ထိတ်လန့်စရာရုပ်ရှင်ရဲ့ နေ့ခင်းဘက်က တစ်နာရီပဲ ကြာတယ်
Vol. 4 Ch. 36
“အဒေါ်မေ...။”
တန်ဝမ်ကျဲက သူမနောက်သို့ လိုက်သွားခဲ့သည်။ဝမ်ကျဲက သူမနောက်သို့ လိုက်သွားခဲ့သည်။
ယခင် “ကျိန်စာ” ကမ္ဘာတွင်ကဲ့သို့ပင် တန်ဝမ်ကျဲသည် အလုပ်တစ်ခုပြီးမြောက်ရန်အတွက် ဥပဒေဘောင်ကို ကျော်ဖြတ်ရန်ပင် ဝန်လေးမည့်သူမဟုတ်ချေ။ ဤသည်မှာ [လျှို့ဝှက်နယ်မြေ] ကမ္ဘာသာဖြစ်သဖြင့် အိမ်နီးနားချင်းများ၏ အတင်းအဖျင်းပြောစကားများကိုလည်း သူ လုံးဝဂရုမစိုက်ချေ။ အကယ်၍ ကိစ္စများကို တစ်ခါတည်းနှင့် အပြီးသတ်နိုင်မည်ဆိုလျှင် သူသည် ပိုမိုစိတ်ချရသော နည်းလမ်းကိုသာ ပို၍နှစ်သက်ပေသည်။
ထူးကဲသောအခြေအနေများတွင် ထူးကဲသော လုပ်ဆောင်ချက်များ လိုအပ်သည် မဟုတ်ပါလား။
အဒေါ်မေသည် သူ့ခေါ်သံကို မကြားချင်ယောင်ဆောင်ကာ သူမ၏ခြေလှမ်းများကို အရှန်မြှင့်လိုက်၏။
သို့သော် သူမသည် အသက်ကြီးနေသော အမျိုးသမီးတစ်ဦးသာဖြစ်ရာ သူမ ပြေးလျှင်ပင် တန်ဝမ်ကျဲကို မကျော်နိုင်ပေ။ ထို့နောက် တန်ဝမ်ကျဲသည် ဓာတ်လှေကားအဝင်ဝတွင် သူမ၏လမ်းကို ပိတ်ဆို့လိုက်တော့လေသည်။
“အို... အားကျဲပါလား။”
အဒေါ်မေသည် စောစောက တန်ဝမ်ကျဲ၏ခေါ်သံကို အမှန်တကယ် မကြားလိုက်သကဲ့သို့ ပြုံးကာ ပြောလိုက်၏။
တန်ဝမ်ကျဲသည် သူမထံမှလည်း ဆေးနံ့ကို ရလိုက်ပြီး တခြားသူများထက်ပင် ပိုမိုပြင်းထန်နေကြောင်း တွေ့လိုက်ရလေသည်။
“ဟုတ်ကဲ့...။”
တန်ဝမ်ကျဲက ခေါင်းငြိမ့်လိုက်သော်လည်း သူ၏မျက်လုံးများသည်မူ သူမကိုသာ စိုက်ကြည့်နေပြီး ထွက်သွားမည့်ပုံမပေါ်ပေ။ ထိုစဥ် ဓာတ်လှေကားသည်လည်း အချိန်ကိုက် ရောက်ရှိလာခဲ့လေသည်။
သူတို့နှစ်ဦး ဓာတ်လှေကားထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်လိုက်ကြ၏။ သို့သော် အဒေါ်မေသည် သူမ ခလုတ်ကိုနှိပ်လိုက်ပြီးနောက် တန်ဝမ်ကျဲက ဘာခလုတ်မှ မနှိပ်သည်ကို သူမ သတိထားမိသွားခဲ့လေသည်။
“ဒီလိုပါ အဒေါ်မေ...ကျုပ်ရဲ့အဝတ်အစား ပြဲသွားလို့လေ။ အဲ့ဒါ အဒေါ်များ ကူညီပြီး ချုပ်ပေးနိုင်မလားလို့ပါ။”
ထို့နောက် တန်ဝမ်ကျဲသည် ဓားဖြင့် သူကိုယ်တိုင် လှီးဖြတ်ထားသော အပေါက်များကို ပြလိုက်သည်။
“ဒါက လွယ်ပါတယ်ကွယ်။ အင်္ကျီကို အဒေါ့်ကိုပေးလိုက်လေ။ အဒေါ် ချုပ်ပေးထားပါ့မယ်။”
“မနက်ဖြန်ဆိုတာထက် အခုပဲ လုပ်လိုက်တာက ပိုကောင်းပါတယ်။ အခုပဲ သွားကြရအောင်ပါ။”
တန်ဝမ်ကျဲက ဆိုလိုက်၏။ သူ့တွင် သံသယတစ်ခု ရှိနေပြီဖြစ်သည်။
စောစောက သူသည် သရဲဖမ်းသမားဖြစ်ကြောင်း လူအများရှေ့တွင် ပြသခဲ့စဉ်က သာမန်လူများမှာ ပျော်စရာအဖြစ်သာ ကြည့်နေခဲ့ကြပြီး သူ့ကို ဘယ်သူမှမယုံကြပေ။ သို့သော် အဒေါ်မေသည်မူ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေးသွားခဲ့သည်ဖြစ်ရာ ၎င်းသည် သူမတွင် မရိုးသားသောအချက် ရှိနေကြောင်း ဖော်ပြနေခဲ့လေသည်။
ဓာတ်လှေကားသည် အထက်သို့ တက်သွားပြီး ဂဏန်းများကလည်း တရိပ်ရိပ် တိုးလာခဲ့သည်။
“အဘိုးတုန်းကို မတွေ့ရတာ ကြာပြီနော်။”
ထန်ဝမ်ကျဲက အမှတ်မထင် ပြောလိုက်သည်။
တကယ်တမ်းတွင် သူသည် ဤနေရာ၌ နေထိုင်သူ မည်သူနှင့်မျှ မရင်းနှီးပါချေ။ တခြားသူများ သိထားသည်မှာ တန်ဝမ်ကျဲသည် ရုပ်ရှင်များကို အသံကျယ်ကျယ်ဖြင့် ကြည့်တတ်ပြီး ဂျပန်စာ၊ အင်္ဂလိပ်စာနှင့် ကိုရီးယားစာများကို ကြိုးစားသင်ယူနေသော ကျောင်းသားတစ်ဦးဟုသာ သိထားကြခြင်းဖြစ်လေသည်။ တစ်ခါတစ်ရံတွင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်နံ့ အနည်းငယ်ပါသော အသံများကိုပင် ကြားရတတ်သည်ဟု ဆိုကြပေသည်။
သို့သော် အဒေါ်မေမှာ ယခုအခါ ထိတ်လန့်နေပြီဖြစ်ပြီး ထိုစကားကို တန်ဝမ်ကျဲ လူအရှေ့တွင် ပြခဲ့သော အင်းအတတ်နှင့် ဆက်စပ်ကာ တွေးတောနေမိလေသည်။ သူမသည် တည်ငြိမ်မှုများ လုံးဝပျက်ပြားသွားပြီး စကားများကို ရမ်းသမ်း၍သာ ပြန်ပြောနိုင်တော့သည်။
ဆင်ခြေပေးရန် အခွင့်မသာတော့သဖြင့် သူမသည် တန်ဝမ်ကျဲကို သူမ၏ အိမ်ရှေ့အထိ ခေါ်သာလာခဲ့ရတော့သည်။
အဒေါ်မေသည် တန်ဝမ်ကျဲအား အိမ်ထဲမဝင်အောင် ဘယ်လိုတားရမလဲဟု စိုးရိမ်တကြီး စဉ်းစားနေစဉ်မှာပင် တန်ဝမ်ကျဲပြောလိုက်သည့်စကားသံကို ကြားလိုက်ရလေသည်။
“ဒီမှာ အင်္ကျီပါ။ ကျုပ် အိမ်ထဲအထိ မဝင်တော့ဘူးနော်။”
ထိုသို့ပြောရင်းနှင့် သူသည် နှာခေါင်းကို လက်ဖြင့်ယပ်ပြကာ လုံးဝ အားနာခြင်းမရှိကြောင်း ပြလိုက်သည်။
အဒေါ်မေမှာ သက်ပြင်းချနိုင်သွားပြီး တန်ဝမ်ကျဲကို အားနာသလိုနှင့် ဦးစွာပြောလိုက်၏။
“စိတ်မရှိပါနဲ့ အားကျဲရယ်။ အဒေါ် အခုတလော ဆေးတွေ အများကြီး သောက်နေရလို့ အိမ်ထဲမှာ အနံ့တွေ နည်းနည်း ရှိနေတာ။ အဒေါ်လည်း သိပ်နေလို့မကောင်းဘူးလေ။”
“နေမကောင်းရင် ဆေးရုံသွားတာ အကောင်းဆုံးပဲနော် အဒေါ်မေ။”
တန်ဝမ်ကျဲသည် သူ၏အပေါ်ထပ်အင်္ကျီကို ချွတ်ကာ အဒေါ်မေကို ပေးလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့၏။
“ဟူး...”
အဒေါ်မေသည် အခန်းတံခါးကို ပိတ်လိုက်ပြီး တံခါးမှန်ပြောင်းမှတစ်ဆင့် တန်ဝမ်ကျဲ ဓာတ်လှေကားထဲ ဝင်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ ထို့နောက်မှသာ တံခါးကို မှီကာ သက်ပြင်းချလိုက်တော့လေသည်။
မိနစ်အနည်းငယ် စောင့်ပြီးနောက် သူမသည် အဝတ်ချုပ်ရန်အတွက် ဂရုပင်မစိုက်တော့ဘဲ တန်ဝမ်ကျဲ၏ အင်္ကျီကို ဆိုဖာပေါ်သို့ ပစ်တင်ကာ ချက်ချင်း ပြန်ထွက်လာခဲ့လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် အားကျိုး၏ အိမ်သို့ ရောက်ရှိသွားခဲ့သည်။
အဒေါ်မေသည် ဘာကိုမှဖုံးကွယ်မထားဘဲ တန်ဝမ်ကျဲက သူ့ကိုယ်သူ သရဲဖမ်းသူဟု ပြောနေသည့်အကြောင်းကို အားကျိုးအား ပြောပြလိုက်လေသည်။ အဘိုးကြီးတုန်း သေဆုံးပြီးကတည်းက အဒေါ်မေမှာ နေ့တိုင်း ထိတ်လန့်တကြား နေထိုင်ခဲ့ရသည်။ ယခုအခါ မျှော်လင့်ချက်အလင်းရောင်လေးကို မြင်တွေ့နေခဲ့ရပြီး အဘိုးကြီးတုန်းမှာလည်း အသက်ပြန်ရှင်တော့မည်ဖြစ်ရာ သူမ၏လမ်းကို ပိတ်ဆို့မည့် မည်သူ့ကိုမဆို သူမ သတ်ပစ်လိမ့်မည်ဖြစ်သည်။
“သရဲဖမ်းသူ ဟုတ်လား။”
အားကျိုးက ဆေးလိပ်ကို လိပ်လိုက်ရင်း ပြောလိုက်၏။
“ဒါပေမဲ့ သူက တစ်စုံတစ်ခုကို တကယ် သိသွားတာလည်း ဖြစ်နိုင်တယ်။ ဒီအတိုင်းသာ ဆက်သွားရင်တော့ တကယ်ဒုက္ခရောက်နိုင်တယ်။”
သူသည် အဆုတ်ရောဂါ ခံစားနေရပြီး သေလုမြောပါး ဖြစ်နေသော လူတစ်ယောက်ဖြစ်ကာ အဒေါ်မေမှာလည်း အသက်ကြီးနေပြီဖြစ်သည်။ တန်ဝမ်ကျဲမှာမူ သန်မာသော လူငယ်တစ်ဦးဖြစ်သည်။ အကယ်၍ အမှန်တကယ်တိုက်ခိုက်ရမည်ဆိုပါက သူတို့နှစ်ဦးမှာ သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။
“ကျွန်မတို့များ...”
အဒေါ်မေ၏ မျက်နှာမှာ ရုတ်တရက် မှောင်မိုက်သွားခဲ့၏။ သူမသည် စကားကို တစ်ဝက်တစ်ပြတ်သာ ပြောလိုက်သော်လည်း သူမ၏ သတ်ဖြတ်လိုစိတ်မှာမူ လုံးဝ ဖုံးကွယ်ထား၍မရပါချေ။
အားကျိုး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းခါပြလိုက်သည်။
“ဒါက မသင့်တော်ဘူး။”
သူသည် လူသတ်ရသည်ကို ပျော်မွေ့သူမဟုတ်ချေ။ တစ်ဖက်လူက “သရဲဖမ်းသူ” ဟု အတည်မပြုနိုင်သေးသည့် အခြေအနေဖြင့် လူသတ်ရန် အထိတော့ သူ မလုပ်လိုချေ။
“သူက အတုပဲဖြစ်ဖြစ်၊ အစစ်ပဲဖြစ်ဖြစ် ထားလိုက်ပါတော့။ သူက အသက်နှစ်ဆယ်ကျော်လေးနဲ့ တကယ်ပဲ ဒီလိုပညာမျိုးတွေကို တတ်မြောက်နိုင်ပါ့မလား။”
အားကျိုးသည် သူ၏ပါးစပ်နှင့် နှာခေါင်းကို အုပ်ကာ ချောင်းဆိုးလိုက်ပြန်သည်။
“စိတ်မပူပါနဲ့။ အချိန်တန်ရင်...အဟွတ် အဟွတ်...အားတုန်းကတော့ သေချာပေါက် အသက်ပြန်ရှင်လာမှာပါ...အဟွတ် အဟွတ် အဟွတ်...။”
...
စောစောကတင် မနက်ခင်းအချိန် ဖြစ်နေခဲ့သော်လည်း ယခု သူ အချိန်ကို ကြည့်လိုက်သောအခါ ည ၂၂:၃၅ နာရီ ရှိနေပြီဖြစ်သည်။
“မျှော်လင့်ထားသလိုပဲ...။ ထိတ်လန့်စရာရုပ်ရှင်တွေထဲမှာ နေ့ခင်းဘက်က တစ်နာရီပဲ ကြာတယ်။”
ဇာတ်ဆောင်များမှာ အဘယ်ကြောင့် နေ့ခင်းဘက်တွင် တစ္ဆေမနှိမ်နင်းဘဲ ညဘက်မှ ဇွတ်လုပ်နေကြသလဲဟု တန်ဝမ်ကျဲ အမြဲ သိချင်ခဲ့ဖူးသည်။ ယခုမှသာ သူ နားလည်သွားတော့၏။ သူတို့သည်လည်း အခြေအနေအရ အလုပ်လုပ်ကြရခြင်းဖြစ်သည်။
ယခင် လျှို့ဝှက်နယ်မြေတုန်းကလည်း သူသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်းသာ လိုက်သွားနိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူသည် တိုက်ခန်းဝင်းအတွင်း လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် လွတ်လပ်စွာ စူးစမ်းရသည့် ကမ္ဘာဟု ထင်ခဲ့မိသော်လည်း တကယ်တမ်းတွင် အချိန်ကို သူ မထိန်းချုပ်နိုင်ဘဲ အရာအားလုံးကို ရှေ့သို့ တွန်းပို့နေသော အင်အားတစ်ခု ရှိနေခဲ့လေသည်။
ထို့ကြောင့် အဒေါ်မေ အပြင်ထွက်နေစဉ်အတွင်း သူမအိမ်သို့ သွားပြီး အလောင်းကို ဖျက်ဆီးရန်မှာ ခက်ခဲပေလိမ့်မည်။
“ခစ် ခစ် ခစ်”
တန်ဝမ်ကျဲသည် ဓာတ်လှေကားထဲမှ ထွက်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ရုတ်တရက် ကလေးတစ်ယောက်၏ ရယ်သံကို ကြားလိုက်ရ၏။
သူ့ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
ရှည်လျားသော စင်္ကြံလမ်းမှာ သင်္ချိုင်းဂူအတွင်းက လမ်းတစ်ခုနှင့်ပင် တူညီနေခဲ့သည်။ မီးလုံးများမှာ တဖျပ်ဖျပ်ဖြစ်နေပြီး တိုက်ခန်းတံခါးများမှာလည်း ထောင်မတ်ထားသော အုတ်ဂူကျောက်တိုင်များနှင့် ဆင်တူနေ၏။
အေးစိမ့်သော ကွန်ကရစ်များမှာလည်း စိုထိုင်းနေလေသည်။
သူ၏မြင်ကွင်းအဆုံး၊ လမ်းထောင့်တွင် လူသေကဲ့သို့ ဖြူဖျော့နေသော ကောင်လေးတစ်ယောက်သည် တန်ဝမ်ကျဲကို ကျောခိုင်းကာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် တစ်စုံတစ်ခုကို ပြုလုပ်နေပြီး ရံဖန်ရံခါ ထူးဆန်းသော ရယ်သံများကို ထုတ်လွှတ်နေခဲ့သည်။
ရုတ်တရက် သူ၏ဂုတ်ပိုး၌ အအေးဓာတ်တစ်ခု စိမ့်တက်လာ၏။ တန်ဝမ်ကျဲ လမ်းထောင့်ဆီသို့ ထပ်ကြည့်လိုက်သောအခါ ထိုကောင်လေးမှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ထိုစဉ် သူ့ပခုံးမှာ ရုတ်တရက် လေးလံသွားခဲ့သည်။
တစ္ဆေကလေး မွေးထားသူမှာ တစ်ယောက်တည်းသာ ရှိ၏။ ဆိုလိုသည်မှာ တစ်ဖက်လူက သူ့ကို ပစ်မှတ်ထားလိုက်ချေပြီ။
“အား... ကံမကောင်းလိုက်တာကွာ...။”
တန်ဝမ်ကျဲ သူ၏လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။
“မင်း လက်ထဲကိုမှ မိသွားရတယ်လို့။ တကယ်ကို ကံဆိုးတာပဲ။”
သူ့ပခုံးပေါ်ရှိအရာမှာ အလွန်ပျော်ရွှင်နေပုံရပြီး လှုပ်လှုပ်ရွရွ လုပ်နေသဖြင့် တန်ဝမ်ကျဲ၏ ပခုံးမှာ နာကျင်လာခဲ့သည်။
သူ တစ်ခုခုလုပ်ရန် ပြင်လိုက်စဉ် ရုတ်တရက် အော်သံတစ်ခုကို ကြားလိုက်ရ၏။
“အား...။”
ထို့နောက် ရူးသွပ်နေသောအမျိုးသမီးတစ်ဦး သူ၏ရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။
သူမမှာ အားဖုန်းဖြစ်ပြီး အခန်း ၂၄၄၂ ၏ နေထိုင်သူဟောင်း တစ်ဦးဖြစ်သည်။ သူမသည် သူမ၏ ခင်ပွန်းနှင့် သားလေးကို အလွန်ချစ်မြတ်နိုးပြီး ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။
သို့သော် သူမ၏ ခင်ပွန်းက အမွှာမိန်းကလေးနှစ်ဦးကို အိမ်တွင် စာသင်ပေးနေစဉ်အတွင်း တိရစ္ဆာန်စိတ်ဝင်ကာ အပြစ်ကျူးလွန်ခဲ့၏။ နောက်ဆုံးတွင် သူသည် အမွှာများ၏ ခုခံမှုကြောင့် သေဆုံးသွားခဲ့သည်။ ထိုရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း မိန်းကလေးတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာမူ မျက်နှာကြက် ပန်ကာတွင် ကြိုးဆွဲချကာ အဆုံးစီရင်သွားခဲ့သည်။
ထိုအချိန်မှစ၍ အားဖုန်းမှာလည်း ရူးသွပ်သွားခဲ့၏။ သူမသည် အခန်း ၂၄၄၂ တွင် လှည့်လည်နေသော အမွှာမိန်းကလေးတစ္ဆေများကို မြင်နေခဲ့ရသည်။ သူမသည် ကြောက်လန့်နေသော်လည်း ထိုနေရာမှ မထွက်သွားနိုင်ဘဲ သူမ၏သားလေး ရှောင်ပိုင်နှင့်အတူ တိုက်ခန်းဝင်းထဲတွင် လှည့်လည်နေကာ တင်မြှောက်ထားသော စားဖွယ်များကို ခိုးယူစားသောက်ရင်းဖြင့် အသက်ရှင်နေခဲ့ရသူဖြစ်သည်။
ယခုအချိန်တွင် အားဖုန်းသည် တန်ဝမ်ကျဲ၏ ပခုံးပေါ်ကို ကြည့်ကာ ကြောက်လန့်တကြားဖြင့် သူမ၏မျက်လုံးများကို အုပ်ထားလိုက်၏။ သို့သော် ကြောက်လေ ကြည့်ချင်လေ ဖြစ်နေသဖြင့် သူမ၏လက်ချောင်းကြားမှ ချောင်းကြည့်နေမိပြန်သည်။
ထိုစဉ် ရုတ်ရက် တန်ဝမ်ကျဲက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်ကို သူမ မြင်လိုက်ရ၏။ သူ၏ ခေါင်းပေါ်သို့ မြှောက်ထားသော ညာဘက်လက်ကောက်ဝတ်မှာ ရုတ်တရက် လည်သွားပြီး အေးစိမ့်ကာ တောက်ပနေသော ဓားမကြီးတစ်လက်မှာ လေထဲမှ ထွက်ပေါ်လာခဲ့သည်။
တန်ဝမ်ကျဲ၏ ပခုံးပေါ်တွင် ထိုင်နေသောအရာမှာ ဓားဖြင့် ထိမှန်သွားခဲ့ပြီး စူးစူးဝါးဝါး အော်ဟစ်ကာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
ထို့နောက်တွင် တန်ဝမ်ကျဲသည် ဇာတ်လိုက်မင်းသားတစ်ဦးကဲ့သို့ တည်ငြိမ်စွာဖြင့် ရှေ့သို့ လှမ်းတက်လာသည်ကို သူမ မြင်ရလေသည်။ သူသည် ညာဘက်လက်တွင် ဓားမကြီးကို မြှောက်ကိုင်ထားပြီး ဘယ်ဘက်လက်ဖြင့် ‘ဓားလက်ချောင်း’ ဟန်ကို ဖော်ဆောင်ထား၏။
သူ့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များမှာ ကြည့်ရှုနေသူကိုပင် တုန်လှုပ်ချောက်ချားသွားစေခဲ့လေသည်။
သူ့ခြေထောက် မြေပြင်ပေါ်သို့ ကျရောက်လိုက်သည်နှင့်...
“ဒုန်း”
သူ့ခြေလှမ်းသံမှာ အနားရှိ လူများ၏ နှလုံးခုန်သံနှင့်ပင် တစ်သားတည်း ဖြစ်သွားပုံရ၏။
တန်ဝမ်ကျဲက သူ၏ ‘ဓားလက်ချောင်း’ ကို ရှေ့သို့ ထိုးထုတ်လိုက်ရာ ထိုအရာမှာ ချက်ချင်းပင် လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် လူးလိမ့်သွားလိုက်ရလေသည်။
ထိုအရာက ပြန်ထပြီး ထွက်ပြေးရန် ကြိုးစားသောအခါ တန်ဝမ်ကျဲသည် ရှေ့သို့ လှမ်းတက်လိုက်ကာ ၎င်း၏ ခေါင်းကို ခြေထောက်ဖြင့် နင်းထားပြီး ဓားမကြီးဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့လေသည်။
အရာအားလုံး ပြီးဆုံးသွားချေပြီ။
အားဖုန်းမှာ သူမ၏ပါးစပ်ကို လက်နှစ်ဖက်ဖြင့်အုပ်ကာ မျက်လုံးအပြူးသားဖြင့် လမ်းထောင့်တွင် ကုတ်ကုတ်လေး ထိုင်နေခဲ့သည်။ သို့သော် တန်ဝမ်ကျဲကို ကြည့်နေသော သူမ၏ မျက်လုံးများထဲတွင်မူ ကြောက်ရွံ့မှုများ ရှိမနေတော့ပေ။
“စိတ်မပူပါနဲ့။”
တန်ဝမ်ကျဲက အားဖုန်းကို နှစ်သိမ့်လိုက်၏။
“သရဲတွေက နာကျင်မှုကို မခံစားရပါဘူး။”
သူက မခံစားရဘူးလို့ ပြောရင် မခံစားရတာပါပဲ။
အားဖုန်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပါးစပ်ကို အုပ်လျက် ခေါင်းကိုသာ တရစပ် ငြိမ့်ပြနေခဲ့သည်။
တန်ဝမ်ကျဲက ထပ်မေးလိုက်၏။
“ရှောင်ပိုင် ဘယ်မှာလဲ။ အခုတလော တစ်ယောက်ယောက်က ဖုတ်ကောင်ပြုလုပ်ဖို့အတွက် အပျိုစင်သွေးကို လိုက်ရှာနေတယ်။ ကလေးကို သေချာ စောင့်ကြည့်ထားဦး။”
“ရှောင်ပိုင်...ရှောင်ပိုင်...ရှောက်ပိုင်...။”
ထိုစကားကို ကြားသည်နှင့် အားဖုန်းမှာ ပျာပျာသလဲ လိုက်ရှာတော့လေသည်။ တန်ဝမ်ကျဲသည်လည်း သူမနှင့်အတူ ကူရှာပေးလိုက်၏။
လိုက်ရှာပြီးနောက် အားဖုန်းသည် ရှောင်ပိုင်အား နောက်ဆုံးတွင် တွေ့ရှိသွားခဲ့သည်။ သူသည် အခန်း ၂၄၄၂ တွင် ရှောင်ဟောင်နှင့်အတူ ဖန်လုံးလေးဖြင့် ကစားနေခြင်း ဖြစ်သည်။
သူနှင့် အားဖုန်းတို့သည် အခန်း ၂၄၄၂ ၏ တံခါးဝတွင် ရပ်ကာ သက်ပြင်းချလိုက်မိကြသည်။
တန်ဝမ်ကျဲ၏ သတိပေးမှုကြောင့် အားဖုန်းသည် သူမ၏ သားကို သေချာစောင့်ကြည့်တော့မည်ဖြစ်သည်။ အပျိုစင်သွေးကို မရရှိသရွေ့ ထိုဖုတ်ကောင်မှာ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့သော် ဤကမ္ဘာပေါ်တွင် ရှောင်ပိုင်တစ်ယောက်တည်းသာ လူပျိုယောင်္ကျားလေး ဖြစ်လိမ့်မည်ဟု မည်သူမှ မပြောနိုင်ချေ။ ထို့ကြောင့် ရှောင်ပိုင်ကို စောင့်ရှောက်နေမည့်အစား အလောင်းကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်ခြင်းက ပို၍ စိတ်ချရပေသည်။
ချူရှန်း၏ သက်လတ်ပိုင်းပုံစံကို ကြည့်ရင်း တန်ဝမ်ကျဲမှာ ဓာတ်ပုံရိုက်ယူသွား၍ မရသည်မှာ နှမြောစရာကောင်းသည်ဟု တွေးလိုက်မိ၏။ မဟုတ်ပါက သူသည် ၎င်းကို ချူရှန်းအား သေချာပေါက် ပြန်ပြလိုက်မည်ဖြစ်သည်။
ခဏလေး...သူ လမ်းလျှောက်နေရင်း အခန်း ၂၄၄၂ ကို ဘယ်လိုရောက်လာတာလဲ။
သူ ထပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်သေးမဖြစ်သေးဘူးလေ...။
တန်ဝမ်ကျဲ မော့ကြည့်လိုက်ရာ သူ့အကြည့်သည် ရှောင်ဟောင်ကို ကျော်ပြီး အခန်းထဲသို့ ရောက်ရှိသွားခဲ့သည်။
ကောင်းပြီ...သူတော့ ထိတ်တိုက်တွေ့ပြီပဲ။