← Chapters

အားဝေက သူ့ဝမ်းကွဲညီမကို ချစ်ပါတယ်...ဒါပေမယ့် ဘယ်သူဖြစ်မှရမယ်ဆိုတာမျိုးတော့ မရှိဘူး

Vol. 4 Ch. 32

အားဝေက သူ့ဝမ်းကွဲညီမကို ချစ်ပါတယ်...ဒါပေမယ့် ဘယ်သူဖြစ်မှရမယ်ဆိုတာမျိုးတော့ မရှိဘူး

Vol. 4 Ch. 32

တန်ဝမ်ကျဲသည် ချူရှန်းနှင့် ဝမ်ချိုင်တို့အနားတွင် ထိုင်ကာ စကားစမြည် ပြောနေခဲ့၏။ ဝမ်ချိုင်၏ ပြောပြချက်အရ သူတို့၏ ဂျူနီယာဆရာဦးလေးဖြစ်သူ လေးလုံးဆရာကြီးမှာ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

တန်ဝမ်ကျဲသည် ထိုဆရာကြီးထံမှ ဘာတွေများ သင်ယူနိုင်မလဲဆိုသည်ကို အတော်လေး မျှော်လင့်နေမိခဲ့လေသည်။

“သူဌေးတန်။”

ထိုစဉ် ရုပ်ဆိုးဆိုးနှင့် လူတစ်ယောက်က သူ့ဘေးသို့ ကပ်လာခဲ့သည်။

“ခင်ဗျားက...”

“ကျုပ်က ရန်ကျားမြို့ရဲ့ ရဲတပ်ဖွဲ့မှူးပါ။ သခင်ကြီးရန်က ကျုပ်ရဲ့ ဦးလေးတော်ပါတယ်။ ထင်ထင်ကတော့ ကျုပ်ရဲ့ ဝမ်းကွဲညီမလေးပေါ့။ ကျုပ်ကို အားဝေလို့ပဲ ခေါ်လို့ရပါတယ်။”

“ဟုတ်ကဲ့...တွေ့ရတာ ဝမ်းသာပါတယ်။”

တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်သည်။

ဆိုတော့ ဒါက “ကြည့်ရတာ သူရဲဘောကြောင်ပုံပေါက်ပေမဲ့ တကယ့်အရေးကြုံလာရင် ရှေ့ထွက်ရဲတဲ့” တပ်ဖွဲ့မှူး အားဝေပေါ့။

ရန်ကျားမြို့ကို ရောက်ကတည်းက အားဝေက သူ့ကို ရှောင်ဖယ်နေခဲ့ခြင်းဖြစ်သည်။ ယနေ့မှ အားဝေ သူ့ကို အရင်လာနှုတ်ဆက်လိမ့်မည်ဟု သူ မထင်ထားမိခဲ့ချေ။

အားဝေက သူ့ကို လာပြီး အစွမ်းပြဖို့အတွက် ဒါမှမဟုတ် ထင်ထင်အတွက် လာပြီး ပြိုင်ဆိုင်နေတာလား။

တန်ဝမ်ကျဲသည် ထိုသို့ အချင်းများရလျှင် ပြန်ပြောရမည့် စကားလုံးများကိုပင် စဉ်းစားထားလိုက်သည်။

“ကျုပ်ဦးလေးရဲ့ မိသားစုကို ကူညီပေးတဲ့အတွက် သူဌေးတန်ကို ကျေးဇူးတင်ပါတယ်။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ဝိုင်တစ်ခွက်လောက် သောက်ပေးပါဦး။ ကျုပ်ကတော့ အကုန်သောက်ပါ့မယ်။ သူဌေးကတော့ အဆင်ပြေသလို သောက်ပါ။”

ထို့နောက် အားဝေသည် ဖန်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်ပြီး နောက်တစ်ခွက် ထပ်ငှဲ့လိုက်ပြန်သည်။

သူသည် ပြဿနာရှာမည့်ပုံ မပေါ်သဖြင့် ကိစ္စက ချက်ချင်းပင် စိတ်ဝင်စားစရာ မကောင်းတော့ပေ။

“တပ်ဖွဲ့မှူးအားဝေ ကျုပ် ဘာများ ကူညီပေးရမလဲ။”

တန်ဝမ်ကျဲက မေးလိုက်သည်။

“ဟီးဟီး...မဟုတ်တာ၊ မဟုတ်တာ။”

“အင်း ကောင်းပြီလေ။ ဒါဆို ကျုပ် ဦးလေးကျိုးဆီသွားပြီး တစ်ခွက်သွားသောက်လိုက်ပါဦးမယ်။”

တန်ဝမ်ကျဲက ထရပ်ရန် ပြင်လိုက်၏။

“ခဏနေပါဦး...။ တကယ်တော့ ကိစ္စလေးတစ်ခုတော့ ရှိပါတယ်။”

အားဝေက လက်ညှိုးလေး တစ်ချောင်း ထောင်ပြလိုက်လေသည်။

“ကိစ္စသေးသေးလေးပါ။ သူဌေးမှာ ပြည်နယ်မြို့တော်က အဆက်အသွယ်တွေ ရှိတယ်လို့ ကျုပ် ကြားထားလို့။”

“မရှိပါဘူး။”

တန်ဝမ်ကျဲက ချက်ချင်း ခေါင်းခါလိုက်၏။

သူ၏အဆက်အသွယ်များမှာ ငွေပေါ်တွင်သာ အခြေခံထားခြင်းဖြစ်သည်။ ငွေမရှိလျှင် ထိုအရာများမှာ ချက်ချင်း ပျောက်ကွယ်သွားပေလိမ့်မည်။ သူ့ကို အဆက်အသွယ် သုံးခိုင်းခြင်းမှာ သူ့ငွေကို သုံးခိုင်းခြင်းနှင့် အတူတူပင်။ သူ့ကို သိသူတိုင်းက သူသည် အလွန်ဆင်းရဲပြီး ဒေသခံမြေပိုင်ရှင်လေး တစ်ဦးသာဖြစ်ကြောင်း သိကြပေသည်။

“ဒီလိုပါ...။ ကျုပ်မှာ နောက်ထပ် ဝမ်းကွဲညီမ တစ်ယောက် ရှိပါသေးတယ်...”

“ထင်ထင်လား။”

“ထင်ထင် မဟုတ်ပါဘူး။ လုံးဝကို မဟုတ်ပါဘူး။”

အားဝေက လက်ကို ခါယမ်းပြလိုက်သည်။

“ကျုပ်မှာ တခြား ဝမ်းကွဲညီမတွေ ရှိပါသေးတယ်။ အဲ့ဒီတစ်ယောက်ကို ကျုပ် မြင်မြင်ချင်း ချစ်မိသွားခဲ့တာ။ ဒါပေမဲ့ သူမက နည်းနည်း စည်းရိုးမြင့်နေလို့။ သူဌေးတန်... အထင်မလွဲပါနဲ့။ ထင်ထင်ဆိုတာက ကျုပ်နဲ့ သိပ်မရင်းနှီးတဲ့ ညီမလေးတစ်ယောက်ပါပဲ။ သူမအပေါ်မှာ ကျုပ် ဘာရည်ရွယ်ချက်မှ မရှိပါဘူး။”

တန်ဝမ်ကျဲ အားဝေအား အံ့တသြကြီး ကြည့်လိုက်မိ၏။ အားဝေသည် လောဘကြီးပြီး နှာဗူးကျရုံတင် မဟုတ်ဘဲ ဝမ်းကွဲညီမများအပေါ်၌သာ အထူးတလည် စိတ်ဝင်စားသူ ဖြစ်နေခဲ့လေသည်။ သူသည် အနီးအနားက မြက်အား စားရခြင်းကိုသာ ခုံမင်သူဖြစ်သည်။ ဝမ်းကွဲညီမ တစ်ယောက်နဲ့ မရလျှင် နောက်တစ်ယောက်ကို ပြောင်းလိုက်ရုံပင်။

ချူရှန်းနှင့် ဝမ်ချိုင်တို့သည်လည်း နားစွင့်လိုက်ကြ၏။ ဤသည်မှာ အတော်လေး ဖျော်ဖြေမှုပေးမည့် သတင်းထူးပင်။

တန်ဝမ်ကျဲက ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူလည်း စိတ်ဝင်စားသွားဟန်ဖြင့် “ဆက်ပြောပါဦး” ဟု ဆိုလိုက်၏။

အားဝေ၏ မူလ ပထမဦးစားပေးမှာ ထင်ထင်ဖြစ်သော်လည်း ထင်ထင်က တန်ဝမ်ကျဲနှင့် နေ့တိုင်း အတူရှိနေခဲ့သည်။ အားဝေသည် တန်ဝမ်ကျဲကို မြင်တိုင်း ကြောင်ကို မြင်သည့် ကြွက်ကဲ့သို့ ရှောင်ဖယ်နေခဲ့ရ၏။ အတော်လေး စဉ်းစားပြီးနောက်တွင် အားဝေသည် အခြားသော ဝမ်းကွဲညီမ တစ်ယောက်ကို ပြောင်းလဲ လိုက်စားရန်သာ ဆုံးဖြတ်လိုက်တော့ခြင်း ဖြစ်လေသည်။

ဤနောက်ထပ် ဝမ်းကွဲညီမမှာ ကိုင်တွယ်ရ အတော်ခက်လှ၏။ အတိုချုပ် ပြောရလျှင် သူမသည် အပြင်ပန်း ဂုဏ်ပကာသနကိုသာ မက်မောသူဖြစ်ပြီး အားဝေသာ သူမကို အနိုင်ယူချင်လျှင် မျက်နှာပွင့်စရာ တစ်ခုခု လုပ်ပြရန် လိုအပ်ပေလိမ့်မည်။

“ဒါက ရိုးရှင်းပါတယ်။ ခင်ဗျားရဲ့ ညီမလေးက လန်ကွေ့ဖန်းဇာတ်အဖွဲ့ကို ကြိုက်လား။ ကျုပ်က ဇာတ်အဖွဲ့ခေါင်းဆောင်နဲ့ တော်တော်လေးရင်းနှီးတယ်။ မကြာသေးခင်ကပဲ စာနဲ့ အဆက်အသွယ်ရှိခဲ့သေးတယ်။ လန်ကွေ့ဖန်းက ပြည်နယ်မြို့တော်က လီယွမ်ပြဇာတ်ရုံမှာ ကပြနေတာလေ။ တပ်ဖွဲ့မှူးအားဝေ... ခင်ဗျား ညီမလေးကို အဲ့ဒီကို ခေါ်သွားလိုက်ပေါ့။ သင်္ဘောစီးမယ်၊ ပြဇာတ်ကြည့်မယ်၊ ပြီးရင် အနောက်တိုင်း အစားအစာ စားမယ်။ ဒါဆို အတော်လေး ရိုမန့်တစ် ဆန်သွားတာပေါ့။”

“ကျေးဇူးတင်ပါတယ် သူဌေးတန်။”

အားဝေမှာ အလွန်ပင် ဝမ်းသာသွားခဲ့၏။

အားဝေ ထွက်သွားပြီးနောက် ချူရှန်းနှင့် ဝမ်ချိုင်တို့က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြလေသည်။

“လန်ကွေ့ဖန်းလား။ အစ်ကိုကျဲ ကျုပ်တို့လည်း သူတို့ကို ကြိုက်တယ်။”

“ကြိုက်ရင် လက်မှတ်သွားဝယ်ကြလေ။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

အားဝေက တကယ်တမ်းတွင် အကူအညီတောင်းရန် ရောက်ရှိလာခဲ့ခြင်းမဟုတ်ဘဲ သူ ထင်ထင်ကို နောက်ထပ် မပတ်သက်တော့ကြောင်းနှင့် တန်ဝမ်ကျဲ အထင်မလွဲစေရန် လာရောက်ပြောပြခြင်းသာ ဖြစ်ကြောင်း သူ သိလိုက်၏။

ဒါက သူ့ကိုယ်သူ အမျိုးသားများကို အနိုင်ကျင့်ပြီး အမျိုးသမီးမျာကို ဆွဲစိတတ်သည့် ဗီလိန်သခင်လေး တစ်ယောက်လို ခံစားရစေခဲ့သည်။ သူ့ကို သိသူတိုင်းက သူသည် မိန်းကလေးများကို ဆွဲဆောင်ရန် သူ၏ကိုယ်ပိုင် ကျက်သရေကိုသာ အသုံးပြုကြောင်း သိကြပေလိမ့်မည်။

ညစာစားပြီးနောက် တန်ဝမ်ကျဲသည် ထင်ထင်နှင့် နျန်ယင်းတို့၏ လမ်းလျှောက်ထွက်ရန် ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်လေသည်။ ထိုမိန်းကလေး နှစ်ယောက်မှာ ယနေ့ အတော်လေး ထိတ်လန့်သွားခဲ့ရ၏။ ဖုတ်ကောင်ဆိုသည်မှာ ကြောက်စရာကောင်းပြီး သူတို့အတွက် အဖော်လိုအပ်နေပေသည်။

သို့သော် သူ မလိုက်နိုင်ချေ။

ဦးလေးကျိုးသည် ယနေ့တွင် သူ့ကို ကျင့်စဉ်လမ်းညွှန်ပေးရန် အလွန် စိတ်အားထက်သန်နေသလို တာအိုဆရာကြီးလေးလုံးကလည်း မနက်ဖြန် သို့မဟုတ် သန်ဘက်ခါတွင် ရောက်ရှိလာတော့မည် ဖြစ်သည်။ တန်ဝမ်ကျဲသည် ထိုဆရာကြီးကို အမိဖမ်းရန် ဤနေရာတွင် ရှိနေရပေလိမ့်မည်။

ထိုမိန်းကလေး နှစ်ယောက်ပေါင်းလျှင်ပင် ဦးလေးကျိုး တစ်ယောက်တည်းလောက် တန်ဝမ်ကျဲအတွက် ဆွဲဆောင်မှု မရှိချေ။ ယခုမူ ဦးလေးကျိုးအပြင် တာအိုဆရာကြီးလေးလုံးပါ ရှိနေပြီ ဖြစ်သည်။

လှပတဲ့ မိန်းကလေးတွေက ဘာလုပ်ရမှာလဲ။ အပေါ်ယံတွေပဲ။

ယောက်ျားစစ်စစ်ဆိုရင် ဦးလေးကျိုးကိုပဲ ပိုချစ်ရမယ်။

ထိုည၊ ရင်ခွဲရုံ၌...။

[လင်းဖုန်းကျောက်၏ ကြိုးစားအားထုတ်စွာ လမ်းညွှန်မှုအောက်တွင် သင်၏ ‘ဓားလက်ချောင်း’ ကျွမ်းကျင်မှုမှာ လျင်မြန်စွာ တိုးတက်လာပါသည်။ လက်ရှိအဆင့်: အဆင့် ၂။]

[ဓားလက်ချောင်း အဆင့် (၁/၂၅၀)၊ မန်နာ သုံးစွဲမှု: ၂]

ကျွမ်းကျင်မှု အဆင့်တက်သွားသည်နှင့် တန်ဝမ်ကျဲ သူ၏လက်ချောင်းကို ညွှန်လိုက်ရာ အဝေးက စားပွဲပေါ်ရှိ ဖယောင်းတိုင်အနီမှာ “ဗုန်း” ခနဲ အသံနှင့်အတူ လဲကျသွားတော့သည်။

ထိုအခါ တန်ဝမ်ကျဲက ဝမ်ချိုင်ကို ကြည့်ပြီး ပြောလိုက်၏။

“ဝမ်ချိုင် ငါ့ကို ကူညီပေးပါဦး။”

ဝမ်ချိုင်မှာ မျက်နှာကြီးတစ်ခုလုံး ရှုံ့မဲ့သွားခဲ့လေသည်။

“အစ်ကိုကျဲ...ကျေးဇူးပြုပြီး မလုပ်ပါနဲ့ဗျာ။”

ဝမ်ချိုင်က လိုအပ်သည့်အချိန်ဆို အတော်လေး ပါးနပ်တတ်ပေသည်။

“ငါ့ကို ကူညီရင် မနက်ဖြန်ကျရင် ငါ မင်းကို လက်ဖက်ရည် လိုက်တိုက်မယ်ကွာ။ ရန်ကျားမြို့က အခု အတော်လေး တိုးတက်နေတာနော်။ ကော်ဖီဆိုင်တွေတောင် အများကြီး ဖွင့်နေပြီ။”

တန်ဝမ်ကျဲက ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ပြောလိုက်၏။

“သူတို့ဆီမှာ ကိတ်မုန့် တွေတောင် ရှိတယ်လို့ ငါကြားထားတယ်။”

“အစ်ကိုကျဲ ကိတ်မုန့်ဆိုတာ ဘာလဲ။”

ဝမ်ချိုင် အမှန်တကယ် စိတ်ဝင်စားသွားခဲ့သည်။

အနားတွင် လက်ဖက်ရည် သောက်နေသော ဦးလေးကျိုးသည်လည်း တိတ်တဆိတ် နားစွင့်လိုက်၏။

ကိတ်မုန့်လား။ ထူးဆန်းတဲ့ နာမည်ပဲ။ နိုင်ငံခြားသားတွေက တကယ်ကို ဆန်းဆန်းပြားပြားတွေ ကြိုက်ကြတာပဲ။

သို့သော် သူလည်း နားထောင်ထားသင့်သည်။

ဗဟုသုတ တိုးတယ်လေ။ နောက်တစ်ခါ အနောက်တိုင်း စားသောက်ဆိုင် သွားရင် သူလည်း ကိတ်မုန့် မှာစားလို့ ရတာပေါ့။

“ဒါက မွေးနေ့တွေမှာ စားတဲ့ အနောက်တိုင်း လမုန့်လိုမျိုးပဲ။”

“အစ်ကိုကျဲ မနက်ဖြန် အစ်ကို့မွေးနေ့လား။”

“ငါ့ မွေးနေ့ မဟုတ်ပါဘူး။”

ထန်ဝမ်ကျဲက ခေါင်းခါလိုက်သည်။

“မွေးနေ့ မဟုတ်ဘဲနဲ့ လမုန့် စားလို့ရလို့လား။”

ဝမ်ချိုင်သည် သူဌေးများ၏ ပူပင်ကြောင့်ကြမှုကင်းမဲ့သည့် ဘဝကို အားကျမိပေသည်။ သူနှင့်မတူဘဲ သူတို့မှာ ရသမျှ မုန့်ဖိုးတောင် အသိမ်းခံရတာ မဟုတ်ပါလား။

“မင်း စားချင်လား။”

ထန်ဝမ်ကျဲက မေးလိုက်သည်။

“ဒါပေါ့...သေချာပေါက် စားချင်တာပေါ့ဗျ။”

ဝမ်ချိုင်က ခေါင်းကို တရစပ် ငြိမ့်ပြလိုက်၏။

“ဒါဆို ငြိမ်ငြိမ်ရပ်နေ။ ငါ မင်းကို ဂရုမစိုက်ဘူးလို့ မပြောနဲ့ဦး။ မင်းကိုယ်မင်း ကာကွယ်ဖို့ ပန်းကန်ပြား တစ်ချပ် သုံးလိုက်။”

တန်ဝမ်ကျဲက အနားရှိ ပန်းကန်ပြား တစ်ချပ်ကို ကောက်ယူကာ ဝမ်ချိုင်အား ပစ်ပေးလိုက်လေသည်။

“အစ်ကိုကျဲ...ဖြည်းဖြည်းလေး လုပ်နော်။”

ဝမ်ချိုင်သည် ပန်းကန်ပြားကို ကိုင်ကာ သူ့ခေါင်းကို ကာရန် ပြင်လိုက်သော်လည်း ထန်ဝမ်ကျဲ၏ အကြည့်က သူ့ပေါင်ကြားဆီသို့ ရောက်သွားသည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားပြီး ပန်းကန်ပြားဖြင့် သူ၏ဆီးခုံကို ချက်ချင်း ကာကွယ်လိုက်တော့လေသည်။

“စိတ်မပူပါနဲ့...ခဏလေးပါ။”

တန်ဝမ်ကျဲက နောက်ကို ဆုတ်လိုက်ပြီး ရုတ်တရက် လှည့်ကာ ဝမ်ချိုင်၏ မျက်ခုံးနှစ်ခုကြားသို့ လေထဲမှတစ်ဆင့် လက်ညှိုးဖြင့် ထိုးလိုက်တော့လေသည်။ ဝမ်ချိုင်က “အား” ခနဲ အော်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရ၏။

“ဘယ်လိုနေလဲ။”

ထန်ဝမ်ကျဲက မေးလိုက်သည်။

“နည်းနည်းတော့ နာတယ်။ တစ်ယောက်ယောက်က လက်ချောင်းနဲ့ တောက်လိုက်သလိုပဲ။”

တန်ဝမ်ကျဲသည် မသေမျိုးဆရာကြီးချန်၏ အဆင့်သို့ ရောက်ရန် အလှမ်းဝေးနေသေးကြောင်း သိလိုက်လေသည်။ ဆရာကြီးချန်၏ တိုက်ကွက်မှာ လက်သီးနှင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားရခြင်းဖြစ်သည်။ သို့သော် အကွာအဝေးနှင့် အစွမ်းကတော့ တိုးတက်လာပြီဖြစ်သည်။

ကျွမ်းကျင်မှု အဆင့်တက်သွားသဖြင့် မန်နာ သုံးစွဲမှုမှာလည်း များပြားလာခဲ့သည်။ ထိုအရာမှာ ကောင်းလား၊ ဆိုးလား ဆိုသည်ကို ပြောရခက်လှပေသည်။အကယ်၍သာ စမ်းသပ်ဖို့ တစ္ဆေတစ်ကောင်လောက် ရှိလျှင် အတော်လေး ကောင်းပေမည်။

“အစ်ကိုကျဲ...ဟို အနောက်တိုင်း လမုန့်ကလေ.. မနက်ဖြန် တကယ် သွားစားမှာလား။”

ဝမ်ချိုင်က နီရဲသွားသော သူ့နဖူးကို ပွတ်ရင်း မေးလိုက်၏။

“ငါ နျန်ယင်းနဲ့ ထင်ထင်ကို ခေါ်သွားမလို့။ မင်း လိုက်ချင်လား။”

“ဒါပေါ့ လိုက်မယ် လိုက်မယ်။”

တန်ဝမ်ကျဲက ဦးလေးကျိုးကို ကြည့်လိုက်သည်။ ဦးလေးကျိုး ရှိနေတုန်း သူ၏ ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ရန် အခွင့်အရေး ယူရပေမည်။

“အင်း...မင်း ဆက်သင်ဦးမလား။”

ဦးလေးကျိုးက ပျင်းကြောဆန့်ရင်း သူ အနည်းငယ် ပင်ပန်းနေပြီဖြစ်ကြောင်း ပြလိုက်ပြီး တန်ဝမ်ကျဲ တတ်မြောက်ထားသော အင်းစာရွက် အတတ်ပညာများထဲမှ တစ်ခုကို ကျပန်း ရွေးချယ်လိုက်သည်။

“မီးထိန်းချုပ်ခြင်းလား။”

ဦးလေးကျိုးရဲ့ သဘောထားက ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ။ ခုနလေးတင်က အတော်လေး သဘောကောင်းနေခဲ့တာ မဟုတ်ဘူးလား။

“ဟုတ်တယ်။ ‘မိုးကြိုးလက်ဝါး’ က သင်ရတာ အရမ်း ခက်ခဲသလို ခန္ဓာကိုယ်အပေါ်မှာလည်း ထိခိုက်မှု အများကြီးရှိတယ်။ ဒါပေမဲ့ ‘မီးထိန်းချုပ်ခြင်း’ အင်းတွေကတော့ အဲ့လို မဟုတ်ဘူး။”

ဦးလေးကျိုးက လေးလေးနက်နက် ရှင်းပြနေသော်လည်း တန်ဝမ်ကျဲက သူ့ကို အနောက်တိုင်း လမုန့် စားရန် မဖိတ်ခေါ်၍ စိတ်ကောက်နေခြင်း မဟုတ်ကြောင်း စိတ်ထဲကနေ အလေးအနက် ပြောနေခဲ့လေသည်။

“အဲ့ဒါလည်း ရပါတယ်။”

တန်ဝမ်ကျဲက ခေါင်းညိတ်လိုက်သည်။ သူ့အတွက် ဘာပဲဖြစ်ဖြစ် အတူတူပင်။ တစ်ယောက်ယောက်က သင်ပေးလျှင် သူက သင်ယူလိုက်ပေမည်။ သူက အစားရွေးသူ မဟုတ်ချေ။

ထို့အပြင် မိုးကြိုးလက်ဝါးသည် အစွမ်းထက်သော်လည်း မန်နာ သုံးစွဲမှု များပြားခြင်း၊ လက်ချောင်းကို ကိုက်ဖောက်ရခြင်းနှင့် သက်တမ်းကို လျော့နည်းစေခြင်းတို့ ရှိချေသည်။ ၎င်းကို သင်ယူရန်မှာ အမှန်တကယ်ပင် အန္တရာယ်များလှသည်။

လူတိုင်း သိကြသည့်အတိုင်း အသက် (HP) ဆိုသည်မှာ အခြေအနေ နှစ်ခုသာ ရှိ၏။ ရာနှုန်းအပြည့်ရှိခြင်း သို့မဟုတ် အရေးပေါ် အခြေအနေဖြစ်ခြင်း တို့ဖြစ်သည်။ ၉၉% ပင်လျှင် ‘အရေးပေါ် အခြေအနေ’ အောက်တွင် ကျရောက်နေပြီဖြစ်သည်။

သူသည် သူ၏အသက် (HP) နည်းသွားမည်ကို အလွန် ကြောက်ရွံ့တတ်သူ ဖြစ်ပေသည်။

All Chapters