← Chapters

ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ဆရာကြီးက ကာယဗလမောင်လား။

Vol. 4 Ch. 33

ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ဆရာကြီးက ကာယဗလမောင်လား။

Vol. 4 Ch. 33

[လင်းဖုန်းကျောက်၏ ဂရုတစိုက် လမ်းညွှန်မှုအောက်တွင် ‘မီးထိန်းချုပ်ခြင်း’ အတွေ့အကြုံ +၂]

[လင်း... အောက်တွင် ‘မီးထိန်းချုပ်ခြင်း’ အတွေ့အကြုံ +၃]

[သင်... ‘မီးထိန်းချုပ်ခြင်း’ အတွေ့အကြုံ +၃]

ဦးလေးကျိုးက စိတ်ပါလက်ပါ သင်ကြားပေးနေပြီး တန်ဝမ်ကျဲမှာ သင်ယူနေစဉ်အတွင်း လက်ကိုပင် လှုပ်ရှားရန် မလိုဘဲ သီအိုရီပိုင်းဆိုင်ရာ အသိပညာများကို နားထောင်ပြီး အလေးအနက် ခွဲခြမ်းစိတ်ဖြာရုံဖြင့် အတွေ့အကြုံများ ရရှိနေခဲ့သည်။

တန်ဝမ်ကျဲသည် ဦးလေးကျိုး၏ စောစောက ပြောသည့်စကားအပေါ် အနည်းငယ် သံသယဝင်လာမိလေသည်။ ‘မိုးကြိုးလက်ဝါး’ ကို သင်ယူလျှင် ခန္ဓာကိုယ် ထိခိုက်မည်ဟု ဆိုကာ သင်ပေးရန် ငြင်းဆိုခဲ့သည်မှာ ဦးလေးကျိုးက သူ့အပေါ် တစ်ခုခုကို စိတ်ကောက်နေ၍များလား။ ထိုသို့တော့လည်း မဖြစ်နိုင်တန်ရာ။

ခုနလေးတင် သူ မြင်လိုက်ရသည်မှာ ဝမ်ချိုင်ကို ‘ဓားလက်ချောင်း’ နှင့် ထိုးလိုက်စဉ်က ဦးလေးကျိုးမှာ အပျော်ရွှင်ဆုံး ရယ်မောနေခဲ့သည် မဟုတ်ပါလား။

[သင်၏ ‘မီးထိန်းချုပ်ခြင်း’ နားလည်မှုမှာ အတားအဆီးတစ်ခုသို့ ရောက်ရှိနေပါသည်။ သင် ဆက်လက်သင်ယူရန် ကြိုးစားသော်လည်း ဘာမှ ရရှိခြင်းမရှိပါ။]

တန်ဝမ်ကျဲသည် အဆင့်တက်ရန် အတွေ့အကြုံ ၁ မှတ်သာ လိုတော့သည့်အချိန်တွင် မည်မျှပင် လေ့လာလေ့ကျင့်ပါစေ ရှေ့ဆက်တိုး၍ မရတော့ကြောင်း တွေ့ရှိလိုက်ရလေသည်။ သူ့အတွက် “ဥာဏ်အလင်းပွင့်မှု” တစ်ခုခု လိုအပ်နေပုံပင်။

ပညာသင်ကြားရာတွင် ဥာဏ်အလင်းပွင့်မှု လိုအပ်ပေသည်။ ဇွတ်မှိတ်ပြီး ကြိုးစားနေခြင်းက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ဦးလေးကျိုးသည်လည်း ထန်ဝမ်ကျဲ၏ အခြေအနေကို ရိပ်မိလိုက်ပုံပင်။

“ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြတာပေါ့...။”

နှမြောတွန့်တိုတတ်သော တန်ဝမ်ကျဲသည် နောက်ဆုံးတွင် အတွေ့အကြုံ ၁ မှတ်ကို ထုတ်ယူကာ ‘မီးထိန်းချုပ်ခြင်း’ ကျွမ်းကျင်မှုထဲသို့ ပေါင်းထည့်လိုက်တော့လေသည်။

ချက်ချင်းပင် သူ၏ အသိစိတ်မှာ ရုတ်တရက် ကြည်လင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ယခင်က နားမလည်ခဲ့သော အစိတ်အပိုင်းများမှာ ချက်ချင်းပင် ရှင်းလင်းသွားတော့လေသည်။

[သင်၏ ‘မီးထိန်းချုပ်ခြင်း’ ကျွမ်းကျင်မှုမှာ အဟုန်အရှိန်ဖြင့် တိုးတက်သွားပါသည်။ လက်ရှိအဆင့်: အဆင့် ၂။ ]

[ကျွမ်းကျင်မှု: မီးထိန်းချုပ်ခြင်း အဆင့် ၂ (၁/၄၀)၊ မန်နာ သုံးစွဲမှု: ၄/၁ စက္ကန့်။ ]

တန်ဝမ်ကျဲသည် စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးကို ချိန်ရွယ်ပြီး လက်ချောင်းဖြင့် တောက်ထုတ်လိုက်ရာ မီးလျှံတစ်ခုသည် တံခါးဝဆီသို့ ဝှေ့ခနဲ ထွက်သွားခဲ့၏။

သူ၏ ရုတ်တရက် တိုးတက်မှုကြောင့် ဦးလေးကျိုး၏ ပြောရန်ပြင်နေသော စကားများမှာ လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားခဲ့ရလေသည်။

“ဟေး...”

ထိုစဉ် အပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

“စီနီယာအစ်ကိုကြီး...ခင်ဗျား ဘာတွေလုပ်နေတာလဲ။ မီးလောင်နေပြီ... မီးလောင်နေပြီဟ...။”

“အဲ့ဒါ ဂျူနီယာဆရာဦးလေးပဲ။”

ဝမ်ချိုင်က အော်ဟစ်လိုက်သည်။

တန်ဝမ်ကျဲ အပြင်ထွက်ကြည့်လိုက်သောအခါ မျက်မှန်တပ်ထားသော တာအိုဆရာတစ်ဦးနှင့် သူ့နောက်မှ လိုက်ပါလာသော ခုန်ဆွခုန်ဆွ အလောင်းကောင်များကို မြင်လိုက်ရလေသည်။ သို့သော် တာအိုဆရာကြီးလေးလုံးမှာ ယခုအချိန်တွင် အနည်းငယ် သနားစရာကောင်းနေပြီး သူ၏ တာအိုဝတ်ရုံလက်တစ်ဖက်မှာ မီးလောင်သွားခဲ့ပြီဖြစ်သည်။

“ဟားဟားဟား...အစ်ကိုကျဲ အစ်ကို့ရဲ့ အင်းက ဒီလောက်အစွမ်းထက်မယ်လို့ မထင်ထားမိဘူး။”

ဝမ်ချိုင်က ဘေးကနေ ပွဲကြည့်ရသည်ကို ပျော်ရွှင်နေ၏။ သူသည် တန်ဝမ်ကျဲကို မုန်း၍မဟုတ်သော်လည်း တန်ဝမ်ကျဲ ဒုက္ခရောက်သည်ကို ကြည့်ရသည်မှာ သူ့အတွက်တော့ ပျော်စရာပင်။

ဂျူနီယာဆရာဦးလေး လေးလုံးသည် သူ့ဆရာကဲ့သို့ပင် အတော်လေး စိတ်ကောက်တတ်သူ ဖြစ်သည်။ တန်ဝမ်ကျဲက သူ့ဝတ်ရုံကို မီးရှို့လိုက်ပြီဆိုမှတော့ အပြစ်ပေးခံရတော့မှာ သေချာပေသည်။

“ဒါက ဆရာကြီးလေးလုံး ဖြစ်မယ်ထင်တယ်။ ဆရာကြီးက တကယ့်ကို ထူးခြားတဲ့ အရှိန်အဝါ ရှိတာပဲ။ ကျုပ်နာမည်က တန်ဝမ်ကျဲပါ။”

တန်ဝမ်ကျဲက ခေါင်းပေါ်တွင် လက်အုပ်ချီကာ တပည့်ငယ်တစ်ဦးကဲ့သို့ ရိုသေစွာ နှုတ်ဆက်လိုက်လေသည်။

“မော်ရှန်းတပည့်လား။”

လေးလုံးက ရင်ဘတ်တွင် လက်အုပ်ချီကာ ပြန်လည် နှုတ်ဆက်လိုက်၏။

“စောစောက ဝမ်ကျဲက သူ့ပညာကို လေ့ကျင့်နေရင်းနဲ့...”

ဦးလေးကျိုးက တန်ဝမ်ကျဲ၏ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။

“ထားလိုက်ပါတော့။ ဒါက ဝတ်ရုံလေးတစ်ထည်ပါပဲ။”

ဆရာကြီးလေးလုံးက ခေါင်းခါလိုက်သည်။

ဤလူငယ်လေးသည် တွေ့တွေ့ချင်း စကားချိုချိုပြောသည့်အပြင် လေ့ကျင့်နေရင်း ဖြစ်သွားခြင်း ဖြစ်သဖြင့် သူ အပြစ်မဆိုရက်တော့ပေ။

“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်နိုင်မှာလဲ။ ကျုပ် မီးရှို့မိလို့ ဆရာကြီးကို မီးလောင်လုနီးပါး ဖြစ်သွားစေခဲ့တာလေ။ ကျုပ် ဝတ်ရုံအသစ်တစ်ထည်နဲ့ ပြန်ပေးဆပ်ပါရစေ။”

တန်ဝမ်ကျဲက ချက်ချင်း ဆိုလိုက်၏။

“ဒါက... ဒါက မသင့်တော်ဘူးထင်တယ်။”

ဆရာကြီးလေးလုံးတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။

ဘယ်လောက်တောင် သိတတ်လိမ္မာလိုက်တဲ့ လူငယ်လေးလဲ။ သူတော့ သဘောကျသွားပြီ။

“ကျုပ် အားနေတာနဲ့ ဒီနေ့လေးတင် အထည်ချုပ်ဆိုင် တစ်ဆိုင် ဝယ်လိုက်မိတယ်လေ။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

“အဟွတ် အဟွတ်...”

‘အားနေတာနဲ့’ တဲ့လား။

ဦးလေးကျိုးနှင့် လေးလုံးတို့မှာ လည်ချောင်းများတစ်ဆို့သွားကာ ချောင်းဆိုးကုန်ကြတော့၏။ သူပြောပုံက လမ်းဘေးမှာ ငှက်ပျောသီး နှစ်ပိဿာ ဝယ်သလိုမျိုး အလွန် လွယ်ကူလွန်းနေသည် မဟုတ်ပါလား။

ဆရာကြီးလေးလုံးက အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။

“ငါ မနက်ဖြန် အလောင်းတွေ ပြန်ပို့ဖို့ ထွက်ခွာရတော့မှာဆိုတော့ အချိန်မရှိတော့ဘူး။”

“ကျုပ် မိုးမလင်းခင် အရောက်ပို့ခိုင်းလိုက်ပါ့မယ်။ လက်ရာကိုလည်း အကောင်းဆုံး ဖြစ်စေရပါမယ်။”

တန်ဝမ်ကျဲသည် ဝမ်ချိုင်ကို အကူအညီတောင်းကာ ထိုကိစ္စအား စီစဉ်ခိုင်းလိုက်၏။

ထို့နောက် တန်ဝမ်ကျဲက ‌မေးလိုက်သည်။

“ဦးလေးကျိုး...ဦးလေးကျိုးရဲ့ ဝတ်ရုံမှာလည်း ဖုတ်ကောင်နဲ့ တိုက်ခိုက်တုန်းက အပေါက်တစ်ပေါက် ပါသွားတာ တွေ့လိုက်တယ်။ ဦးလေးအတွက်ပါ အသစ်တစ်ထည် လုပ်ပေးလိုက်ရင် မကောင်းဘူးလား။”

“ဒါ... ဒါက မကောင်းဘူးထင်တယ်။”

ဦးလေးကျိုးသည် သူ၏ခေါင်းကို ခါယမ်းလိုက်သော်လည်း ဝမ်ချိုင်အား ချက်ချင်းပင် အသာအယာ ပြောလိုက်၏။

“ဝမ်ချိုင် မင်း ငါ့ဆိုဒ်ကို သိတယ်မလား။”

သူသည် ဝတ်ရုံအသစ်တစ်စုံကို အမှန်တကယ် လိုချင်နေ၍မဟုတ်ချေ။ တန်ဝမ်ကျဲ၏ စေတနာကို ငြင်းရခက်နေ၍သာ ဖြစ်သည်။

“ဝတ်ရုံအဟောင်းတွေကိုပါ တစ်ခါတည်း ယူသွားလိုက်ပါ။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

“ကိုယ်တိုင်းတွေ မမှားအောင်လို့။”

ထို့နောက် ဝမ်ချိုင်တစ်ယောက် တာအိုဝတ်ရုံနှစ်ထည်အား ပိုက်ပြီး ပြေးထွက်သွားသည်ကို ကြည့်ကာ တန်ဝမ်ကျဲက စိတ်ထဲကနေ တွေးလိုက်မိလေသည်။

ဒီလောက်ထိ အမြတ်ထွက်သွားလိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး ဟားဟားဟား။

တာအိုဝတ်ရုံများမှာ မှော်ဝင်ပစ္စည်းများ မဟုတ်သော်လည်း ကျင့်စဉ်မြင့်မားသော တာအိုဆရာနှစ်ပါး ဝတ်ဆင်ထားခဲ့ခြင်းဖြစ်ရာ ၎င်းတို့တွင် နတ်ဆိုးနှိမ်နင်းနိုင်သော အစွမ်းသတ္တိ အနည်းငယ်တော့ ကပ်ညှိနေပေလိမ့်မည်။ ငွေသုံးပြီး အဖိုးတန်ပစ္စည်းနှစ်ခု ရလိုက်သလိုပင်။ ၎င်းတို့သည် တစ္ဆေနှင့် ဘေးဥပဒ်များကို ကာကွယ်ပေးနိုင်မည်မှာ သေချာပေသည်။

အိမ်က နံရံမှာ ချိတ်ထားရင်တောင် အကျိုးရှိသေးသည်။

ငွေလေး နည်းနည်း သုံးရုံနဲ့ အကောင်းစားပစ္စည်းတွေ ရလိုက်တာ တကယ့်ကို အမြတ်ပဲ။

ထိုစဉ် ဦးလေးကျိုးနှင့် လေးလုံးတို့သည်လည်း တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြ၏။

အဝတ်ဟောင်းနှစ်ထည်ကို အသစ်နှစ်ထည်နဲ့ လဲလိုက်ရတာကမှ တကယ့် အမြတ်ပဲ။

ပြေးထွက်သွားသော ဝမ်ချိုင်သည်လည်း သူ၏အိတ်ကပ်ထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်သော ငွေဒင်္ဂါးကို စမ်းလိုက်မိကာ ရေရွတ်လိုက်၏။

“အစ်ကိုကျဲက တကယ့်ကို အားကိုးရဆုံးပဲ...ဟားဟားဟား။ အမြတ်ပဲ...တကယ့်အမြတ်ပဲ။”

“ဆရာကြီးလေးလုံး ကျုပ်မှာ နားမလည်တာလေးတွေ ရှိလို့ မေးပါရစေ။ ‘မြေနင်းပြီး နတ်ပင့်ခြင်းအတတ်’ အကြောင်းပါ။”

“ဟေး...မင်းကတော့ လူမှန်ကိုမေးလိုက်မိတာပဲ။ ငါ့ရဲ့ အထူးပြုကလည်း ‘နတ်ပင့်အတတ်’ ပဲ။ ဂိုဏ်းချုပ်ဘိုးဘေးကို ပင့်ဖိတ်ပြီး ကိုယ်ထဲဝင်ခိုင်းတာက တကယ် ကြမ်းတယ်။”

ကြမ်းမှာပေါ့...ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ဘိုးဘေးက ကာယဗလမောင်ကြီးပဲဟာ...။

တစ်ဖက်တွင်မူ ချူရှန်းမှာ စက်ဘီးဖြင့် အိမ်ပြန်နေခဲ့၏။

သူသည် စက်ဘီးပေါ်တွင် အမွှေးတိုင်များ ထွန်းထားပြီး အငွေ့များ တလူလူ ထွက်နေခဲ့လေသည်။

သူ မမြင်နိုင်သော နေရာတစ်ခုတွင် အနီရောင် ဝေါယာဉ်တစ်စင်း တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။

ရှောင်ယွီသည် လိုက်ကာကို လှပ်ကာ အဝေးက ပုံရိပ်ကို လှမ်းကြည့်လိုက်၏။

“ဒီလှည့်ကွက်ကိုပဲ ထပ်သုံးပြန်ပြီလား။”

သူမသည် ထိုလူမှာ ချူရှန်းဖြစ်ကြောင်း မှတ်မိသော်လည်း တန်ဝမ်ကျဲက သူ့အကြောင်း ပြောဖူးခဲ့သည်ဖြစ်ရာ သူတို့ အချင်းချင်း သိကြမှန်း သူမ သိထားခဲ့၏။

အမျိုးသမီးတစ္ဆေတစ်ယောက်က ဒီလိုမျိုး လှည့်ကွက်တစ်မျိုးထဲကို လုံးဝ နှစ်ခါအကျမခံဘူး။ လုံးဝကို မဖြစ်နိုင်ဘူး။

စောစောက မြင်လိုက်ရသည့် ချောမောသော လူရွယ်ကို မြင်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သော သူမ၏ချစ်စိတ်များမှာလည်း ယခုအခါ ငြိမ်သက်သွားခဲ့ပြီဖြစ်သည်...။

....

“အော်... အဲ့လိုလား။”

တန်ဝမ်ကျဲက ခေါင်းညိတ်လိုက်သည်။ ရလဒ်က သူ ထင်ထားသလိုပင်။ ဆရာကြီးလေးလုံး၏ ‘နတ်ပင့်အတတ်’ မှာ သူ၏ အတတ်နှင့် သိပ်မထူးခြားလှပေ။ တကယ်တော့ ဝတ်စုတ်နှင့်မြေနင်းဂုဏ်း၏ နတ်ပင့်အတတ်က ပို၍ပင် သာလွန်နေသေးသည်။ တန်ဝမ်ကျဲ သင်ယူထားသည်မှာ အဆင့်မြင့် နတ်ပင့်ခြင်းဖြစ်ပြီး ဆရာကြီးလေးလုံး၏ ဂိုဏ်းချုပ်ဘိုးဘေးအား ပင့်ဖိတ်ခြင်းမှာ အလယ်အလတ်အဆင့်နတ်ပင့်ခြင်းသာ ရှိပေသည်။

အကျိုးသက်ရောက်မှု ကွဲပြားရခြင်း အကြောင်းရင်းမှာ ဆရာကြီးလေးလုံး၏ ဂိုဏ်းချုပ်ဘိုးဘေးမှာ ကာယဗလမောင်တစ်ဦး ဖြစ်ခဲ့သောကြောင့်ပင်။ ထို့ကြောင့် နတ်ပင့်လိုက်သည့်အခါ ကြွက်သားအဖုကြီးများ ထွက်လာခြင်းဖြစ်သည်။

ဤသို့ဆိုလျှင်တော့ ဘာမှ ထူးခြားမနေတော့ချေ။ သူသည် ဆရာကြီးလေးလုံး၏ ဂိုဏ်းချုပ်ဘိုးဘေးကို ငှားပြီး ကိုးကွယ်လို့လည်း မရသလို ထိုဘိုးဘေးက စစ်သူကြီးကျိုးချန်ထက် ပိုပြီး အစွမ်းထက်လိမ့်မည်လည်း မဟုတ်ပေ။

ထို့ပြင် နတ်ဝင်နေစဉ် နတ်ဆိုးကို မနှိမ်နင်းနိုင်သည့် အခြေအနေမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။ ကျိုးချန်ကို ပင့်ဖိတ်နိုင်ရုံနှင့်ပင် တန်ဝမ်ကျဲသည် နတ်ဆိုး အများစုရှေ့တွင် မကျရှုံးနိုင်တော့ပေ။

သူ၏နဂါးစိမ်းလခြမ်းဓားက ဟာသမဟုတ်ချေ။

သူတို့ ဆက်လက်ပြီး အင်းအတတ်များအကြောင်း ဆွေးနွေးခဲ့ကြသည်။ ဆရာကြီးလေးလုံးမှာ အတော်လေး စိတ်ပါဝင်စားနေခဲ့သော်လည်း တန်ဝမ်ကျဲ တတ်မြောက်ထားသော အင်းအတတ်များကို သူ နားမလည်ချေ။ သူတို့၏ လမ်းစဉ်ချင်းမှာ မတူညီကြပေ။

တန်ဝမ်ကျဲသည် ထိုကာယဗလမောင် ဂိုဏ်းချုပ်ဘိုးဘေး၏ အတတ်များကို သင်ယူချင်သော်လည်း ကံမကောင်းစွာဖြင့် လေးလုံးကိုယ်တိုင်ကလည်း အကုန်မသိချေ။ စစ်မက်ဖြစ်ပွားခဲ့သော နှစ်များအတွင်း အရာအတော်များများ ပျောက်ဆုံးသွားခဲ့သလို လူ့စွမ်းအားမှာလည်း အကန့်အသတ်ရှိသဖြင့် လူအများစုမှာ နယ်ပယ်တစ်ခုတည်းကိုသာ အထူးပြုကြပေသည်။ အရာအားလုံးကို နည်းနည်းစီသိသော ဦးလေးကျိုးကဲ့သို့ လူမျိုးမှာ မိုးကျရွှေကိုယ်လို ရှားပါးလှပေသည်။

အတိုချုပ် ပြောရလျှင် ဦးလေးကျိုးသည် အခြေခံသမားများအတွက် အကောင်းဆုံး ဆရာသမားပင် ဖြစ်သည်။

“နတ်ဆိုးနှိမ်နင်းတာနဲ့ ဘေးဥပဒ်တွေ မောင်းထုတ်တဲ့နေရာမှာတော့ ငါတို့ရဲ့ စီနီယာအစ်ကိုကြီး ရှီကျန့် က အတော်ဆုံးပဲ။”

ဆရာကြီးလေးလုံးက ဆိုသည်။

“သူ့ရဲ့ မိုးကြိုးလက်သီးကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ သတ်ဖြတ်လိုစိတ်က အရမ်းပြင်းထန်လွန်းတော့ ကောင်းကင်ရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေခဲ့တယ်လေ။”

တန်ဝမ်ကျဲ၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ တခြားသူများက တာအိုကျင့်နေချိန်တွင် မသေမျိုး ဖြစ်အောင် ကျင့်ကြံနေသည့်မော်ရှန်းဂိုဏ်းတူအစ်ကိုကြီး၏ မိုးကြိုးအတတ်ကို သူ အမှန်တကယ် သင်ယူချင်မိသည်။ အကယ်၍ သင်ယူခွင့် ရမည်ဆိုပါက သူ၏ အတွေ့အကြုံမှတ်အားလုံးကို တွန့်ဆုတ်မနေဘဲ ထိုအတတ်ထဲသို့ ပုံအောထည့်လိုက်မည် ဖြစ်သည်။

ဘေးနားမှ ဦးလေးကျိုးက ဆရာကြီးလေးလုံး၏ စကားကို ဖြတ်တောက်ရန် အသာအယာ ချောင်းဟန့်လိုက်၏။ တန်ဝမ်ကျဲ၏ ကိုယ်ပေါ်ရှိ နတ်ဆိုးအငွေ့အသက်များက လေးလံလွန်းနေပြီဟု သူ ခံစားလိုက်ရသည်။ အကယ်၍ တန်ဝမ်ကျဲသာ အစ်ကိုကြီး၏ လမ်းစဉ်အတိုင်း လိုက်သွားပါက အသက်တိုသွားမည်မှာ သေချာပေသည်။

ဆရာကြီးလေးလုံးက ဆက်ပြောလိုက်၏။

“လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ့ကို ဒီနားက မိုင်အနည်းငယ်အကွာမှာ တွေ့ခဲ့သေးတယ်။ သူတင် မဟုတ်ဘူး...တုလုံကိုလည်း တွေ့ခဲ့တယ်။ အဲ့ဒီကောင်က အလောင်းပို့တဲ့ အလုပ်ကိုတောင် စလုပ်နေပြီ။ ဟင်း... သူ့စိတ်က မဖြောင့်မတ်ဘူး။ မကောင်းတဲ့ဟာတစ်ခုခု ကြံစည်နေပြန်ပြီ ထင်တယ်။”

ဒီနားလေးတင်လား။

တန်ဝမ်ကျဲ စိတ်ဝင်စားသွားခဲ့သည်။ ဤမော်ရှန်း ဂိုဏ်းတူအစ်ကိုကြီးမှာ ဘာပဲဖြစ်ဖြစ် သူ့ကို တစ်ခါလောက်တော့ တွေ့ဆုံရပေလိမ့်မည်။

All Chapters