← Chapters

ဟုတ်တယ်၊ ကျုပ်က သရဲဖမ်းသမားပဲ

Vol. 4 Ch. 39

ဟုတ်တယ်၊ ကျုပ်က သရဲဖမ်းသမားပဲ

Vol. 4 Ch. 39

တန်ဝမ်ကျဲသည် သူနာပြုဆရာမကို ထပ်မံမေးမြန်းကြည့်ရာ ရှောင်ဟောင်က သူ့ကို မနေ့က ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။ သူ၏အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း အတည်ပြုပြီးနောက် ရှောင်ဟောင်သည် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ သို့သော် တန်ဝမ်ကျဲ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ညမှ နေ့သို့ ကူးပြောင်းသွားခဲ့ခြင်းဖြစ်၏။

အဆုံးတွင်း ဤသည်မှာ “အိပ်မက်ကမ္ဘာ” တစ်ခုသာ ဖြစ်နေဆဲလား သို့မဟုတ် အခြားအကြောင်းရင်းကြောင့်လားမသိ၊ အချိန်ကာလနှင့် အခြားအရာများစွာမှာ ကျိုးကြောင်းဆီလျော်မှု မရှိပေ။ စစ်မှန်သောကမ္ဘာကို မြင်နိုင်ရန် “လွတ်လပ်စွာ စူးစမ်းလေ့လာခြင်း” ကို ဖွင့်ရန် လို၊ မလိုကိုလည်း သူ မသိပေ။

တန်ဝမ်ကျဲ ရဲကို ဖုန်းဆက်ပြီးနောက် သူတို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။

ထိုထဲမှတစ်ဦးမှာ အသက် ၃၀ ကျော်အရွယ် အရာရှိ လျိုဖြစ်ပြီး နောက်တစ်ဦးမှာ အသက် ၂၀ ကျော်အရွယ် အရာရှိကျန်းဖြစ်သည်။

၎င်းတို့၏ သက်သေခံကတ်ပြားများကို ပြသပြီးနောက် အရာရှိနှစ်ဦးသည် အလောင်းနှင့်ပတ်သက်သော အခြေအနေကို မေးမြန်းကြတော့သည်။

တန်ဝမ်ကျဲသည် သဘာဝကျစွာပင် သူသိထားသမျှကို ပြောပြလိုက်၏။ ဇာတ်ကားကို ကြည့်ဖူးထားသဖြင့် သူသည် တိုက်ရိုက်ပင် အဖြေကို ထုတ်ပေးလိုက်လေသည်။

“ကျုပ်နေတဲ့ တိုက်ခန်းဝင်းထဲမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက အဘိုးအိုတစ်ယောက် ပျောက်သွားတယ်။ ဒါပေမဲ့ သူ့ဇနီးကတော့ နေ့တိုင်း အပြင်ထွက်နေတုန်းပဲ။ ဒါပေမဲ့ သူ့အိမ်ထဲက အပုပ်နံ့တွေက ပိုပြင်းလာတာမို့လို့ အလောင်းကို ဝှက်ထားတာဖြစ်ရမယ်လို့ ကျုပ် သံသယဝင်ခဲ့တယ်။ စုံစမ်းကြည့်လိုက်တော့ တကယ်ပဲ။ သူမက ဝိညာဉ်ခေါ်ပြီး အလောင်းမွေးမြူတဲ့ ထူးဆန်းတဲ့ အယူအဆတစ်ခုကို ယုံကြည်ပြီး အဘိုးအိုရဲ့ အလောင်းကို အိမ်ထဲမှာ ဝှက်ထားပြီး နေ့တိုင်း သွေးတွေ တိုက်နေတာ။”

၎င်းမှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသော်လည်း မကြားဖူးသည်တော့ မဟုတ်ပေ။ အရာရှိနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

“ဘယ်နေရာမှာလဲ။”

“ကျုပ် လိုက်ပြပါ့မယ်။”

“မင်း လိုက်နိုင်လို့လား။”

တန်ဝမ်ကျဲမှာ မမ်မီတစ်ကောင်လို ပတ်တီးများ ပတ်ထားရပြီး ပုလင်းချိတ်ထားသည်ပင် မပြီးသေးသည်ကို ကြည့်ကာ သူတို့က ပြောလိုက်သည်။

“ကျုပ်တို့ဘာသာပဲ သွားစုံစမ်းလိုက်ပါ့မယ်။”

“ဆရာတို့က နားမလည်လို့ပါ။ ကျုပ်က တရားမျှတမှုကို မြတ်နိုးတဲ့သူပါ။ ကျုပ်ရဲ့ကလေးဘဝ အိပ်မက်က ရဲတစ်ယောက်ဖြစ်ဖို့ပဲ။ ဒီလို ကောင်းမှုကုသိုလ်လုပ်နိုင်မယ့် အခွင့်အရေးကို ကျုပ် ဘယ်လို လက်လွှတ်ခံနိုင်မှာလဲ။ နောက်ပြီး ကျုပ် စုံစမ်းထားတာကို သူမက ရိပ်မိနေလောက်ပြီ။ အလောင်းကို ရွှေ့ချင်ရွှေ့ထားလိမ့်မယ်။ ကျုပ်က အဲ့ဒီတိုက်ခန်းမှာ နေတာဆိုတော့ ပိုပြီး ကျွမ်းကျင်တာပေါ့။”

သူသာ အတူမလိုက်သွားပါက ဤအရာရှိနှစ်ဦးမှာ သရဲစာ ဖြစ်သွားနိုင်ခြေ ရှိသည်။ သရဲကားများမှာ အမြဲတမ်း ထိုသို့ပင် ဖြစ်တတ်၏။

အရာရှိနှစ်ဦးလည်း မငြင်းတော့ပေ။ သတင်းပေးသူ ကိုယ်တိုင် လိုက်ပါလာခြင်းက အကောင်းဆုံးပင်။ သူနာပြုနှင့် အဆင်ပြေကြောင်း အတည်ပြုပြီးနောက် သူတို့သည် တန်ဝမ်ကျဲကို ဝှီးချဲဖြင့် တွန်းထုတ်သွားခဲ့ကြလေသည်။

အိမ်ထဲတွင် အလောင်းမွေးခြင်းမှာ ကြောက်စရာကောင်းလှသည်။

အလောင်းဝှက်ထားသည့် ထူးဆန်းသော အမှုကြောင့် စိတ်လှုပ်ရှားနေသော ရဲငယ်လေးကျန်းနှင့် မတူဘဲ ရဲရင့်သော အရာရှိလျိုမှာမူ အတွေးနက်နေ၏။ ရဲတပ်ဖွဲ့တွင် အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် ထူးဆန်းသော ဖြစ်ရပ်များအကြောင်း လုပ်ဖော်ကိုင်ဖက်များ ပြောသည်ကို သူ ကြားဖူးပေသည်။

အဘယ်အရာက အမှန်၊ အဘယ်အရာက အမှားဟု ပြောရန်မှာ ခဲယဉ်းလှသည်။

တိုက်ခန်းဝင်းသို့ ရဲကားဖြင့် သွားရာလမ်းတွင် အချိန်မှာ ကျော်ဖြတ်မသွားဘဲ တစ်နာရီခန့် ကားပိတ်နေသော်လည်း ညဘက်သို့ ပြောင်းမသွားခဲ့ပေ။

“ဦးလေးယိုး ဘယ်မှာလဲ။”

တန်ဝမ်ကျဲက မေးလိုက်သည်။

“ဦးလေးယိုးက မနေ့ညက နေမကောင်းဖြစ်နေပုံရတယ်။ သူ့ အိမ်မှာပဲ နားနေပါတယ်။”

စားသောက်ဆိုင်မှ အလုပ်သမားက ဆိုသည်။

“သူ့ရဲ့ ဆက်သွယ်လို့ရမယ့် နံပါတ်လေး ပေးပါဦး။”

အရာရှိနှစ်ဦးက သူ့ကို အလျင်စလို သွားစေချင်သော်လည်း တန်ဝမ်ကျဲ ဖုန်းဆက်နေသည်ကို မြင်သောအခါ အရာရှိကျန်းက ခေတ္တစောင့်ပေးလိုက်သည်။

“အားကျဲ... မင်း အဆင်ပြေရဲ့လား။ ဆေးရုံမှာပဲလား။”

“သရဲဖမ်းနေတယ်။”

တန်ဝမ်ကျဲက အမှန်အတိုင်း ပြောလိုက်သည်။

“အခန်း ၂၄၄၂ က နှစ်ယောက်က အရမ်း ကြမ်းလွန်းတယ်။ တော်သေးတာပေါ့၊ ဦးလေးကျိုး ရှိနေလို့။ ဒါနဲ့ ဦးလေးကျိုး ဒီနေ့ အောက်ဆင်းလာသေးလား။”

“မလာဘူး။”

တစ်ဖက်လူက ခေါင်းခါပြလိုက်သည်။

“အဒေါ်မေရော...”

တန်ဝမ်ကျဲက ထပ်မေးလိုက်သည်။

“ကျုပ်မှာ သူမကို ဖာခိုင်းစရာ အဝတ်အစားတွေ ရှိလို့။”

“အဒေါ်မေလည်း အောက်မဆင်းလာဘူး။ အခုတလော ဦးလေးတုန်းက နယ်ပြန်သွားတာဆိုတော့ အဒေါ်မေက အပြင်ထွက်တာ နည်းသွားတယ်။”

“သူမ ကျန်းမာရေး မကောင်းတာလည်း ပါမှာပေါ့။ နားလည်နိုင်ပါတယ်။”

ခေတ္တမျှ စကားပြောပြီးနောက် တန်ဝမ်ကျဲက ကျေးဇူးတင်စကားဆိုကာ ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဝှီးချဲတွန်းပေးနေသော အရာရှိနှစ်ဦးကို ပြောလိုက်၏။

“သွားကြစို့။ သံသယရှိသူ နှစ်ယောက်လုံး တိုက်ခန်းဝင်းထဲမှာ ရှိနေတုန်းပဲ။”

အရာရှိနှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။

သူတို့ ပိုမိုမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် တန်ဝမ်ကျဲက အာယိုး၏ ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီဖြစ်သည်။

“အခြေအနေ ဘယ်လိုလဲ။”

တန်ဝမ်ကျဲ စကားပြောလိုက်သည်နှင့် တစ်ဖက်လူက သူ မည်သူဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားခဲ့သည်။

“အားကျဲလား။ မင်း အဆင်ပြေရဲ့လား။”

“အာ...ချူရှန်း မင်းက ဘာလို့ ဖုန်းကိုင်နေတာလဲ။”

“ဦးလေးယိုး ဒဏ်ရာရထားလို့။”

ရှောင်ဟောင်က အလျင်အမြန် ပြောလိုက်သည်။

“မနေ့ညက ပြန်လာပြီးတော့ ငါတို့ ဖုတ်ကောင်နဲ့ တွေ့ခဲ့တယ်။ အမြွှာညီအစ်မတွေက ဖုတ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲကို တွားဝင်သွားတာကို ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတယ်။ ဒါပေမဲ့ ဦးလေးယိုးက ဖုတ်ကောင်ကို ကပ်သီလေး နိုင်လိုက်တယ်လေ။”

“ကပ်သီလေး နိုင်လိုက်တာလား။”

ဆိုလိုသည်မှာ ဖုတ်ကောင်က အပျိုစင်သွေး မသောက်ရသေးခြင်း ဖြစ်နိုင်သည်။ တန်ဝမ်ကျဲ ကဲ့သို့သော ပညာရှင်တစ်ဦး ရုတ်တရက် ပေါ်လာခြင်းနှင့် အာယိုး၏ စုံစမ်းစစ်ဆေးမှုများကြောင့် အားကျိုးသည် ဖုတ်ကောင်ကို အတင်းအကျပ် အသက်သွင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်နိုင်ပေသည်။

အလောင်းမှာ ဖုတ်ကောင်အဖြစ် အပြည့်အဝ မပြောင်းလဲသေးဘဲ သရဲမများမှာလည်း ဒဏ်ရာ အပြင်းအထန် ရထားခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် အခြေအနေမှာ သူ့ဘက်တွင်သာ ရှိနေပြီး သူတို့ကို မိအောင်ဖမ်းရန်သာ လိုတော့ပေသည်။

“အဲဒီအချိန်တုန်းက ဦးလေးကျိုးက ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်ကို သုံးပြီး ဖုတ်ကောင်ကို ပိတ်မိအောင် လုပ်ခဲ့ပေမဲ့ ဦးလေးယိုးကတော့ အကုတ်ခံလိုက်ရတယ်။ အခု သူ ဖျားနေပြီး သတိမေ့နေတယ်။”

“ကောက်ညှင်းကော...။”

“ကပ်ထားပြီးပြီ။ ကောက်ညှင်းက အလောင်ချီတွေကို စုပ်ယူပြီး အနက်ရောင် ပြောင်းသွားပြီ။ ဆေးရုံသွားရင် ကောက်ညှင်းသုံးခွင့် မရမှာစိုးလို့ ငါတို့ မသွားသေးတာ။ မင်း လာကြည့်ပေးလို့ ရမလား။ နောက်ပြီး ဖုတ်ကောင်ကလည်း ဘယ်ပျောက်သွားမှန်း မသိဘူး။”

ရှောင်ဟောင်က စိုးရိမ်တကြီး ပြောနေ၏။ သူသည် ဖုတ်ကောင်ဇာတ်ကားများတွင် သရုပ်ဆောင်၍ နာမည်ကြီးလာခဲ့သူဖြစ်သော်လည်း လက်တွေ့တွင် ၎င်းတို့အား မည်သို့ ကိုင်တွယ်ရမည်ကို အမှန်တကယ် မသိပေ။

“ဒါနဲ့ အားဖုန်းနဲ့ ရှောင်ပိုင်ရော ဘယ်သွားကြလဲ။”

တန်ဝမ်ကျဲက ရုတ်တရက် မေးလိုက်၏။

သို့သော် ဓာတ်လှေကားထဲသို့ ဝင်သွားပြီဖြစ်သဖြင့် လိုင်းပြတ်တောက်သွားပြီး အဖြေကို မကြားလိုက်ရပေ။ သူတို့သည် ဓာတ်လှေကား ခလုတ်ကို နှိပ်ကာ အဒေါ်မေ၏ အိမ်သို့ တန်းတန်းမတ်မတ် သွားလိုက်ကြလေသည်။

လုံခြုံရေး တံခါးမှာ ရိုက်ခွဲခံထားရပြီး နံရံများပေါ်တွင် သားရဲတိရစ္ဆာန်များ၏ လက်သည်းရာများ ရှိနေခဲ့သည်။

အရာရှိနှစ်ဦးမှာ တစ်ချက်ကြည့်ရုံဖြင့် သူတို့၏ မျက်နှာအမူအရာများ ချက်ချင်းပင် တည်ကြည်လေးနက်သွားခဲ့တော့လေသည်။

“သားရဲတွေ တိုက်ခိုက်ထားတာလား။”

“ငါတို့ ဘာလို့ သတင်းမရတာလဲ။”

လက်သည်းရာများကို ကြည့်ခြင်းအားဖြင့် ကျား သို့မဟုတ် ခြင်္သေ့ကဲ့သို့သော သားရဲကြီးတစ်ကောင် ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ဤကဲ့သို့ သားရဲကြီးတစ်ကောင်မှာ လူအများ အောက်ထပ်တွင် စားသောက်နေကြစဉ် မည်သူမှ မသိအောင် ပုန်းအောင်းနေခြင်းမှာ ပုံမှန်မဟုတ်ပေ။

သူတို့နှစ်ဦးစလုံး တန်ဝမ်ကျဲကို ကြည့်လိုက်ရာ သူသည် သူ၏ဝှီးချဲကို လှည့်၍ နောက်ဆုတ်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။

“ကျုပ်က ဒဏ်ရာ အပြင်းအထန် ရထားတယ်လေ။ ကျုပ်ကို ရှေ့တန်းကနေ တိုက်ခိုက်ခိုင်းမလို့တော့ မဟုတ်ဘူးမလား။”

သူတို့နှစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်ကြရာ အခန်းတစ်ခုလုံးမှာ မှောင်မိုက်ပြီး ကျဉ်းကျပ်နေသည်ကို တွေ့လိုက်ရ၏။ မျက်နှာကြက်မှ ခြောက်သွေ့နေသော ပန်းများ တွဲလောင်းကျနေပြီး ဧည့်ခန်းတွင် အပ်ချုပ်စက်ဟောင်းကြီး တစ်လုံးရှိကာ ဝရန်တာတွင်လည်း ကျီးကန်းအသေများ ပြန့်ကျဲနေခဲ့သည်။

သို့သော် အခန်းထဲတွင် ဆေးနံ့များမှာ အလွန်ပြင်းထန်နေသည်။ သူတို့နှစ်ဦးလုံး မျက်မှောင်ကျုံးမိသွားခဲ့ကြသည်။

“အကူအညီတောင်းလိုက်။ ဒီမှာ တစ်ခုခု အကြီးအကျယ် ဖြစ်နေတာ သေချာနေပြီ။”

အရာရှိလျိုက ဆိုသည်။

အလောင်းမွေးသူ မရှိခဲ့လျှင်တောင် ဤကဲ့သို့ အိမ်ထဲတွင် ဖျက်ဆီးခံထားရခြင်းမှာ လူအများ ကျူးကျော်ဝင်ရောက်မှု ဖြစ်ခဲ့ကြောင်း သေချာနေပေသည်။ ထို့အပြင် အပြင်ဘက်ရှိ သားရဲလက်သည်းရာများမှာလည်း အလွန်ပြဿနာရှိလှပြီး ၎င်းမှာ ရုပ်ရှင်ရိုက်ကွင်းတစ်ခု မဟုတ်သည်မှာတော့ သေချာသည်။

သို့သော် နေရာအနှံ့ ရှာဖွေပြီးနောက် အလောင်းကို မတွေ့ရဘဲ ရေချိုးကန်ထဲ၌ မြေကြီးများနှင့် သွေးစွန်းရာများကိုသာ တွေ့လိုက်ရ၏။ ၎င်းမှာ လူသွေး ဟုတ်၊ မဟုတ်ကို စမ်းသပ်ရန် လိုအပ်ပေသည်။

အရာရှိနှစ်ဦး ထွက်လာခဲ့ကြသည်။

“အလောင်း မတွေ့ဘူးလား။”

တန်ဝမ်ကျဲ အနည်းငယ်စဉ်းစားကြည့်လိုက်သည်။

“ဒါဆို နောက်တစ်ယောက်ဆီ သွားရှာကြရအောင်။”

တန်ဝမ်ကျဲ အချိန်ကို စစ်ဆေးကြည့်လိုက်၏။ ကံကောင်းထောက်မစွာဖြင့် အချိန်မှာ အရှိန်မတက်သေးပေ။ သူ ဤတိုက်ခန်းဝင်း၏ သီးသန့်ကမ္ဘာမှ ထွက်ခွာခဲ့သည့် အချိန်မှစ၍ အချိန်မှာ ပုံမှန် ပြန်လည်လည်ပတ်လာခြင်း ဖြစ်နိုင်သည်။ သို့မဟုတ်... ဇာတ်ကွက်တစ်ခု ဖြစ်ပျက်နေသောကြောင့် အချိန်မှာ ပုံမှန်အရှိန်ဖြင့် သွားနေခြင်းလည်း ဖြစ်နိုင်ပေသည်။

“အားဖုန်းနဲ့ ရှောင်ပိုင် တစ်ခုခု ဖြစ်သွားတာလား။”

သူတို့သည် အားကျိုး၏ အိမ်သို့ အမြန်သွားလိုက်ကြပြီး ရဲများက တံခါးခေါက်လိုက်ကြလေသည်။

လုံခြုံရေး တံခါးပွင့်သွားပြီး အားကျိုးမှာ အလွန်အမင်း ချောင်းဆိုးလျက် ရှိနေခဲ့သည်။

“ရဲတွေပါ...တံခါးဖွင့်ပေးပါ။”

“ကောင်းပါပြီ။”

အားကျိုးသည် ချောင်းဆိုးရင်းဖြင့် တံခါးကို ဖွင့်ပေးကာ ရဲများအား အထဲဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။ တန်ဝမ်ကျဲမှာ ရဲများနှင့် ကွယ်နေသဖြင့် မမြင်ရသော်လည်း ယခုအခါတွင်မူ ဝှီးချဲပေါ်တွင် ထိုင်နေသော သူ့ကို အားကျိုး မြင်လိုက်ရသည်။

“အားကျဲ... နေမကောင်းဘူးလား။”

အားကျိုးက အတင်းပြုံးပြကာ တန်ဝမ်ကျဲအား ကြည့်လိုက်၏။

“မနေ့ညက ကျုပ်တို့ အတူတူ သရဲဖမ်းခဲ့တာ မေ့သွားပြီလား။”

တန်ဝမ်ကျဲက သူ၏ရင်ဘတ်ကို ညွှန်ပြရင်း ပြောလိုက်သည်။

“ကျုပ်ရဲ့ နံရိုးတွေ ဆယ်ချောင်းမက ကျိုးသွားခဲ့တယ်လေ။”

၎င်းတို့မှာ အက်ကွဲသွားခြင်းသာဖြစ်ပြီး အပြင်းအထန် ကျိုးသွားခြင်းတော့ မဟုတ်ပေ။

“ဟား...ဟား...ဟား...။”

အားကျိုးက ရယ်မောလိုက်၏။ ထိုစဉ် တန်ဝမ်ကျဲက ရုတ်တရက် မေးလိုက်သည်။

“ဒါနဲ့ ဦးလေးကျိုး... ဦးလေးရဲ့ ဖုတ်ကောင်မွေးထားတဲ့ ကိစ္စရော ဘယ်လိုလဲ။”

အားကျိုး၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။

“အားကျဲ... နောက်မနေပါနဲ့။ ဘာဖုတ်ကောင်မွေးတာလဲ။ ငါ အဲဒါမျိုး တစ်ခါမှ မလုပ်ဖူးဘူး။”

“ဦးလေးယိုး ဖုတ်ကောင်ကြောင့် ဒဏ်ရာရသွားတာကို ဦးလေး မသိဘူးလို့တော့ မပြောနဲ့နော်။ ကျုပ် ထွက်သွားပြီးနောက်မှာ အမြွှာညီအစ်မတွေ ပြန်ထွက်လာကြတယ်။ ကျုပ် ခန့်မှန်းကြည့်ရရင်... ဦးလေးကျိုး... ဦးလေး ဒီနေ့ညကို ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ဘူး မဟုတ်လား။”

အားကျိုး၏ မျက်နှာမှာ ပျက်ယွင်းသွား၏။

အမှန်ပင် သူသည် ယနေ့ညကို ကျော်ဖြတ်နိုင်တော့မည် မဟုတ်ပေ။ သရဲလေးမှာ တန်ဝမ်ကျဲ၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်ခြေ အလွန်များပြီး မနေ့က အမြွှာညီအစ်မများကို လုယူစဉ်က သူ၏ အင်အားများကို အလွန်အမင်း အသုံးပြုခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်မှာ ပိုမိုပျက်စီးသွားခဲ့သည်။

ထို့ကြောင့် သူသည် အလောင်းအစားတစ်ခု လုပ်ရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။

ဦးလေးတုန်းကို သတ်ပစ်ခြင်း၊ သရဲလေး မွေးမြူခြင်း၊ အလောင်းကို အသက်သွင်းခြင်း။

ထိုအရာများ အားလုံးမှာ သူအသက်ရှင်ချင်၍ လုပ်ခဲ့သောအရာများသာဖြစ်သည်။

“ဝိညာဉ်ဖမ်းစားသူတွေရှိတယ်ဆိုတာ ဦးလေးလည်း သိသားပဲ။ အမတ မဖြစ်နိုင်ဘူးဆိုရင် တစ်နေ့ကျရင် အောက်ကို ဆင်းပြီး သတင်းပို့ရမှာပဲ။ ဦးလေးက လူတွေအများကြီး သတ်ခဲ့တာဆိုတော့ အောက်ရောက်သွားရင် ‘ပျော်ရွှင်သော သရဲ’ ဖြစ်နေမယ်လို့တော့ မထင်နဲ့နော်။”

တန်ဝမ်ကျဲက ဆက်ပြောသည်။

အားကျိုး၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ဘာမှ ပြန်မပြောပေ။ သူသည် ထိုအရာကို အမြဲတမ်း သိထားခဲ့သော်လည်း သူ မသေချင်ခဲ့ပေ။

သူတို့နှစ်ဦး ဤကဲ့သို့ စကားပြောနေခြင်းမှာ လုံးဝ ပြတ်စဲသွားခြင်းနှင့် အတူတူပင်။ သို့သော် တစ်ဦးမှာ ဝှီးချဲပေါ်တွင် ဒဏ်ရာ အပြင်းအထန် ရနေပြီး နောက်တစ်ဦးမှာ နံရံကို မှီကာ ချောင်းဆိုးနေသဖြင့် သူတို့နှစ်ဦး တိုက်ခိုက်ခြင်းမှာ လူနာနှစ်ဦး နပန်းလုံးနေသကဲ့သို့သာ ဖြစ်နေမည်ဖြစ်ပြီး တစ်ဦးကိုတစ်ဦး ဒဏ်ရာရအောင် မလုပ်နိုင်ခင်မှာပင် ပင်ပန်းပြီး သေသွားနိုင်ပေသည်။

အတွင်းဘက်ရှိ အရာရှိနှစ်ဦးသည်လည်း ရှာဖွေမှု ပြီးဆုံးသွားသော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။ ထိုသို့ဖြစ်နေသဖြင့် တန်ဝမ်ကျဲသည်လည်း ဘာမှ ပိုမပြောတော့ပေ။

အမှန်တကယ်တွင်မူ အခြေအနေများမှာ တန်ဝမ်ကျဲနှင့် မသက်ဆိုင်တော့သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အန္တရာယ်နည်းသော သရဲကားများမှာ ရဲများ ပါဝင်လာခြင်းကို အကြောက်ဆုံးပင်။ မိစ္ဆာပညာ သို့မဟုတ် ဖုတ်ကောင်များသည် ပစ္စတိုသေနတ်၏ ဒဏ်ကိုပင် မခံနိုင်ကြပေ။ ဒုံးကျည်များကို ဆိုလျှင် ပို၍ပင် ဝေးကွာလှသည်။

အရာအားလုံး မအောင်မြင်ပါက အမြောက်ဖြင့် ပစ်ခြင်း သို့မဟုတ် ဝေဟင်မှ တိုက်ခိုက်ခြင်းများပင် ပြုလုပ်နိုင်ပေသည်။ ဖုတ်ကောင်များပင်လျှင် လက်နက်များ၏ ပစ်ခတ်မှု အကွာအဝေးကို စိုးရိမ်ရပေလိမ့်မည်။

“ငါ နားဖို့ လိုသေးတယ်။ မင်းတို့ကို ပြန်မပို့တော့ဘူး အဟွတ်...အဟွတ်။”

အားကျိုးက တံခါးပိတ်လိုက်တော့သည်။

အရာရှိနှစ်ဦးက တန်ဝမ်ကျဲကို ကြည့်လိုက်ကြ၏။

“နောက်ထပ် သံသယရှိသူ တစ်ယောက်က ဘယ်မှာလဲ။”

“CCTV တွေကို စစ်ကြည့်လို့ မရဘူးလား။”

သူတို့ သုံးဦးသည် လုံခြုံရေးခန်းသို့ သွားလိုက်ကြရာ လုံခြုံရေးအဘိုးအိုယန် ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေသည်။

အရာရှိနှစ်ဦးမှာ CCTV ကို ကိုယ်တိုင်သာ စစ်ဆေးရတော့၏။ ကံကောင်းစွာဖြင့် ဦးလေးယန်မှာ မှတ်ဉာဏ် မကောင်းသဖြင့် ကွန်ပျူတာ မသုံးတတ်ဘဲ လျှို့ဝှက်နံပါတ်များကို စာရွက်ပေါ်တွင် ရေးထားခဲ့လေသည်။ CCTV ကို စစ်ဆေးပြီးနောက် ပြဿနာတစ်ခုကို လျင်မြန်စွာ တွေ့ရှိသွားခဲ့သည်။ ဦးလေးယန်၏ ပုံရိပ်မှာ မနေ့ညက အဒေါ်မေ၏ တံခါးဝတွင် ပေါ်လာခဲ့ပြီး အထဲသို့ ဝင်သွားပြီးနောက် ပြန်ထွက်မလာတော့ပေ။

ထို့နောက် လက်နှစ်ဖက်ကို အရှေ့သို့ တန်းတန်းမတ်မတ် ဆန့်ထုတ်ထားသော ပုံရိပ်တစ်ခုမှာ လုံခြုံရေး တံခါးကို ရိုက်ခွဲပြီး အပြင်သို့ ပြေးထွက်သွားခဲ့သည်။ အဒေါ်မေက နောက်မှလိုက်လာပြီး တစ်ခုခုကို အော်ဟစ်နေခဲ့၏။ ခဏအကြာတွင် အဒေါ်မေနှင့် အားကျိုးတို့ အတူတူ ပြန်လာကြပြီးနောက် သွေးစွန်းနေသော အိတ်ကြီးတစ်အိတ်ကို ဆွဲကာ ပြန်ထွက်သွားကြသည်။

ဖုတ်ကောင်ရှိသည်ကို မယုံကြည်လျှင်တောင် ဦးလေးယန်မှာ ကံဆိုးမှုနှင့် ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားပေသည်။ ထိုအိတ်ကြီးထဲတွင် ဦးလေးယန်၏ အလောင်း ရှိနေသည်မှာ သေချာသလောက်ပင်။

တန်ဝမ်ကျဲ စိတ်ထဲမှ မျက်မှောင်ကျုံ့လိုက်မိသည်။

“သူမ လူသွေး ရသွားခဲ့တာပဲ။”

အပျိုစင်သွေး မဟုတ်သော်လည်း လူသွေးကို သောက်ပြီးနောက် ဖုတ်ကောင်မှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ ဦးလေးယိုးနှင့် အကြီးအကျယ် တိုက်ပွဲဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိလိုက်သည်။ သို့သော် တိုက်ခန်းဝင်းအတွင်းရှိ ကင်မရာများ၏ တည်နေရာမှာ ကျိုးကြောင်းဆီလျော်မှု မရှိသဖြင့် ထိုမြင်ကွင်းများကို မဖမ်းမိခဲ့ပေ။

ယခုအခါ ဖုတ်ကောင်နှင့် အမြွှာညီအစ်မများမှာ တစ်သားတည်း ဖြစ်သွားကြပြီဖြစ်သည်။ ဖုတ်ကောင်မှာ အင်အားမပြည့်သေးဘဲ အမြွှာညီအစ်မများမှာလည်း ဒဏ်ရာ အပြင်းအထန် ရထားကြသော်လည်း သူတို့ နှစ်ခုပေါင်းလိုက်ပါက သူ (တန်ဝမ်ကျဲ) တစ်ဦးတည်း မယှဉ်နိုင်သေးပေ။ အကူအညီအတွက်မူ... ရှေ့က အရာရှိနှစ်ဦးကိုသာ အားကိုးရပေတော့မည်။

မထင်မှတ်ဘဲ CCTV ကင်မရာထဲတွင် တန်ဝမ်ကျဲ တစ်ဦးတည်း ဓားမကြီးတစ်လက်ဖြင့် စင်္ကြံလမ်းတွင် ပိုင်းခုတ်နေသည်များကိုတော့ ဖမ်းမိသွားခဲ့သည်။ ထို့အပြင် သူသည် စွမ်းအားတစ်ခုကြောင့် လွင့်ထွက်သွားကာ သွေးတစ်လုပ် ထွေးထုတ်လိုက်ရပြီး သူ၏လက်ကို မြှောက်ကာ နံရံကို လက်ဝါးဖြင့် ရိုက်၍ အပေါက်ကြီး ဖြစ်သွားစေသည်ကိုလည်း တွေ့လိုက်ရလေသည်။

အရာရှိနှစ်ဦးသည် ချက်ချင်းပင် တန်ဝမ်ကျဲကို လှည့်ကြည့်လိုက်ကြ၏။

ထန်ဝမ်ကျဲ: “ဟုတ်တယ်၊ ကျုပ်က သရဲဖမ်းသမားပဲ။”

သူ့ကို အံ့သြစေသည်မှာ သူတို့နှစ်ဦးမှာ သူ့ကို လုံးဝ ဂရုမစိုက်ကြခြင်းပင်။ သူတို့၏ ဦးနှောက်သည် ထိုအချက်အလက်များကို လက်မခံနိုင်ခြင်းလား သို့မဟုတ် အခြားအကြောင်းရင်း ရှိသလားတော့ မသိပေ။

ထိုစဉ် အရာရှိလျိုက အမိန့်ပေးလိုက်၏။

“ဒီတိုက်ခန်းဝင်းကို အခုချက်ချင်း ချိတ်ပိတ်လိုက်။ အခုနက အားကျိုးအပါအဝင် လူတိုင်းကို ဖမ်းဆီးထားလိုက်။ အကူအညီတွေလည်း ထပ်ခေါ်လိုက်ဦး။”

All Chapters