← Chapters

ဆရာ... အိမ်ထဲမှာ အလောင်းဝှက်ထားတဲ့သူ ရှိတယ်

Vol. 4 Ch. 38

ဆရာ... အိမ်ထဲမှာ အလောင်းဝှက်ထားတဲ့သူ ရှိတယ်

Vol. 4 Ch. 38

တန်ဝမ်ကျဲသည် အမျိုးသမီးသရဲ၏ လည်ပင်းကို လှီးဖြတ်ရန် ဓားကို ဆွဲယူရန် ကြိုးစားလိုက်သော်လည်း သူ၏လည်ပင်းမှာမူ သူ့ကျောပေါ်တွင် ကပ်တွယ်နေသော မိန်းမသရဲ၏ ဖျစ်ညှစ်ခြင်းကို ခံနေရ၏။

သရဲနှစ်ကောင်နှင့် လူတစ်ယောက်မှာ ‘ဆန်းဒဝစ်ချ်’ ကဲ့သို့ ဖြစ်နေခဲ့သည်။ ရှေ့မှသရဲသည် တန်ဝမ်ကျဲ၏ လက်မောင်းများကို သူမ၏လက်သည်းများဖြင့် ချုပ်ကိုင်ထားပြီး နောက်မှသရဲကမူ သူ၏လည်ပင်းကို ညှစ်ကာ သူ့ကို လုံးဝ ထိန်းချုပ်ထား၏။

တန်ဝမ်ကျဲသည် မထိန်းနိုင်ဘဲ တစ်ပတ်လည်သွားပြီး သူ၏ခန္ဓာကိုယ်မှာ နံရံများနှင့် ဆောင့်မိသွား၏။ သို့သော်လည်း သူ့လက်ထဲရှိ ဓားကိုမူ လုံးဝ လက်မလွှတ်ခဲ့ပေ။

လည်ပင်းမှာ ပိုမိုတင်းကြပ်စွာ ညှစ်ခံထားရပြီး အောက်ဆီဂျင် ပြတ်လပ်လာသည်နှင့်အမျှ တန်ဝမ်ကျဲ၏ အမြင်အာရုံများမှာ ဝေဝါးမှောင်မိုက်လာခဲ့သည်။

အရေးကြီးသော ထိုအခိုက်အတန့်တွင် အိပ်ယာဝင်ဝတ်စုံနှင့် ဘောင်းဘီတိုအပွကြီးကို ဝတ်ဆင်ထားသော လူတစ်ဦးသည် အားကစားသမားတစ်ယောက်ကဲ့သို့ အဟုန်ဖြင့် ပြေးဝင်လာခဲ့၏။

သူသည် အနီရောင်ကြိုးတစ်ချောင်းကို ထုတ်ယူကာ တန်ဝမ်ကျဲ၏ ကျောပေါ်ရှိ အမျိုးသမီးသရဲကို ကွင်းလျှောစွပ်၍ ဆွဲခွာချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဒရွတ်တိုက် ဆွဲချသွားခဲ့သည်။

အာယိုး တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် ရန်သူတစ်ဦး လျော့နည်းသွားသဖြင့် တန်ဝမ်ကျဲမှာ ချက်ချင်းပင် ကိုယ်လက်ပေါ့ပါးသွားခဲ့သည်။ သူသည် ချက်ချင်းပင် ညာခြေဖြင့် “မြေနင်းအတတ်” ကို အသုံးပြု၍ မြေပြင်မှ အင်အားကို ရယူလိုက်၏။ သူ၏ ဓားမကြီးမှာ မိန်းမသရဲ၏ လည်ပင်းတွင် စိုက်ဝင်နေဆဲဖြစ်ရာ ၎င်းကို ဆွဲယူကာ... သရဲခေါင်းကြီးတစ်လုံးကို ပိုင်းချလိုက်တော့လေသည်။

နံရိုးမှ နာကျင်မှုကို အောင့်ခံထားရင်း တန်ဝမ်ကျဲသည် သူ၏ဘယ်ဘက်လက်မှ မိုးကြိုးလက်ဝါးဖြင့် မိန်းမသရဲ၏ ဦးခေါင်းပေါ်သို့ ဖိကပ်လိုက်၏။

ဆက်တိုက်ထွက်ပေါ်လာသော မိုးကြိုးလက်ဝါး နှစ်ချက်မှာ ပြိုင်ဘက်၏ ဦးခေါင်းကို အစအနမကျန်အောင် ပေါက်ကွဲပျက်စီးသွားစေခဲ့သည်။

သူသည် ဓားကို ပြန်လည်ဆုပ်ကိုင်ကာ မိန်းမသရဲကို အထက်မှအောက်သို့ နှစ်ခြမ်းခွဲရန် ကြိုးစားလိုက်၏။ သို့သော် ကံမကောင်းစွာဖြင့် ဓားက ထိလုနီးပါးအချိန်တွင် သူမသည် သရဲမြူများအဖြစ် ပြောင်းလဲကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

တန်ဝမ်ကျဲ လှည့်ကြည့်လိုက်သောအခါ အာယိုးသည်လည်း အခြားမိန်းမသရဲတစ်ကောင်ကို ထိန်းချုပ်ထားနိုင်သည်ကို တွေ့လိုက်ရလေသည်။ သို့သော် အာယိုး၏ နဖူးတွင် ချွေးစက်များဖြင့် ပြည့်နှက်နေသည်ကို ကြည့်ခြင်းအားဖြင့် သူ့အတွက်လည်း မလွယ်ကူလှကြောင်း သိသာနေခဲ့သည်။

နောက်ဆုံးသော လောကီဆရာဦးအနေဖြင့် အာယိုး၏ စွမ်းအားမှာ ပုံမှန်သာဖြစ်သည်။ တာအိုဆရာကြီးလေးလုံးနှင့် မနှိုင်းယှဉ်နိုင်သလို ဦးလေးကျိုးနှင့်ဆိုလျှင် ပို၍ပင် ဝေးကွာလှသည်။ ဂါထာစွမ်းရည်တစ်ခုတည်းဖြင့် ဆိုလျှင်ပင် သူသည် တန်ဝမ်ကျဲထက် အနည်းငယ် နိမ့်ပါးနေသေးသည်။

အာယိုးသည် လက်ပစ်ဗုံးတစ်လုံးကဲ့သို့ စွမ်းအားပြင်းသော မိုးကြိုးလက်ဝါးကို အသုံးပြုနိုင်စွမ်း မရှိသည်မှာ အမှန်ပင်။

အကြောင်းမှာ ယခုခေတ်နှင့် ထိုခေတ်ကြားတွင် နှစ်ပေါင်း တစ်ရာကျော် ကွာခြားနေသောကြောင့်ပင်။ အာယိုးသည် သူ၏တစ်ဘဝလုံးတွင် ဖုတ်ကောင်တစ်ကောင်ကိုပင် မဖမ်းဖူးခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်ကမူ ရက်အနည်းငယ်ခြားတိုင်း အလောင်းကောင်များ၊ ပြုပြင်ထားသော အလောင်းများ၊ ဖုတ်ကောင်များ၊ ရှေးဟောင်းအလောင်းများ၊ မမ်မီများ စသည်ဖြင့် နည်းမျိုးစုံကို တွေ့မြင်နေခဲ့ရခြင်း ဖြစ်သည်။

သို့သော် အာယိုးမှာ ဦးလေးကျိုးထက် အသက်ကြီးပြီး အတွေ့အကြုံများစွာ ရှိသူဖြစ်သဖြင့် သူ၏ ဗဟုသုတမှာမူ များပြားလှပေသည်။

“ဦးလေးယိုး”

တန်ဝမ်ကျဲသည် သူ၏နံရိုးကို လက်တစ်ဖက်ဖြင့် ဖိထားရင်း ကျန်လက်တစ်ဖက်ဖြင့် လက်မထောင်ပြလိုက်သည်။

“ငါ မင်းနဲ့ ဘယ်တုန်းက အစီအစဉ် ဆွဲထားခဲ့လို့လဲ။”

အာယိုးက ပြန်မေးလိုက်၏။ ရှောင်ဟောင်က “ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်” ဟု အော်ဟစ်ခဲ့ခြင်းကြောင့် သူ (အာယိုး) လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရသေးသည်။

“ကျုပ်တို့ ခုနက တိုက်စစ်ဆင်တာ အရမ်း ညီညွတ်တယ်လေ။ သေးသေးမွှားမွှားလေးတွေကို ဂရုစိုက်မနေပါနဲ့။”

တန်ဝမ်ကျဲသည် ကိုယ်ကို ကိုင်းညွတ်ကာ မိန်းမသရဲထံသို့ လျှောက်သွားလိုက်၏။ သူမသည် အာယိုး၏ အနီရောင်ကြိုးဖြင့် ချည်နှောင်ခံထားရသော်လည်း တန်ဝမ်ကျဲအား လက်သည်းများဖြင့် ကုတ်ခြစ်ရန် ကြိုးစားနေဆဲပင်။ သူမသည် သူ့ကို အသည်းထဲအထိ မုန်းတီးနေပြီ ဖြစ်သည်။

“သူ လွတ်သွားပြီလား။”

အာယိုးက မေးလိုက်သည်။

“သူက နံရံတွေကို ဖြတ်သွားနိုင်တယ်လေ။ ကျုပ်က ဖြတ်မှ မဖြတ်နိုင်တာ။”

သူသည် စောစောက သူနှင့် တိုက်ခိုက်ခဲ့သော မိန်းမသရဲကို ရည်ညွှန်းခြင်း ဖြစ်သည်။

သူ့တွင် သရဲသတ်သည့် စွမ်းရည်များ ရှိသော်လည်း ရန်သူကို ထိန်းချုပ်သည့် နေရာတွင်မူ အားနည်းလှပေသည်။

သူသည် သူမ၏ဦးခေါင်းကို ဖြိုခွဲလိုက်နိုင်သော်လည်း သူမကို ဝိညာဉ်လွင့်စင် ပျောက်ကွယ်လုနီးပါး အခြေအနေသို့သာ ရောက်အောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤတိုက်ခန်းတွင်းရှိ ယင်စွမ်းအင်မှာ အလွန်ထူထပ်ပြီး အမြွှာညီအစ်မများတွင် အာဃာတ အလွန်ကြီးမားသဖြင့် သူမ ချက်ချင်း ပြန်လည်သက်သာလာလိမ့်မည်ဟု သူ ယုံကြည်ပေသည်။

“ဒီအမြွှာညီအစ်မတွေက ခန္ဓာကိုယ်တစ်ခုထဲမှာ ဝိညာဉ်နှစ်ခုကို မျှဝေထားတာပဲ။ အခု တစ်ယောက်ကို မိထားပြီဆိုတော့ နောက်တစ်ယောက်လည်း မကြာခင် ရောက်လာလိမ့်မယ်။”

အာယိုးက ဆိုသည်။

“ယုန်လာမှာကို သစ်ပင်အောက်မှာ ထိုင်စောင့်နေမလို့လား။ ဦးလေးယိုး... သရဲကားတွေထဲမှာ အဲဒီလို လုပ်ရင် ပြဿနာ အမြဲတက်တတ်တယ်။ ပိုပြီး ပြတ်သားဖို့ လိုတယ်လေ။ မိတာနဲ့ တစ်ယောက်ချင်း ရှင်းပစ်ရမှာ။”

“သရဲကား ဟုတ်လား။”

အာယိုး နှာခေါင်းရှုံ့လိုက်မိ၏။

ဒါက တကယ် အသက်ရှင်နေတဲ့ ကမ္ဘာကြီးလေ။

“အဟွတ်... အဟွတ်... စိတ်ပူစရာ မလိုပါဘူး။”

ထိုစဉ် ရုတ်တရက် ချောင်းဆိုးသံတစ်ခု အဝေးမှ ထွက်ပေါ်လာခဲ့သည်။

အနီရောင်ကြိုးနှင့် အင်းစာရွက်တို့သည် စောစောက လွတ်သွားသော မိန်းမသရဲကို တားဆီးထားလိုက်ပြီ ဖြစ်သည်။ သူမသည် ကြမ်းပြင်ပေါ်တွင် သနားစဖွယ် ဒရွတ်တိုက် ဆွဲခေါ်ခြင်း ခံနေရပြီး အနီရောင်ကြိုးကို ဆွဲလာသူမှာ အခြားသူမဟုတ်ဘဲ အားကျိုးပင် ဖြစ်သည်။

“အားကျိုး... ဒါက မင်းရဲ့ အစီအစဉ်တွေလား။”

အာယိုးသည် ရောက်ရှိလာသူကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်၏။

အားကျိုးသည် အခန်း ၂၄၄၂ မှ သရဲများကို ဖမ်းဆီးရန် အစီအစဉ်ကို ဆွေးနွေးရန်အတွက် ယခင်က သူ့ထံသို့ ရောက်လာခဲ့ဖူးသော်လည်း အာယိုးမှာမူ ဝင်ရောက်စွက်ဖက်ရန် ပျင်းရိနေခဲ့သည်။ သရဲများမှာ အဆောက်အဦးအတွင်း၊ အပြင်နှင့် တစ်ကမ္ဘာလုံးတွင် နေရာအနှံ့ ရှိနေခြင်းဖြစ်၏။ သူသာ လိုက်ရှင်းနေပါက ဘယ်တော့မှ ပြီးဆုံးတော့မည် မဟုတ်ပေ။

ထို့အပြင် ထိုသရဲများမှာ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုနီးပါး ဤနေရာတွင် နေထိုင်လာကြသူများ ဖြစ်ပြီး သူတို့မှာမူ ခေတ္တခဏသာ နေထိုင်ကြသူများ ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် သူတို့ကသာ သရဲများကို နှောင့်ယှက်နေခြင်း ဖြစ်သဖြင့် တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်စွာ နေထိုင်ခြင်းက ပိုကောင်းပါသည်။

ယခုတစ်ကြိမ်တွင် အမြွှာညီအစ်မများ ရုတ်တရက် ရိုင်းစိုင်းလာပြီး လူများကို အန္တရာယ်ပြုလာခြင်း မရှိပါက အာယိုးသည် ၎င်းတို့ကို လက်ဖျားနှင့်ပင် ထိလိမ့်မည် မဟုတ်ပေ။

ယနေ့တွင် တန်ဝမ်ကျဲကလည်း သရဲရှာရန် သူ့ထံသို့ လာခဲ့ရာ သူတို့နှစ်ဦးမှာ မည်သို့ကြည့်ကြည့် ကြိုတင်စီစဉ်ထားသည့်အတိုင်း ဖြစ်နေခဲ့လေသည်။

“ဦးလေးကျိုး... ဦးလေးကတော့ ကျုပ်တို့ကို အများကြီး ကူညီပေးလိုက်တာပဲ။”

တန်ဝမ်ကျဲသည် သူ၏ကျိုးနေသော နံရိုးကို ဖိထားရင်း ချောင်းဆိုးကာ ပြောလိုက်၏။

နေမကောင်းသော လူနှစ်ယောက်။

“အဟွတ်... အဟွတ်... မင်းက...”

အားကျိုးသည် ချောင်းဆိုးနေသော်လည်း သူ၏စိတ်မှာမူ တင်းမာနေခဲ့သည်။ တန်ဝမ်ကျဲ ပြသခဲ့သော စွမ်းအားမှာ တမူထူးခြားလှပြီး သူ့ထက်ပင် များစွာ သာလွန်နေလေ၏။

အဒေါ်မေ၏ စိုးရိမ်မှုများကို အလေးအနက် ထားသင့်သည်မှာ အမှန်ပင်။

“အားကျဲပါ။”

တန်ဝမ်ကျဲက မိတ်ဆက်လိုက်သည်။

“မင်းက တကယ်ကို အထင်ကြီးစရာပဲ...အားကျဲ။”

ထို့နောက် အားကျိုးက အာယိုးကို ကြည့်လိုက်၏။

“သူတို့ကို ငါ့လက်ထဲ အပ်လိုက်ပါ။ ငါ သူတို့ကို ကျွတ်လွတ်အောင် အခမ်းအနား လုပ်ပေးလိုက်မယ်။”

အာယိုးက ငြင်းဆန်ခြင်း မပြုခဲ့ပေ။ တန်ဝမ်ကျဲသည်လည်း မငြင်းချေ။ သူ၏နံရိုးများမှာ ကျိုးနေပြီး ယခုအချိန်တွင် ထပ်မံ၍ ပြဿနာ မတက်ချင်တော့ပေ။

အသက်လု တိုက်ခိုက်နေစဉ်က သူ မခံစားရသော်လည်း ယခု ရုတ်တရက် စိတ်လျှော့လိုက်သောအခါ နာကျင်မှုကြောင့် အသက်ရှူပင် မှားသွားခဲ့ရ၏။ အသက်တစ်ချက် ရှူတိုင်း နာကျင်မှုက ပိုမိုပြင်းထန်လာသဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှား၍ပင် မရတော့ပေ။

“ကျန်းမာရေးကို ဂရုစိုက်ပါ...ဦးလေးကျိုး။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

အားကျိုးက တန်ဝမ်ကျဲအား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။

သူမွေးထားသော သရဲလေးမှာ ဝိညာဉ်လွင့်စင်ကာ ပျောက်ကွယ်သွားခဲ့ရပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် တန်ဝမ်ကျဲသည် တစ်ညလုံး တိုက်ခန်းတွင်း၌ ဆူညံပွက်လောရိုက်အောင် လုပ်နေခဲ့သူဖြစ်သည်။ သူသည် အဓိက သံသယရှိသူ ဖြစ်သည်။

အာယိုးကမူ သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်သဖြင့် မဖြစ်နိုင်ပေ။

အားကျိုးက အမြွှာညီအစ်မများကို ခေါ်ဆောင်ကာ ထောင့်ချိုးတစ်ခုသို့ ကွေ့ဝင်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း တန်ဝမ်ကျဲ ကြမ်းပြင်ပေါ်သို့ ခွေယိုင်ကာ လဲကျသွားခဲ့သည်။ သူ ခန့်မှန်းကြည့်ရသလောက် ဆိုလျှင် သူသတ်လိုက်သော သရဲလေးမှာ အားကျိုးမွေးထားသည့် သရဲဖြစ်ဖို့များပေသည်။ အားကျိုး ဘယ်လောက်ကြာကြာ ဆက်၍သည်းခံနိုင်မလဲဆိုသည်ကို သူ မသိသော်လည်း အားကျိုးမှာ အသည်းအသန် အခြေအနေသို့ ရောက်သွားနိုင်ခြေ အလွန်များပေသည်။

သူ့တွင် နံရိုးကျိုးသွားသည့်အပြင် ခန္ဓာကိုယ် နေရာအနှံ့တွင်လည်း ရောင်ရမ်းနေခဲ့သည်။

အားဖုန်းနှင့် သားဖြစ်သူမှာ တန်ဝမ်ကျဲ၏ ဘေးသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။

တန်ဝမ်ကျဲ၏ စကားပြောပုံမှာ အနည်းငယ် ထူးဆန်းသော်လည်း သူသည် သူမနှင့် သားဖြစ်သူကို တစ်ချိန်လုံး ကာကွယ်ပေးခဲ့ကြောင်း အားဖုန်း ခံစားမိပေသည်။

ထိုစဉ် ရှောင်ဟောင်သည်လည်း အလျင်အမြန် ပြန်ရောက်လာခဲ့သည်။

သူသည် နံရံပေါ်ရှိ ကြီးမားသော အပေါက်ကြီးနှင့် ပေါ်ထွက်နေသော သံချောင်းများကို အရင်ကြည့်လိုက်မိ၏။ သာမန်လူတစ်ယောက်သာ ထိုနေရာတွင် ရှိနေပြီး ထိုတိုက်ခိုက်မှုကို ခံလိုက်ရပါက ချက်ချင်းပင် သေဆုံးသွားနိုင်ပေသည်။

တန်ဝမ်ကျဲ ဒဏ်ရာအပြင်းအထန် ရထားသည်ကို မြင်သောအခါ သူက အနားသို့ ချဉ်းကပ်သွားပြီး မေးလိုက်၏။

“မင်း အဆင်ပြေရဲ့လား။”

“ငါ့အတွက် လူနာတင်ကား ခေါ်ပေးပါဦး။ ငါ့နံရိုးတွေ ကျိုးသွားတယ်။”

တန်ဝမ်ကျဲက ပြန်ပြောလိုက်သည်။

သူသည် ဒဏ်ရာ အပြင်းအထန် ရထားသဖြင့် လူနာတင်ကား ခေါ်ရရန်မှာ သေချာသလောက် ရှိသော်လည်း ဤတိုက်ခန်းဧရိယာမှ ထွက်ခွာနိုင်မလားဆိုသည်ကိုမူ သူ မသေချာပေ။

တန်ဝမ်ကျဲ၏ စိတ်ဓာတ်များ တက်ကြွနေသည်ကို မြင်ရသဖြင့် ရှောင်ဟောင်မှာလည်း သက်ပြင်းချနိုင်သွားပြီး လူနာတင်ကားကို ဖုန်းဆက်ခေါ်ပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“ငါက မင်းထက် အသက်အများကြီး ကြီးတယ်ဆိုတော့ ငါ့ကို ဟောင်ကောလို့ပဲ ခေါ်ပေါ့။”

သူသည် စောစောက တန်ဝမ်ကျဲ၏ စကားကို နားထောင်ခဲ့ခြင်းမှာ သူ့အပေါ် လွှမ်းမိုးနိုင်စွမ်းအရှိဆုံးဖြစ်သော ထိုအမည်ကြောင့်ပင် ဖြစ်သည်။

“ငါ့ဘဝက ငါ့လက်ထဲမှာပဲ ရှိတယ်။ ကောင်းကင်ဘုံရဲ့လက်ထဲမှာ မဟုတ်ဘူး။”

တန်ဝမ်ကျဲက ပြောလိုကါ၏။

“ငါက ခင်ဗျားရိုက်ထားတဲ့ ဇာတ်ကားတွေရဲ့ ပရိသတ်တစ်ယောက်ပါ။”

“ဟုတ်လား...။”

ရှောင်ဟောင်မှာ ကြောင်အသွားခဲ့သည်။ ထိုစဉ် အာယိုးက လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။

“မင်းတို့ပဲ စကားပြောနေလိုက်ကြတော့... ငါ သွားပြီ။”

“ဦးလေးယိုး... အဒေါ်မေက ဖုတ်ကောင်မွေးနေတယ်။ သူက ဦးလေးတုန်းကို ခုနက တီဘီသရဲရဲ့ အကူအညီနဲ့ ဖုတ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီ။ ဦးလေး သွားကြည့်လိုက်ပါလား။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

သရဲကားတွေထဲ၌ သေဆုံးရသည့် အကြောင်းရင်း သုံးချက်မှာ အသင်းဖော် ညံ့ဖျင်းခြင်း၊ လူစုခွဲခြင်းနှင့် တိုက်ရိုက်မပြောခြင်းကြောင့်သာ ဖြစ်သည်။

ဤပြဿနာ သုံးခုကိုသာ ကျော်လွှားနိုင်ပါက အသက်ရှင်နိုင်ခြေမှာ သိသိသာသာ မြင့်မားလာမည် ဖြစ်သည်။ တန်ဝမ်ကျဲ အနေဖြင့် ကြိုတင်အသိပေးချက်များ မပေးစရာ အကြောင်းမရှိပေ။ ဖုတ်ကောင်ကို အောင်မြင်စွာ အသက်မသွင်းရသေးမီတွင် အဒေါ်မေတို့ဘက်က အင်အားနည်းနေဆဲ ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ထွက်ခွာသွားရန် ပြင်နေသော အာယိုး၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့၏။

အဝေးတွင် အားဖုန်းမှာ ကလေးကို ဖက်ထားကာ တုန်ယင်နေပြီး ရှောင်ဟောင်မှာမူ ထိတ်လန့်သွားခဲ့သည်။

သူက မူလက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ နေရာရှာနေရုံလေးပါ။ ဒါပေမယ့် အခုက ဘာတွေလဲ။ မိန်းမသရဲတွေ၊ ဖုတ်ကောင်မွေးတာတွေ...။

သူသည် သူကိုယ်သူ အလွန် ရိုးသားဖြူစင်သူတစ်ယောက်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

“ကောင်းပြီ။”

ဤတစ်ကြိမ်တွင်မူ အာယိုးက မငြင်းတော့ချေ။လောကအလယ်၌ တစ်ချက်ကြည့်ရုံနှင့် ကြည့်နေ၍မရသော ကိစ္စများစွာ ရှိပေသည်။

အိမ်နီးချင်းဟောင်းတစ်ယောက် အမှားလုပ်နေသည်ကို သူ့အနေဖြင့် လက်ပိုက်ကြည့်နေရန် ခဲယဉ်းလှပေသည်။

“ဟေး... အပြည့်အစုံ ပြင်ဆင်သွားဖို့ မမေ့နဲ့ဦးနော်။ ဦးလေး သူ့ကို နိုင်မှာ မဟုတ်ဘူး။”

တန်ဝမ်ကျဲသည် အာယိုးက ဖုတ်ကောင်ကို လုံးဝ အနိုင်မယူနိုင်ကြောင်း သိထား၏။ ဖုတ်ကောင်မှာ အပျိုစင်သွေး မသောက်ရသေးသလို အပြည့်အဝ မရင့်ကျက်သေးသော်လည်း ဖြစ်နိုင်ချေ ရှိပေသည်။

“ထားလိုက်ပါတော့။ ငါ ဘာမှ ကြိုပြီး နိမိတ်မဖတ်တော့ဘူး။ နိမိတ်ဖတ်တာက သရဲကားတွေထဲမှာ အကြီးမားဆုံး တားမြစ်ချက်ပဲ။”

လူနာတင်ကားမှာ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ လူစိမ်းများကို ကြောက်ရွံ့သော အားဖုန်းမှာမူ စောစောစီးစီးကပင် ပုန်းရှောင်သွားခဲ့ပြီဖြစ်သည်။

ရှောင်ဟောင် တစ်ဦးတည်းသာ တန်ဝမ်ကျဲနှင့်အတူ လူနာတင်ကားပေါ် လိုက်ပါသွားခဲ့သည်။

“ငါ တကယ် ထွက်လာနိုင်တာပဲ။”

တန်ဝမ်ကျဲ အံ့သြသွားခဲ့သည်။ ယခင်က သူ ဘယ်လိုပင် ကြိုးစားပါစေ ဤတိုက်ခန်းဝင်းထဲမှ ထွက်ခွာ၍ မရခဲ့ပေ။ သို့သော် ယခု လူနာတင်ကားပေါ်တွင် လဲလျောင်းနေရင်း သူ အောင်မြင်စွာ ထွက်ခွာလာနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ဖုတ်ကောင်၏ နယ်မြေမှာ အလိုအလျောက် ကျယ်ပြန့်သွားခြင်း ဖြစ်နိုင်၏။

သူ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ သူသည် ဆေးရုံကုတင်ပေါ်တွင် ဒဏ်ရာများကို ကုသပြီးသား အခြေအနေ‌ဖြင့် ရောက်ရှိနေပြီ ဖြစ်သည်။

“ဒါက ရှောင်ဟောင် မသေခင် စိတ်ကူးယဉ်ထားတဲ့ အိပ်မက်တစ်ခုများလား။”

အချိန်များမှာ အမှတ်မထင် ကုန်ဆုံးသွားခဲ့၏။ အပြင်ဘက်၌ မိုးလင်းနေပြီ ဖြစ်သည်။

ခဏလေး... သူ ထွက်လာနိုင်ပြီဆိုမှတော့ ရဲကို ဖုန်းဆက်လို့ ရပြီပေါ့။

တန်ဝမ်ကျဲသည် ကုတင်ဘေးရှိ မီးခြစ်နှင့် လက်ကိုင်ဖုန်းကို ကြည့်လိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင် ရဲစခန်းသို့ ဖုန်းဆက်လိုက်လေသည်။

“ဆရာ... အိမ်ထဲမှာ အလောင်းဝှက်ထားပြီး အလောင်းကို စော်ကားနေတဲ့သူ ရှိပါတယ်။ ကျုပ်လား...ကျုပ်က အခု ဆေးရုံမှာပါ။ ဟုတ်ကဲ့...ဟုတ်ကဲ့...ကောင်းပါပြီ။”

“ပြဿနာကြုံရင် အကူအညီတောင်းတတ်အောင်လည်း သင်ယူထားရမယ်။”

တန်ဝမ်ကျဲ သက်ပြင်းချလိုက်၏။ အခုတော့ အားလုံး ရိုးရှင်းသွားချေပြီ။

All Chapters