေတာတောင် သူက ခုန်ထွက်လာနိုင်သေးတယ်။ သူ့ရဲ့ ကျင့်စဉ်က မနိမ့်ဘူး။ သခင်ကြီးရန်နဲ့ ထင်ထင်ကို ကာကွယ်ထား။ သွေးစုပ်ခွင့် မပေးနဲ့။”
ဖုတ်ကောင်သည် မြေပြင်ပေါ် ဆင်းသက်ပြီးနောက် ချက်ချင်း တိုက်ခိုက်ခြင်းမပြုဘဲ ထွက်ပြေးရန်သာ ကြိုးစားလိုက်၏။
သူ့ရှေ့တွင် လူအများအပြား ရှိနေသော်လည်း သူ သွေးမစုပ်နိုင်ချေ။ နေ့ခင်းကြောင်တောင် အချိန်ကြီးက သူ့ကို အလွန်သက်သောင့်သက်သာ မရှိဖြစ်စေပြီး ပုန်းကွယ်စရာ နေရာရှာရန်သာ သူ၏ဗီဇက တွန်းအားပေးနေခဲ့သည်။
“သူ့ကို အလွတ်မပေးနဲ့ ဦးလေးကျိုး...။”
တန်ဝမ်ကျဲက ဦးလေးကျိုးကို တွန့်ဆုတ်နေရန် အခွင့်အရေး မပေးချေ။ လူတိုင်းကို ကာကွယ်ရမည်ဖြစ်ပြီး စကားနားမထောင်သူကို အင်အားသုံး ထိန်းချုပ်ရမည်ဖြစ်၏။ အရင် ရိုက်နှက်မေ့လဲစေပြီးမှ ဆွေးနွေးရပေမည်။
ဤသည်မှာ တပည့်တစ်ယောက်ယောက် ဒဏ်ရာရသွားပြီးနောက် ဦးလေးကျိုးသည် စိုးရိမ်စိတ်ဖြင့် ဖုတ်ကောင်နောက်ကို မလိုက်တော့ဘဲ ဖြစ်သွားမည်ကို ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်။ ထိုသို့သာ ဖြစ်သွားလျှင် ၎င်းမှာ ဖုတ်ကောင်အား အလျင်အမြန် အားကောင်းလာရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သွားပေလိမ့်မည်။
သူတို့နှစ်ဦး ရှေ့ဆင့်နောက်ဆင့် လှုပ်ရှားလိုက်ကြ၏။ ဦးလေးကျိုးသည် အနီရောင်ကြိုးကို သုံးပြီး ဖုတ်ကောင်ကို ချည်နှောင်လိုက်ရာ မီးပွားများ လွင့်စင်သွားပြီး ဖုတ်ကောင်မှာ လဲကျသွားတော့သည်။ သို့သော် ဖုတ်ကောင်၏ ခွန်အားက ကြီးမားလွန်းသဖြင့် ဦးလေးကျိုးပါ မြေပြင်ပေါ်သို့ ဆွဲခေါ်ခံလိုက်ရလေသည်။
လူတစ်ယောက်နှင့် ဖုတ်ကောင်တစ်ကောင်တို့ အနီးကပ် လုံးထွေးသတ်ပုတ်နေခဲ့ကြသည်။
“ဦးလေးကျိုး ကောက်ညှင်းဆန်...။”
တန်ဝမ်ကျဲက ကောက်ညှင်းအိတ်ကို မကာ ပျံသန်းသကဲ့သို့ ပြေးသွားပြီး ဖုတ်ကောင်ပေါ်သို့ တိုက်ရိုက် မှောက်ချလိုက်တော့သည်။
ကောက်ညှင်းဆန်များမှာ ဖုတ်ကောင်နှင့် ထိတွေ့မိသွားသည်နှင့် “ရှဲ” ခနဲ မြည်သံများနှင့်အတူ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာတော့လေသည်။
“အား...”
ထိုမြင်ကွင်းကို ကြည့်ပြီး လူအုပ်ကြီးမှာ ထိတ်လန့်တကြား အော်ဟစ်ကြတော့၏။
မည်သူအနိုင်ရနေသည်ကို သူတို့ မသိကြချေ။ သူတို့သည် တလူလူ တက်လာသော အနက်ရောင်အခိုးအငွေ့ကြီးများကိုသာ မြင်နေရပြီး ၎င်းမှာ အလွန် ကြောက်စရာကောင်းလှပေသည်။
ဖုတ်ကောင်သည် ကောက်ညှင်းဆန်ပုံထဲတွင် ရုန်းကန်နေရပြီး ဦးလေးကျိုးကိုပါ ဆွဲထားဆဲဖြစ်သည်။
တန်ဝမ်ကျဲသည် နောက်လှည့်ပြေးသွားပြီး နောက်ထပ် ကောက်ညှင်းအိတ် တစ်အိတ်နှင့်အတူ ပြန်ရောက်လာကာ ထပ်မံ ပစ်ပေါက်လိုက်ပြန်၏။ သူသည် ဦးလေးကျိုး၏ အခြေအနေကိုပင် ဂရုမစိုက်ဘဲ နှစ်ယောက်လုံးကို ကောက်ညှင်းဆန်များဖြင့် မြုပ်ပစ်လိုက်တော့သည်။
အနက်ရောင်အခိုးအငွေ့များ တဖြည်းဖြည်း ပါးလျသွားကာ ရုန်းကန်သံများလည်း တိုးညှင်းသွားခဲ့သည်။
“ဖူး... ဖူး...”
ဦးလေးကျိုးတစ်ယောက် ကောက်ညှင်းဆန်ပုံကြီးထဲမှ တွားသွားကာ ထွက်လာခဲ့၏။ သူ၏ နှာခေါင်း၊ နားနှင့် ပါးစပ်ထဲသို့ ကောက်ညှင်းဆန်များ အတင်းအကျပ် ဝင်သွားခဲ့လေသည်။
“ပြီးသွားပြီလား။”
တန်ဝမ်ကျဲက အားမရသလို ခံစားလိုက်ရ၏။ဦးလေးကျိုးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“ဒါက ဖုတ်ကောင်ကွ။ ကောက်ညှင်းဆန် နည်းနည်းနဲ့တောင် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်။ ဒါကို မင်းက ပေါင်တစ်ရာကျော် သုံးလိုက်တာဆိုတော့ သူ့မှာ ချက်ချင်း ဒုက္ခိတ ဖြစ်သွားပြီပေါ့ဟ။”
ဤမျှ များပြားသော ပမာဏဖြင့်ဆိုလျှင် ဖုတ်ကောင်သည် လူသွေးစုပ်ထားလျှင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ ယခုမူ သူသည် နေ့ခင်းကြောင်တောင်ကြီး ထွက်လာရသည့်အပြင် အစာလည်း မစားရသေးသဖြင့် အားအနည်းဆုံး အခြေအနေတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
ကောက်ညှင်းဆန်ပုံလေးမှာ အနည်းငယ် လှုပ်ရှားနေသေး၏။ ကောက်ညှင်းဆန်များ ဘေးသို့ ဖယ်သွားသောအခါ အတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သနားစရာကောင်းသော ဖုတ်ကောင်ကြီးမှာ အလောင်းချီများ ကုန်ခမ်းသွားပြီး အရိုးနှင့် အရေပြားသာ ကျန်တော့လေသည်။ ဘေးပတ်ပတ်လည်ရှိ ကောက်ညှင်းဆန်များမှာလည်း အလောင်းချီများကို စုပ်ယူလိုက်သဖြင့် ညိုမည်းကာ စေးကပ်သွားခဲ့ကြသည်။
“ကြက်သားမုန့်ဖက်ထုပ်ကျနေတာပဲ။”
တန်ဝမ်ကျဲက မှတ်ချက်ပြုလိုက်သည်။
ကျန်သည့်လူများ ကြည့်လိုက်တော့လည်း အမှန်တကယ်ပင် မုန့်ဖက်ထုပ်နှင့် တူနေလေသည်။
ဘေးကင်းပြီဆိုမှ ရန်ဖားက အဝေးကနေ လှမ်းမေးရဲတော့လေသည်။
“ဦးလေးကျိုး၊ သူဌေးတန် ကျုပ်အဖေ သူ ဘယ်လိုနေလဲ။”
သူ ပထမဆုံး ခေါင်းတလားထဲက ထွက်လာစဉ်က အလွန်ကြောက်စရာကောင်းလှသော်လည်း အခုတော့ အဘိုးကြီးရန်မှာ အတော်လေး သနားစရာ ဖြစ်နေ ချေပြီ။
“ခင်ဗျားအဖေက ဖုတ်ကောင်ဖြစ်သွားပြီ။”
တန်ဝမ်ကျဲက မက်မွန်သားဓားကို ထုတ်ရင်း ပြောလိုက်၏။
“ကျုပ်တို့ ဒါကို မဖျက်ဆီးပစ်ဘူးဆိုရင် နောက်ကျရင် သူက ခင်ဗျားကို အရင်ဆုံး လာကိုက်သတ်လိမ့်မယ်။ ဖုတ်ကောင်တွေက သူတို့နဲ့ အနီးစပ်ဆုံး သွေးသားတွေကို အရင်ဆုံး ပစ်မှတ်ထားတတ်ကြတယ်။”
ဦးလေးကျိုးကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
“ဝမ်ကျဲ ပြောတာ မှန်တယ်။”
သူသည် တန်ဝမ်ကျဲကို ပို၍ပို၍ သဘောကျလာမိ၏။ အစပိုင်းက သူ၏ အချစ်ဦးဖြစ်သူ အစ်မလျန်နှင့် အကြိုက်ချင်းတူ၍ သဘောကျခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ သူ၏ ပါရမီကို အသိအမှတ်ပြုလာခဲ့ရသည်။ ယခုမူ သူသည် တန်ဝမ်ကျဲ၏ ပြတ်သားသော စရိုက်ကို ပို၍ပင် လေးစားမိလာခဲ့သည်။
အကယ်၍သာ သူသာ မိမိ၏ တပည့်ဖြစ်ခဲ့လျှင်...။
ကံမကောင်းစွာဖြင့်ပင် တန်ဝမ်ကျဲ၏ ကံကြမ္မာမှာ သူ၏ ဆရာများကို ဘေးဒုက္ခပေးမည့် ကံပါနေသည်ကို ဦးလေးကျိုး တွက်ချက်မိထားခဲ့လေသည်။ ဦးလေးကျိုးသည် သေရမှာတို့၊ ကံဆိုးရမှာတို့ကို ကြောက်ရွံ့ခြင်း မဟုတ်ဘဲ သူတို့ကြားတွင် ဆရာတပည့် ရေစက်မပါဟုသာ ခံယူထားခြင်းဖြစ်သည်။
“ဒါ... ဒါ...”
ရန်ဖားသည် တန်ဝမ်ကျဲ နောက်ထပ် ဘာလုပ်လုပ် သူ့တွင် ငြင်းပယ်ပိုင်ခွင့် မရှိမှန်း သိလိုက်တော့လေသည်။
ထို့အပြင် တစ်ဖက်လူက ဖုတ်ကောင်ကို နှိမ်နင်းပေးခြင်းဖြင့် ကိုယ်ကျင့်တရားအရ အသာစီး ရထားခဲ့ပြီးဖြစ်သည်။ ခုနက ဦးလေးကျိုးအပြင် တန်ဝမ်ကျဲကသာ ရှေ့ဆုံးကနေ ပြေးဝင်ပေးခဲ့ခြင်းဖြစ်ပေသည်။ ဦးလေးကျိုး၏ တပည့်နှစ်ယောက်မှာမူ လှုပ်ပင်မလှုပ်ရဲဘဲ ပုန်းနေကြသည် မဟုတ်ပါလား။
ချူရှန်းနဲ့ ဝမ်ချိုင် : ငါတို့ကို သေနတ်နဲ့ ချိန်ထားတာလေ၊ ဘယ်သူက လှုပ်ရဲမှာလဲဟ။
“စိတ်မပူပါနဲ့ ဦးလေးရန်။ ဘယ်သတ္တဝါမဆို အတိုက်ခိုက်ခံရရင် နာကျင်မှုနဲ့ ကြောက်ရွံ့မှုကို ခံစားရတတ်ပေမယ့် ဖုတ်ကောင်တွေကတော့ နာကျင်မှုကို မသိကြဘူး။ ခင်ဗျားအဖေ သွားတဲ့အခါ ဘာနာကျင်မှုကိုမှ ခံစားရမှာ မဟုတ်ပါဘူး။”
လူအုပ်ကြီးသည် တုန်တုန်ရီရီ ဖြစ်နေသော အဘိုးကြီးရန်ကို ကြည့်ပြီး တန်ဝမ်ကျဲ၏ စကားကို အတော်လေး သံသယဝင်သွားခဲ့ကြ၏။
ခေါင်းတလားထဲက ခုန်ထွက်လာကတည်းက အဘိုးကြီးရန်မှာ ဘာမှမလုပ်နိုင်ခဲ့ချေ။ အရိုက်ခံရလိုက်၊ ကောက်ညှင်းဆန်နဲ့ အမြုပ်ခံရလိုက်ဖြင့် ထွက်ပြေးဖို့သာ ကြိုးစားနေခဲ့ရချေသည်။ သူက ကြောက်ပုံမရဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
တန်ဝမ်ကျဲသည် မက်မွန်သားဓားကို လက်နှစ်ဖက်ဖြင့် မြဲမြဲဆုပ်ကိုင်ကာ ဖုတ်ကောင်၏ ဦးခေါင်းထဲသို့ တိုက်ရိုက် ထိုးစိုက်ပစ်လိုက်တော့လေသည်။
ပူနေသော ဓားက ဝက်ဆီခဲကို လှီးသကဲ့သို့ ဖုတ်ကောင်၏ဦးခေါင်းထဲသို့ အလွယ်တကူပင် တိုးဝင်သွားခဲ့တော့၏။
[အတွေ့အကြုံ ရရှိမှု : ၅၀]
များလှချည်လား။
အတွေ့အကြုံရရှိမှုသည် ခွန်အားအပေါ်တွင်သာမက အခြားအချက်များအပေါ်တွင်လည်း မူတည်နေသည်ဟု သူ ခံစားလိုက်ရသည်။ မဟာအနက်ရောင်ဗုဒ္ဓမယ်တော်သည် အားအနည်းဆုံး နတ်ဆိုးဟု ဆိုသော်လည်း ဤဖုတ်ကောင် အဘိုးကြီးရန်ထက်မူ အဆပေါင်းများစွာ သာလွန်ပေသည်။
သူ အဖြေရှာမရသော်လည်း အရေးမကြီးချေ။ အကျိုးအမြတ် ရနေသရွေ့ သူ ပျော်ပါသည်။
သူ၏ အဓိက ရည်ရွယ်ချက်မှာ ဖုတ်ကောင်ကို သတ်လျှင် အတွေ့အကြုံ ရ၊ မရ စမ်းသပ်ရန်သာ ဖြစ်သည်။
တန်ဝမ်ကျဲသည် အမျိုးသမီးတစ္ဆေ ရှောင်ယွီဆီကို သွားပြီး “သဘောထားရေးရာ အလုပ်” များ ထပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ သူမ၏ သတင်းကွန်ရက်က အမှန်တကယ်ကို အရေးကြီးလှပေသည်။
အလောင်းကို ထိုနေရာမှာပင် မီးသင်္ဂြိုဟ်လိုက်ကြသည်။
ဦးလေးကျိုး အံ့သြသွားသည်မှာ တန်ဝမ်ကျဲသည် လိုက်ချီးသားများကိုပင် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ သူသည် ဖုတ်ကောင်ကို ယာယီနှိမ်နင်းပြီးကြောင်း အတည်ပြုပြီးသည်နှင့် ထိုသစ်သားများကို တောင်ပေါ်သို့ ချက်ချင်း သယ်လာခိုင်းတော့သည်။
ဒါကတော့... အရမ်းဂရုစိုက်လွန်းသွားပြီ။
ထို့နောက် သင်္ချိုင်းနေရာရွှေ့ပြောင်းခြင်း အလုပ်ကို ဆက်လက် လုပ်ဆောင်ကြ၏။
ဖုန်းရွှေသဘောအရ အလောင်း သို့မဟုတ် အရိုးပြာကို မြှုပ်နှံခြင်းမှာ အတူတူပင် ဖြစ်သည်။ ရန်ဖားသည် ယခင်က မီးသင်္ဂြိုဟ်ရန် ငြင်းဆိုခဲ့သည်မှာ သူ့ဖခင် သက်ရှိထင်ရှားရှိခဲ့စဉ်က မီးကို အလွန်ကြောက်သောကြောင့်ပင်။ သို့သော် ယခုအခါ ဖခင်မှာ ဖုတ်ကောင် ဖြစ်သွားပြီဖြစ်ရာ မီးရှို့လိုက်ခြင်းကသာ အကောင်းဆုံးပင်။
မိဘအပေါ်ထားရမည့် သားသမီးဝတ္တရားဆိုသည်မှာ သူတစ်ပါးမြင်စေရန်သာ ပြုမူခြင်းဖြစ်ပြီး သူက တစ်ကြိမ်ပြုမူပြီးပြီဖြစ်သည်။ ယခုမူ မိမိအသက်က ပို၍အရေးကြီးပေသည်။
ထို့နောက်တွင် အရာအားလုံး ပုံမှန်အတိုင်းပင် ပြီးဆုံးသွားခဲ့သည်။
မွန်းလွဲပိုင်းတွင် ရန်ဖားသည် လူတိုင်းကို ကျေးဇူးတုံ့ပြန်ရန် ထမင်းကျွေးမွေးခဲ့၏။
“အဓိက အစားအစာက ဘာလဲ။”
“ကောက်ညှင်းဆန်လေ။”
“အား...ဝေါ့...။”