← Chapters

အဆင့်နိမ့်အဆင့် နတ်ဝင်ဂါထာ၊ ဦးလေးယိုး ကိုယ်ထဲဝင်ပူးခြင်း

Vol. 4 Ch. 40

အဆင့်နိမ့်အဆင့် နတ်ဝင်ဂါထာ၊ ဦးလေးယိုး ကိုယ်ထဲဝင်ပူးခြင်း

Vol. 4 Ch. 40

သူတို့သည် သံသယဖြစ်ဖွယ် အလောင်းဝှက်ထားမှုကို မတွေ့ရှိရသေးသော်လည်း လူသတ်ပြီး အလောင်းဖျောက်သည့် လုပ်ရပ်ကိုမူ CCTV မှတ်တမ်းများတွင် အထင်အရှား တွေ့မြင်ခဲ့ရ၏။

ထို့နောက် ရဲတပ်ဖွဲ့ဝင် အမြောက်အမြား ရောက်ရှိလာခဲ့သည်။ အားကျိုးမှာ သူ၏ တန်ခိုးစွမ်းအားများကို ထုတ်မပြနိုင်လိုက်ခင်မှာပင် လက်ထိပ်ခတ်ခံလိုက်ရပြီး အချုပ်ခန်းသို့ တိုက်ရိုက် ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။

အားကျိုသည် ယနေ့ညကို ကျော်ဖြတ်နိုင်မည် မဟုတ်ကြောင်း တန်ဝမ်ကျဲ ကောင်းစွာ သိရှိထားခဲ့၏။

အားကျိုးသည် တန်ဝမ်ကျဲ၏ ဘေးမှ ဖြတ်သွားစဉ် ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် “ငါ အသက်သွင်းနိုင်ခဲ့ပြီ” ဟုပင် ပြောသွားခဲ့သေးသည်။

ရဲများ အလုံးအရင်းနှင့် ဝင်ရောက်လာသောအခါ တိုက်ခန်းဝင်းအတွင်း၌ ပုန်းအောင်းနေသော အဒေါ်မေနှင့် ဦးလေးယန်၏ အလောင်းကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့ကြ၏။

အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပေးဆပ်ရမည် ဖြစ်သော်လည်း ဤသည်မှာ ဥပဒေခေတ်ဖြစ်သည်။ သေဆုံးပြီးနောက် ဘာဖြစ်မည်ကို ခေတ္တဘေးဖယ်ထားလျှင်ပင် အသက်ရှင်စဉ် ကျူးလွန်ခဲ့သော ပြစ်မှုများကိုမူ တရားစီရင်ရမည်သာ ဖြစ်သည်။

ရဲများမှာ ဆုတ်ခွာခြင်း မပြုဘဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖုတ်ကောင်ကဲ့သို့ ခုန်ပေါက်နေသော ထိုပုံရိပ်ကို ဆက်လက်ရှာဖွေနေကြသည်။ သို့သော် နေ့ခင်းကြောင်တောင်တွင်မူ ၎င်း၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။

တန်ဝမ်ကျဲ စဉ်းစားနေစဉ်မှာပင် ရုတ်တရက် “ဒိုင်း ဒိုင်း ဒိုင်း” ဟူသော သေနတ်ပစ်သံများကို ဆက်တိုက် ကြားလိုက်ရ၏။

တိုက်ခန်းဝင်းအောက်ရှိ လူတိုင်း အပေါ်သို့ မော့ကြည့်လိုက်ရာ ရဲအရာရှိတစ်ဦးမှာ အထပ် ၂၀ ကျော် မြင့်သော ပြတင်းပေါက်မှ မှန်များကို ရိုက်ခွဲကာ လွင့်စင်ထွက်ကျလာသည်ကို မြင်လိုက်ရလေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ တုံ့ပြန်မှုမှာ လျင်မြန်လှသဖြင့် ပြတင်းပေါက်ဘောင်ကို လှမ်းကိုင်ထားနိုင်ခဲ့သည်။

“အား...ကယ်ကြပါဦး...။”

လူအချို့သည် သူ့ကို ကယ်တင်ရန်အတွက် အပေါ်သို့ ချက်ချင်း ပြေးတက်သွားကြ၏။

ကယ်တင်ခံရသော ရဲအရာရှိက “ဖုတ်ကောင်... ဖုတ်ကောင်ရှိနေတယ်။” ဟု အော်ဟစ်တော့လေသည်။

သူသည် သူ၏စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူကြုံတွေ့ခဲ့ရသည်များကို ပြောပြလိုက်လေသည်။

အခန်းများကို တစ်ခန်းချင်း ရှာဖွေနေစဉ် ဖုတ်ကောင်မှာ ရုတ်တရက် ခုန်ထွက်လာခြင်း ဖြစ်သည်။ သူတို့ သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားရုံသာ ရှိခဲ့သည်။

‘နဂါးသားတော်’ ဖုတ်ကောင်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် လူအချို့မှာ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရာမှ ပြတင်းပေါက်မှန်များ ကွဲထွက်ပြီး ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

ယခင်က တန်ဝမ်ကျဲကို မယုံကြည်ခဲ့သော ရဲအရာရှိအချို့မှာလည်း ယခုအခါတွင်မူ မယုံကြည်၍ မရတော့ဘဲ သူ့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြတော့သည်။

“မင်ရည်ဘူး၊ ကြက်ဖအရှင်၊ ခွေးနက်သွေး၊ ကောက်ညှင်း၊ လူပျိုလေးတွေရဲ့ ဆီးနဲ့ အနီရောင်ကြိုး။ များများရလေ ပိုကောင်းလေပဲ။ အနည်းဆုံး တစ်မျိုးကို ပိဿာ ၆၀ လောက်စီ စီစဉ်ထားပါ။”

ရဲများ မမေးမီမှာပင် တန်ဝမ်ကျဲက ဦးအောင် ပြောလိုက်၏။

ဖုတ်ကောင်ဖမ်းရာတွင် ရဲများ၏ အကူအညီကို ယူခြင်းမှာ စိတ်အချရဆုံး ဖြစ်သည်။ သေနတ်ကျည်ဆန်များမှာ အသုံးဝင်နေဆဲပင် ဖြစ်ပြီး ပြင်းအားကောင်းသော လက်နက်များကို သုံးနိုင်ပါက ရုပ်ပိုင်းဆိုင်ရာအရ မိစ္ဆာနှိမ်နင်းခြင်းကိုပင် ပြုလုပ်နိုင်ပေလိမ့်မည်။

သို့သော် အားနည်းချက်လည်း ရှိသည်။ ဤလူများမှာ ဖုတ်ကောင်အတွက် သွေးစာဖြစ်သွားနိုင်ပြီး ဖုတ်ကောင်ကသာ သူတို့ကို စားသုံးမိသွားခဲ့ပါက မည်သို့သော မိစ္ဆာကြီး ထွက်ပေါ်လာမည်ကို မည်သူမှ မသိနိုင်ပေ။

“ခွေးနက်သွေးကို ဘယ်မှာ ရှာရမှာလဲ။”

“ခွေးမွေးမြူရေးခြံတွေမှာပေါ့ဟ။”

“လူပျိုလေးတွေရဲ့ ဆီးကရော..”

“မူကြိုကျောင်းတွေမှာ သွားယူလေ။”

အားလုံး အလုပ်ရှုပ်ကုန်ကြတော့သည်။

မကြာမီ ရှောင်ဟောင်နှင့် အာယိုးကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ယခုအခါ တိုက်ခန်းဝင်းတစ်ခုလုံးကို ပိတ်ဆို့ထားပြီး နေထိုင်သူ အားလုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် နေထိုင်သူ များများစားစား မရှိတော့ပေ။ လူသတ်သမား ရှိနေသည်ဟူသော အကြောင်းကြားစာကို ရလိုက်သည်နှင့် သူတို့မှာ ချက်ချင်း ပြေးထွက်သွားကြတော့သည်။

အားဖုန်းနှင့် ရှောင်ပိုင်ကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့ အသက်မသေခဲ့သော်လည်း ဤသားအမိမှာ ဤနေရာတွင် ဆက်နေရန် မသင့်သဖြင့် အဝေးသို့ အမြန် ပို့ဆောင်လိုက်ရသည်။

“သူ နိုးမလာသေးဘူးလား။”

တန်ဝမ်ကျဲသည် အာယိုး၏ လက်မောင်းပေါ်ရှိ အစွယ်ရာများကို ကြည့်လိုက်၏။ ၎င်းမှာ သံချောင်းကြီး နှစ်ချောင်းဖြင့် အရိုးအထိ ထိုးဖောက်ခံထားရသကဲ့သို့ ရှိနေခဲ့သည်။ ဒဏ်ရာမှာ ပုပ်ပွနေပြီး ကြည့်ရုံနှင့်ပင် နာကျင်မှုကို ခံစားနေရသည်။

ယခင်က ဦးလေးကျိုးနှင့်အတူ အဘိုးကြီးရန်ကို ရင်ဆိုင်ခဲ့စဉ်က ပြိုင်ဘက်မှာ ခေါင်းတလားထဲတွင် နှစ်ပေါင်း ၂၀ ကြာ မြှုပ်နှံခံထားသော အလောင်းသာ ဖြစ်သည်။ ၎င်းမှာ သွေးမသောက်ရသေးသလို နေ့ခင်းဘက်ဖြစ်ပြီး ကောက်ညှင်းများဖြင့်လည်း ဖုံးအုပ်ခံထားရကာ နောက်ဆုံးတွင် တိုက်ခိုက်ရေးဘုရင် ဦးလေးကျိုး ရှိနေသဖြင့် သူတို့ အလွယ်တကူ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတစ်ဦးတည်း ဖုတ်ကောင်ကို ရင်ဆိုင်ရလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

“ကိုယ်အပူချိန်ကလည်း မကျသလို သတိလည်း ပြန်မရသေးဘူး။”

ရှောင်ဟောင်က ခေါင်းခါရင်း ပြောလိုက်၏။

“ဆေးတွေက အသုံးမဝင်ဘူး။”

တန်ဝမ်ကျဲက ဆိုသည်။ ဝမ်ကျဲက ဆိုသည်။

“ကောက်ညှင်း ကပ်ထားရုံနဲ့ မလုံလောက်ဘူး။ ဟုတ်ပြီ... သူ့ကို ကောက်ညှင်းဆန်ပြုတ် ပြုတ်တိုက်လိုက်။”

ရှောင်ဟောင်က ဝေခွဲမရဖြစ်သွားခဲ့သည်။

“အဲဒီ ဖုတ်ကောင်က... ရှိနေတုန်းပဲလား။”

“ရှိတယ်။”

“အကူအညီ လိုသေးလား။”

ရှောင်ဟောင်က မော့ကြည့်လိုက်သည်။

တန်ဝမ်ကျဲက သူ့ကို ကြည့်လိုက်ပြီးနောက် အာယိုး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ လက်ဖဝါးကို လှန်ကြည့်လိုက်သောအခါ လက်ချောင်းငါးချောင်းလုံး၏ ထိပ်များကို ဓားဖြင့် လှီးဖြတ်ထားပြီး လက်သည်းများကိုပင် ထိုးဖောက်ထားသည်ကို တွေ့ရသည်။ ထိုမြင်ကွင်းကြောင့် တန်ဝမ်ကျဲပင် ကြက်သီးထသွားရသည်။

သူသည် လျှပ်စီးလက်ဝါးသုံးရန် လက်ချောင်းတစ်ချောင်းကို ကိုက်ဖောက်ရန်ပင် ဝန်လေးနေသူဖြစ်ရာ လက်ချောင်းငါးချောင်းလုံးကို အသုံးပြုခြင်းမှာ သူ့အတွက် အလွန် ရင်းနှီးရလွန်းလှသည်။

ဓာတ်ငါးပါး အကာအကွယ်ကို သုံးနိုင်သည့် သံလိုက်အိမ်မြှောင်မှာမူ အသုံးဝင်လှပေသည်။ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ငါးပါး အစီအရင်အတွင်း၌ တိုက်ခိုက်ရေးသမားကောင်း တစ်ဦးကို ထားရှိနိုင်ပါက မိမိတို့ဘက်မှ အသာစီးရသော တိုက်ပွဲပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

၎င်းမှာ “အစီအစဉ် F” အတွက် လုံလောက်သင့်ပေသည်။ အစီအစဉ် F အကြောင်း ပြောရလျှင် သူ့တွင် လက်ထောက်တစ်ဦး လိုအပ်သည်။ တန်ဝမ်ကျဲက ရှောင်ဟောင်ကို ကြည့်လိုက်၏။

“မင်း သေရမှာ ကြောက်လား။”

“ငါ ဒီကိုလာတာကိုက သေမင်းကို ရှာဖို့ပဲလေ။”

ရှောင်ဟောင်က ပြန်ဖြေသည်။

တန်ဝမ်ကျဲသည် ရဲများထံသို့ ချက်ချင်းသွားပြီး အာယိုး၏ အခန်းထဲမှ ဓာတါငါးပါး သံလိုက်အိမ်မြှောင်ကို သွားယူပေးရန် အကူအညီတောင်းလိုက်သည်။

သူ စကားပြောနေစဉ်မှာပင် အရာရှိလျို ရောက်ရှိလာခဲ့လေသည်။ လူနာတင်စင်ပေါ်တွင် သတိမေ့နေသော အာယိုးနှင့် ဖုတ်ကောင်အကိုက်ခံထားရသည့် အပေါက်ကြီးများကို မြင်သောအခါ သူ မအန်မိအောင် အောင့်ထားခဲ့လိုက်ရသည်။

အလောင်းများစွာ မြင်ဖူးသောသူပင်လျှင် ဖုတ်ကောင်ကိုက်ထားသော ဒဏ်ရာကို မြင်ရသည်မှာ အလွန် ရွံရှာဖွယ် ကောင်းလှသည်။

“မစ္စတာတန်... ခင်ဗျား တောင်းထားတာတွေ အားလုံး အဆင်သင့်ဖြစ်ပါပြီ။”

“မြန်လှချည်လား။”

တန်ဝမ်ကျဲ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“အရာရှိ လျို... ကျုပ်အတွက် ချာရှူးနဲ့ ဘဲကင် ထမင်းဘူး တစ်ဘူးလောက်လည်း မှာထားပေးပါဦး။”

“ပိဿာ ၆၀ လား။”

အရာရှိလျိုက ဘာမှမစဉ်းစားဘဲ ဖုန်းကို ထုတ်လိုက်၏။

တန်ဝမ်ကျဲ: “မဟုတ်ဘူး၊ ကျုပ် စားဖို့။”

အချိန်များမှာ အလွန်နှေးကွေးစွာ ကုန်ဆုံးနေ၏။ ရဲများက တိုက်ခန်းဝင်းကို လုံးဝ ထိန်းချုပ်ထားသော်လည်း အပြင်ဘက်တွင်မူ သတင်းရရှိထားသော သတင်းထောက် အမြောက်အမြား စုရုံးလာနေကြသည်။

တန်ဝမ်ကျဲသည် ရှေ့မှ အစီအရင် ပြင်ဆင်နေကြသော ရဲများကို စိုက်ကြည့်ရင်း ချာရှူးထမင်းကို အေးအေးလူလူ စားနေလိုက်သည်။

ထိုစဉ် အရာရှိလျိုက သူ့နားသို့ လျှောက်လာခဲ့သည်။ တန်ဝမ်ကျဲက သူ၏လက်ထဲမှ စီးကရက်ကို လုယူကာ ပါးစပ်တွင် ခဲလိုက်၏။

“Marlboro အနီ သောက်တာလား။”

အရာရှိ လျိုမှာ ပုံမှန်အားဖြင့် ဆေးလိပ်သိပ်မသောက်သော်လည်း ယနေ့ ရွံရှာဖွယ်ရာများကို မြင်တွေ့ခဲ့ရသဖြင့် အော့အန်ချင်စိတ်ကို ထိန်းရန် သောက်နေခြင်း ဖြစ်သည်။ ၎င်းကို တန်ဝမ်ကျဲက လုယူသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အနီးအနားတွင် ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်ကို ပို့ဆောင်ပေးလိုက်ပြီး ၎င်းမှာ ဖြည်းဖြည်းချင်း လည်ပတ်နေသည်။ ဤအရာသည် ဖုတ်ကောင်ဖမ်းရန် အသုံးဝင်သည်ဟု ဆိုကြသည်။ ကြည့်ရသည်မှာ ခန့်ညားလှသော်လည်း လက်တွေ့တွင်မူ ဦးလေးကျိုး၏ အိတ်ထဲရှိ လက်ဝါးအရွယ် ‘ပါးကွား’ မှန်ကိုပင် မမီပေ။

သို့သော် ထိုသို့ပြောလျှင်လည်း မမှန်သေးပေ။ ၎င်းမှာ နှစ်ဖက်စလုံး၏ တိုက်ခိုက်ရေး အဆင့်အတန်းက မတူညီသောကြောင့်ပင်။

အခြားရဲများမှာလည်း တန်ဝမ်ကျဲ၏ စီစဉ်မှုအောက်တွင် အမျိုးမျိုးသော ပြင်ဆင်မှုများကို လုပ်ဆောင်ထားပြီး ဖြစ်သည်။

ထမင်းဘူး မှာယူမှုများစွာလည်း ရှိခဲ့သည်။

ရှောင်ဟောင်၊ အရာရှိလျိုနှင့် အခြားသူများမှာ တန်ဝမ်ကျဲ ထမင်းစားနေသည်ကိုသာ ကြည့်နေကြရ၏ည်။ သူတို့မှာ ဘာမှ မျိုမကျနိုင်ကြပေ။

သူတို့သည် ဦးလေးယန်၏ သွေးအိုင်ထဲမှ အလောင်းကို အရင်မြင်ခဲ့ရပြီးနောက် ဖုတ်ကောင်နှင့် အာယိုး၏ ရွံစရာကောင်းသော လက်မောင်းကို ထပ်မံမြင်တွေ့ခဲ့ရသဖြင့် ယခုအချိန်တွင် အော့အန်ချင်နေကြရုံသာ ရှိသည်။

အချိန်မှာ အရှိန်တက်သွားခြင်းလား သို့မဟုတ် အခြားတစ်ခုခုလားမသိ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ကြီးမှာ မှောင်မိုက်သွားခဲ့သည်။ သို့သော် တန်ဝမ်ကျဲမှအပ မည်သူမှ ထူးခြားမှုကို သတိမပြုမိကြပေ။

တန်ဝမ်ကျဲသည် ထမင်းကို နောက်ထပ် နှစ်လုပ်ခန့် စားလိုက်ပြီးနောက် လက်ထဲရှိ စီးကရက်ကို ကြည့်လိုက်သည်။ ၎င်းမှာ အရင်စီးကရက်ပင် ဖြစ်သည်။ နေ့ဘက်မှ ညဘက်သို့ တိုက်ရိုက် ခုန်ကူးသွားသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်မှ အချိန်မှာမူ ကုန်ဆုံးမသွားခဲ့ချေ။

သူ ရှောင်ဟောင်ကို ထပ်ကြည့်လိုက်၏။ အဖြစ်နိုင်ဆုံးမှာ ဤနေရာသည် ရှောင်ဟောင်၏ အိပ်မက်ကမ္ဘာ ဖြစ်နေခြင်းပင်။ ၎င်းမှာ ကျိုးကြောင်းဆီလျော်မှု မရှိသဖြင့် ရှောင်ဟောင်သာ သူနှင့်အတူ ရှိနေပါက တန်ဝမ်ကျဲသည် ဤတိုက်ခန်းဝင်းထဲမှ ထွက်ခွာနိုင်မည် ဖြစ်သည်။

“ရောက်လာပြီ”

တန်ဝမ်ကျဲသည် သောက်၍မပြီးသေးသော စီးကရက်ကို ထမင်းဘူးထဲ ထိုးထည့်ကာ ဘေးသို့ လွှင့်ပစ်လိုက်၏။

“အစီအစဉ် A”

‘ဝုန်း’

မြေပြင်ကြီးမှာ တုန်ခါသွားခဲ့၏။

ဖုတ်ကောင် ရောက်လာပြီ

၎င်းမှာ ခုန်ပေါက်လာခြင်း မဟုတ်ဘဲ လေထဲတွင် ဝဲပျံလာခြင်း ဖြစ်သည်။ တော်သေးသည်မှာ ပျံသန်းနိုင်စွမ်းတော့ မရှိပေ။

လူတိုင်းမှာ ဖုတ်ကောင် ဝဲပျံလာသည်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ အရာရှိလျိုနှင့် အခြားသူများမှာ တံတွေးကို ခက်ခဲစွာ မျိုချနေကြရသည်။ ဖုတ်ကောင်၏ အရှေ့တည့်တည့်တွင်မူ ကြက်သွေးစိမ်ထားသော မင်ရည်ကြိုးများဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်ကြီး ရှိနေခဲ့လေသည်။

တန်ဝမ်ကျဲမှာ အစီအရင်များကို နားမလည်သော်လည်း ပမာဏများများ သုံးရမည်ကိုမူ သိပေသည်။ မင်ရည်ဘူး တစ်ရာကျော်ကို ကြက်သွေးစိမ်ပြီး ပိုက်ကွန်ကြီးတစ်ခုအဖြစ် ဖြန့်ခင်းထားခြင်း ဖြစ်သည်။ အရည်အသွေးထက် အရေအတွက်ဖြင့် နှိမ်နင်းမည့် နည်းဗျူဟာပင် ဖြစ်သည်။

ဖုတ်ကောင်သည် မင်ရည်ပိုက်ကွန်ထဲသို့ ခြေချလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲသံများ တဖျတ်ဖျတ် ထွက်ပေါ်လာတော့သည်။

“ပစ်ကြ...,”

သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဖုတ်ကောင်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့၏။

ထို့နောက် ချက်ချင်းပင် ရှိနေသူ အားလုံးမှာ ဖုတ်ကောင်၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

“အစီအစဉ် D၊ ပြီးရင် အစီအစဉ် B..”

တန်ဝမ်ကျဲက အမိန့်ပေးလိုက်၏။

“စကြ...”

အစီအစဉ် D- ကောက်ညှင်းများဖြင့် ဖုတ်ကောင်ကို ဖိနှိပ်ခြင်း။

ပလတ်စတစ်အိတ်များဖြင့် ထည့်ထားသော ကောက်ညှင်း ပိဿာ ရာနှင့်ချီကို လဲကျနေသော ဖုတ်ကောင်ပေါ်သို့ ပစ်ပေါက်လိုက်ရာ ၎င်းမှာ ကောက်ညှင်းများအောက်တွင် လုံးဝ နစ်မြုပ်သွားတော့လေသည်။

အစီအစဉ် B- ပြေးကြဟေ့...။

ရဲများ၏ သေနတ်များမှာ ဖုတ်ကောင်ကို ထိခိုက်စေနိုင်သော်လည်း ဒြပ်မဲ့နေသော အမြွှာညီအစ်မများကိုမူ အန္တရာယ် မပေးနိုင်ပေ။

ရဲအရာရှိ အားလုံးမှာ စနစ်တကျ ဆုတ်ခွာသွားကြပြီး တန်ဝမ်ကျဲနှင့် ရှောင်ဟောင်တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။

ရှောင်ဟောင်က အမြွှာညီအစ်မများကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။

“မင်း စောစောက လျှပ်စီးလက်ဝါးကို သုံးနိုင်သေးလား။”

တန်ဝမ်ကျဲ: “လက်ချောင်းကို ကိုက်ရတာ အရမ်းနာတယ်ဟ။”

သူ ဘယ်လိုလုပ် ထပ်သုံးနိုင်ပါ့မလဲ။

သူ၏ သွေးအမှတ်များမှာ အလွန်နှေးကွေးစွာ ပြန်တက်နေခြင်း ဖြစ်သည်။ လျှပ်စီးလက်ဝါးကိုသာ ထပ်သုံးပါက အမြွှာညီအစ်မတွေ သတ်စရာ မလိုဘဲ သူဘာသာ သေသွားပေလိမ့်မည်။

အမြွှာညီအစ်မများသည် တန်ဝမ်ကျဲထံသို့ တန်းတန်းမတ်မတ် ဦးတည်လာကြ၏။ သူသည် ဝှီးချဲပေါ်တွင် ထိုင်နေရင်းမှ ဓားမကြီးကို ထုတ်ကာ ပိုင်းခုတ်ရန် ကြိုးစားသော်လည်း ထိုလှုပ်ရှားမှုကြောင့် ဒဏ်ရာကို သွားထိခိုက်ကာ လက်မောင်းမှာ အင်အား ကုန်ခမ်းသွားခဲ့သည်။

ရှောင်ဟောင်က ဝင်ရောက်ကူညီရန် ကြိုးစားသော်လည်း လက်တစ်ချက် အဝှေ့ခံလိုက်ရရုံဖြင့် လွင့်ထွက်သွားခဲ့ကာ ကြမ်းပြင်ပေါ်တွင် အချိန်အတောါကြာ မထနိုင်အောင် ဖြစ်သွားခဲ့၏။

ခဏအတွင်းမှာပင် တန်ဝမ်ကျဲ တစ်ဦးတည်းသာ ရင်ဆိုင်ရန် ကျန်ရှိတော့လေသည်။

ရုတ်တရက် တန်ဝမ်ကျဲသည် လူပျိုလေးများ၏ ဆီးများ ထည့်ထားသော ပလတ်စတစ်အိတ် နှစ်အိတ်ကို ဆွဲယူကာ အမြွှာညီအစ်မများထံသို့ ပစ်ပေါက်လိုက်၏။ (၎င်းမှာ ချင်းတောင်မြို့သားများ ဘီယာအိတ်ကို ကိုင်ပြီး လမ်းလျှောက်သည့် ပုံစံမျိုး ဖြစ်သည်)

လူပျိုလေးများ၏ ဆီးမှာ အမြွှာညီအစ်မများကို ထိမှန်သွားသည်နှင့် စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

သူတို့သည် တန်ဝမ်ကျဲကို ဆက်လက် မတိုက်ခိုက်တော့ဘဲ နောက်သို့ လှည့်ကာ ကောက်ညှင်းပုံထဲရှိ ဖုတ်ကောင်ကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့ကြတော့သည်။

အမြွှာညီအစ်မများတွင် ဝိညာဉ်ရှိသော်လည်း စိတ်ဝိညာဉ်မရှိပေ။ ဖုတ်ကောင်တွင်မူ စိတ်ဝိညာဉ်ရှိသော်လည်း ဝိညာဉ်မရှိပေ။ သရဲများက အလောင်းထဲသို့ ဝင်ရောက်လိုက်သောအခါ သူတို့သည် ကောက်ညှင်းကို ကြောက်ရွံ့သော အားနည်းချက်ကိုပင် ကျော်လွှားသွားနိုင်ခဲ့ကြသည်။

“တစ်မိနစ်လောက် တောင့်ခံထားပေးဦး။”

တန်ဝမ်ကျဲက မက်မွန်သားဓားကို ကိုင်ကာ ထရပ်ရန် ကြိုးစားနေသော ရှောင်ဟောင်ကို အော်ပြောလိုက်၏။ ထို့နောက် သူသည် ဝှီးချဲကို အမှီပြုကာ မတ်တပ်ရပ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာရထားသဖြင့် တိုက်ခိုက်ရေး ကွက်များကို မသုံးနိုင်ပေ။ သူသည် “မြေနင်းအတက်” ကို သုံးပြီး နတ်ဝင်ပူးရန် ဖိတ်ခေါ်ရမည်ဖြစ်သည်။ ထိုထူးခြားသော အခြေအနေသို့ ရောက်ရှိသွားပါက သူသည် နာကျင်မှုကို ကြောက်ရွံ့တော့မည် မဟုတ်ဘဲ ပုံမှန်ထက် ကျော်လွန်သော စွမ်းဆောင်ရည်များကို ပြသနိုင်မည် ဖြစ်သည်။

ဘေးထွက်ဆိုးကျိုးများကိုလည်း သူ ကိုင်တွယ်နိုင်ပါသည်။

ရှောင်ဟောင်မှာ အံကြိတ်ကာ ရှေ့သို့ ပြေးဝင်သွားသော်လည်း လွင့်ထွက်သွားခဲ့ပြန်သည်။ သူ ထပ်မံ ကြိုးစားသော်လည်း ထပ်မံ၍ လွင့်ထွက်သွားပြန်သည်။

ကံကောင်းသည်မှာ ယနေ့တွင် ကြက်သွေးပိုက်ကွန်များ၊ ကောက်ညှင်းများနှင့် လူပျိုလေးများ၏ ဆီးများ နေရာအနှံ့ ရှိနေသဖြင့် အမြွှာညီအစ်မများမှာ ဖုတ်ကောင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ရန် မရဲကြပေ။ ထွက်လာသည်နှင့် သူတို့၏ အားနည်းချက်များကို တိုက်ခိုက်ခံရမည် ဖြစ်သည်။

တန်ဝမ်ကျဲသည်လည်း နတ်ဝင်ပူးရန် ဂါထာများကို စတင် ရွတ်ဖတ်တော့သည်။

သူသည် အဆင့်မြင့်ဂါထာဖြင့် စစ်သူကြီးကျိုးချန်းကို ပင့်ဖိတ်သော်လည်း စစ်သူကြီး ကျိုးချန်းမှာ တုံ့ပြန်မှု မရှိပေ။

အလယ်အလတ်အဆင့်ဂါထာဖြင့် ဆရာဘိုးဘေးကို ပင့်ဖိတ်သော်လည်း ဆရာဘိုးဘေးမှာလည်း ထိရောက်မှု မရှိပေ။

ဤကမ္ဘာကြီးမှာ ပြင်ပနှင့် အလွန်အမင်း အဆက်အသွယ် ပြတ်တောက်နေပုံရသည်။ ၎င်းမှာ အက်ရှင်မင်းသား ရှောင်ဟောင်၏ အိပ်မက်နှင့် ဆက်စပ်နေသောကြောင့်လား သို့မဟုတ် အခြားအကြောင်းရင်းကြောင့်လားတော့ မသိပေ။

သူသည် အဆင့်နိမ့်အဆင့်ဂါထာကိုသာ သုံးပြီး သရဲတစ်ကောင်ကို ကိုယ်ထဲဝင်ပူးရန်သာ ဖိတ်ခေါ်လိုက်ရတော့လေသည်။

မြေပြင်ကို နင်းလိုက်၏။

မည်သူဝင်ပူးသည်ဖြစ်စေ အရေးမကြီးပေ။ မေနင်းအတတ်ကို တတ်မြောက်ထားသူကို သရဲများက အလွယ်တကူ ထိန်းချုပ်၍ မရနိုင်ပေ။ နောက်မှ သူတို့ကို ဖယောင်းတိုင်များနှင့် ပြန်လည် ပူဇော်လိုက်ရုံသာ ရှိသည်။

“ကလေး... ငါ့ကို ဆေးလိပ်တစ်လိပ်လောက် ပေးပါလား။”

ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

တန်ဝမ်ကျဲ လှည့်ကြည့်လိုက်သောအခါ အိပ်ယာဝင်ဝတ်စုံနှင့် ဘောင်းဘီတိုအပွကြီးကို ဝတ်ထားသော အာယိုး၏ ဝိညာဉ်ပုံရိပ်မှာ သူ၏ဘေးတွင် ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

အဝေးသို့ လှမ်းကြည့်လိုက်ရာ ရဲများ၏ ကာကွယ်မှုအောက်တွင် အာယိုးမှာ လူနာတင်စင်ပေါ်၌ လဲလျောင်းနေဆဲပင်။

သူသည် သေဆုံးသွားခြင်း မဟုတ်သော်လည်း သူ၏ဝိညာဉ်မှာမူ ခန္ဓာကိုယ်ထဲမှ ခွဲထွက်လာခြင်း ဖြစ်ပုံရပေသည်။

All Chapters