← Chapters

အလောင်းမောင်းနှင်သူ ဘဲဘုရင်

Vol. 4 Ch. 35

အလောင်းမောင်းနှင်သူ ဘဲဘုရင်

Vol. 4 Ch. 35

“တောင့်တင်းနေသောအလောင်းကောင်” ဇာတ်လမ်းထဲတွင် အဓိကဇာတ်ဆောင် ရှောင်ဟောင်သည် တစ်ချိန်က နာမည်ကြီး မင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ကံဆိုးမှုများစွာနှင့် ရင်ဆိုင်ရပြီးနောက် သူသည် ဤတိုက်ခန်းဝင်းကြီးသို့ ပြန်လာကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ဆုံးဖြတ်ခဲ့လေသည်။ ထိုနေရာတွင် သူသည် တာအိုဆရာအာယိုးနှင့် တွေ့ဆုံခဲ့ရသည်။

ထို့နောက်တွင် တိုက်ခန်းဝင်းအတွင်း၌ ကျောင်းဆရာ၏ မဖွယ်မရာ ပြုကျင့်ခံရပြီးနောက် သနားစရာကောင်းစွာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် “အမွှာမိန်းကလေး” နှစ်ဦး၏ ခြောက်လှန့်မှုများ အပါအဝင် ထူးဆန်းသော ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့တော့သည်။

တိုက်ခန်းဝင်းထဲတွင် နေထိုင်သူ အဘိုးကြီးတုန်းမှာလည်း ချော်လဲကာ သေဆုံးသွားခဲ့သည်။ အဒေါ်မေသည် သူ့ကို ပြန်လည်အသက်သွင်းချင်သဖြင့် တိုက်ခန်းဝင်းအတွင်းမှာပင် နေထိုင်ပြီး မှော်နက်အတတ်များကို ကျွမ်းကျင်သည့် အားကျိုးဟုခေါ်သော အခြားတာအိုဆရာတစ်ဦး၏ အကူအညီကို ရယူခဲ့လေသည်။ သို့သော် အသက်ပြန်သွင်းခြင်း ဆိုသည်မှာ တကယ်တမ်းတွင် အလောင်းကို ဖုတ်ကောင်အဖြစ် ပြုလုပ်ခြင်းသာ ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။

ဇာတ်သိမ်းတွင် ရှောင်ဟောင်နှင့် အာယိုးတို့သည် ထိုဖုတ်ကောင်ကို အတူတကွ တိုက်ခိုက်ခဲ့ကြပြီး အရာအားလုံး အဆုံးသတ်သွားခဲ့လေသည်။

သို့သော် ဤအရာအားလုံးမှာ ရှောင်ဟောင် မသေဆုံးမီ မြင်တွေ့ခဲ့ရသည့် စိတ်ကူးယဉ် အာရုံများသာ ဖြစ်နိုင်ခြေရှိပေသည်။

[ကျေးဇူးပြု၍ လျှို့ဝှက်နယ်မြေ မုဒ်ကို ရွေးချယ်ပါ - ဇာတ်ကောင်နေရာယူခြင်း / လွတ်လပ်စွာ စူးစမ်းခြင်း (လက်ရှိတွင် မရနိုင်သေးပါ)]

ရွေးချယ်စရာ မရှိသဖြင့် ရွေးနေရန် မလိုတော့ပေ။

တန်ဝမ်ကျဲ ပြန်ပေါ်လာသောအခါ သူ၏ ကိုယ်ရေးအချက်အလက်သစ်များမှာ ဦးနှောက်ထဲသို့ အလျင်အမြန် စီးဝင်လာခဲ့သည်။

“သာမန် နေထိုင်သူ တစ်ယောက်ပဲလား။”

နေထိုင်သူ တန်ဝမ်ကျဲ၊ အခန်းနံပါတ် ၂၄၁၀။

သူသည် အိမ်ကနေ စောစောထွက်ကာ ညဉ့်နက်မှ ပြန်လာတတ်သူ ဖြစ်ပြီး အချိန်ဇယားမှာ အတော်လေး ထူးဆန်းလှပေသည်။ သို့သော် သူသည် ဤတိုက်ခန်းဝင်းကြီး၏ ထူးဆန်းမှုများနှင့် အတော်လေး လိုက်ဖက်နေခဲ့သည်။ ဤနေရာတွင် နေထိုင်သူတိုင်းမှာ လျှို့ဝှက်ချက် တစ်ခုစီ ရှိနေပုံရပြီး လူတိုင်းမှာ ပုံမှန်မဟုတ်သလို ခံစားရပေသည်။

၎င်းအပြင် အခြားသော သတင်းအချက်အလက်များ မရှိတော့ပေ။

တန်ဝမ်ကျဲသည် အခန်းနံပါတ် ၂၄၁၀ အတွင်း၌ ပေါ်လာခဲ့လေသည်။

အခန်းထဲတွင် ဖရိုဖရဲ ဖြစ်နေပြီး ညစ်ညမ်းဗီဒီယိုခွေများစွာ ရှိနေခဲ့သည်။ ကုတင်ဘေးတွင် တစ်ရှူးလိပ်တစ်ခု၊ ကြမ်းပြင်ပေါ်တွင် စေးကပ်နေသော စက္ကူလုံးများ၊ ပြီးနောက် ဘီကီနီမဂ္ဂဇင်းတစ်စောင်က ပွင့်လျက်သား ရှိနေ၏။

“ငါ့ရဲ့ တကယ့်ကိုယ်ရည်ကိုယ်သွေးနဲ့ လုံးဝကို တခြားစီပဲ။”

တန်ဝမ်ကျဲက ဘီကီနီမဂ္ဂဇင်းကို ကောက်ယူကြည့်လိုက်ပြီး နှုတ်ခမ်းကို တွန့်ကာ ‘ပျင်းစရာကြီး’ ဟု တွေးလိုက်မိသည်။

“အရင်ဆုံး စစ်ကူ ခေါ်ကြည့်ရအောင်။”

သူသည် ‘မြေနင်းအတတ်’ ကို သုံးကာ စစ်သူကြီး ကျိုးချန်ကို ဆင့်ခေါ်ကြည့်လိုက်သော်လည်း ဘာမှ မထူးခြားလာခဲ့ချေ။

ဂိုဏ်းချုပ်ဆရာဘိုးဘေးကို ဆင့်ခေါ်ကြည့်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိချေ။

“ဒီတစ်ခါတော့ ခက်ခဲမှုက ပိုမြင့်သွားပြီပဲ။”

တန်ဝမ်ကျဲ သူ၏လက်ကောက်ဝတ်ကို ခါလိုက်ရာ ဓားမကြီးမှာ သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိ အခြေအနေအရ သူ အားကိုးနိုင်သည်မှာ ဤဓားမကြီးနှင့် သူ၏ အင်းအတတ်များသာ ရှိတော့သည်။

သို့သော် သူ၏ အင်းအတတ်များက ထိုဖုတ်ကောင်နှင့် အမွှာမိန်းကလေးများကို ယှဉ်နိုင်၊ မယှဉ်နိုင် ဆိုသည်မှာ ပြောရခက်လှပေသည်။

“နတ်နဲ့ တစ္ဆေတွေကို ခေါ်လို့မရမှတော့ လူတွေကိုပဲ ခေါ်ရတော့မှာပေါ့။”

သူသည် အရင်ဆုံး ဓားကိုထုတ်ကာ သူ၏အဝတ်အစားတွင် အပေါက်အချို့ ဖောက်လိုက်၏။ စူးစမ်းစုံစမ်းနေစဉ်၌ အရမ်းကံဆိုးလွန်းနေလျှင် မကောင်းချေ။ အခြေအနေကို ထိန်းချုပ်နိုင်ပြီ ဆိုမှသာ လိုအပ်လျှင် မိမိကိုယ်ကိုယ် ကံဆိုးအောင် ထပ်လုပ်နိုင်ပေသည်။

သူ အခန်းထဲက ထွက်လာသောအခါ အပြင်ဘက်ရှိ ကောင်းကင်ကြီးမှာ အလွန် မှောင်မှိုင်းနေသည်ကို တွေ့လိုက်ရလေသည်။

အချိန်ကို ကြည့်လိုက်ရာ မနက် ၉:၃၅ သာ ရှိသေး၏။ နေ့ခင်းဘက်ဆိုလျှင် ပိုပြီး ဘေးကင်းသင့်သည်ဟု ထင်ရသော်လည်း ဤတိုက်ခန်းဝင်းကြီးမှာ ထောင်မတ်ထားသော ခေါင်းတလားကြီးတစ်ခုနှင့် တူညီနေခဲ့သည်။ တန်ဝမ်ကျဲသည် ပညာရပ်ပိုင်းဆိုင်ရာ နည်းစနစ်များကို မသိသော်လည်း ဤနေရာတွင် တစ်ခုခု မှားယွင်းနေကြောင်းကိုတော့ အာရုံခံမိပေသည်။

“ငါသာ အမွှာမိန်းကလေးတွေကို အရင် ရှင်းလိုက်ပြီး အားကျိုးကိုပါ အပြတ်ရှင်းလိုက်ရင်...ဒါက ဖုတ်ကောင် ဘယ်တော့မှ ပေါ်လာမှာ မဟုတ်တော့ဘူးလို့ ဆိုလိုလိုက်တာပဲ မဟုတ်လား။”

အဘိုးကြီးတုန်း သေဆုံးရခြင်းမှာ အားကျိုး လက်စွမ်းပြလိုက်ခြင်းကြောင့်သာ ဖြစ်သည်။

အားကျိုးသည် တစ္ဆေကလေး တစ်ကောင်ကို သုံးကာ အဘိုးကြီးတုန်းကို ချော်လဲသေစေခဲ့ပြီး စိတ်မနှံ့တော့သော အဒေါ်မေကို လှည့်စားကာ နောက်ဆုံးတွင် ကပ်ဘေးဆိုးကြီးကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူသာ အလောင်းကို မည်သူမှ မပြုပြင်နိုင်အောင် အစကတည်းက တားဆီးနိုင်ခဲ့လျှင် အရာအားလုံးက ဘေးကင်းသွားပေလိမ့်မည်။ ဖုတ်ကောင်သတ်ရန် တာဝန်ပေးထားသည်ဆိုသော်လည်း ဖုတ်ကောင်ကို သတ်နိုင်ရန်အတွက် ဖုတ်ကောင်ပေါ်လာပြီး လူအများ အသတ်ခံရမည့်အရေးကို ထိုင်စောင့်နေခြင်းမှာ မသင့်တော်ပေ။

ထိုကဲ့သို့ စာနာစိတ်မရှိသော အလုပ်မျိုးကို သူ မလုပ်ချင်ပေ။

ထိုမှ ရရှိလာမည့် မှော်ဝင်ငွေ ၁၃၀၀ ကို ကိုင်ထားရလျှင်ပင် သူ ရွံရှာမိပေလိမ့်မည်။

မှတ်ဉာဏ်ထဲကအတိုင်း သူ အောက်ထပ်သို့ ဆင်းလာသောအခါ အစားအသောက်ဆိုင်တန်းများကို မြင်လိုက်ရလေသည်။ သို့သော် သူ လမ်းလျှောက်မသွားမီမှာပင် ပြင်းထန်သော ဆေးနံ့တစ်ခုကို ရရှိလိုက်၏။

သူ အနံ့ခံကြည့်လိုက်ရာ ရှေ့တွင် လမ်းလျှောက်နေသော လူအချို့ထံမှလည်း ထိုအနံ့များ ထွက်နေသည်ကို သတိထားမိလိုက်သည်။

တန်ဝမ်ကျဲသည် နောက်လှည့်ကာ တိုက်ခန်းဝင်း၏ ထွက်ပေါက်ဆီသို့ လမ်းလျှောက်သွားလိုက်၏။

ဤတိုက်ခန်းဝင်းကြီးမှာ သီးခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ အဝင်ဝတွင် ရပ်ကြည့်လိုက်သောအခါ အပြင်ဘက်တွင် ခေါင်းတလားများနှင့် တူသော ကျောက်တိုင်ကြီးများကိုသာ မြင်ရပေသည်။ လူနေရပ်ကွက်မှာ နေထိုင်ရသည်နှင့် မတူဘဲ သင်္ချိုင်းကုန်းထဲမှာ နေနေရသလို ခံစားရပေသည်။

“ထင်တဲ့အတိုင်းပဲ။ အပြင်ထွက်လို့ မရဘူး။ ငါ့ရဲ့ ကံဆိုးတဲ့ ဂုဏ်သတ္တိက ဘာတွေကို ဆွဲဆောင်မိဦးမလဲ မသိဘူး။ အပိုတာဝန်အချို့ကိုသာ ဖွင့်နိုင်ရင် ဒီတိုက်ခန်းဝင်းထဲက ထွက်လို့ရမယ့် နည်းလမ်းလည်း ရှိကောင်းရှိလာလိမ့်မယ်။”

သာမန်လူများအတွက် ကံဆိုးခြင်းဆိုသည်မှာ ကားတိုက်ခြင်း သို့မှမဟုတ် ခွေးချေးနင်းမိခြင်းမျိုး ဖြစ်နိုင်သော်လည်း သရဲတစ္ဆေများရှိသည့် ဤကမ္ဘာကြီးတွင်မူ ကံဆိုးခြင်းဆိုသည်မှာ တစ္ဆေသရဲများနှင့် တည့်တည့်တိုးခြင်းပင် ဖြစ်သည်။

တန်ဝမ်ကျဲသည် မှော်ဝင်ငွေ ၁၃၀၀ လေး ရဖို့အတွက် ရက် ၃၀ လုံး စောင့်မနေချင်ပေ။ ထိုငွေသည် ဂိမ်းထဲ၌ ပစ္စည်းဆယ်ခါ မဲနှိုက်ဖို့တောင် မလောက်ပေ။ အပိုငွေ ရှာနိုင်လျှင်တော့ ပိုကောင်းမည်မှာ သေချာသည်။

သူ စားသောက်ဆိုင်တန်းဆီသို့ ပြန်လှည့်လာသောအခါ ဆရာကြီးလေးလုံးနှင့် အတော်လေး တူသော်လည်း ပိုပြီး အသက်ကြီးပုံရသော လူတစ်ယောက်ကို မြင်လိုက်ရလေသည်။

ထိုလူသည် အိပ်ယာဝင်ဝတ်စုံ အင်္ကျီနှင့် ဘောင်းဘီတိုအပွကို ဝတ်ဆင်ထားပြီး ခြေချိတ်ထိုင်ကာ ညှပ်ဖိနပ်ကို ခြေချောင်းလေးများနှင့် ချိတ်ယမ်းနေလေသည်။

ဤမျှ ပေါ့ပေါ့ပါးပါး ဝတ်ထားသူမျိုးကို သူ တစ်ခါမှ မမြင်ဖူးချေ။

မနေ့ကတင် သူ ဆရာကြီးလေးလုံးနှင့် စကားပြောခဲ့သေး၏။ သူ့ကို အခုလို ရုတ်တရက်ကြီး မြင်လိုက်ရသဖြင့် တန်ဝမ်ကျဲ အနည်းငယ် ကြောင်အသွားခဲ့သည်။

“ဘာဖြစ်လို့လဲ။”

အာယိုးက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ရင်း စီးကရက်ဗူးကို တန်ဝမ်ကျဲဘက်သို့ တိုးပေးလိုက်၏။

တန်ဝမ်ကျဲက စီးကရက်တစ်လိပ်ကို ယူကာ ပါးစပ်မှာ တပ်လိုက်ပြီး သူ၏အိတ်ကပ်များကို စမ်းကြည့်လိုက်သည်။ သဘာဝအတိုင်း ဘာမှမရှိတာပေ။

အာယိုးက တိုးတိုး ရယ်မောကာ မီးခြစ်ကို ထုတ်ပြီး တန်ဝမ်ကျဲကို ပေးလိုက်လေသည်။

“ကျေးဇူးပဲ ဦးလေးယိုး”

တန်ဝမ်ကျဲက စီးကရက်ကို မီးညှိလိုက်ပြီးနောက် မီးခြစ်ကို သူ၏ ရင်ဘတ်အိတ်ကပ်ထဲသို့ သဘာဝကျကျ ထည့်လိုက်၏။

အာယိုး၏ မျက်နှာပေါ်က အပြုံးမှာ အေးခဲသွားခဲ့သည်။

ဤကောင်လေး စီးကရက်သောက်တတ်သည်ကို မြင်လိုက်ရသဖြင့် သူ ဝမ်းသာသွားသော်လည်း စကားတောင် မစရသေးခင်မှာပင် သူ၏မီးခြစ်မှာ အခိုးခံလိုက်ရချေပြီ။

“အားကျဲ...မင်း အခန်းအောင်းပြီး ညစ်ညမ်းကားတွေ ကြည့်မနေဘဲ ငါ့ဆီ ဘာလာလုပ်တာလဲ။”

“အခန်း ၂၄၄၂ မှာ သရဲသွားဖမ်းမလို့။”

တန်ဝမ်ကျဲက စီးကရက်အငွေ့များကို မှုတ်ထုတ်လိုက်၏။

သူသည် စီးကရက်သောက်တတ်သော်လည်း မကြိုက်ချေ။ အဝတ်အစားများတွင် ဆေးလိပ်နံ့ စွဲစကတော့ မဆိုးလှသော်လည်း ကြာလာလျှင် ထိုဆေးလိပ်နံ့ဟောင်းကြီးက အတော်လေး ရွံစရာကောင်းလှပေသည်။

အာယိုး၏ မျက်နှာပေါ်က အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။

“မင်း ဒီမြို့ပြဒဏ္ဍာရီကို ဘယ်က ကြားလာတာလဲ။ ငါပြောသားပဲ။ အိမ်ထဲမှာပဲ အမြဲအောင်းနေတော့ မင်းထင်ရာ လျှောက်တွေးနေမိပြီပေါ့။”

“ဦးလေးယိုး...ကျုပ်ကလည်း ကျုပ်တို့ထဲက လူတစ်ယောက်ပါဗျာ။”

တန်ဝမ်ကျဲက ရုတ်တရက် လက်ကွက်ဖော်လိုက်၏။ သူသည် အင်းအတတ် အနည်းငယ်သာ တတ်သော်လည်း မော်ရှန်းတာအိုဆရာများ အချင်းချင်း နှုတ်ဆက်သည့် လက်ဟန်များကိုတော့ အစုံအလင် သင်ထားခဲ့သည်။

အပြင်ရောက်လျှင် မိတ်ဆွေကောင်းရှိရန် လိုအပ်ပေသည်။ မိမိလူကို ခွဲခြားသိမြင်ဖို့က အရေးကြီး၏။ နတ်များကို ခေါ်၍မရလျှင်ပင် လူများကိုတော့ ခေါ်၍ ရရပေမည်။

အာယိုးက ပြန်မပြောဘဲ ငြိမ်သက်စွာသာ ထိုင်နေ၏။ခဏအကြာတွင် သူက ရယ်မောလိုက်လေသည်။

“မင်း ဒါတွေကို ဘယ်မှာ သင်လာတာလဲ။ မင်း သရုပ်ဆောင်နေတာလား။”

“ဟုတ်တယ်။ မကြာခင်ကပဲ ‘အလောင်းမောင်းနှင်သူ ဘဲဘုရင်’ ဆိုတဲ့ ကားမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရလို့လေ။”

တန်ဝမ်ကျဲက ချက်ချင်းပင် လိမ်ညာလိုက်သည်။

ထို့နောက် သူသည် မတ်တပ်ထရပ်ကာ ချက်ပြုတ်နေသော မီးဖိုဆီသို့ လမ်းလျှောက်သွားလိုက်၏။ သူ ခြေတစ်လှမ်း တိုးလိုက်ပြီး လက်ဝါးဖြင့် ရုတ်တရက် တွန်းထုတ်လိုက်ရာ မီးလျှံများမှာ ဝုန်းခနဲ မြင့်တက်လာတော့လေသည်။ ပြင်းထန်သော မီးတောက်ကြီးမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံတော့မည့်အလား ဖြန့်ထွက်သွားခဲ့သည်။

အာယိုးတင်မကဘဲ ဘေးပတ်ပတ်လည်က လူများပါ ထိတ်လန့်တကြား အော်ဟစ်ကုန်ကြတော့သည်။

တန်ဝမ်ကျဲ ကိုယ်တိုင်ပင် လန့်ဖျန့်သွားပြီး သူ့မျက်ခုံးမွှေးများပင် မီးလောင်လုနီးပါး ဖြစ်သွားခဲ့လေသည်။ ပါးစပ်က စီးကရက်မှာလည်း မီးရှိန်ကြောင့် လွင့်ထွက်သွားပြီး ဖင်တိုလေးသာ ကျန်ရှိတော့သည်။

တခြားလူများသည် အနားမကပ်ရဲကြသော်လည်း အားလုံးက တညီတညွတ်တည်း ၎င်းတို့၏ဖုန်းများကို ထုတ်ကာ တန်ဝမ်ကျဲကို ဗီဒီယို ရိုက်ကြတော့လေသည်။

“အားကျဲ ဒါက ဘယ်လို မျက်လှည့်မျိုးလဲ။”

လူတစ်ယောက်က မေးလိုက်သည်။

“တစ္ဆေဖမ်းသူလေ...”

နန်ဝမ်ကျဲက သူ့အဝတ်အစားများကို ပုတ်ပြလိုက်၏။

“ဘယ်သူမဆို သရဲခြောက်ခံရရင် ကျုပ်ဆီသာ လာခဲ့။ ဈေးနှုန်းလည်း သင့်တင့်တယ်။ ဘယ်သူ့ကိုမှလည်း မလိမ်ဘူး။”

သူသည် အပိုတာဝန်များကို လိုချင်နေခြင်းဖြစ်ပြီး ယခုတော့ ရသွားခဲ့ချေပြီ။

လူအများ စိတ်ဝင်စားအောင် လုပ်နေရခြင်းကိုမူ သူ ဂရုမစိုက်ချေ။

“နောက်တစ်ခုလောက် လုပ်ပြဦး...။ နောက်တစ်ခု...။”

တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။

ငါ့ကို မျက်လှည့်ပြတဲ့ မျောက်လို့များ အောက်မေ့နေလား။ ခိုင်းတိုင်း လုပ်ပြရအောင်။

တန်ဝမ်ကျဲသည် အာယိုး၏ စားပွဲဆီသို့ ပြန်လျှောက်လာပြီး ထိုင်ချလိုက်ကာ အာယိုး၏ စီးကရက်ဗူးကို တရင်းတနှီး လှမ်းယူလိုက်လေသည်။

“ဖြန်း...”

အာယိုးက သူ၏လက်ကိုမြှောက်ကာ ထန်ဝမ်ကျဲ၏ လက်ကို ပုတ်ထုတ်လိုက်၏။

“မင်းက ငါ့ကိုတောင် လာရှာနေဖို့ လိုသေးလို့လား။”

သူသည် သရဲဖမ်းသည့် အတတ်ကို တတ်မြောက်ထားကြောင်း မငြင်းတော့ပေ။

အာယိုးသည် သရဲဖမ်းရန် အင်းစာရွက်များကို အသုံးပြုပြီး ဖုတ်ကောင်များအတွက် ကောက်ညှင်းဆန်ကို သုံးသော်လည်း တန်ဝမ်ကျဲကဲ့သို့ ချဲ့ကားထားသော အတတ်မျိုးကိုတော့ သူ လုံးဝမလုပ်နိုင်ချေ။

ဒါက သရဲဖမ်းတာ မဟုတ်တော့ဘူး။ အဲ့ဒီလောက် ကြီးတဲ့ မီးလုံးနဲ့သာ အထိခံလိုက်ရရင် လူအစစ်တောင် သေသွားနိုင်တယ်။

“ဦးလေးကို လာရှာတာက နှစ်ထပ်အာမခံရသွားအောင်လို့ပါ။”

တန်ဝမ်ကျဲက သူ၏နှုတ်ခမ်းကို သပ်လိုက်ရင်း အာယိုးမှာ အတော်လေး တွန့်တိုသည်ဟု စိတ်ထဲက အပြစ်တင်လိုက်မိသည်။

“ဟို ညီအစ်မနှစ်ယောက်က သနားစရာကောင်းပါတယ်။ သူတို့ အမြန်ဆုံး လူပြန်ဝင်စားနိုင်အောင်၊ ကျွတ်လွတ်အောင် လုပ်ပေးလိုက်တာ ပိုကောင်းတယ် မဟုတ်လား။”

အာယိုးသည် စီးကရက်တစ်လိပ် ထုတ်လိုက်သော်လည်း မီးညှိမည်အလုပ်တွင် မီးခြစ်က တန်ဝမ်ကျဲ၏ အိတ်ကပ်ထဲတွင် ရှိနေသည်ကို သတိရသွားခဲ့၏။

သူ မီးခြစ်ကို ပြန်တောင်းမည် အလုပ်တွင် တန်ဝမ်ကျဲက ရုတ်တရက် ထရပ်လိုက်သည်ကို မြင်လိုက်ရလေသည်။

“အဒေါ်မေ ခဏစောင့်ပါဦး။”

အာယိုးမှာ ဆဲရေးတိုင်းထွာမိလုနီးပါး ဖြစ်သွားခဲ့ရ၏။

ဘာကိုသရဲဖမ်းတဲ့လူလဲ။ သူက မီးခြစ်သူခိုးသက်သက်ပဲ။

All Chapters