တောင့်တင်းနေသောအလောင်းကောင်
Vol. 4 Ch. 34
မိုးမလင်းမီအချိန်၌ ဆရာကြီးလေးလုံးသည် တန်ဝမ်ကျဲ ညတွင်းချင်း အပ်ပေးလိုက်သော တာအိုဝတ်ရုံအသစ်ကို ဝတ်ဆင်ကာ သူ၏ အလောင်းကောင်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
တန်ဝမ်ကျဲမှာမူ ကြာကြာမနေခဲ့ဘဲ ဝမ်ချိုင်ဆီမှတစ်ဆင့် ထိုအကြောင်းကို ကြားလိုက်ရခြင်းဖြစ်သည်။
သူသည် ဝမ်ချိုင်ကို ပေးထားသောကတိအတိုင်း အနောက်တိုင်းလက်ဖက်ရည် သွားသောက်ရန် စီစဉ်လိုက်သော်လည်း ဝမ်ချိုင် စိတ်ကူးယဉ်ထားသကဲ့သို့တော့ မဟုတ်ခဲ့ချေ။ တန်ဝမ်ကျဲသည် ချောမောလှပသော မိန်းကလေးနှစ်ယောက်ကိုသာ ခေါ်လာသည်မဟုတ်ဘဲ ထင်ထင်၊ နျန်ယင်းတို့နှင့်အတူ စီးပွားရေးလုပ်ငန်းရှင် အတော်များများကိုပါ ခေါ်ဆောင်လာခဲ့သည်။
ဝမ်ချိုင်က ဘေးနားတွင် လက်ဖက်ရည်သောက်ရင်း မုန့်စားနေစဉ် တန်ဝမ်ကျဲနှင့် ထိုလုပ်ငန်းရှင်များ ဆိုင်ဝယ်ယူရေးအကြောင်း ဆွေးနွေးနေသည်ကို ကြားလိုက်ရလေသည်။ ဝမ်ချိုင်မှာ အံ့ဩလွန်း၍ စကားပင်မပြောနိုင်တော့ပေ။ လက်ဖက်ရည်သောက်သည့် မနက်ခင်းလေးတစ်ခုအတွင်းမှာတင် တန်ဝမ်ကျဲသည် ငွေဒင်္ဂါး ရာဂဏန်းမက သုံးစွဲပစ်လိုက်ခြင်းဖြစ်၏။ ဤသို့သာ အကြိမ်အနည်းငယ် ထပ်လုပ်လျှင် လမ်းတစ်လမ်းလုံးကို သူ ဝယ်ပစ်နိုင်ပေလိမ့်မည်။
သို့သော် ကိတ်မုန့်ကတော့ အလွန်အရသာရှိလှသည်။ ဝမ်ချိုင်သည် ပျော်ရွှင်စွာ စားသောက်လိုက်၏။ စီးပွားရေးလောကဆိုသည်မှာ သူ၏ဘဝနှင့် အလှမ်းဝေးလွန်းလှသဖြင့် ချောင်းကြည့်နားထောင်ရသည်ကိုပင် စိတ်မဝင်စားတော့ပေ။
တန်ဝမ်ကျဲသည် ဆိုင်ခန်းများအား ဝယ်ယူရန် အမှန်တကယ်ပင် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ ဦးလေးကျိုး သူ့ဘေးမှာ ရှိနေခြင်းက အရာအားလုံးကို လုံခြုံစိတ်ချမှု ပေးစွမ်းနိုင်ပေသည်။ ရန်ကျားမြို့သည် လူဦးရေ တစ်သိန်းကျော်ရှိပြီး ပြည်နယ်မြို့တော်နှင့်လည်း နီးကပ်သဖြင့် စီးပွားရေးလုပ်ရန် အလွန်သင့်တော်လှပေသည်။
တန်ကျားမြို့ရှိ လုပ်ငန်းများကိုလည်း သူ လက်လွှတ်မည်မဟုတ်ပေ။ တန်မိသားစုသည် ထိုနေရာတွင် အမြစ်တွယ်နေပြီးဖြစ်ကာ သူ အဆင်ပြေချောမွေ့အောင် ငွေကြေးသုံးစွဲထားသဖြင့် ပို၍ပင် တည်ငြိမ်လာမည်ဖြစ်သည်။
သုံးရုံလောက် ရှာရလျှင် တော်ပြီဟု ဆိုနိုင်သော်လည်း တန်ဝမ်ကျဲမှာ “ပိုက်ဆံကြဲသည့်သူဌေးလေး” ကဲ့သို့ ငွေကို လှည်းနှင့်တိုက်ကာ သုံးနေသူဖြစ်သည်။ သူ၏ “သုံးရုံလောက်” ဟူသော အဓိပ္ပာယ်မှာ သာမန်လူတစ်ယောက်နှင့်တော့ လုံးဝ နှိုင်းယှဉ်၍မရပေ။
ယနေ့ ဆွေးနွေးသော လုပ်ငန်းများမှာ ဆန်၊ ဂျုံ၊ ကောက်ပဲသီးနှံနှင့် ဆီဆိုင်များဖြစ်သည်။ ဤသည်မှာ လူထု၏ စားဝတ်နေရေးနှင့် သက်ဆိုင်ပြီး အထူးသဖြင့် ဆန်ဆိုင်များသည် မြောက်မှတောင်သို့ သွားလာနေသော တာအိုဆရာများနှင့် မကြာခဏ ထိတွေ့ရလေ့ရှိသည်။ ဖုတ်ကောင်များကို နှိမ်နင်းသော တာအိုဆရာဖြစ်စေ၊ နတ်ကတော်ဖြစ်စေ အားလုံးမှာ ဆန်ဝယ်ရန် လိုအပ်ကြသည်။ ဤသည်မှာ လူမှုဆက်ဆံရေး ကွန်ရက်တစ်ခုပင် ဖြစ်လေသည်။
၎င်းအပြင် သူသည် အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင်ကိုပါ ဝယ်ယူလိုနေ၏။ ထိုအရာများက ငွေအစစ်အမှန် ရှာပေးနိုင်သောအရာများဖြစ်သည်။
ယခင်က ရန်ဖားနှင့် စီးပွားရေးလုပ်ခြင်းမှာ ဒဏ္ဍာရီလာ “စကြဝဠာအစပြုရွာ” ကို စူးစမ်းရန် အကြောင်းပြချက်သက်သက်သာ ဖြစ်သည်။ သို့သော် အနောက်တိုင်းစတိုင်ကို ခရေစေ့တွင်းကျ လိုက်စားနေသော သူဌေးများမှာ ထမင်းဖိုးကို ဘယ်တော့မှ ဈေးမဆစ်သည့်အပြင် အထင်သေးခံရမည်စိုး၍ ဘောက်ဆူးပေးရသည်အား အလွန်ဝါသနာပါကြသည်ကို မြင်ရသောအခါ ဤလုပ်ငန်းမှာ လက်လွှတ်မခံသင့်ဟု သူ တွေးလိုက်မိလေသည်။
တန်ဝမ်ကျဲသည် အင်္ဂလိပ်စကားပြောတတ်သူ သို့မဟုတ် နိုင်ငံခြားပြန်အချို့ကို ရှာဖွေခန့်အပ်ရန် စဉ်းစားနေခဲ့သည်။ လူဖြူများကို ငှားရမ်းနိုင်လျှင် ပိုကောင်းမည်ဖြစ်သော်လည်း လူဖြူများမှာ သူ့အတွက် လာပြီး ပန်းကန်သယ်ပေးနိုင်ကြမည် မဟုတ်ချေ။ လူမည်းဆိုလျှင် ဖြစ်နိုင်ကောင်းသော်လည်း သူတို့ ခေတ်စားလာမည့်အချိန်မှာ နောက်ထပ် နှစ်တစ်ရာကျော် လိုသေးသဖြင့် အချိန်စောလွန်းနေသေးပေသည်။
လောင်းကစားရုံကဲ့သို့သော လုပ်ငန်းမျိုးကိုမူ တစ်ယောက်ယောက်က အတင်းအကျပ် တောင်းပန်လျှင်ပင် သူ လုပ်မည်မဟုတ်ချေ။ လူအများကို ဒုက္ခပေးမိပြီး ငရဲကြီး (၁၈) ထပ်သို့ ရောက်သွားမည်ကို သူ အလွန်စိုးရိမ်ပေသည်။ တစ္ဆေနှင့် နတ်ဘုရားများ အမှန်တကယ်ရှိသော ဤကမ္ဘာကြီးတွင် မိမိ၏ လုပ်ရပ်များကို သတိထားရပေမည်။
ထို့နောက် လူရှာဖွေရေး အပိုင်းဖြစ်သည်။ ဆရာကြီးလေးလုံး ပြောခဲ့သော မော်ရှန်းဂိုဏ်းတူ အစ်ကိုကြီးရှီကျန့် ရှိရာအရပ်ကို သူ မှတ်သားထား၏။ လူလွှတ်ရှာခိုင်းလျှင် ပို၍ ရိုးရှင်းပေလိမ့်မည်။ ထိုလူ၏ အတတ်ပညာမှာ ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးနိုင်သဖြင့် ဆက်ဆံရ အနည်းငယ် ခက်ခဲကောင်း ခက်ခဲပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ...
ဝမ်ချိုင်သည် ပစ္စည်းများ သယ်ဆောင်ကာ ရင်ခွဲရုံသို့ ပြန်ရောက်လာခဲ့သည်။
“ဆရာ အစ်ကိုကျဲက ဟိုမှာ လူငယ်တွေပဲ ရှိတာမို့ ဆရာ့ကို ဖိတ်ရတာ အဆင်မပြေဘူးတဲ့။ အဲ့ဒါကြောင့် ဆရာ့အတွက် အနောက်တိုင်းလမုန့်တွေနဲ့ နိုင်ငံခြားမုန့်တွေ ပါဆယ်ထုတ်ပေးလိုက်တယ်။ အဲ့ဒါတွေက အရမ်း ‘Delicious’ ဖြစ်တယ်တဲ့။ အစ်ကိုကျဲက သူ ဆိုင်ခန်းအချို့ ဝယ်ထားလို့ ဆရာ့ကို ဖုန်းရွှေလာကြည့်ပေးဖို့လည်း ပြောလိုက်သေးတယ်။”
“ဝမ်ကျဲက တကယ့်ကို စဉ်းစားပေးတတ်တာပဲ။”
ဦးလေးကျိုးက ဆိုသည်။
“ဒါနဲ့ Deli...cious လား။ အဲ့ဒါက ဘာကြီးလဲ။”
“အင်္ဂလိပ်စကားလေ။ အရသာရှိတယ်လို့ အဓိပ္ပာယ်ရတယ်တဲ့။ အစ်ကိုကျဲ ပြောပြတာ။”
ဦးလေးကျိုးသည် သူ၏အသစ်စက်စက် တာအိုဝတ်ရုံကို ကြည့်လိုက်ရင်း...
တကယ့်ကို လူရည်မွန်လေးပဲ။ ချူရှန်းနဲ့ ဝမ်ချိုင်တို့ထက် အများကြီး သာတယ်။
ဤသို့တွေးမိသည်နှင့် ဦးလေးကျိုးက ပြောလိုက်၏။
“ချူရှန်း၊ ဝမ်ချိုင်၊ ဒီကိုလာပြီး ရွှေစက္ကူတွေ ခေါက်စမ်း။ တောင်း သုံးတောင်း မပြည့်မချင်း ထမင်းမစားရဘူး။”
သူသည် သူ၏တပည့်အူကြောင်ကြောင် နှစ်ယောက်ကို ကြည့်လေ စိတ်တိုလာလေဖြစ်သောကြောင့် စိတ်ပြေလက်ပျောက် အလုပ်တစ်ခုခု ခိုင်းထားလိုက်ခြင်း ဖြစ်လေသည်။
“အား...” x ၂
ဦးလေးကျိုးသည် သူတို့ရှေ့တွင် မုန့်သေတ္တာကို ဖွင့်ကာ ကြီးမားသောအဝိုင်းပုံစံရှိသည့် ကိတ်မုန့်ကို ကြည့်လိုက်လေသည်။ ၎င်းကို မည်သို့စားရမည်ကို ဝမ်ချိုင်အား မေးချင်သော်လည်း သူ့တပည့်နှစ်ယောက်၏ အကြည့်များကို သတိပြုမိလိုက်သဖြင့် သူသည် ၎င်းတို့ကို အမှားအယွင်းမရှိ စနစ်တကျ စားပြရမည်ဖြစ်ပြီး သူ့ကို မသိနားမလည်သူဟု အထင်မခံနိုင်ဟု ဆုံးဖြတ်လိုက်လေသည်။
ဆရာတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရပေမည်။
ဝမ်ချိုင်မှာမူ သွားရည်တမြှားမြှား ဖြစ်နေ၏။ သူသည် စောစောက စားခဲ့ရသော်လည်း ထပ်စားချင်နေသေးသည်။
“ဆရာ...အရသာ ဘယ်လိုနေလဲ။”
ချူရှန်းက မုန့်ကို စိုက်ကြည့်ရင်း မေးလိုက်၏။ သူသည်လည်း ၎င်းကို မစားဖူးသေးချေ။
“အင်း... ငါ အရင် မြည်းကြည့်လိုက်ဦးမယ်။”
ဦးလေးကျိုးသည် ကိတ်မုန့်အကြီးကြီးကို ကြည့်ကာ မည်သည့်နေရာမှ စကိုက်ရမည်ကို ခေါင်းစားနေခဲ့သည်။
ဒီအနောက်တိုင်းသားတွေကတော့ တကယ်ခက်တာပဲ။ လမုန့်စားတာတောင် လက်ဆေးဇလုံလောက် ရှိတာကြီးကိုမှ စားကြရတယ်လို့။ တကယ့် လူရိုင်းတွေပဲ။ သူတို့က လူတွေအများကြီး ဝိုင်းအုံပြီး လုစားကြတာများလား။
“ဆရာ...ဘယ်လိုစားရမလဲ မသိဘူး မဟုတ်လား။”
ဝမ်ချိုင်က လည်ချောင်းဟန့်လိုက်၏။ သူသည် ဦးလေးကျိုး၏ အရှက်ရနေမှုကို ဖွင့်ထုတ်မိလိုက်မှန်း လုံးဝသတိမထားမိဘဲ တခစ်ခစ် ရယ်ကာ ပြောလိုက်သည်။
“လွယ်ပါတယ်။ ဓားနဲ့လှီး၊ ပြီးရင် ခက်ရင်းနဲ့ ထိုးပြီး စားလိုက်ရုံပဲ။”
“ငါ သိတယ်ကွ။”
ဦးလေးကျိုးသည် ထိုသို့ပြန်ပြောလိုက်သော်လည်း သူ၏စိတ်ထဲက တွေးလိုက်မိ၏။
တော်သေးတာပေါ့။ ငါ လက်နဲ့ နှိုက်စားမိတော့မလို့။
သူသည် ဝမ်ချိုင်ကို မီးဖိုချောင်သုံးဓားတစ်ချောင်း ယူလာခိုင်းပြီး ဖရဲသီးလှီးသကဲ့သို့ တစ်စိတ်လှီးလိုက်၏။ ခက်ရင်းမရှိသဖြင့် တူကိုသုံးကာ ပန်းကန်ထဲထည့်ပြီး တစ်လုပ် စားကြည့်လိုက်လေသည်။
“ဆရာ ဘယ်လိုနေလဲ...။”
“ဆရာ စားကောင်းလား။”
“Delicious...။ တကယ်ကို Delicious ပဲ။”
ဦးလေးကျိုးက လက်မထောင်ပြလိုက်၏။
“ဆရာ ကျုပ်ကိုလည်း နည်းနည်းကျွေးပါဦး။”
ထို့နောက် ဆရာတပည့်နှစ်ယောက် ကိတ်မုန့်ကို ဝိုင်းစားကြတော့လေသည်။ သူတို့သည် စားရင်းနှင့် တစ်ဦး၏ နှာခေါင်းနှင့် မျက်နှာပေါ်တွင် ကိတ်မုန့်ခရင်မ်များ ပေကျံနေသည်ကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မောမိလိုက်ကြ၏။
ရင်ခွဲရုံလေးမှာ အလောင်းများ ရှိနေသော်လည်း ယခုအချိန်တွင်မူ အလွန်ပင် ပျော်စရာကောင်းနေခဲ့သည်။
သို့သော် တပည့်များက ဆရာကို ပြန်လည် နောက်ပြောင်ရဲလာသောအခါ ပျော်ပွဲရွှင်ပွဲမှာ ချက်ချင်း ရပ်တန့်သွားတော့လေသည်။
“တောင်း ငါးတောင်း မပြီးမချင်း မင်းတို့ နေ့လယ်စာ မစားရဘူး။”
“အား...” x ၂
...
ညအချိန်တွင် တန်ဝမ်ကျဲသည် ရန်ကျားမြို့ပြင်ရှိ လမ်းလေးတစ်ခုပေါ်တွင် ရပ်နေခဲ့လေသည်။
သူ၏ ဝတ်စုံမှာ ယခင်ကနှင့်မတူဘဲ အဆင့်မြင့်လာခဲ့၏။
သူသည် တာအိုဝတ်ရုံ သုံးထည်ကို အထပ်ထပ်ဝတ်ထားခဲ့သည်။ ၎င်းတို့မှာ ဆရာကြီးချန်၏ ဝတ်ရုံ၊ ဆရာကြီးလေးလုံ၏ ဝတ်ရုံနှင့် ဦးလေးကျိုး၏ ဝတ်ရုံတို့ဖြစ်သည်။
နည်းနည်းတော့ ပူသော်လည်း အလွန်လုံခြုံစိတ်ချရပေသည်။
မိန်းကလေးတစ္ဆေ ရှောင်ယွီက တန်ဝမ်ကျဲကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ သူမရှေ့က ချောမောသော အမျိုးသားကို မည်သို့ ဖော်ပြရမှန်း သူမ မသိတော့ချေ။ သူ့ကိုသတ္တိရှိသည်ဟု ပြောရမည်ဆိုလျှင်လည်း တစ်ကိုယ်လုံးတွင် မှော်ဝင်ပစ္စည်းများဖြင့် ဗြောင်းဆန်နေလေသည်။ သို့သော် သူရဲဘောကြောင်သူဟု ပြောရမည်ဆိုလျှင်လည်း သူမကို အတင်းအကျပ် ဖုတ်ကောင်လိုက်ရှာခိုင်းနေပြန်သည်။
“ဘယ်လောက် ဝေးသေးလဲ။”
“ရှေ့လေးတင်ပဲ။ မဝေးတော့ဘူး။”
“တစ္ဆေတွေက လူကို ချီပြီး မပျံနိုင်ဘူးလား။”
တန်ဝမ်ကျဲက မေးလိုက်သည်။
“ရှင်က ပစ္စည်းတွေ အဲ့လောက် အများကြီး ပတ်ထားမှတော့ ကျွန်မက ဘယ်လိုလုပ်ပြီး အနားကပ်ရဲမှာလဲ။”
ရှောင်ယွီသည် တစ္ဆေက လူကို ကျောပိုးထားသည်ဟု ကြားဖူးသော်လည်း လူက တစ္ဆေကို စီးချင်သည်ဟုတော့ တစ်ခါမှ မကြားခဲ့ဖူးချေ။
“အင်း...ဟုတ်တာပဲ။”
တန်ဝမ်ကျဲသည် ရှောင်ယွီအား အောင်မြင်စွာ စည်းရုံးနိုင်ခဲ့လေသည်။ သူမ၏ အုတ်ဂူကို သုံးကြိမ်တိုင်တိုင် သွားရောက်ဂါရဝပြုခြင်းအပြင် သူမအတွက် စက္ကူများကို ကြိုးစားပမ်းစား မီးရှို့ပေးမည်၊ ချောမောသော စက္ကူယောက်ျားရုပ်များကို မီးရှို့ပေးမည်၊ သူမ၏ သက်တမ်းကို ငရဲပြည်တွင် စုံစမ်းပေးမည်နှင့် လမ်းကြုံလျှင် သေမင်းတမန်များကို လာဘ်ထိုးရန် ငွေစက္ကူများ မီးရှို့ပေးမည်ဟု ကတိပေးထားလေရာ သူမအနေဖြင့် ငြင်းဆန်ရန်မှာ မဖြစ်နိုင်တော့ချေ။
သရဲက လူပြန်ဖြစ်ချင်သည်ဟု ကြားဖူးသော်လည်း သရဲဖြစ်ရခြင်းကို ပျော်နေသည့်သူမျိုးတော့ သူမ တစ်ခါမှ မမြင်ဖူးချေ။
လူနှင့် သရဲမှာ ချက်ချင်းပင် လက်တွဲမိသွားခဲ့ကြသည်။
ရှောင်ယွီက တန်ဝမ်ကျဲ၏ ရှေ့ခပ်လှမ်းလှမ်းမှ ဝဲပျံကာ လမ်းပြနေခဲ့သည်။
“ရှေ့က တောင်ပေါ်မှာ အလောင်းအိုကြီး တစ်ခုရှိတယ်။ ညတိုင်း သူက လမင်းကို လာပြီးဦးတိုက်လေ့ရှိတယ်။”
“ဒီလိုမှန်းသာသိရင် မြင်းစီးလာပါတယ်ကွာ...။”
တန်ဝမ်ကျဲ အနည်းငယ် နောင်တရနေမိ၏။ သူသည် အရာရာကို အသေးစိတ် မစဉ်းစားမိခဲ့ပေ။
နောက်တစ်ခါဆိုလျှင် လမ်းခရီး အခက်အခဲကိုပါ ထည့်သွင်းစဉ်းစားရပေလိမ့်မည်။
ကားကိုတော့ လမ်းဘေးမှာ ထားခဲ့ရ၏။ လမ်းက ပျက်စီးနေသဖြင့် တာယာများ ပေါက်ပြဲသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရှောင်ယွီက တစ်ချိန်လုံး တခစ်ခစ် ရယ်နေသဖြင့် သူမကို ကြည့်ပြီး ၎င်းကို သူမကိုယ်တိုင် တိတ်တဆိတ် သံမှိုနှင့် ထိုးစိုက်လိုက်သလားဟုပင် သူ သံသယဝင်နေမိသည်။
တန်ဝမ်ကျဲ အမောတကော ပြေးနေရသည်ကို မြင်သောအခါ ရှောင်ယွီ စိတ်ထဲတွင် အတော်လေး ကျေနပ်သွားခဲ့၏။
နောက်ဆုံး၌ တောင်ကုန်းပေါ်သို့ ရောက်ရှိလာခဲ့ကြလေသည်။ လူနှင့် သရဲတို့ အနားကပ်သွားသည်နှင့် လမင်းကို ဦးတိုက်နေသော အလောင်းအိုကြီးကို အမှန်တကယ် မြင်လိုက်ရလေသည်။
တန်ဝမ်ကျဲက လျင်မြန်စွာ ပြေးသွားပြီး ဘယ်ဘက်လက်မှ ‘ဓားလက်ချောင်း’ ဖြင့် ထိုးတိုက်လိုက်ရာ အလောင်းအိုကြီးမှာ ယိုင်နဲ့သွားခဲ့တော့သည်။ ထို့နောက် သူသည် ခြေလှမ်းအနည်းငယ်အရှိန်ယူကာ ခုန်တက်လိုက်ပြီး ဝှေ့ကန်လိုက်တော့လေသည်။
အလောင်းအိုကြီးမှာ “ဗုန်း” ခနဲ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
ကန်လိုက်ရသည့် ခံစားချက်က သိပ်မကောင်းလှချေ။ သစ်သားတုံးကို ကန်လိုက်ရသလို အလွန်မာကျောလှပေသည်။
တန်ဝမ်ကျဲသည် မြေပေါ်သို့ဆင်းသက်ကာ ဘယ်ဘက်လက်မှ အနီရောင်ကြိုးကို ထုတ်ပြီး ကြိုးခုန်သကဲ့သို့ ဝှေ့ယမ်းကာ အလောင်းအိုကြီး၏ လည်ပင်းကို ချည်နှောင်လိုက်၏။ တစ်ချိန်တည်းမှာပင် ခြေထောက်ဖြင့် ၎င်း၏ လည်ဂုတ်ကိုလည်း နင်းထားလိုက်သည်။
မီးပွားများ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။
အလောင်းအိုကြီး၏ ခွန်အားမှာ သာမန်မျှသာဖြစ်ပြီး တန်ဝမ်ကျဲ၏ ချုပ်နှောင်မှုမှ လုံးဝ ရုန်းမထွက်နိုင်ချေ။ ထို့နောက်တွင် တန်ဝမ်ကျဲ၏ ဓားက ကျရောက်လာပြီး အလောင်းအိုကြီး၏ဦးခေါင်းမှာ ပြတ်ကျသွားတော့လေသည်။
ပြီးသွားပြီ။
ရှောင်ယွီသည် တန်ဝမ်ကျဲ၏ ကျွမ်းကျင်လှသော ဖုတ်ကောင်သတ်ကွက်များကို ကြည့်ပြီး စိတ်ထဲတွင် အေးစိမ့်သွားခဲ့၏။ ဤလူ၏ ခွန်အားမှာ အလွန်မြင့်မားပုံရပြီး ‘ဓားလက်ချောင်း’ ၏ အစွမ်းမှာလည်း ထူးခြားလှပေသည်။ ထိုနေ့က သူမကို ဘာကြောင့် အသုံးမပြုခဲ့သနည်းဟု သူမ တွေးလိုက်မိသည်။ အကယ်၍ သူသာ ၎င်းကို ထုတ်သုံးခဲ့ပါက သူမ လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
“ဘာဖြစ်လို့လဲ။”
ရှောင်ယွီက မေးလိုက်၏။ တန်ဝမ်ကျဲမှာ ဘာကိုမှ သတိမထားမိဘဲ ငိုင်တိုင်တိုင် ရပ်နေသည်ကို သူမ မြင်လိုက်ရလေသည်။ သူသည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသော်လည်း သူ၏ မျက်နှာမှာမူ လုံးဝ ပျော်ရွှင်နေပုံ မရချေ။
“ဘာလဲ။ အတွေ့အကြုံမှတ်တွေ မရဘူးလား။”
ဇာတ်လမ်းထဲက နတ်ဆိုးတွေနဲ့ တာဝန်ထဲက ရန်သူတွေကို သတ်မှပဲ ရတာလား။ ဒါဆိုရင်တော့ ပိုပြီး ဒုက္ခများတော့မှာပဲ။
“ဘာမှမဟုတ်ပါဘူး။ နောက်တစ်နေရာ သွားရအောင်။”
ထိုညတွင် တန်ဝမ်ကျဲသည် နေရာ သုံးနေရာသို့ ပြေးလွှားကာ အလောင်း သုံးလောင်းကို သတ်ပစ်ခဲ့သော်လည်း အတွေ့အကြုံမှတ် တစ်ခုမှမရခဲ့ချေ။
ဤအရာက သူ၏ သံသယကို အတည်ပြုပေးလိုက် ၏။ အတွေ့အကြုံကို အလွယ်တကူ ရနိုင်သည်မဟုတ်ပေ။ မဟုတ်လျှင် သူ ငရဲပြည်ကို သွားပြီး အကုန်သတ်ပစ်ကာ ကမ္ဘာစောင့်နတ်မင်းပင် တိုက်ရိုက် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ထိုညတွင် သူသည် ပင်ပန်းနွမ်းနယ်သော ခန္ဓာကိုယ်ဖြင့် အနားယူရန်သာ ပြန်လာခဲ့ရသည်။
နောက်တစ်နေ့ နိုးနိုးချင်းမှာပင်...
“အသက်စွမ်းအင်က နောက်ဆုံးတော့ အမှတ် ၃၀ ပြည့်သွားခဲ့ပြီပဲ။”
ယခု [လျှို့ဝှက်နယ်မြေ] သို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
“ကျိန်စာ” ကမ္ဘာသို့ ပြန်သွားရလျှင်လည်း သူ စိတ်မရှိချေ။ လျှို့ဝှက်နယ်မြေထဲ ဝင်ခြင်းကသာ မှော်ဝင်ငွေ ရှာနိုင်သော တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
သို့သော် သူ အံ့သြသွားသည်မှာ ဤတစ်ကြိမ်တွင် ဒုတိယ ရွေးချယ်စရာ တစ်ခု ပေါ်လာခဲ့ခြင်းဖြစ်သည်။
[တောင့်တင်းနေသောအလောင်းကောင် (Rigor Mortis): အသက်စွမ်းအင် ကုန်ကျစရိတ်: ၃၀]
[လက်ရှိ အသက်စွမ်းအင်: ၃၀/၃၀]
[ကျေးဇူးပြု၍ လျှို့ဝှက်နယ်မြေ မုဒ်ကို ရွေးချယ်ပါ- ဇာတ်ကောင်နေရာယူခြင်း / လွတ်လပ်စွာ စူးစမ်းခြင်း (လက်ရှိတွင် မရနိုင်သေးပါ)]
[နတ်ဆိုးနှိမ်နင်းခြင်း- ဖုတ်ကောင်များတွင် ‘ဖို’ (ခန္ဓာစွမ်းအင်) ရှိသော်လည်း ‘ဟွမ်’ (ဝိညာဉ်) မရှိပါ။ အမွှာမိန်းကလေးများတွင် ‘ဟွမ်’ ရှိသော်လည်း ‘ဖို’ မရှိပါ။ အလောင်းကို ပူးကပ်ထားသော တစ္ဆေသည် ကြောက်မက်ဖွယ်ရာ အစွမ်းရှိလာခဲ့သည်။ တိုက်ခန်းဝင်းအတွင်းရှိ ဖုတ်ကောင်ကို နှိမ်နင်းပါ။ ဆုလာဘ်: မှော်ဝင်ငွေ ၁၃၀၀ ။]