← Chapters

မတော်တဆလား၊ တမင်သက်သက်လား

Vol. 4 Ch. 37

မတော်တဆလား၊ တမင်သက်သက်လား

Vol. 4 Ch. 37

ရုတ်တရက် အအေးလှိုင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

စင်္ကြံလမ်းရှိ မီးလုံးများမှာလည်း ထိန်းမနိုင်သိမ်းမရ တဖျတ်ဖျတ် ဖြစ်စပြုလာ၏။

အခန်းအမှတ် ၂၄၄၂ အတွင်း၌မူ အမြွှာညီအစ်မများမှာ ပေါ်လာနှင့်နေပြီဖြစ်သည်။ တစ်ဦးသည် ကြမ်းပြင်ပေါ်တွင် လေးဘက်ထောက်ကာ တွားသွားနေပြီး ကျန်တစ်ဦးသည်မူ မျက်နှာကြက်ရှိ ပန်ကာတွင် တွဲလောင်းခိုနေခဲ့သည်။

သူတို့၏ အာဃာတများမှာ ပျယ်ပျောက်ရန် ခက်ခဲလှသဖြင့် တန်ဝမ်ကျဲအား သူတို့၏ပုံရိပ်များကို အထင်အရှား မြင်ခွင့်ပေးထားခဲ့ကြသည်။

ကြမ်းပြင်ပေါ်ရှိ တစ်ဦး၏ ရင်ဘတ်တွင် သွေးများ စွန်းထင်းနေပြီး ပန်ကာပေါ်ရှိ တစ်ဦး၏ ပေါင်ကြား၌လည်း သွေးများ စွန်းထင်နေခဲ့သည်။

အခန်းတွင်း၌ နွယ်ပင်များ ရိုင်းစိုင်းစွာ ပျံ့နှံ့နေသကဲ့သို့ ထင်ရသော်လည်း အနီးကပ်ကြည့်မှသာ ၎င်းတို့သည် သွေးကြောများကဲ့သို့ နီမြန်းနေသည့် အာဃာတစွမ်းအင်များ ဖြစ်ကြောင်း သိရှိရမည်ဖြစ်သည်။

အမြွှာညီအစ်မတို့၏ အကြည့်များမှာ တန်ဝမ်ကျဲ ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သည်။

သူတို့သည် သူ့ (တန်ဝမ်ကျဲ) ထက် ပို၍အစွမ်းထက်ကြ၏။ သူသည် နောက်ဆုံးတွင် ခဲယဉ်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်တွေ့ရပြီဖြစ်ကြောင်း ချက်ချင်းပင် နားလည်လိုက်လေသည်။

“မင်း အဆင်ပြေရဲ့လား။”

ရှောင်ဟောင်သည် သူ့နောက်တွင်ရှိနေသည့် အခြေအနေကို လုံးဝမရိပ်မိဘဲ အားဖုန်းကိုသာ ဝေခွဲမရစွာဖြင့် ကြည့်နေမိ၏။

ထိုစဉ် အားဖုန်း၏ခန္ဓာကိုယ်မှာ ထပ်မံ၍ ပြင်းထန်စွာ တုန်ယင်လာခဲ့ပြန်သည်။ သို့သော် သူမသည် လိမ္မာပါးနပ်သူဖြစ်ရာ သူမ၏ကလေးကိုပွေ့ချီပြီး တန်ဝမ်ကျဲ၏ နောက်သို့ ဝင်ပုန်းရင်း သူ၏အင်္ကျီစကို ခပ်ဖွဖွ ဆွဲကိုင်ထားလိုက်၏။ သူမ၏စိတ်ထဲတွင် တန်ဝမ်ကျဲ တစ်ဦးတည်းသာ သူမကို ကာကွယ်ပေးနိုင်သည်ဟု ယူဆထားပုံရသည်။ အကြောင်းမှာ စောစောက ‘နဂါးသားတော်’ မျက်နှာဖုံးစွပ်နှင့် သရဲလေးကို သတ်လိုက်သည်မှာ တန်ဝမ်ကျဲပင် မဟုတ်ပါလား။

ဇာတ်ရှိန်နှင့် ဇာတ်ကွက်များကို မဖော်ထုတ်ရသေးမီမှာပင် အခြေအနေက တင်းမာလာခဲ့သည်။ တန်ဝမ်ကျဲမှာ ဝေခွဲမရဖြစ်သွားခဲ့၏။ ဤလျှို့ဝှက်နယ်မြေသည် အစွမ်းကုန် တိုက်ခိုက်ရမည့် နေရာမျိုးလား။ ဇာတ်ကွက်များ ရှိလိမ့်မည်ဟု သူ မှားယွင်းစွာ တွေးထင်မိခဲ့သည်။

ပြန်စဉ်းစားကြည့်လျှင်မူ မှန်နေပြန်၏။ နေ့ခင်းဘက်အချိန်များကို အမြန်ကျော်ဖြတ်ခဲ့ပြီး ညဘက်ရောက်သည်နှင့် သရဲသပတ်များနှင့် မိစ္ဆာများက တန်းစီပေါ်လာတော့လေသည်။

သူလုပ်ရန် ကျန်သည်မှာ သတ်ရန်၊ သတ်ရန်နှင့် သတ်ရန်သာ ဖြစ်သည်။

“ချူရှန်း... ဦးလေးယိုးဆီ သွားပြီး အကူအညီတောင်းလိုက်။”

တန်ဝမ်ကျဲက ရှောင်ဟောင်ကို မေးထိုးပြရင်း ပြောလိုက်သည်။ ရှောင်ဟောင်၏ လည်ပင်းတွင် အညှစ်ခံထားရသည့် အမာရွတ်များကို သူ မြင်နေရဆဲပင်။

“ဟမ်...”

ရှောင်ဟောင်မှာ ထိုအမည်ကြောင့် ခေတ္တမျှ ကြောင်အသွားခဲ့သည်။

ထို့နောက် သူသည် ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။ သူ၏ဘဝတစ်လျှောက်လုံးတွင် အနုပညာအလုပ်များ လုပ်ကိုင်ခဲ့ရာ ဂန္ထဝင်မြောက်သော ဇာတ်ကောင်များစွာ ကျန်ရစ်ခဲ့သော်လည်း လွှမ်းမိုးမှုအရှိဆုံး ဇာတ်ကောင်ကို ပြောပါဆိုလျှင် ၎င်းမှာ ‘ချူရှန်း’ ပင် ဖြစ်သည်။ အနည်းဆုံးတော့ ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင်ပင် သူ အသက်မွေးဝမ်းကျောင်း ပြုလိုပါက ‘ချူရှန်း’ ဟူသည့်အမည်ဖြင့်ပင် ထမင်းစား၍ ရနိုင်ပါသေးသည်။

သူ ဘာမှမမြင်ရသော်လည်း တန်ဝမ်ကျဲ၏ “ချူရှန်း” ဟု ခေါ်ဆိုမှုကို ယုံကြည်ရန်သာ ရွေးချယ်လိုက်သည်။ ထို့အပြင် ထိုအရာများ အမှန်တကယ် ရှိနေနိုင်သည်ဟု သူလည်း မရေမရာ ခံစားနေခဲ့ရလေသည်။

ထို့နောက် ရှောင်ဟောင်တစ်ယောက် သူ၏အခန်းထဲမှ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။ သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်တန့်လိုက်၏။

“ဟိုသားအမိနှစ်ယောက်ကရော...”

တန်ဝမ်ကျဲက လက်ခါပြကာလိုက်သည်။

“ငါ ကြည့်လုပ်လိုက်မယ်။ မင်းသာ မြန်မြန်သွားလိုက်။ ဦးလေးယိုးရဲ့ လောကီပညာတွေက အရမ်းနက်နဲတယ်။ သူက မိစ္ဆာနှိမ်နင်းတာကိုလည်း ဝါသနာပါတယ်။ ငါနဲ့ သူနဲ့ ဒီက သရဲနှစ်ကောင်ကို အတွင်းအပြင် ညှပ်တိုက်ဖို့ သဘောတူထားပြီးသား...။ အာ...ငါ လွှတ်ခနဲ ပြောမိသွားပြန်ပြီ။ မြန်မြန်သွားပြီး ဦးလေးယိုးကို အကြောင်းကြားလိုက်။ ငါတို့ အစီအစဉ် ပေါက်ကြားသွားပြီလို့ ပြောလိုက်တော့။”

“ဘာလဲ...”

ရှောင်ဟောင်မှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။

သရုပ်ဆောင်တာ တကယ် ညံ့တာပဲ။

အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူ့ (ရှောင်ဟောင်)တွင် ဝေဖန်ပိုင်ခွင့်ရှိပေသည်။

ထို့အပြင် တန်ဝမ်ကျဲ၏ စကားများမှာ တစ်စုံတစ်ခုကို ရည်ရွယ်နေသကဲ့သို့ သူခံစားနေရ၏။ ၎င်းမှာ “မတော်တဆ” ပြောမိခြင်း မဟုတ်ဘဲ “တမင်သက်သက်” ပြောလိုက်ခြင်းမျိုး ဖြစ်နေခဲ့လေသည်။

နောက်တစ်စက္ကန့်တွင် စင်္ကြံမီးများ တဖျတ်ဖျတ်ဖြစ်သွားခဲ့ပြီး ရှောင်ဟောင်သည် သူငှားထားသည့် အခန်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော မိန်းမသရဲနှစ်ကောင် တွားသွားထွက်လာသည်ကို မြင်လိုက်ရလေသည်။

“ပြေးတော့...ချူရှန်း”

တန်ဝမ်ကျဲက ဆက်၍ အော်ဟစ်လိုက်၏။

ရှောင်ဟောင် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ တန်ဝမ်ကျဲ ပြောခဲ့သော စကားများမှာ သရဲများ ကြားစေရန် ပြောလိုက်ခြင်းသာ ဖြစ်လေသည်။

နေဦး... ဒါဆို ငါက ငါးစာ ဖြစ်သွားတာပေါ့။

တန်ဝမ်ကျဲ တစ်ဦးတည်းသာ အမြွှာညီအစ်မများမှာ ရှောင်ဟောင်ကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်း သိထားခဲ့ခြင်းဖြစ်သည်။ သူ အခုလေးတင် လုပ်ကြံပြောဆိုလိုက်သည့် ဇာတ်လမ်းမှာ ၁ ရာခိုင်နှုန်းခန့်သာ အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။

အမြွှာညီအစ်မများသည် အာယိုးနှင့် ယခင်က တိုက်ခိုက်ဖူးသဖြင့် သူ့ကို မယှဉ်နိုင်ကြောင်း သိထားကြ၏။ ထို့ကြောင့် သူတို့သည် သတင်းသွားပို့မည့် ရှောင်ဟောင်အား အရင်ဆုံးသတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်နိုင်သည်။

သရဲဖမ်းရာတွင် ‘ချူရှန်း’ ကို ငါးစာအဖြစ် အသုံးပြုခြင်းမှာ ရှေးရိုးစဉ်လာတစ်ခုပင် မဟုတ်ပါလား။

လူသည် ကြောက်ရွံ့စိုးရိမ်လေလေ၊ ခြေထောက်များ ပျော့ခွေလာလေလေ ဖြစ်ပြီး ပြေးရန် ခက်ခဲလာတတ်သည်။ ရှောင်ဟောင်မှာ စတင် ချော်လဲရာမှ တဖြည်းဖြည်း လက်နှစ်ဖက်၊ ခြေနှစ်ဖက်ကိုပါ သုံးကာ နံရံကို အမှီပြု၍ ပြေးနေရတော့သည်။

“သူ... သူ့ကို ကယ်ပါဦး။”

အားဖုန်းသည် တန်ဝမ်ကျဲ၏ အင်္ကျီစကို ဆွဲကာ ရှောင်ဟောင် နောက်သို့ လိုက်နေသော အမြွှာညီအစ်မများအား ညွှန်ပြလိုက်၏။

တန်ဝမ်ကျဲ မိန်းမသရဲနှစ်ကောင်ကို ကြည့်လိုက်သည်။ တစ်ဦးက နံရံပေါ်တွင်ရှိပြီး ကျန်တစ်ဦးက မျက်နှာကြက်ပေါ်တွင်ဖြစ်ကာ နှစ်ဦးစလုံးမှာ သူ့ဘက်ကို ကျောပေးထားကြလေသည်။

‘အခွင့်ကောင်းပဲ။’

သူက စိတ်ထဲမှ တွေးလိုက်မိ၏။ ယခုအချိန်တွင် “နှစ်တစ်ထောင် သေမင်းလက်ချောင်း” ကို အသုံးမပြုပါက နှမြောစရာပင်။

သူသည် သူ၏လက်ချောင်းဖြင့် ထိုးနှက်လိုက်ရာ မျက်နှာကြက်ပေါ်ရှိ သရဲအား တိကျစွာ ထိမှန်သွားခဲ့သည်။

သရဲမြူများ လှိုင်းထသွားပြီး မိန်းမသရဲမှာ ပျောက်ကွယ်သွားခဲ့လေသည်။

နောက်အခိုက်တွင် သွေးဆုတ်ဖြူလျော်နေသော မျက်နှာတစ်ခုသည် တန်ဝမ်ကျဲ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။ သူမ၏ မျက်လုံးများမှာ လုံးဝဖြူဆွတ်နေပြီး သူ့မျက်နှာနှင့် နှာခေါင်းချင်း ထိလုနီးပါး ဇောက်ထိုးတွဲလောင်း ခိုနေခဲ့သည်။

သူမတင်မကဘဲ ရှောင်ဟောင်နောက်သို့ လိုက်နေသော အမြွှာသရဲမကပါ ရပ်တန့်သွားခဲ့၏။

တန်ဝမ်ကျဲ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သူတို့ အလွန်ဒေါသထွက်သွားခဲ့ကြပြီဖြစ်သည်။

တန်ဝမ်ကျဲက သူ၏လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။

“အိုး... မင်းတို့ မိသွားတာ တကယ် ကံဆိုးတာပဲ... ကျစ်”

ထိုစဉ် သူ၏ခေါင်းမှာ အကိုင်ခံလိုက်ရပြီး တစ်ကိုယ်လုံး လေထဲသို့ မြှောက်တက်သွား၏။ သူ၏ခန္ဓာကိုယ်မှာမူ လက်သည်းဖြင့် ကုတ်ခြစ်တိုက်ခိုက်မှုကို ခံလိုက်ရပြီး နောက်သို့ လွင့်ထွက်ကာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

“ဖူး...”

သူ သွေးတစ်လုပ် ထွေးထုတ်လိုက်ရ၏။ သူ၏နံရိုးများမှာလည်း ကျိုးသွားပြီ ထင်ရလောက်အောင် နာကျင်နေခဲ့သည်။

“ဘယ်လိုတောင် ဆုံးရှုံးမှုကြီးလဲ။”

သူ၏ သွေး ၃ မှတ် လျော့ကျသွားသည်ကို မြင်လိုက်ရသဖြင့် တန်ဝမ်ကျဲမှာ ဦးရေပြားများ တဖျတ်ဖျတ် တုန်သွားခဲ့သည်။

အမြွှာညီအစ်မများမှာ သူ၏လှည့်ကွက်များကို ရိပ်မိနိုင်လောက်သည်အထိ စဉ်းစားဉာဏ်ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“အား...”

အားဖုန်းမှာ ကလေးကို ပွေ့ချီရင်း ထောင့်တစ်နေရာတွင် ကပ်ကာ ပုန်းနေလိုက်၏။

အမြွှာညီအစ်မများမှာ အားဖုန်းနှင့် ကလေး၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်တန့်လိုက်ပြီး သူမအား ငုံ့ကြည့်လိုက်ကြလေသည်။

တန်ဝမ်ကျဲသည် နံရံကို ကျောမှီ၍ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ ထိုစဉ် အမြွှာညီအစ်မများ၏ ခေါင်းများမှာ တစ်ပြိုင်နက်တည်း သူ့ဘက်သို့ လည်ထွက်လာခဲ့သည်။

“ဒါတွေက အထင်လွဲတာပါ။”

တန်ဝမ်ကျဲက အားဖုန်းနှင့် ကလေးကို ညွှန်ပြလိုက်၏။

“မင်းတို့ ဆက်လုပ်ကြပါ...ငါ ဘာမှမမြင်ဘူး။”

သို့သော် အမြွှာညီအစ်မများသည် အားဖုန်းနှင့် ကလေးကို ထားရစ်ခဲ့ကာ တန်ဝမ်ကျဲထံသို့ ပြေးဝင်လာခဲ့ကြလေသည်။ သူတို့၏ စိတ်ထဲတွင် တန်ဝမ်ကျဲမှာ ပို၍ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

တန်ဝမ်ကျဲသည် သူ၏လက်ချောင်းထိပ်ကို ကိုက်ဖောက်လိုက်ပြီး ဘယ်ဘက်လက်ဖဝါးပေါ်တွင် အင်းကွက်တစ်ခု ရေးဆွဲလိုက်၏။

သူသည် တိုက်ခိုက်ရေးတွင် သိပ်မကျွမ်းကျင်လှပေ။

သူသည် သူ၏ အတွေ့အကြုံ ၁၀၄ မှတ်ထဲမှ ၄၉ မှတ်ကို “လျှပ်စီးလက်ဝါး အဆင့် ၁” ထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်လေသည်။

၎င်းသည် ချက်ချင်းပင် “လျှပ်စီးလက်ဝါး အဆင့် ၂” သို့ အဆင့်တက်သွားခဲ့သည်။ စွမ်းအင်ကုန်ကျမှုမှာ မပြောင်းလဲသွားဘဲ မန်နာ ၃ မှတ်နှင့် သွေး ၁ မှတ်သာ ဖြစ်သည်။ သို့သော် ထိုဂါထာအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာမူ သိသိသာသာ တိုးတက်သွားခဲ့သည်။

သူသည် လျှပ်စီးလက်ဝါး၏ စွမ်းအားကို ထပ်မံမြှင့်တင်လိုသော်လည်း အတွေ့အကြုံမှတ်များ မလုံလောက်တော့ပေ။ ဤစွမ်းအားက လုံလောက်ပါစေဟုသာ သူ မျှော်လင့်နိုင်တော့သည်။

မိန်းမသရဲ၏ မျက်နှာမှာ ရင်းနှီးကျွမ်းဝင်စွာဖြင့် ထပ်မံနီးကပ်လာခဲ့ပြန်ရာ တန်ဝမ်ကျဲသည် သူ၏လက်ဖဝါးဖြင့် သူမ၏ နဖူးကို ဖိကပ်လိုက်လေတော့သည်။

လျှပ်စီးလက်ဝါးမှာ မိန်းမသရဲ၏ မျက်နှာပေါ်၌ တည့်တည့် ပေါက်ကွဲသွားတော့၏။

ကြမ်းပြင်ပေါ်တွင် ကလေးကို ပွေ့ပိုက်ထားသော အားဖုန်းမှာ တန်ဝမ်ကျဲ၏ လက်ဝါးချက်ကြောင့် မိန်းမသရဲ၏ ခေါင်းတစ်ခြမ်း လွင့်ထွက်သွားသည်ကို မြင်လိုက်ရလေသည်။

ထို့နောက် သွေးကြောများကဲ့သို့သော အာဃာတစွမ်းအင်များသည် သရဲ၏ဦးခေါင်းကို ချက်ချင်း ပြန်လည်ချိတ်ဆက်ပေးလိုက်သော်လည်း ထိခိုက်မှုမှာမူ လျစ်လျူရှု၍မရပေ။ သရဲ၏ ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် လက်ဝါးရိုက်ချက်မှာ အလွန်ပြင်းထန်လှ၏။ မိုးကြိုးလက်ဝါး၏ ကျန်ရှိသော စွမ်းအားမှာ နံရံကို ထိမှန်သွားပြီး နံရံကြီး တစ်ခုလုံး ပဲ့ထွက်သွားကာ အတွင်းရှိ သံချောင်းများကိုပင် ပေါ်ထွက်လာစေခဲ့သည်။

ကျောက်စကျောက်နများမှာလည်း တဖွဲဖွဲ ကြွေကျလာခဲ့သည်။

ထိုလက်ဝါးတစ်ချက်၏ အရှိန်မှာ လေးလံသော တူကြီးများဖြင့် ဆယ်ကြိမ်မက ထုရိုက်လိုက်သကဲ့သို့ ပြင်းထန်လှပေသည်။

တန်ဝမ်ကျဲသည် ထိုအခွင့်အရေးကို အသုံးချကာ ဘေးသို့ ရှောင်တိမ်းလိုက်ပြီး နောက်ထပ် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ကျန်ရှိသော သရဲမကို ရှာမတွေ့တော့ပေ။

ထိုစဉ် အားဖုန်းက အော်ပြောလိုက်၏။

“ရှင့်နောက်မှာ...သူမ ရှင့်ရဲ့အနောက်မှာ...။”

သို့သော် ထယတန်ဝမ်ကျဲသည် အားဖုန်း၏ နောက်တွင်လည်း အခြားမိန်းမသရဲတစ်ကောင် ပေါ်လာသည်ကို အထင်အရှား မြင်နေခဲ့ရ၏။

သူတို့နှစ်ဦးမှာ ခြေဆယ်လှမ်းခန့် ကွာဝေးနေပြီး နှစ်ဦးစလုံး၏ နောက်တွင် မိန်းမသရဲပုံရိပ်များ တစ်ပြိုင်နက် ပေါ်လာခဲ့ခြင်းဖြစ်သည်။

တန်ဝမ်ကျဲသည် ဘာမှမစဉ်းစားတော့ဘဲ သူ၏ မိုးကြိုးလက်ဝါးကို အားဖုန်း၏ နောက်ရှိ ဟင်းလင်းပြင်ဆီသို့ ပစ်လွှတ်လိုက်တော့သည်။

ဝုန်း

အားဖုန်းမှာ မသိစိတ်ဖြင့် သူမ၏မျက်လုံးများကို မှိတ်လိုက်ကာ သူမ၏သားကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်၏။ သူမနောက်ရှိ သရဲမမှာ ရင်ဘတ်တွင် အပေါက်ကြီးဖြစ်သွားပြီး ရှောင်တိမ်းရန်အတွက် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်မှာပင် တန်ဝမ်ကျဲ နောက်ရှိ သရဲမသည်လည်း သူ့ကို တိုက်ခိုက်ရန် ပြင်လိုက်ပြီးဖြစ်သည်။ သို့သော်လည်း သူမ၏ အရှိန်မှာ တစ်လှမ်း နောက်ကျသွားခဲ့သည်။

“ငါက လူကောင်းတစ်ယောက်ပဲ။ ငါ တကယ်ပဲ သူတို့ကို စွန့်လွှတ်လိုက်လိမ့်မယ်လို့ မင်းထင်နေတာလား။”

သူ့နောက်ရှိ သရဲမမှာ မိုးကြိုးလက်ဝါးကို သုံးနေသည့် သူ၏ဘယ်ဘက်လက်ကိုသာ စိုက်ကြည့်နေခဲ့ပြီး သူ၏ ညာဘက်လက်မှာ ခေါင်းပေါ်တွင် မြှောက်ထားနှင့်ပြီဖြစ်ကြောင်းကိုမူ သတိမထားမိခဲ့ပေ။

ရုတ်တရက် သူ၏ညာဘက်လက်ထဲ၌ ဓားမကြီး တစ်လက် ထွက်ပေါ်လာခဲ့သည်။ သူသည် ဘေးသို့ စောင်းကာ ဓားကို အနောက်ဘက်ရှိ သရဲမ၏ လည်ပင်းဆီသို့ ထောင့်ဖြတ် ပိုင်းချလိုက်တော့၏။

ထို့နောက် တန်ဝမ်ကျဲသည် ချက်ချင်းပင် နောက်လှည့်ကာ ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း သရဲမနှင့် မျက်နှာချင်းဆိုင်လိုက်တော့လေသည်။

“အို... ငါ မင်းကို မိသွားပြီ။”

All Chapters