တိတ်ဆိတ်ခြင်း
Vol. 13 Ch. 133
ယဲ့ပိုင်သည် အလွန်ကြာရှည်စွာ အသက်ရှင်နေထိုင်ခဲ့သည်။
သူသည် လူ့သမိုင်းကြောင်းတလျှောက် ဖြတ်သန်းခဲ့ပေ၏။
သူသည် ဒဏ္ဍာရီလာ ခေတ်ကာလများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။
သမိုင်းမတင်မီ ခေတ်ကာလများ၌လည်း သူ ရှိနေခဲ့သည်။
အဆုံးအဖြတ် ပေးနိုင်သော စစ်မြေပြင်တစ်ခု မကြုံစဖူး ဘေးအန္တရာယ်တစ်ခု ကောင်းကင်နှင့် မြေပြင်တို့ ကွဲအက်ကာ နေနှင့်လတို့ ပြောင်းပြန်လှန်သွားခဲ့သည့် အချိန်များတွင်လည်း သူ ရှိနေခဲ့သည်။
လူသားမျိုးနွယ်စုတစ်ခုချင်းစီ၏ လောကဓံအတက်အကျများကိုပင် သူ မြင်တွေ့ခဲ့ရဖူးပေ၏။
ထိုအချိန်ကာလများ အတွင်း၌...
ယဲ့ပိုင်သည် ယခင်က လူများကို သတ်ဖြတ်ခြင်းနှင့် မျိုးနွယ်စုလိုက် သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့သည်။ သို့သော် အချိန်ကာလများ ကုန်ဆုံးသွားသည်နှင့်အမျှ သူသည် လောကကြီး၏ပြောင်းလဲမှုများကို အထက်စီးမှ ငုံ့ကြည့်ခဲ့ပြီး လောကနိယာမ၏ပြောင်းလဲခြင်း သဘောတရားများကို ထွင်းဖောက်မြင်ခဲ့သည်။ ထို့နောက် သူ့တစ်ယောက်တည်း ပိုင်ဆိုင်သော မရေမတွက်နိုင်သည့် အင်အားစုများကို ဖြည်းဖြည်းချင်း မွေးမြူပျိုးထောင်ခဲ့သည်။
ဤသို့ဖြင့် လူသတ်ခြင်း အမြစ်ပြတ်သုတ်သင်ခြင်းကဲ့သို့ အသေးအမွှားကိစ္စရပ်များတွင် သူကိုယ်တိုင် ပါဝင်ပတ်သက်ရန် မလိုအပ်တော့ချေ။
"ဒါဆိုရင်... ဖျက်ဆီးလိုက်တာပေါ့..."
ချောင်မိသားစု ဗီလာခြံဝန်း၏အပြင်ဘက်၌ ထိုစကားကို ပြောဆိုပြီးနောက် ယဲ့ပိုင်သည် မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ချေ။ စက္ကန့်အနည်းငယ်ခန့် ရပ်တန့်နေပြီးနောက် သူသည် နောက်သို့လှည့်ထွက်လိုက်ပြီး ရှေးဟောင်းလမ်းကြားရှိရာဘက်သို့ ဦးတည်ကာ ကတ္တရာလမ်းမပေါ်၌ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားတော့သည်။
သို့သော် သူ၏အပြုအမူသည် နံဘေးပတ်ဝန်းကျင်ရှိ လူများ၏ မျက်လုံးထဲတွင်မူ အဓိပ္ပာယ်အမျိုးမျိုးကို သက်ရောက်သွားစေပေ၏။
"အရှင်... အရှင်က ကျွန်တော့်ကို သနားနေတာလား... ကျွန်တော် ချောင်မြောင်ရွှန်းက ဒုတိယအကြိမ် စေတနာထားတာကို မလိုချင်ဘူး..."
ချောင်မြောင်ရွှန်းသည် ခေါင်းမော့လာပြီး ရူးသွပ်မှုများ ပြည့်နှက်နေသော မျက်လုံးများကို ထုတ်ဖော်ပြသလိုက်သည်။ ယဲ့ပိုင်က သူ့ကို လွှတ်ပေးလိုက်သည်ဟု သူ ထင်မြင်သွားပေ၏။ ယခုချိန်၌ ယဲ့ပိုင်၏ကျောပြင်ကို ကြည့်လိုက်သည့်အချိန်၌ သူ၏မျက်ဝန်းအိမ်များ အေးစက်သွားသည်။ ထာဝရအသက်နိယာမနှင့် ပတ်သက်၍ ယနေ့တွင် ထိုအရာ အမှန်တကယ် ရှိကြောင်း သူ အတည်ပြုနိုင်ခဲ့လေပြီ။ အခွင့်အရေးသာ ရမည်ဆိုလျှင် သူ ထိုအရာကို လုံးဝလက်လွှတ်ခံမည် မဟုတ်ချေ။
ချောင်မြောင်ရွှန်း၏အသံ ဆိတ်သုဉ်းသွားသည်နှင့် ချောင်မိသားစုဗီလာခြံဝန်း အတွင်းရှိ တိုက်ရိုက်မျိုးဆက်များသည် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာကြ၏။
"ဟား ဟား ဟား... အဲ့ဒီကောင်က ငါတို့ကို တကယ်ကြီး သတ်ချင်နေတာလို့ ငါ ထင်လိုက်မိသေးတယ်... သူ့ရဲ့သတ္တိက ဒီလောက်ပဲ ရှိပုံရတယ်..."
ချောင်မိသားစုဝင်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ အစောပိုင်းက သူ သေရတော့မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ ယခုကဲ့သို့ သေရွာပြန် ခံစားချက်မျိုးက သူ့ကို ပို၍ပင် ရူးသွပ်သွားစေသည်။
"စုံစမ်း... ချက်ချင်း စုံစမ်းစမ်း... အဲ့ဒီလူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အားလုံးကို ငါ လိုချင်တယ်..."
လူတချို့ကမူ တည်ငြိမ်သော မျက်နှာထားရှိနေပြီး မောက်မာသောပုံစံသို့ ချက်ချင်းပြန်ပြောင်းသွားကာ တိုးညှင်းစွာ ပြောဆိုသူများလည်း ရှိနေသည်။ ယနေ့တွင် ချောင်မိသားစုသည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသဖြင့် သူတို့ တွေးတောနေကြသည်မှာ လက်စားချေရန်သာ ဖြစ်ပေ၏။ အစောပိုင်းက လူပေါင်းရာနှင့်ချီပြီး သတ်ဖြတ်ခံလိုက်ရသည့် ကြောက်မက်ဖွယ် သင်ခန်းစာကို သူတို့ လုံးလုံးလျားလျား မေ့လျော့သွားကြလေပြီ။
လူအုပ်ကြီးထဲတွင် ဟန်ကျစ်သည် တံတွေးမြိုချလိုက်ပြီး ခြေထောက်များ တုန်ယင်နေဆဲပင်။ ထို့နောက် သူသည် ပါးစပ်ကိုဖွင့်ဟ၍ ယဲ့ပိုင် ပျောက်ကွယ်သွားရာ လမ်းဘက်သို့ ကြည့်ရင်း ဒေါသတကြီး ပြောဆိုလိုက်သည်။
"အဲ့ဒီကောင်က ခြိမ်းခြောက်တဲ့ အသံနဲ့ ပြောပြီးတော့ လှည့်ထွက်သွားတယ်ပေါ့... ခုဏက ငါ တကယ်ကို သေလုနီးပါး ကြောက်သွားတာ... ငါက တကယ့်ကို ငတုံးပဲ... သူ ငါ့ကို နောက်တစ်ခါ လာမပတ်သက်မိစေနဲ့... မဟုတ်ရင် ငါ သူ့ကို ကောင်းကောင်းကြီး ပညာပေးလိုက်မယ်..."
"ဟွန့်... နောက်တစ်ခါကျရင် ဒီသခင်မနဲ့ မတွေ့မိစေနဲ့..."
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကလည်း ယဲ့ပိုင်သည် သူမကို ကြောက်၍ ထွက်ပြေးသွားသည့်အလား အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
သို့သော် ဉာဏ်ကောင်းသော လူတချို့ကမူ ယခုအချိန်တွင် အလွန်တိတ်ဆိတ်နေကြ၏။
သူတို့သည် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို စဉ်းစားရန် ကြိုးစားနေကြသည်။
"အဲ့ဒီကောင်လေးရဲ့ နောက်ဆုံးစကားက ဘာအဓိပ္ပာယ်လဲ..."
"ဘာလို့ ငါ့စိတ်ထဲမှာ စိုးရိမ်ပြီး နေလို့မကောင်း ဖြစ်နေရတာလဲ..."
"ထားလိုက်ပါတော့... အခုက အရေးမကြီးတော့ပါဘူး... ဒီတစ်ခေါက် ပြန်ရောက်တာနဲ့ အဲ့ဒီကောင်လေးရဲ့ အထောက်အထားကို သေချာစုံစမ်းရမယ်... နောက်တစ်ချိန်မှာ သူ့ကို တွေ့ရင် ငါ ရှောင်သွားတာက အကောင်းဆုံးပဲ... ဒါပေမဲ့ အခွင့်အရေး ရရင်တော့ သူ့ကို လုံးဝအသက်ရှင်ခွင့် ပေးလို့မရဘူး..."
"ဒီကိစ္စကို နိုင်ငံတော်က အထက်ပိုင်းအကြီးအကဲတွေသိအောင် လုပ်ရမယ်... သူတို့မှာပဲ အဲ့ဒီလူကို ယှဉ်ပြိုင်နိုင်တဲ့ အင်အားမျိုး ရှိလိမ့်မယ်..."
ပတ်ဝန်းကျင်တွင် စကားသံများ ဆူညံစွာ ထွက်ပေါ်နေသည်။
လူ့သဘာဝဆိုသည်က မေ့လျော့လွယ်သည်မှာ သိသာထင်ရှားသည်။
အချိန် ဘယ်လောက် ကြာသွားပြီမလို့လဲ...
လူအမြောက်အများ သေဆုံးသွားခဲ့သည့်တိုင် သူတို့သည် ကြောက်ရွံ့မှုကို ဘေးဖယ်ထားလိုက်ကြပြီး သူတို့၏စိတ်နှလုံးသားထဲတွင် ကိုယ်ပိုင် တွက်ချက်မှုများကို ပြုလုပ်နေကြသည်။
ဂျွတ်...
သို့သော် ယဲ့ပိုင်၏ကျောပြင် လုံးဝပျောက်ကွယ်သွားပြီး ထိုလူများ အလျင်အမြန် ထွက်ခွာချင်နေကြချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်သံက လူများအားလုံး၏နားထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
ချောင်မိသားစု ဗီလာခြံဝန်း၏အပြင်ဘက်တွင် စိုက်ထားသော အမြဲစိမ်းသစ်ပင်သည် လေညှင်းတစ်ချက် အောက်တွင် မည်သည့်အရိပ်အယောင်မရှိဘဲ ထက်ပိုင်းကျိုးကျသွားသည်။ ထိုသစ်ပင်၏ဖြူဖွေးသော အူတိုင်သည် လူများအားလုံး၏ရှေ့တွင် ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာတော့သည်။
ဒီအသံက...
အခင်းဖြစ်ပွားရာနေရာရှိ လူများအားလုံး ကြက်သေသေသွားကြပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်း တိတ်ဆိတ်သွားသည်။ အကြောင်းပြချက် တစ်စုံတစ်ခုကြောင့် သူတို့၏ခန္ဓာကိုယ်များ လှုပ်ရှား၍ မရနိုင်တော့ပေ။
....
ကတ္တရာလမ်းမကြီးသည် တစ်ချိန်ချိန်ကတည်းက လုံးလုံးလျားလျား ပိတ်ဆို့ခံထားရခြင်း ဖြစ်ပေ၏။
လမ်းတစ်ဖက်တစ်ချက်ရှိ ဆိုင်များနှင့်လူနေအိမ်များ၌ပင် လူများ လုံးဝမရှိတော့ဘဲ ရှင်းလင်းထားပြီးဖြစ်သည်။
လွန်ခဲ့သော တစ်နာရီခန့်က ယဲ့ပိုင် ရောက်လာစဉ်တွင် ဤနေရာသည် အလွန်စည်ကားခဲ့ကြောင်း သိထားရပေမည်။
ဤကဲ့သို့ တိတ်တဆိတ် လုပ်ဆောင်နိုင်ခြင်းကပင် သူ၏အာဏာစွမ်းအား မည်မျှထိ ကြောက်စရာကောင်းကြောင်း ဆုံးဖြတ်ရန် လုံလောက်နေသည်။
ဤအချိန်တွင် ယဲ့ပိုင်သည် လူသူကင်းမဲ့နေသော လမ်းမပေါ်၌ အေးဆေးစွာ လမ်းလျှောက်နေပြီး လက်ထဲတွင် ရွှေရောင်သော့ကို ကိုင်ဆောင်ထားကာ ထိုအရာမှတဆင့် စီးဆင်းနေသော အံ့အားသင့်ဖွယ် စွမ်းအင်များကို ခံစားနေသည်။
သို့သော် မကြာမီမှာပင် အနက်ရောင်ကားများသည် ဤလမ်းမပေါ်၌ အရှိန်ပြင်းစွာ မောင်းနှင်လာကြ၏။
ယဲ့ပိုင်သည် ထိုကားများကို မြင်တွေ့သော်လည်းသူ၏ခြေလှမ်းအရှိန်ကို လျှော့ချခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်၍ လျှောက်လှမ်းနေသည်။
သို့သော် ယဲ့ပိုင်၏ဘေးမှ ဖြတ်မောင်းသွားသော ပထမဆုံးကားပေါ်တွင် အနက်ရောင် ဝတ်စုံဝတ်ထားသည့် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦး ပါလာသည်။
"သခင်ကြီး..."
ထိုအမျိုးသားသည် ယဲ့ပိုင်ကို မြင်တွေ့ချိန်၌ သူ၏ခြေထောက်များ တုန်ရီခြင်းမရှိဘဲ မနေနိုင်တော့ချေ။ ထိုစကားသည်လည်း သူ၏ပါးစပ်မှ လွှတ်ခနဲ ထွက်ပေါ်လာခြင်း ဖြစ်ပေ၏။
သူ၏စိတ်ထဲတွင် ထိုနေ့က ကျောက်မိသားစု၏ ကြေကွဲဖွယ်မြင်ကွင်း ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
သို့သော် မကြာမီမှာပင် သူ ပုံမှန် ပြန်ဖြစ်သွားသည်။ ထို့နောက် သူသည် ယဲ့ပိုင်ထံမှ အကြည့်လွှဲလိုက်ပြီး ယာဉ်မောင်းကို လှမ်းအော်လိုက်၏။
"အရှိန်တင်လိုက်... ဒီနေ့ ချောင်မိသားစုက ဘယ်သူ့ကိုမှ အရှင်မထားနဲ့..."
"ဟုတ်ကဲ့... မစ္စတာချန်..."
ယာဉ်မောင်းက လီဗာနင်းလိုက်သည်နှင့် ကားသည် အနက်ရောင်အရိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
ရွှီ... ရွှီ...
နောက်ဘက်မှ အနက်ရောင်ကားများသည်လည်း အလွန်လျင်မြန်လှပြီး လေထုကို ပွတ်တိုက်ကာ တရွှီရွှီမြည်သံများ ထွက်ပေါ်နေသည်။
သုံးမိနစ် ကြာပြီးနောက်....
ချောင်မိသားစု ဗီလာခြံဝန်းကို မရေမတွက်နိုင်သော အနက်ရောင်ကားများက ဝိုင်းရံထားလိုက်ကြသည်။
ထို့နောက် အမျိုးသားတစ်ဦး ကားပေါ်မှဆင်းလာကာ သူ၏မျက်လုံးအကြည့်သည် အေးစက်နေပေ၏။
"ရှင်တို့က ဘယ်သူတွေလဲ... ဒါက ဘယ်နေရာလဲဆိုတာ သိရဲ့လား..."
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် လူအုပ်ကြီး၏အပြင်ဘက်တွင် ရပ်နေသည်။ ထိုလူများကို မြင်တွေ့ချိန်၌ သူမ ထိတ်လန့်တုန်လှုပ်သွားသည်။ သူမ၏သတ္တိများ မည်သည့်နေရာက ရောက်လာမှန်း မသိဘဲ ခါးထောက်ကာ စူးရှသောအသံဖြင့် မေးမြန်းလိုက်သည်။
ဖောက်...
သူမ၏အသံ ဆုံးသွားသည်နှင့် တပြိုင်နက် ဖောက်ခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။
သူမ၏လည်ပင်းမှ ပူနွေးမှုနှင့်အေးစက်မှုတို့ကို သူမ တပြိုင်နက်တည်း ခံစားမိပေ၏။
ပူနွေးသော သွေးစီးကြောင်းတစ်ခုသည် သူမ၏လည်ပင်းမှ ပန်းထွက်လာပြီး မြေပြင်အနှံ့အပြား၌ စွန်းထင်းသွားသည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သူမ၏လည်ပင်းကို လက်ဖြင့် အုပ်လိုက်သည်။ ထို့နောက် သူမသည် မျက်ဖြူလန်သွားပြီး သူမ၏ခန္ဓာကိုယ် အားပျော့သွားတော့သည်။ သူမ အနေဖြင့် ဤကဲ့သို့ ရလဒ်မျိုးဖြင့် သေဆုံးရလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။ ဤအချိန်တွင် သူမ၏နှလုံးသားထဲ၌ နောက်ဆုံးတွင် နောင်တတရားများ ရောက်ရှိလာခဲ့လေပြီ။
"ခင်... ခင်ဗျားတို့..."
ဟန်ကျစ်၏ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် ဤနှစ်ရက်အတွင်း၌ သူ၏တသက်တာလုံး ကြုံတွေ့ခဲ့ရသည်ထက် ပိုများသော အဖြစ်အပျက်များကို မြင်တွေ့ခဲ့ရသည်။
ဤလူအုပ်စုကို မြင်လိုက်ရပြီးနောက် သူသည် မကောင်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။
ဟူး...
သို့သော် သူ စကားမဆုံးခင်မှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ လုံးလုံးလျားလျား ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဝှစ်... ဝှစ်... ဝှစ်...
ချောင်မိသားစု ဗီလာခြံဝန်း၏တံခါးဝတွင် တိတ်တဆိတ် သတ်ဖြတ်မှုများ ဆက်လက်၍ ဖြစ်ပွားနေသည်။
ချန်ရှောင် ခေါ်ဆောင်လာသော လူတစ်ယောက်ချင်းစီသည် အလွန်အစွမ်းထက်ကြ၏။
ချောင်မိသားစုက ဆယ်စုနှစ်များစွာ လေ့ကျင့်ပေးထားသော လုံခြုံရေး ဝန်ထမ်းများသည် ဤလူအုပ်စုနှင့် ယှဉ်လိုက်ပါက ပုရွက်ဆိတ်များထက် မပိုချေ။
ဆယ်မိနစ်အောက် အချိန်တိုအတွင်းမှာပင် ဤနေရာ၌ သွေးညှီနံ့များဖြင့် တဖန်ပြန်၍ ဖုံးလွှမ်းသွားသည်။
ချောင်မြောင်ရွှန်း သေဆုံးသွားသည်။ သူ မည်သည်ကြောင့် သေဆုံးရသည်ကို သူ နားမလည်ခဲ့ပေ။ သူသည် ထာဝရအသက်ကို လိုချင်ခဲ့ရုံမျှသာ ဖြစ်ပေ၏။
ချောင်မိသားစုဝင်များအားလုံးလည်း သေဆုံးသွားကြသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းအလိုက သူတို့သည် ယဲ့ပိုင်ကို မည်သို့ လက်စားချေရမည်နည်းဟု ဆွေးနွေးနေကြသော်လည်း မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့အားလုံး ဤနေရာ၌ အသက်ဆုံးရှုံးသွားရသည်။
ယဲ့ပိုင်ကို မလေးမစား လုပ်ခဲ့သူများလည်း အသတ်ခံလိုက်ရသည်။
တိတ်တဆိတ် သတ်ဖြတ်မှုများသည် ဤမြို့ထဲတွင် တစတစ ပျံ့နှံ့သွားတော့သည်။