ထိပ်တိုက်တွေ့ဆုံခြင်း
Vol. 13 Ch. 134
အီဂျစ်ပြည်....လျှို့ဝှက်ဆန်းကြယ်သော အိမ်တော်ကြီးအတွင်း၌....
ဝတ်ရုံဖြူဝတ်ဆင်ထားသော အဘိုးအိုနှစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကြ၏။
တစ်ဦးမှာ ခူးဖူ ဖြစ်ပြီး တခြားတစ်ဦးမှာ လက်ရှိ ဖာရိုဘုရင်ပင်။
"ဘိုးဘေး... ခုဏကပဲ တရုတ်ပြည်ကနေ သတင်းရပါတယ်... ချောင်မိသားစုက လုံခြုံရေး အင်အားကို ဆယ်စုနှစ်တွေ အများကြီးကြာအောင် စုဆောင်းထားပေမယ့် သိပ်ကိုအားနည်းလွန်းတယ်... ဘာမှသံသယ ဖြစ်စရာမလိုဘဲနဲ့ မိသားစုတစ်စုလုံး ဖျက်ဆီးခံလိုက်ရတယ်..." လက်ရှိဖာရိုဘုရင်သည် ငွေဖြူတောင်ဝှေးကို ကိုင်ဆောင်ထားပြီး ကြောက်ရွံ့မှုအနည်းငယ်ဖြင့် ပြောဆိုလိုက်သည်။
"ငါ သိတယ်..."
သူ၏နံဘေးတွင် ခူးဖူက တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။
"ဘိုးဘေး... တရုတ်ပြည်အပြင် ကျွန်တော်တို့ ဖြန့်ကျက်ထားတဲ့ အင်အားစုတွေကလည်း ကမ္ဘာအနှံ့အပြားမှာ ဟန့်တားခံနေရတယ်... စစ်မြေပြင်ထိတောင် တိတ်တဆိတ် ပျံ့နှံ့နေတယ်... နိုင်ငံတော်တော်များများရဲ့အင်အားစုတွေလည်း ပါဝင်ပတ်သက်နေကြပြီ... အနိုင်ရဖို့ အခွင့်အလမ်းက..."
ဖာရိုဘုရင်၏အသံ ဆက်လက်၍ ထွက်ပေါ်နေသော်လည်း အဆုံးတွင် ရပ်တန့်သွားသည်။
ခူးဖူက ချက်ချင်း ကြားဖြတ်ပြောဆိုလိုက်သည်။
"အဲ့ဒီ အင်အားစုတွေက သားကောင်တွေပဲ... ဒီနေရာက ပိရမစ်ကသာ အရာအားလုံးပဲ... နှစ်ပေါင်းများစွာကြာအောင် ငါက အရာအားလုံးကို အဲ့ဒီထဲမှာ ဝှက်ထားခဲ့တာ... သခင်ကြီး လာယူမယ့်နေ့ကိုပဲ စောင့်နေတာ..."
ဖာရိုဘုရင်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"သူ တကယ် လာမှာလား..."
ခူးဖူက ခေါင်းညိတ်လိုက်သည်။
"သူ လာလိမ့်မယ်... အကန့်အသတ်မဲ့တဲ့ နှစ်ကာလတွေတလျှောက် သူ့ကို ဒုက္ခပေးနေတဲ့ ပဟေဠိက အဲ့ဒီထဲမှာ ရှိနေတယ်.."
"ကျွန်တော်တို့က သူ့ကို အဲ့ဒီနည်းလမ်းနဲ့ပဲ ဆွဲဆောင်လို့ ရနိုင်တာလား... ဒါပေမဲ့ တကယ်လို့ ကျွန်တော်တို့ ကျရှုံးသွားရင် ကျွန်တော်တို့ရဲ့ ကံကြမ္မာက..."
ခူးဖူက သက်ပြင်းချလိုက်သည်။
"ငါတို့မှာ ရွေးချယ်စရာ မရှိဘူး... အခွင့်အရေး မရှိဘူး... ငါတို့ ဒီလမ်းတစ်ခုတည်းကိုပဲ ဆက်သွားရမယ်... ရှင်မလား သေမလား ဆိုတာပဲ ရှိတယ်..."
ဖာရိုဘုရင်က တစ်စုံတစ်ခုကို တွေးမိလိုက်သည်။
"ဘိုးဘေး... ကျွန်တော်တို့မှာ တခြား အခွင့်အရေး တစ်ခု ရှိတယ်လို့ ကျွန်တော် ထင်တယ်... ဒီအချိန်တွေမှာ ကမ္ဘာအနှံ့အပြားက မြေအောက်အင်အားစုတွေတောင် လှုပ်ရှားနေကြတယ်... သန့်ရှင်းသောကျောင်းတော်ကလည်း ငြိမ်းချမ်းမနေဘူးလို့ ကျွန်တော် အာရုံခံမိနေတယ်... သူတို့က အဲ့ဒီလူနဲ့ တသားတည်း မဟုတ်ကြဘူး..."
ခူးဖူက ဖာရိုဘုရင်၏ဆိုလိုရင်းကို နားလည်သဖြင့် ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး... အရင်ချမှတ်ထားတဲ့ အစီအစဉ်အတိုင်းပဲ ဆက်လုပ်... သန့်ရှင်းသော ကျောင်းတော်နဲ့ငါတို့ကလည်း လမ်းကြောင်းတူတာ မဟုတ်ဘူး..."
သူတို့နှစ်ဦး၏အသံများသည် အစမှအဆုံးထိ အလွန်တည်ကြည်လေးနက်နေကြ၏။ သူတို့ စကားပြောနေစဉ်တွင် အိမ်တော်ကြီးအတွင်း၌ လေပြင်းများ တိုက်ခတ်နေသည်။
......
လန်ရိုဗာကား အမြောက်အများ လမ်းကြားလေး၏အဝင်ဝတွင် ရပ်တန့်နေကြသည်။
ထိုနေရာတွင် စုဝေးနေကြသော မြို့သူမြို့သား အမြောက်အများ ရှိနေဆဲဖြစ်ပြီး ဓာတ်ပုံရိုက်သူရိုက် စကားပြောသူပြော လုပ်နေကြ၏။
ယဲ့ပိုင် ထိုနေရာသို့ ရောက်ရှိလာချိန်၌ အကြည့်တချို့ကို ဆွဲဆောင်နိုင်ခဲ့သည်။
"အဲ့ဒီလူငယ်က ဝတ်ထားတာ ထူးဆန်းလိုက်တာ..."
"ငါ သိပြီ... တစ်ချို့လူတွေ ရုပ်ရှင်လာရိုက်ကြတာ ဖြစ်လောက်တယ်..."
"ထားလိုက်ပါ... သူ့ကို ဂရုမစိုက်နဲ့... သူ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ... ဒီလောက်မိုက်တဲ့ ကားတွေနဲ့ ယှဉ်လို့ရမလား... ဒီလောက်များတဲ့ ဇိမ်ခံကားတွေကို ဓာတ်ပုံရိုက်ပြီး သူငယ်ချင်းတွေကို ပြရတာ ဘယ်လောက် ကောင်းလဲ..."
လူအများထံမှ ဆွေးနွေးသံများစွာ ထွက်ပေါ်နေသည်။ သို့သော် ယဲ့ပိုင် လမ်းကြားလေးထဲသို့ လျှောက်လှမ်းဝင်သွားသည်ကို မြင်သောအခါ ထိုလူများသည် ကားများဘက်သို အလျင်အမြန် ပြန်လှည့်ကြည့်လိုက်ကြ၏။
"ဒီကားတွေအားလုံးက ချောင်မိသားစုက ပိုင်တာပဲ ဖြစ်ရမယ်..."
"ချောင်မိသားစုက တကယ်ကြီးချမ်းသာတာပဲ... သူတို့ရဲ့မိသားစုခေါင်းဆောင်က အသက်ရှင်နေသေးတယ်... ဒီနှစ်ဆို အသက်တစ်ရာပြည့်ပြီလို့ ငါ ကြားတယ်..."
"သူက တော်လှန်ရေးစစ်ပွဲ ခေတ်ကတည်းက ရှိနေတာ မဟုတ်လား..."
"ဒါပေါ့... အဲ့ဒါတင် မကဘူး... ချောင်မိသားစုခေါင်းဆောင်ကိုယ်တိုင် အဲ့ဒီစစ်ပွဲမှာ ပါဝင်ခဲ့ဖူးတယ်..."
ဤကားများ၏ဇစ်မြစ်ကို ဆွေးနွေးနေကြချိန်တွင် ထိုလူများသည် ချောင်မိသားစုအပေါ် လေးစားအားကျမှုများ ရှိနေကြသည်။
လက်တွေ့တွင်မူ သူတို့ အနန္တတန်ခိုးရှင်ဟု တင်စားနေသော ချောင်မိသားစုသည် ဤအချိန်၌ အလွန်ကြေကွဲဖွယ် ကောင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံနေရသည်အား သူတို့ မသိရှိကြပေ။
အချိန်ကြာလာသည်နှင့်အမျှ ကားများ၏နံဘေးမှ ကြည့်ရှုနေသူများသည် တစ်သုတ်ပြီး တစ်သုတ် ပြောင်းလဲသွားကြ၏။
လွန်ခဲ့သော အချိန်တခဏက အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ထိုကားများကို ဖြတ်ကျော်ပြီး လမ်းကြားထဲသို့ ဝင်ရောက်သွားသည်အား မည်သူမျှ မသိကြတော့ချေ။
ထိုမြို့သူမြို့သားများသည် အဆုံးအစမရှိ ရှည်လျားသော အချိန်မြစ်ထဲမှ ဖုန်မှုန့်များအလားပင်။
လမ်းကြားလေးထဲရှိ ကျောက်တုံးပြာလမ်းမပေါ်၌....
နေရောင်ခြည် အောက်တွင် ခြံဝန်းများ အတွင်းမှ မက်မွန်ပွင့်များသည် ရံဖန်ရံခါ ကြေလွင့်လာပြီး နူးညံ့သောရနံ့များကို ထုတ်လွှတ်နေသည်။
ဤနှစ်ရက်အတွင်း လူအများအပြား ဝင်ထွက်သွားလာနေကြသောကြောင့် မူလက ဘေးတစ်ဖက်တစ်ချက်တွင် ဖုံးလွှမ်းနေသော ပေါင်းပင်များသည် ကျဲပါးသွားခဲ့လေပြီ။
သို့သော် အလယ်ရှိ ဖြောင့်တန်းသော လမ်းမကမူ အချိန်ကာလ၏အဆုံးသတ်သို့ ဦးတည်နေသည့်အလား အလွန်ရှင်းလင်းနေဆဲပင်။
ကျွီ...
ယဲ့ပိုင်သည် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး ဤနှစ်ကာလများ၏ လမ်းမပေါ်တွင် မည်သည့် အသံမျှ မထွက်ဘဲ နင်းလျှောက်နေသည်။
သို့သော် လမ်းကြားလေးနှင့် ဝေးကွာသော နေရာမှ တကျွီကျွီ မြည်သံများကို ရံဖန်ရံခါ ကြားနေရပေ၏။
"အချိန်တွေ ကုန်ဆုံးသွားပေမယ့်... တချို့အရာတွေက လွယ်လွယ်နဲ့ ပြောင်းလဲမှာ မဟုတ်ဘူး..." ယဲ့ပိုင်က ထိုတကျွီကျွီ မြည်သံများကြားတွင် တိုးညှင်းစွာ ပြောဆိုလိုက်သည်။
သူ သတိမထားမိခင်မှာပင် ရှေးဟောင်းရေတွင်း ဆီသို့ ရောက်ရှိလာခဲ့သည်။
ရှေးဟောင်းရေတွင်း၏မြေပြင်ပေါ်ရှိ ကျောက်တုံးအကျိုးအပဲ့များပေါ်တွင် ရေညှိများ ဖုံးလွှမ်းနေသည်။
အဘွားအိုတစ်ဦးသည် ရှေးဟောင်းရေတွင်းထဲမှ သစ်သားရေပုံးကို အားစိုက်၍ ဆွဲတင်နေပေ၏။ ကြိုးသည် ရှေးဟောင်းရေတွင်း၏ နှုတ်ခမ်းဝနှင့် ပွတ်တိုက်မိပြီး တကျွီကျွီမြည်နေခြင်းဖြစ်သည်။
ယဲ့ပိုင်သည် အနီးအနားတွင် မတ်တတ်ရပ်ပြီး သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။
အချိန်အတော်ကြာမှ အဘွားအိုသည် နံဘေးသို့ လှည့်ကြည့်လာပေ၏။ ယဲ့ပိုင်ကို မြင်တွေ့ပြီးနောက် သူမသည် အချိန်တခဏကြာခန့် ရပ်တန့်သွားပြီးနောက် တိုးညှင်းစွာ ပြောဆိုသည်။
"လူလေး... ကိစ္စ ပြီးပြီလား..."
ယဲ့ပိုင်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ဟုတ်ကဲ့... ပြီးပါပြီ..."
"ဒါဆိုရင် ဘာလို့ ပြန်လာတာလဲ..."
အဘွားအို အနည်းငယ် နားမလည် ဖြစ်သွားသည်။ သူမ စကားပြောနေစဉ်မှာပင် သစ်သားရေပုံးလေးကို ဆွဲတင်နိုင်ခဲ့ပြီး ရေတစ်စက်မျှ မဖိတ်စင်စေဘဲ သူမ၏လက်နှစ်ဖက်ဖြင့် ဖမ်းထိန်းလိုက်သည်။
"ကျွန်တော့်ရဲ့ခြံဝန်းထဲက သစ်ပင်နှစ်ပင် ဘယ်လိုနေလဲ ဆိုတာ ကြည့်ချင်လို့ပါ..."
ယဲ့ပိုင်က ပြောဆိုသည်။
အဘွားအိုသည် သစ်ပင်များနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပေးချေ။ သူမ၏ ဖြူဖျော့သော ဆံထုံးသည် လေထဲတွင် လှုပ်ခါနေပြီး အချိန်အတော်ကြာမှ သူမက ဆက်လက် ပြောဆိုလိုက်သည်။
"လူလေး... ထမင်းစားပြီးပြီလား... အိမ်မှာ အဘွားကိုယ်တိုင်စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တချို့ ရှိသေးတယ်..."
"မစားတော့ပါဘူး..."
ရေပုံးသည် လေးလံသဖြင့် အဘွားအို သယ်ဆောင်လိုက်ချိန်တွင် လမ်းလျှောက်ရန် ခက်ခဲနေသည်။
"သစ်ပင်တွေကို ကြည့်ပြီးရင်... လူလေး ပြန်လာတော့မှာ မဟုတ်ဘူးမလား..."
"ဖြစ်နိုင်ပါတယ်..."
ယဲ့ပိုင်က ခေါင်းညိတ်ပြပြီး ထပ်မံ၍ ပြောဆိုသည်။
"ဒီလမ်းကြားလေးကို ဖျက်သိမ်းမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီမှာ နေခဲ့ဖူးတဲ့ လူတွေကတော့ ပြန်လာကြတော့မှာ မဟုတ်ဘူး... အဘွား တကယ်ပဲ တခြားနေရာကို ပြောင်းဖို့ အစီအစဉ် မရှိဘူးလား..."
အဘွားအိုသည် သစ်သားရေပုံးကို သယ်ဆောင်ရင်း ကျောက်တုံးပြာလမ်းပေါ်တွင် ယိမ်းယိုင်စွာ လျှောက်လှမ်းနေသည်။ ထို့နောက် သူမသည် တိုးညှင်းစွာ သက်ပြင်းချလိုက်၏။
"အဘွားက ဒီနေရာမှာ တစ်သက်လုံး နေလာခဲ့တာ... အခု အသက်လည်း ကြီးနေပြီ... ဘယ်ကို သွားရမှာလဲ... ငယ်ရွယ်တာက တကယ် ပိုကောင်းပါတယ်... ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်... ဖြစ်ချင်တာ ဖြစ်ခွင့်ရှိတယ်... သွားချင်တဲ့နေရာ သွားလို့ရတယ်... ပြီးတော့ ကိုယ်ချစ်တဲ့သူ တစ်ယောက်အတွက် တသက်လုံး စောင့်ဆိုင်းလို့ ရတယ်..."
ယဲ့ပိုင်က နောက်မှ လိုက်ပါလာခဲ့သည်။ သူ့ထံ၌ ဤအမျိုးသမီးကို ရေပုံးကူသယ်ပေးရန် စိတ်ကူး လုံးဝမရှိပေ။
သူက တိတ်ဆိတ်စွာ နားထောင်ပြီး ကြည့်ရှုနေခဲ့သည်။
နူးညံ့သော နေရောင်ခြည်သည် နေဝင်ချိန် ရောက်နေသော ဤအမျိုးသမီးအပေါ်သို့ ကျရောက်နေ၏။
ခြံဝန်းထဲမှ မက်မွန်သစ်ကိုင်းများ ပြူထွက်နေသည်။
လမ်းကြားလေး၏ ဘေးတစ်ဖက်တစ်ချက်ရှိ ပေါင်းပင်များ လေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေကြသည်။
သူတို့သည် လမ်းကြားလေး၏ အရောင်စုံသော နံရံများစွာကို ဖြတ်ကျော်လာခဲ့ကြသည်။
ဤအတိုင်း မီတာဆယ်ဂဏန်းကျော် လျှောက်လှမ်းပြီးနောက် အဘွားအိုက ရပ်နားရန် အစီအစဉ် မရှိသေးသည်ကို ယဲ့ပိုင် မြင်တွေ့ချိန်၌ သူ၏ပါးစပ်ကိုဟ၍ ပြောဆိုလိုက်သည်။
"တချို့လူတွေက တစ်သက်လုံး စောင့်ဆိုင်းခဲ့ကြတယ်... တချို့က သံသရာအဆက်ဆက် စောင့်ဆိုင်းခဲ့ကြတယ်... တချို့က အဲ့ဒီနေရာမှာပဲ အမြဲတမ်း စောင့်ဆိုင်းနေခဲ့တာတောင် တဖက်လူတွေက သူတို့ကို လွဲချော်သွားခဲ့ကြတယ်..."
"အင်း... အဘွားက ကျေနပ်ပါတယ်... ဒါပေမဲ့ အသက်မရှည်နိုင်တော့ဘူး... နောက်ဆုံးအချိန်တွေမှာ ဒီနေရာမှာပဲ နေခွင့်ရတာ ကောင်းပါတယ်..."
အဘွားအိုသည် ရပ်တန့်ခြင်း မရှိသလို လှည့်လည်း မကြည့်ချေ။
နောက်မှ လိုက်ပါလာသော ယဲ့ပိုင်သည် ရေအပြည့်ပါသော သစ်သားပုံးကို သယ်ဆောင်ရင်း ဆံနွယ်နက်များ လူးလွန့်နေကာ သူမ၏ ခြံဝင်းဆီသို့ ပေါ့ပါးစွာ လျှောက်လှမ်းသွားသော မိန်းကလေးငယ်တစ်ဦးကို မြင်ယောင်လိုက်မိသည်။
သူ သတိပြန်ဝင်လာချိန်၌ အဘွားအိုကို မေးမြန်းလိုက်သည်။
"ကျွန်တော် စိုက်ခဲ့တဲ့ သစ်ပင်နှစ်ပင်ကို ကြည့်ချင်လား..."
"သစ်ပင်ကြည့်တာ ဘာများ ကောင်းလို့လဲ..." သူမ ပြန်ဖြေလိုက်စဉ် ပုံးထဲမှ ရေနှစ်စက်မျှ ဖိတ်စင်သွားသော်လည်း သူမ၏ခြေလှမ်းများမှာ ပုံမှန်အတိုင်း လျှောက်လှမ်းနေဆဲပင်။
ယဲ့ပိုင်က တိုးညှင်းစွာ ပြောဆိုသည်။
"ကျွန်တော် ထွက်သွားပြီးရင် အဘွားက ခြံဝန်းအမှတ် ၉၉ ကို ကြည့်ပေးရလိမ့်မယ်... ဒီတစ်ခါ သော့ကိုလည်း အဘွားဆီ ပေးခဲ့ပါ့မယ်... သစ်ပင်နှစ်ပင်ကိုလည်း ဂရုစိုက်ပေးဖို့ တောင်းဆိုချင်လို့ပါ..."
"ဒါပေမဲ့ အဘွားမှာ အချိန် သိပ်မရှိတော့ဘူး..." အဘွားအို၏အသံတွင် ဝမ်းနည်းမှုများ ပေါ်လွင်နေသည်။
"ကိစ္စမရှိပါဘူး... အဘွား ဂရုစိုက်ပေးနိုင်သလောက်ပေါ့..."
အမျိုးသမီးက စက္ကန့်အနည်းငယ်ကြာခန့် စဉ်းစားပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ..."
မကြာမီ မြို့ခံတချို့ သူတို့နှစ်ဦး၏မြင်ကွင်းထဲသို့ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကြသည်။
သူတို့သည် လူရှိသော ခြံဝင်းတချို့နှင့် လူမရှိသော ခြံဝင်းတချို့ကိုလည်း ဖြတ်ကျော်လာခဲ့ကြသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့နှစ်ဦး ဦးတည်နေသောနေရာသို့ ရောက်ရှိလာခဲ့ကြ၏။
အမျိုးသမီးက သူမ၏ခြံဝင်းရှေ့မြေပြင်ပေါ်တွင် သစ်သားရေပုံးကို ချလိုက်ပြီး ပြောဆိုသည်။
"ဒီနေ့ ရာသီဥတု တကယ်ကောင်းတယ်... အားလပ်ရက် ဖြစ်မယ်ထင်တယ်... ဒီလမ်းကြားလေးထဲကို လူတွေအများကြီး ပြန်ရောက်လာကြတယ်... ဒါပေမဲ့ ကံဆိုးတာက လွန်ခဲ့တဲ့ နှစ်ရှစ်ဆယ်တုန်းကလောက် မစည်ကားတော့တာပဲ... ဒီလမ်းကြားလေးက နောက်ဆုံးတော့ ဖျက်သိမ်းခံရမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
အမျိုးသမီးက နောက်သို့လှည့်ပြီး သူမ၏မှုန်ဝါးနေသော မျက်လုံးများဖြင့် ယဲ့ပိုင်ကို ကြည့်လိုက်သည်။
ယဲ့ပိုင်က ပြန်ဖြေလိုက်သည်။
"လမ်းကြားလေးတင် မဟုတ်ပါဘူး... အရာအားလုံးက အချိန်ကာလရဲ့ ကျယ်ပြန့်တဲ့ ခရီးလမ်းမှာ ပျောက်ကွယ်သွားကြမှာပါ..."
ဤသို့အဖြေပေးနေရင်း ယဲ့ပိုင်က ခြံဝန်းအမှတ် ၉၉ ၏တံခါးဝသို့ လျှောက်လှမ်းသွားလိုက်သည်။
ဂျောက်...
တစ်ချိန်တည်းမှာပင် ရှေးဟောင်းကြေးဝါသော့ခလောက်သည် ဂျောက်ခနဲ အသံမြည်ကာ ပွင့်သွားပေ၏။ သို့သော် ဤအချိန်တွင် မယုံနိုင်စရာ ကောင်းသည်မှာ ထိုရှေးဟောင်းကြေးဝါသော့ခလောက်သည် အချိန်ကာလနှင့် ကင်းကွာသွားသကဲ့သို့ ထိုအရာ၏ကိုယ်ထည်ပေါ်ရှိ သံချေးများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့ခြင်းပင်။ မကြာမီမှာပင် ထိုသော့ခလောက်သည် လောလောလတ်လတ် ပြုလုပ်ထားသည့်အလား အသစ်စက်စက် ဖြစ်သွားတော့သည်။
ထို့နောက် သော့ခလောက်ပေါ်တွင် သော့အသစ်တစ်ချောင်း ထွက်ပေါ်လာပေ၏။
ယဲ့ပိုင်က ရှေ့သို့တိုးသွားပြီး သူ၏လက်ကို ဆန့်တန်းလိုက်ရာ သော့သည် ပဉ္စလက်ဆန်စွာဖြင့် ပျံ့လွင့်လာသည်။
ယဲ့ပိုင်က သော့ကို ဖမ်းယူလိုက်ပြီးနောက် လှည့်ကြည့်ကာ အဘွားအိုထံသို့ လက်ကမ်းပေးလိုက်သည်။
"ဒီနေ့ကစပြီးတော့ ဒီခြံဝန်းကို အဘွားဆီ ပေးလိုက်ပါပြီ..."
"ကောင်းပြီလေ..."
အဘွားအိုက ခေါင်းညိတ်ပြ၍ သဘောတူလိုက်ပြီး သူမ၏လက်ကို ဆန့်တန်းလိုက်၏။
သို့သော် သူမ၏လက်ဝါးသည် ခြောက်သွေ့နေပြီး ယဲ့ပိုင်၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ဝါးနှင့် ခြားနားနေသဖြင့် သူမ၏လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်သည်။
သူမ၏မျက်လုံးများ ချက်ချင်းနီမြန်းလာသည်။
"ယူလိုက်ပါ..."
ယဲ့ပိုင်သည် ထိုအသေးစိတ် အပြုအမူလေးများကို ရှင်းလင်းစွာ မြင်တွေ့ရသော်လည်း သူ ဂရုမစိုက်ချေ။
"အင်း..."
အဘွားအိုသည် သူမ၏လက်ကို ထပ်မံ၍ဆန့်တန်းပြီး အလွန်ဖြည်းညှင်းစွာ ရွေ့လျားလိုက်သည်။
သူမသည် လက်ချောင်းနှစ်ချောင်းဖြင့် သော့ကို ညင်သာစွာ ညှပ်ယူလိုက်ပြီး သူမ၏လက်ကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ခေါင်းကို အနည်းငယ် ငုံ့ထားပြီး ပြောဆိုလိုက်၏။
"စိတ်မပူပါနဲ့... အဘွား အသက်ရှင်နေသရွေ့ လူလေးရဲ့ခြံဝန်းကို သေချာပေါက် ဂရုစိုက်ပေးပါ့မယ်..."
"အင်း..."
ထို့နောက် ယဲ့ပိုင်က လှည့်ထွက်လိုက်ပြီး သူ၏ခြံဝန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။
သူ၏ ဖြူဖွေးသောလက်ချောင်းများသည် သစ်သားတံခါးနှင့် ထိတွေ့မိချိန်၌
ဆန်းကြယ်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာပေ၏။
မူလက ဆွေးမြေ့နေသော သစ်သားတံခါးသည် သူ့အလိုလို ပြန်လည်၍ သစ်လွင်လာသည်။ ထိုအရာသည် ယဲ့ပိုင်၏လက်ချောင်းထိပ်များမှ စတင် ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် တံခါးတစ်ချပ်လုံး အသစ်စက်စက် အခြေအနေသို့ ပြန်လည်၍ ရောက်ရှိသွားတော့သည်။
အဘွားအိုသည် ဤမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး သူမ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ တစ်စုံတစ်ခုကို ပြောချင်နေမိသည်။ သို့သော် အဆုံးသတ်တွင် သူမသည် တိတ်ဆိတ်စွာနေလိုက်၏။
ကျွီ...
သစ်သားတံခါး ပွင့်သွားပြီးနောက် အထဲမှ အေးမြသော လေတစ်ချက် တိုက်ခတ်လာပြီး ပေါ့ပါးကာ မွှေးပျံ့သော ရနံ့များကို သယ်ဆောင်လာသည်။
အမျိုးသမီးသည် ခေါင်းအနည်းငယ် မော့လိုက်ပြီး သူမ၏ မှုန်ဝါးနေသော မျက်လုံးများဖြင့် တံခါးပေါက်မှတစ်ဆင့် အတွင်းသို့ လှမ်းကြည့်လိုက်သည်။
ခြံဝင်းထဲရှိ ရှုခင်းသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို နေရာမှာပင် တုန်ရီသွားစေတော့သည်။