← Chapters

ဖျက်ဆီးလိုက်

Vol. 13 Ch. 132

ဖျက်ဆီးလိုက်

Vol. 13 Ch. 132

မိုးကောင်းကင်ယံတွင် နေရောင်ခြည် တောက်ပနေသော်လည်း ရုတ်တရက် တိမ်မည်းများ ဖုံးလွှမ်းသွားခဲ့သည်။

ချောင်မိသားစုဗီလာခြံဝန်း၏ တံခါးဝ အပြင်ဘက်တွင် စိုက်ပျိုးထားသော အမြဲစိမ်းသစ်ပင်များမှ သစ်ရွက်များသည် လေအေးများ တိုက်ခတ်မှုကြောင့် တရှဲရှဲမြည်ကာ ကြွေကျနေပေ၏။

ချောင်မြောင်ရွှန်းက ယဲ့ပိုင်ကို တွေဝေမိန်းမောစွာ ကြည့်လိုက်သည်။

ရွှေရောင်သော့က ယဲ့ပိုင်၏ ဖြူဖွေးသော လက်ပေါ်သို့ ကျရောက်သွားသည်ကို မြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသားထဲတွင် ထင်ယောင်ထင်မှား ဖြစ်မှုတစ်ခု ပေါက်ဖွားလာခဲ့သည်။

ဤလူငယ်၏ရှေ့တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေပေ၏။ တစ်ချိန်က ဤလူငယ်သည် ပုရွက်ဆိတ်တစ်ကောင်ကို လွယ်ကူစွာ ကယ်တင်ခဲ့ဖူးသည်။

သို့သော် နှစ်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ ထိုပုရွက်ဆိတ်သည် အနည်းငယ် ကြီးထွားလာပြီး ယခုအချိန်၌ ထိုလူငယ်ကို တစ်စုံတစ်ခု လုပ်ရန် ကြိုးစားမိခဲ့သလော...

မည်မျှထိ ရိုးအလိုက်သနည်း...

"အရှင်... ကျွန်တော် ကတိတည်ခဲ့ပါပြီ... အရှင် အရင်က ညွှန်ကြားခဲ့သမျှ အရာအားလုံးကို ကျွန်တော် လုပ်ခဲ့ပြီးပါပြီ... ဒီနှစ်တွေတလျှောက်လုံး ကျွန်တော် ဘယ်တုန်းကမှ မမေ့ရဲခဲ့ပါဘူး... ကျွန်တော် ခဏတာ စိတ်ရှုပ်ထွေးသွားရုံပါ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့..."

ဘုန်း...

ချောင်မြောင်ရွှန်းသည် အိုမင်းရင့်ရော်သော မျက်နှာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူ၏ ယခင် ရူးသွပ်မှုများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး သူ၏အသံတွင် နောင်တတရားများဖြင့် ပြည့်နှက်နေပေ၏။

နံဘေးပတ်ဝန်းကျင်မှ လူများသည်လည်း လုံးလုံးလျားလျား ကြက်သေသေသွားကြတော့သည်။

"လူတစ်ယောက်တည်းက မိသားစုတစ်စုလုံးကို ဖျက်ဆီးလိုက်တာပဲ..."

ထိုအသံပိုင်ရှင်သည် သူ၏မှတ်ဉာဏ်ထဲတွင် မည်သူကမျှ မပြစ်မှားရဲခဲ့သော တည်ရှိမှုတစ်ခု ဖြစ်သည့် ချောင်မိသားစုကို တွေးမိလိုက်သည်။ သို့သော် ယနေ့တွင်မူ သံသယ ဖြစ်စရာမလိုဘဲ ချောင်မိသားစုသည် အဆုံးသတ်သွားပေတော့မည်။ သူ၏ရှေ့ရှိ လူငယ်သည် လက်နှင့် ခြေထောက်ကို ညင်သာစွာ မြှောက်လိုက်ရုံဖြင့် အချိန်တိုအတွင်းတွင် ချောင်မိသားစု ပျက်စီးသွားခဲ့သည်။

"ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးကို ဘာလို့ ဒီလောကကြီးထဲမှာ ဘယ်သူမှ မပြောဖူးကြတာလဲ..."

ဗဟုသုတ ကြွယ်ဝသူ တစ်ဦးက မျက်မှောင်ကြုတ်နေသည်။ သူ၏စိတ်ထဲတွင် အသည်းအသန် စဉ်းစားနေရင်း တီးတိုးရေရွတ်ခြင်းမပြုဘဲ မနေနိုင်တော့ချေ။

နံဘေးရှိ သူ၏အဖော်ဖြစ်သူက ဝင်ရောက်ပြောဆိုသည်။

"ဒါက ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ထားလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်... Q မြို့က ကျောက်မိသားစုနဲ့ ရှေးဟောင်းမြို့က ဝူမိသားစု... ဒီမိသားစုကြီးနှစ်ခုက အချိန်တိုအတွင်း ပျောက်ကွယ်သွားခဲ့တယ်... အဲ့ဒီကိစ္စတွေကရော ဒီလူနဲ့ သက်ဆိုင်တယ်လို့ မင်း ထင်လား..."

အမ်...

ထိုစကားကို ပြောဆိုလိုက်ပြီးနောက် အခင်းဖြစ်ပွားရာနေရာရှိ အငွေ့အသက်များ တဖန်ပြန်၍ အေးစက်သွားတော့သည်။

ကျောက်မိသားစုနှင့်ဝူမိသားစု၏ အကြောင်းအရာများသည် တရုတ်ပြည်တဝှမ်းလုံးတွင် တိတ်တဆိတ် ပျံ့နှံ့နေခဲ့ခြင်း ဖြစ်ပေ၏။

လူအများကြားတွင် အယူအဆအမျိုးမျိုး ကွဲပြားနေခြင်းသာ ဖြစ်သည်။

တချို့လူများက ထိုမိသားစုကြီးနှစ်ခုသည် ယာယီပုန်းအောင်းနေခြင်းဟု ပြောကြသည်။

တချို့ကမူ ကောလာဟလ သက်သက်သာ ဖြစ်သည်ဟု ဆိုကြ၏။

ထိုမိသားစုကြီးနှစ်ခုသည် အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်ကို ရန်စမိပြီး ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟုလည်း ပြောဆိုကြသည်။

နှမြောစရာကောင်းသည်မှာ လူအများစုက တတိယအယူအဆကို မယုံကြည်ကြခြင်းပင်။

ယခု လူအများကြား၌ ထပ်မံ၍ ပြောဆိုလာကြသည့်အချိန်တွင်မူ သက်ရောက်မှုမှာ ကွဲပြားခြားနားသွားလေပြီ။

"ကျောက်မိသားစု... ဝူမိသားစု..."

ထိုအသံသည် ချောင်မြောင်ရွှန်း၏နားထဲသို့ ရောက်ရှိလာချိန်၌ သူ၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားပြီး စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို တွေးမိလိုက်ပြီး သူ၏မျက်နှာသည် ပို၍ပင် ဖြူဖျော့သွားပေ၏။

ချောင်မြောင်ရွှန်းအပြင် ချောင်မိသားစု၏မျိုးဆက်များသည်လည်း ထိတ်လန့်သွားကြသည်။

"ငါ အရင်က မိသားစုခေါင်းဆောင်နဲ့အတူ အဲ့ဒီမိသားစုနှစ်စုကို ရောက်ဖူးသလိုပဲ... အဲ့ဒီမိသားစုနှစ်စုလုံးက တရုတ်ပြည်ရဲ့ ထိပ်တန်းတည်ရှိမှုတွေပဲ... အရင်တုန်းက အဲ့ဒီမိသားစုကြီးနှစ်စု ပျောက်ကွယ်သွားပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တခြားလူတွေက လွှဲပြောင်းယူလိုက်တယ်ဆိုတဲ့ သတင်းတွေ တကယ်ကြီး ထွက်လာခဲ့ဖူးတယ်... တစ်ချိန်တည်းမှာပဲ အဲ့ဒီမိသားစုနှစ်စုက မိသားစုဝင်တိုင်းလည်း သေဆုံးသွားခဲ့ကြတယ်..."

"ကျောက်မိသားစုဆိုတာက တကယ့်ထိပ်သီးမိသားစုကြီးပဲ... ခွန်းလွန်တောင်က ရှေးဟောင်းအင်မော်တယ်အိုကြီးနဲ့တောင် ပတ်သက်နေတာ... သူတို့နဲ့ ယှဉ်လိုက်ရင် ငါတို့ ချောင်မိသားစုက ထည့်ပြောဖို့တောင် မတန်ဘူး... သူတို့ကသာ ဆန္ဒရှိရင် ငါတို့ ချောင်မိသားစုကို ပျောက်ကွယ်သွားအောင် ကန်ထုတ်ပစ်လိုက်လို့ ရတယ်..."

"ကောလာဟလတွေက အမှန်ဖြစ်ပုံရတယ်... အဲ့ဒီမိသားစုကြီးနှစ်စုရဲ့ကိစ္စနဲ့ ဒီအဖြူရောင်ဝတ်စုံဝတ်ကောင်လေးက ခွဲခြားလို့ မရဘူးပဲ..."

လူအများကြာမှ ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သော အသံအမျိုးမျိုး ထွက်ပေါ်လာကြသည်။

ဤအချိန်မှာပင် ယဲ့ပိုင်က သူ၏လက်ကို ဆန့်တန်းလိုက်ပြီး ရွှေရောင်သော့ကို သူ၏လက်ထဲတွင် ပျံဝဲနေစေသည်။

"ချောင်စန်း..."

အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်က သူ၏ရှေ့တွင် ဒူးထောက်နေသော ချောင်မြောင်ရွှန်းကိုကြည့်ကာ ခေါ်လိုက်သည်။

ထိုစကားလုံးနှစ်လုံးသည် ထူးဆန်းသော မှော်စွမ်းအားတစ်ရပ် ပါရှိနေသည့်အလား အချိန်ကာလကို လွန်ခဲ့သောနှစ်ပေါင်းရှစ်ဆယ်ဆီသို့ ချက်ချင်းဆိုသလိုပင် ပြန်လည်ခေါ်ဆောင်သွားတော့သည်။

ထိုနေ့က ချောင်မြောင်ရွှန်း၏ခန္ဓာကိုယ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပေ၏။

ထိုနေ့က သူသည် မြေပြင်ပေါ်တွင် ခွေခွေလေး လဲကျနေပြီး သူ၏အသက် ရှင်သန်ရန်အတွက် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် ဆန္ဒရှိခဲ့သည်။

မှတ်ဉာဏ်များက ဝေးကွာနေလေပြီ။ ဤစကားလုံး နှစ်လုံးတည်းနှင့်ပင် ချောင်မြောင်ရွှန်းသည် မငိုဘဲ မနေနိုင်တော့ချေ။ သူ ဝတ်ဆင်ထားသော ထန်ဝတ်စုံသည် ချွေးများဖြင့် စိုရွှဲနေပေ၏။

"အရှင်... ကျွန်တော် မှားသွားပါပြီ..."

ဘုန်း... ဘုန်း...

သူ၏လက်ထဲမှ ပစ္စတိုသေနတ် အသေးစားလေး မြေပြင်ပေါ်သို့ ကျသွားပြီး ချောင်မြောင်ရွှန်းက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ ထို့နောက် သူ၏နဖူးကို မြေပြင်နှင့်ဆောင့်ပြီး ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။

"ပြီးသွားပြီ..."

"ချောင်မိသားစုတော့ လုံးဝ သွားပြီ..."

"ဒီနေ့ပြီးရင် ချောင်မိသားစုဆိုတာ ရှိတော့မှာ မဟုတ်ဘူး..."

ချောင်မိသားစုမှ အဘိုးအိုသည် လူငယ်တစ်ယောက်၏ရှေ့ရှိ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ဦးခေါင်းကို မြေကြီးနှင့် ဆောင့်နေသည်။ ဤမြင်ကွင်းသည် အသက်ရှင် ကျန်ရစ်သော လုံခြုံရေးဝန်ထမ်းများအားလုံးကို ရပ်တန့်သွားစေပေ၏။ ချောင်မိသားစု၏ တိုက်ရိုက်မျိုးဆက်များနှင့်ဧည့်သည်များကမူ အသက်ရှူ ရပ်တန့်သွားသကဲ့သို့ ဖြစ်နေကြသည်။

မကြာမီမှာပင် ချောင်မိသားစုဝင်များ အသိဝင်လာကြတော့သည်။

"ဒါက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး... ဒါတွေအားလုံးက ဒီအဘိုးကြီးကိုယ်တိုင် လုပ်ခဲ့တာပါ..."

"ကျွန်တော်တို့ ဘာမှ မသိပါဘူး..."

"ကျွန်တော် မသေချင်သေးဘူး... အရှင် ဘာကိုပဲလိုချင်ချင် ကျွန်တော်တို့ ချောင်မိသားစုက ပေးနိုင်ပါတယ်... ပြီးတော့ ဒီအဘိုးကြီးရဲ့ အသက်ကိုပါ ပေးပါ့မယ်..."

တစ်ချိန်က ချောင်မြောင်ရွှန်းကို အစွန်းကုန် လေးစားခဲ့ကြသော ချောင်မိသားစု၏မျိုးဆက်များသည် တစ်ယောက်ပြီးတစ်ယောက် စိတ်ဖောက်ပြန်နေသော အသံများဖြင့် ပြောဆိုလာကြပြီး မည်သည့်သံယောဇဉ်မျှ မရှိကြတော့ချေ။

ချောင်မြောင်ရွှန်း၏နားထဲတွင် ကြားလိုက်ရချိန်၌ ထိုစကားများသည် တူတစ်ချောင်းအလား သူ၏နှလုံးသားကို ရိုက်ခတ်သွားတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

သူ၏နဖူးသည် မြေပြင်ကို အဆက်မပြတ် ရိုက်ခတ်နေဆဲပင်။

သူ၏နှလုံးသား နက်ရှိုင်းသော နေရာတွင် ဝမ်းနည်းမှုအပြင် အကန့်အသတ်မဲ့သော မလိုလားမှုနှင့်ဒေါသများလည်း ရှိနေသည်။

"အရှင်... ကျွန်တော့်ရဲ့ဘဝမှာ နောင်တတစ်ခုပဲ ရှိပါတယ်..."

ချောင်မြောင်ရွှန်း၏နဖူးတပြင်လုံး သွေးများဖြင့် စွန်းထင်းနေပြီးမှ သူ ခေါင်းမော့လာသည်။ သူ၏မျက်လုံးများသည် ရူးသွပ်မှုမှ ဗလာသက်သက် ဖြစ်သွားပြီး သူ၏ရှေ့မှ ယဲ့ပိုင်ကို ကြည့်လိုက်၏။

ယဲ့ပိုင်သည် မည်သည့်စကားမျှ မပြောချေ။

ရွှေရောင်သော့မှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။

ဤသည်မှာ သူ၏အဖြူရောင်ဝတ်ရုံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့်အလားပင်။

သူ နေရာတွင် မတ်တတ်ရပ်နေချိန်၌ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။

သူသည် နက်နဲသိမ်မွေ့ပြီး မြင့်မြတ်ကာ ထိပါး၍ မရနိုင်ချေ။

"ကျွန်တော် ဒီဘဝမှာ အရမ်းအသုံးမကျခဲ့ဘူး... ကျွန်တော့်ရဲ့ငယ်ဘဝကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း ကုန်ဆုံးခဲ့တယ်... ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို ဖန်တီးခဲ့တယ်... အင်အားစုတစ်ခုကို ထိန်းချုပ်ခဲ့ပြီးတော့ နောင်လာနောက်သားတွေ အတွက် မကုန်ခမ်းနိုင်တဲ့ အရင်းအနှီးတွေကို ချန်ထားခဲ့တယ်... ဒါပေမဲ့ ဘေးဒုက္ခ ရောက်လာတဲ့အချိန်မှာ အဲ့ဒီလူတွေက ကျွန်တော့်ကို စွန့်ပစ်ဖို့ တွန့်ဆုတ်မနေကြဘူး..."

ချောင်မြောင်ရွှန်း၏အသံ ဆက်လက်၍ ထွက်ပေါ်လာသည်။ သေခြင်းတရား ရောက်လာတော့မည့်အချိန်တွင် သူ၏စိတ်ခံစားချက်များ အလွန်အမင်း ပြောင်းလဲသွားခဲ့လေပြီ

"ပိုက်ဆံ... စည်းစိမ်... အာဏာ... သံယောဇဉ်... နှစ်ကာလ... ထာဝရအသက်... ဒါတွေအားလုံးက အသုံးမဝင်ပါဘူး... တကယ်လို့ ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးတစ်ကြိမ်သာ ပေးမယ်ဆိုရင် ကျွန်တော် ချောင်မြောင်ရွှန်းက ငြင်းပယ်ပါလိမ့်မယ်... ကျွန်တော် ငယ်ရွယ်စဉ်တုန်းက ရှိခဲ့တာတွေအားလုံးကိုပဲ ချစ်မြတ်နိုးချင်တယ်..."

သူ၏မျက်လုံးများ ဖြူဖျော့နေပြီး သူ၏အသံက ပို၍အားနည်းလာသည်။

သူ၏နောက်ဘက်ရှိ မျိုးဆက်များသည် သူ၏ စကားများကြောင့် မည်သည့် ခံစားချက်မျှ မရှိကြပေ။ သူတို့အားလုံးသည် သူ့ကို ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် စူးစိုက်၍ ကြည့်နေကြဆဲပင်။

ချောင်မြောင်ရွှန်း သေဆုံးသွားမှသာ ဤကိစ္စ ပြီးဆုံးသွားနိုင်မည်ဟု သူတို့ ခံစားနေကြရသည်။

ယဲ့ပိုင်သည် တိတ်ဆိတ်စွာ နားထောင်နေပေ၏။

ချောင်မြောင်ရွှန်း၏အသံ တိမ်ဝင်သွားချိန်၌ လေပေါ်တွင် ပျံဝဲနေသော ရွှေရောင်သော့ကို မထိတွေ့ရသေးသည့် သူ၏ဆန့်တန်းထားသော လက် အနည်းငယ် လှုပ်ရှားသွားသည်။

ဝှစ်...

ထိုဖြူဖွေးသောလက်ဝါးဖြင့် သော့ကို ဆုပ်ကိုင်လိုက်သည့် အချိန်မှာပင် ချောင်မိသားစု ဗီလာခြံဝန်း၏အပြင်ဘက်ရှိ တောက်ပသော ရွှေရောင်အလင်းတန်းများ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

"ဒါဆိုရင်... ဖျက်ဆီးလိုက်တာပေါ့..."

တည်ငြိမ်သောအသံတစ်သံက လူများအားလုံး၏နားထဲတွင် ပဲ့တင်ထပ်သွားပေ၏။

ဤအသံကို ကြားပြီးနောက် လက်ရှိနေရာတွင်ရှိနေသာ လူများအားလုံးသည် ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ဖြစ်သွားကြတော့သည်။

All Chapters