ဆန်းကြယ်မှု
Vol. 13 Ch. 131
ဤကမ္ဘာလောကတွင် အသိပညာ ဗဟုသုတ နည်းပါးသူများ အစဥ်အမြဲ ရှိတတ်စမြဲပင်။
ထိုလူများသည် အောင်ပွဲက အဆုံးသတ်တွင် သူတို့၏လက်ထဲသို့ ရောက်ရှိလာမည်ဟု အမြဲတစေ ခံစားနေရတတ်သည်။
ထို့ပြင် ရန်သူသည်လည်း တုံးအသော လူမိုက်တစ်ဦး ဖြစ်ရမည်ဟု အမြဲတစေ တွေးထင်နေတတ်ကြ၏။
ခေတ်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ ယဲ့ပိုင်သည် ထိုကဲ့သို့ လူစားမျိုးများကို မရေမတွက်နိုင်အောင် တွေ့ကြုံခဲ့ဖူးသည်။
ဤအချိန်၌ ယဲ့ပိုင်သည် အေးစက်စက်လေများကြားတွင် မတ်တတ်ရပ်နေပြီး သူ၏ရှေ့မှ အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ၏ဆံပင်ဖြူများကို အထူးပြုလုပ်ထားသော ဆေးရည်ဖြင့် အနက်ရောင် ဆိုးထားသော်လည်း ဤအနက်ရောင်သည် လောကဓံအပြောင်းအလဲ၏ခြေရာလက်ရာများကို တားဆီးနိုင်ခြင်း မရှိချေ။ သူ၏နဖူး မျက်လုံးထောင့်နှင့် မျက်နှာတပြင်လုံးတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။
ထို့ပြင် သူ၏ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားကြောင့် ကြီးမားသည့် အာဏာစွမ်းအားကို ပိုင်ဆိုင်ထားသော ချောင်မြောင်ရွှန်းသည် ယခုအချိန်တွင်မူ မည်သည့် အထက်တန်းလွှာ အငွေ့အသက်မျှ မရှိတော့ဘဲ အရူးတစ်ယောက်နှင့် ခွဲခြား၍မရအောင် ဖြစ်နေပေ၏။
ဘုန်း...
သူ သေနတ်ကို ပစ်ခတ်လိုက်သည့် အချိန်၌ပင်....
ချောင်မိသားစု ဗီလာခြံဝန်းအတွင်းတွင် မတ်တတ်ရပ်နေကြသော ချောင်မိသားစုဝင်များ ဝမ်းသာသွားကြသည်။
"သူ့ကို ထိသွားပြီ... ဒီတစ်ခါတော့ သူသေမှာ သေချာတယ်..."
"သူ ဘယ်လောက်ပဲ သန်မာပါစေ... ကျည်ဆန်ကိုတော့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."
"ငါတို့ နိုင်သွားပြီလား..."
"အား..."
သို့သော် ထိုပျော်ရွှင်ဖွယ်အသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် အမျိုးသမီးတစ်ဦးက "အား" ဟူ၍ စူးရှစွာ အော်ဟစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ သွေးများစီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"သ... သခင်လေးချောင် သေနတ်မှန်သွားပြီ..." နောက်ထပ်အချိန်တခဏတွင် ထိုအမျိုးသမီး၏တုန်ရီနေသောအသံ ထွက်ပေါ်လာသည်။
ထို့နောက် လူအများ၏မျက်လုံးအကြည့်များသည် ချောင်ကူယွင်ထံသို့ ရောက်ရှိသွားကြ၏။
ချောင်ကူယွင်၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်၌ ခွေခွေလေး လဲကျနေပြီး သူ၏နဖူးတွင် လက်မအရွယ်အစားရှိသော အနီရောင်အပေါက်တစ်ခု ဖြစ်ပေါ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ သူ၏မျက်လုံးများ ပြူးကျယ်နေပြီး သူ သေဆုံးသွားခဲ့လေပြီ။
ချောင်ကူယွင် သေနတ်မှန်သွားကြောင်း တွေ့ရှိပြီးနောက် ထိုလူများသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး သူတို့၏အကြည့်များကို ယဲ့ပိုင်ထံသို့ ရုတ်တရက် ပြန်လည်၍ ပို့ဆောင်လိုက်ကြသည်။
တုန်လှုပ်ခြင်း...
ကြောက်ရွံ့ခြင်း...
အံ့အားသင့်ခြင်း...
တချို့လူများကမူ သူတို့၏ပါးစပ်များကိုပင် လက်ဖြင့် အုပ်ထားမိကြသည်။
ချောင်မြောင်ရွှန်းက ထိုလူငယ်ကို ပစ်ခတ်လိုက်သည်အား သူတို့ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ သို့သော် ထိုလူငယ်ကမူ လုံးဝဂရုမစိုက်သည့်အလား မတ်တတ်ရပ်နေဆဲပင်။
သူ၏မျက်လုံးများသည် တွင်းနက်ကြီးကဲ့သို့ နက်ရှိုင်းနေပေ၏။
နံဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် သူ၏ မျက်လုံးများထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိသည့်အလားပင်။
ဤနေရာရှိ လူများအားလုံးသည် ပုရွက်ဆိတ်များသာဖြစ်ပြီး သူ့အနေဖြင့် တစ်ချက်မျှ ကြည့်ရှုရန်ပင် အရည်အချင်း မပြည့်မီသကဲ့သို့ ဖြစ်နေတော့သည်။
နောက်ဘက်ရှိ ချောင်မိသားစု၏တိုက်ရိုက်မျိုးဆက်များထဲမှ ချောင်ကူယွင်၏ဖခင်ဖြစ်သူသည် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ပထမဆုံးသတိပြန်ဝင်လာသူဖြစ်သည်။ သူ၏မျက်နှာပေါ်မှ ကြွက်သားများက ပြင်းပြင်းထန်ထန် ရှုံမဲ့နေပေ၏။ သူ၏သားဖြစ်သူ သေဆုံးသွားကြောင်း သိရှိလိုက်ရပြီးနောက် သူ့ထံတွင် ဒေါသများသာ ကျန်ရှိတော့သည်။
သို့သော် သူ မုန်းတီးသောလူမှာ ယဲ့ပိုင် မဟုတ်ချေ။
ထိုအစား သူသည် သူ၏ဒေါသများအားလုံးကို ချောင်မြောင်ရွှန်းထံသို့ ပုံအောလိုက်၏။
"အဘိုးကြီး... ခင်ဗျား ဘာလို့ ပစ်လိုက်တာလဲ... ခင်ဗျားက ကူယွင်ကို သတ်လိုက်တာပဲ... သောက်ကျိုးနည်း အဘိုးကြီး..."
အကယ်၍ ချောင်မိသားစုကသာ အစကတည်းက အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ပါက ဤကဲ့သို့ ကိစ္စမျိုး လုံးဝဖြစ်ပျက်လာမည် မဟုတ်ချေ။
သူ ဦးဆောင်လိုက်ပြီးနောက် ချောင်မိသားစု၏တိုက်ရိုက်မျိုးဆက် အမြောက်အများတို့သည်လည်း စတင်၍ တုံ့ပြန်လာကြတော့သည်။
"အရှင်... အရှင် ဘာပဲလိုချင်ချင် ကျွန်တော် ပေးပါ့မယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့..."
ယဲ့ပိုင်သည် သူတို့နှင့် မီတာဆယ်ဂဏန်းခန့် ကွာဝေးနေသေးသော်လည်း လူတစ်ယောက်ကမူ မြေပြင်ပေါ်တွင် ဘုန်းခနဲဒူးထောက်ချလိုက်ပြီး တောင်းပန်နေလေပြီ။
"ဒါတွေအားလုံးက အဲ့ဒီအဘိုးကြီး လုပ်တာပါ... ကျွန်တော်တို့ ဘာမှ မသိပါဘူး..."
ဤစကားကို ပြောလိုက်သူက ချောင်မြောင်ရွှန်းကိုပင် ဒေါသတကြီး လက်ညှိုးထိုးပြလိုက်၏။
သာမန်အချိန်များတွင် လူအများ၏လေးစားခြင်းကို ခံရသော ခမ်းနားထည်ဝါပြီး အာဏာရှိသည့် ချောင်မြောင်ရွှန်းသည် ယခုအချိန်တွင်မူ 'အဘိုးကြီး' ဟု ခေါ်ဆိုခြင်းကို ခံလိုက်ရတော့သည်။
"ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှတ်ပေးပါ..."
သူတို့အနက် ချောင်မြောင်ရွှန်း၏ဒုတိယသားက ပို၍ပင် ရိုင်းစိုင်းသေးသည်။ ဤစကားကို ပြောဆိုနေစဉ်တွင် သူသည် သူ့ ဇနီးနှင့် သားသမီးများကို ဆွဲခေါ်ကာ မျက်နှာသေဖြင့် တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေသည်။
ချောင်မိသားစုမျိုးဆက်များ၏ တုံ့ပြန်မှုသည် မွေးနေ့ပွဲသို့ လာရောက်ကြသည့် ဗီလာခြံဝန်း အပြင်ဘက်မှ ဧည့်သည်များကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ချောင်မိသားစုက ဒီအတိုင်းပဲ ပြီးဆုံးသွားတော့မှာလား..."
ချောင်မိသားစုနှင့်ရင်းနှီးသော သူဌေးတစ်ဦးက သူ၏မျက်လုံးများကို ပွတ်သပ်ရင်း တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်သည်။ ယနေ့ ဖြစ်ပျက်နေသည်များမှာ အိပ်မက်တစ်ခုဟု သူ အစဥ်အမြဲ ခံစားနေရသည်။
"အဘိုးချောင်က သူ့ရဲ့တစ်သက်လုံး ဥာဏ်ပညာရှိခဲ့ပေမယ့် အသက် ၁၀၀ ပြည့် မွေးနေ့ရောက်မှ သူ့ရဲ့ယုံကြည်ရဆုံး မြေးက ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတယ်... သူ့ရဲ့ ဆွေမျိုးရင်းချာတွေကတောင် တွေဝေခြင်းမရှိဘဲ သူ့ကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့ကြတယ်... တကယ့်ကို ဝမ်းနည်းစရာပဲ..."
အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်သည်။ သို့သော် သူ၏မျက်လုံးများက ယဲ့ပိုင်ထံ ရောက်သွားသည့်အချိန်၌ တခြားလူများနည်းတူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပေ၏။
တချို့လူများ၏အာရုံစိုက်မှုကမူ ယဲ့ပိုင်ထံတွင်သာ ရှိနေကြသည်။
"အဲ့ဒီလူငယ်က တကယ့်ကို ကြောက်စရာကောင်းတယ်... ချောင်မိသားစုက ဘယ်လို တည်ရှိမှုမျိုးကို သွားပြီးပြစ်မှားမိတာလဲ... အခုချိန်ထိ သူက စပြီးမတိုက်ခိုက်သေးဘူး... တကယ်လို့ သူသာ စလိုက်ရင် ပိုပြီးဆိုးရွားသွားမယ်လို့ ငါ ထင်တယ်..."
"အဲ့ဒီလုံခြုံရေးတွေအားလုံးက ချောင်မိသားစု လေ့ကျင့်ပေးထားတဲ့ ထိပ်တန်းအဆင့် ပညာရှင်တွေလေ... ကြောက်စရာအကောင်းဆုံးက ကျည်ဆန်တွေတောင် သူ့ကို ဘာမှ မဖြစ်စေတာပဲ... နိုင်ငံတော်က ငါတို့ကို ဖုံးကွယ်ထားတဲ့ ကိစ္စတချို့ ရှိနေတယ်လို့ ငါ ခံစားရတယ်..."
လူအုပ်ကြီးထဲတွင် ဖြောင့်မတ်သော မျက်နှာထားရှိသည့် အမျိုးသားကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကို နောက်သို့ မဆုတ်ဘဲ မနေနိုင်အောင် ဖြစ်နေပေ၏။ ရဲအရာရှိတစ်ဦး အနေဖြင့် ဤဖြစ်ရပ်က မည်သို့အဓိပ္ပာယ်သက်ရောက်သည်ကို သူ ကောင်းစွာသိရှိထားသည်။
ပတ်ဝန်းကျင်မှ အသံများသည် တဖြည်းဖြည်း ကျယ်လောင်လာပေ၏။
အထူးသဖြင့် ချောင်မြောင်ရွှန်း ပစ်ခတ်လိုက်သည့် ကျည်ဆန်က ယဲ့ပိုင်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိသည်အား ရှင်းလင်းစွာ မြင်တွေ့လိုက်ပြီးနောက် သူတို့၏စိတ်နှလုံးသားများထဲ၌ နောက်ဆုံးကျန်ရှိနေသော စိတ်ဓာတ်ကြံ့ခိုင်မှုများ ရုတ်တရက် ပြိုလဲသွားကြတော့သည်။ ကြောက်ရွံ့ခြင်းနှင့်တုန်လှုပ်ခြင်းတို့မှလွဲ၍ သူတို့၏မျက်နှာများပေါ်တွင် တခြားမည်သည့် အမူအယာမျှ မရှိတော့ချေ။
ချောင်မြောင်ရွှန်း၏ ခံစားချက်များက ပို၍ပင် စစ်မှန်နေသည်။ ပစ္စတိုသေနတ် အသေးစားလေးကို ကိုင်ထားသော သူ၏လက်သည် ပြင်းထန်စွာ တုန်ခါနေပေ၏။
သူ၏လက်ချောင်းသည် မောင်းတံပေါ်တွင် ရှိနေဆဲဖြစ်ပြီး ခလုတ်ကိုနှိပ်ရန် ကြိုးစားနေဆဲပင်။ သို့သော် သူ မည်မျှထိ အားစိုက်ထုတ်ပါစေ သူ၏လက်ချောင်းကို တစ်လက်မမျှပင် ရွေ့လျားအောင် မလုပ်နိုင်တော့ချေ။
သူ၏အိုမင်းနေသော မျက်လုံးများဖြင့် သူ၏ရှေ့မှ တည်ငြိမ်နေသော လူငယ်ကို ကြောက်ရွံ့စွာ စိုက်ကြည့်နေမိသည်။ သူသည်ပါးစပ်ကို ဖွင့်ဟလိုက်ပြီးနောက် စကားပြောဆိုရန် အချိန်အတော်ကြာ ယူလိုက်ရပေ၏။
"အ... အရှင်... ကျွန်တော် မှားသွားပါပြီ... သော့... သော့ကို ကျွန်တော် ပေးပါ့မယ်..."
ထိုစကားကိုပြောဆိုနေစဉ်မှာပင် ချောင်မြောင်ရွှန်းက သူ၏တခြားလက်တစ်ဖက်ကို လျှင်မြန်စွာ ဆန့်တန်းလိုက်သည်။
သူ၏လက်ထဲတွင် သွေးများ စွန်းထင်းနေသော ရွှေရောင်သော့တစ်ချောင်း ရှိနေသည်။
ထို့နောက် ရွှေရောင်သော့သည် သူ၏လက်ထဲမှနေ၍ လေထုထဲသို့ ဖြည်းညှင်းစွာ မြောက်တက်သွားသည်။
ရွှေဖြင့်ပြုလုပ်ထားပုံရသော ထိုဟောင်းနွမ်းနေသောသော့သည် လေထုထဲတွင် ရပ်တန့်သွားချိန်၌ အလွန်တောက်ပသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ထိုအလင်းတန်းသည် ရွှေရောင်ဖြစ်ပြီး ထွက်ပေါ်လာသောအချိန်၌ နေရောင်ခြည်ကိုပင် တိုက်ရိုက်ပိတ်ဆို့သွားစေသည်။
မြေပြင်ပေါ်ရှိ သွေးများကမူ ဤအလင်းရောင် ကျရောက်ပြီးနောက် အလင်းစက်လေးများ အဖြစ် ပြောင်းလဲသွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားကြ၏။
ထိုအလင်းရောင်သည် အသက်ရှင်ကျန်ရစ်နေသေးသော လူများအားလုံးကို နှုတ်ဆက်လိုက်သည့်အလား မြင့်မြတ်၍ ဆန်းကြယ်ကာ မှော်စွမ်းအားတစ်ရပ်ကို သယ်ဆောင်ထားပုံရသည်။
"ဒါက..."
ဟန်ကျစ်၏လည်ချောင်းထဲတွင် တစ်စုံတစ်ခု ဆို့တက်လာသည်။ ဒဏ္ဍာရီထဲတွင်သာ ရှိသော အရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏လောကအမြင်တစ်ခုလုံး လုံးလုံးလျားလျား ပြိုလဲသွားခဲ့လေပြီ။
"အိုး ဘုရားရေ... ငါ ဘယ်လို တည်ရှိမှုမျိုးကိုများ သွားပြီးရန်စမိတာလဲ..."
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီး၏မျက်နှာ ဖြူဖျော့နေပြီး သူမ၏နှုတ်ခမ်းများ ခရမ်းရောင် သန်းလာသည်။ အလင်းတန်းသည် သူမအပေါ်သို့ ကျရောက်လာသောအခါ သူမ ထိတ်လန့်သွားပေ၏။ သူမသည် ခြေထောက်များကို မရပ်မနား ကန်ကျောက်ရင်း မြေပြင်ပေါ်သို့ လဲကျသွားကာ ဤကျိန်စာသင့်သော နေရာမှ အဝေးဆုံးသို့ ရောက်သွားချင်နေမိသည်။
"ဒီကမ္ဘာမှာ တကယ်ပဲ နတ်ဘုရားတွေ ရှိနေလောက်တယ်..."
အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးသည် သူ၏လက်သီးကို ဆုပ်ထားလိုက်သည်။ ကြောက်ရွံ့ခြင်းမှလွဲ၍ သူ၏ မျက်လုံးများတွင် အားကျခြင်းနှင့် တောင့်တခြင်းတို့ကို ဖော်ပြနေပေ၏။ ဤအချိန်အခိုက်အတန့်တွင် သူသည် ဝတ်စုံဖြူဝတ်လူငယ် ဖြစ်လာပြီး အရာအားလုံးကို သူ၏အတွေးတစ်ချက်ဖြင့် ထိန်းချုပ်ချင်မိသည်။
လူတိုင်း၏ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများအောက်တွင်...
ယဲ့ပိုင်သည် သူ၏လက်ကို ဆန့်တန်းလိုက်ရာ ရွှေရောင်အလင်းတန်းများ ထွက်နေသော သော့သည် သူ၏လက်ဝါးဆီသို့ တိတ်တဆိတ် ပျံသန်းလာတော့သည်။