← Chapters

အထီးကျန်သစ်ပင်

Vol. 13 Ch. 135

အထီးကျန်သစ်ပင်

Vol. 13 Ch. 135

ခြံဝန်းအတွင်းပိုင်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သစ်ပင်ကြီးနှစ်ပင်ကို စိုက်ပျိုးထားသည်။

သစ်ပင်အမျိုးအစား မတူညီသော်လည်း ထိုသစ်ပင်နှစ်ပင်လုံးတွင် ထူထပ်သော အရွက်များ ရှိနေကြပြီး ခြံဝန်းထဲတွင် အေးမြသော အရိပ်အာဝါသနှစ်ခုကို ဖန်တီးပေးထားသည်။

ထိုသစ်ပင်နှစ်ပင်သည် မီတာအနည်းငယ်ခန့် ကွာဝေးသည်။

မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ကြောင်နက်လေး တစ်ကောင်သည် သစ်ပင်နှစ်ပင်ကြားတွင် ဟိုမှသည် ခုန်ကူးနေပေ၏။

ခြံဝန်းထဲတွင် သစ်သားစားပွဲတစ်လုံးရှိပြီး ထိုအရာအပေါ်၌ သစ်ရွက်ကြွေအနည်းငယ် ရှိနေသည်။

စားပွဲ၏ဘေးတစ်ဖက်တစ်ချက်တွင် ကြိမ်ကုလားထိုင် နှစ်လုံး ရှိသည်။

အိမ်၏တံခါးနှင့် ပြတင်းပေါက်များပေါ်ရှိ စက္ကူများသည် အသစ်စက်စက် ဖြစ်ပြီး နေရောင်အောက်တွင် တောက်ပသော အလင်းရောင်ကို ပြန်လည်၍ ယောင်ပြန်ဟပ်နေသည်။

ဤရှုခင်းများသည် လေထုကို သက်ဝင်လှုပ်ရှားစေသော အငွေ့အသက်များ ထွက်ပေါ်စေပေ၏။

ယဲ့ပိုင် ခြံဝန်းထဲသို့ ဝင်လာသည်ကို မြင်တွေ့ချိန်၌ အဘွားအိုက သူမ၏ခြေထောက်ကိုမြှောက်ပြီး ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်သည်။

ခြံဝင်းတွင် သိပ်မမြင့်သော အဆင့်သုံးဆင့်ရှိသည့် တံခါးခုံတစ်ခု ရှိသော်လည်း အမျိုးသမီးသည် အလွန်အိုမင်းနေပြီ ဖြစ်သဖြင့် သူမ၏ လက်များနှင့်ခြေထောက်များသည် သန်မာခြင်း မရှိတော့ချေ။ သူမ၏လက်နှစ်ဖက်လုံးသည် ခြံဝန်းအမှတ်၉၉၏ အသစ်စက်စက် သစ်သားတံခါးကို ကိုင်ထားရသည်။ သူမ၏ခေါင်းသည် တံခါးကိုကျော်၍ ခြံဝန်းထဲရှိ ရှုခင်းများကို တစ်ဖန်ပြန် မြင်တွေ့ရချိန်တွင် သူမ၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်။

"မယုံနိုင်စရာပဲ... ဒီလောက်ထိ နှစ်တွေ ကြာသွားပြီတာတောင် ဒီနေရာက ဘာမှ မပြောင်းလဲသေးဘူး... လွန်ခဲ့တဲ့ နှစ်ရှစ်ဆယ်တုန်းကအတိုင်း တစ်ထပ်တည်းပဲ... အရာအားလုံးက အသစ်စက်စက် ဖြစ်နေတယ်... ဒီပတ်ဝန်းကျင်က လွမ်းမောစရာကောင်းလိုက်တာ..."

"တကယ်တော့ ပြောင်းလဲမှုတွေကလည်း ကြီးမားပါတယ်..."

ယဲ့ပိုင်က ပြောဆိုသည်။

ဤနေရာရှိ ရှုခင်းများသည် ယခင်အတိုင်း ဖြစ်နေပုံရသော်လည်း အရာများစွာသည် ယခင်ကကဲ့သို့ မဟုတ်တော့ချေ။

ထိုစကားကို နားထောင်ပြီးနောက် အမျိုးသမီးသည် သူမ၏ခေါင်းကို တံခါးအားမှီလိုက်ပြီး သူမ၏မှုန်ဝါးနေသော မျက်လုံးများဖြင့် ခြံဝန်းထဲသို့ ဂရုတစိုက် ကြည့်နေလေ၏။

အပြင်အဆင်တိုင်း... အသေးစိတ် အချက်အလက်လေးတိုင်း...

သူမက နေရာတိုင်းကို အလေးအနက် ကြည့်ရှုနေသည်။

ဆယ်စုနှစ်များစွာက အမှတ်တရများသည် လက်ရှိရှုခင်းများနှင့် ပေါင်းစပ်သွားကြ၏။

အချိန်အတော်ကြာပြီးနောက် အဘွားအိုက ထပ်မံ၍ ပြောဆိုသည်။

"အရင်တုန်းက ဒီခြံထဲမှာ မက်မွန်ပင်တစ်ပင် ရှိခဲ့တာ အဘွား မှတ်မိသေးတယ်... ဒါပေမဲ့ အခု မရှိတော့ဘူး... အခုတော့ အဘွား မသိတဲ့ သစ်ပင်နှစ်ပင် ပိုလာတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက တံခါးကြားကနေ အဘွား ချောင်းကြည့်ခဲ့ဖူးတယ်... ပေါင်းပင်တွေ အများကြီးပဲ.... အခုတော့ အရမ်းရှင်းလင်းနေပြီပဲ... လူလေး ပြောနေတဲ့ သစ်ပင်တွေက ဒီသစ်ပင်နှစ်ပင်ပဲမလား... ဒါတွေက တကယ့်ကို မြန်မြန်ဆန်ဆန် ကြီးထွားလာကြတာပဲ..."

"ဟုတ်ပါတယ်..."

ယဲ့ပိုင်က အမျိုးသမီး၏မျက်နှာအမူအယာ ပြောင်းလဲမှုများကို ကြည့်လိုက်သည်။

သူ၏မျက်လုံးများသည် ပို၍ပို၍လျစ်လျူရှုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

သူ၏မျက်လုံးများတွင် မည်သည့် စိတ်ခံစားချက်မှ မရှိသည့်အပြင် မည်သည့် အာရုံလွဲမှားမှုမျှလည်း မရှိပေ။

ထို့နောက် သူ စကားပြောဆိုလိုက်ရာ သူ၏အသံသည် ပျံ့လွင့်လာပေ၏။

"လူကိုလည်း တွေ့ပြီးပြီ... သစ်ပင်တွေကိုလည်း စိုက်ပြီးပြီ... လမ်းကြားလေးထဲက ကံကြမ္မာအကြောင်းအကျိုးတွေအားလုံး ရှင်းလင်းသွားပြီ..."

အမျိုးသမီးသည် တံခါးကို ကိုင်ထားသော လက်ကို လွှတ်လိုက်ပြီး တံခါးခုံပေါ်သို့ ခက်ခက်ခဲခဲ တက်လှမ်းလိုက်သည်။ သူမ၏မျက်ခုံးများမှာ တစ်ခါတစ်ရံ တွန့်ချိုးသွားပြီး တစ်ခါတစ်ရံ ပြေလျော့သွားသည်။ တတိယမြောက် တံခါးခုံပေါ်တွင် မတ်တတ်ရပ်နေစဉ် သူမက လေးလေးနက်နက် ပြောဆိုလိုက်သည်။

"ဒီသစ်ပင်က... တစ်ခုခု လိုနေသလိုမျိုး အဘွား ခံစားရတယ်..."

ယဲ့ပိုင်က ပြန်မဖြေဘဲ သစ်သားစားပွဲဆီသို့ လျှောက်သွားပြီး ကုလားထိုင်ပေါ်တွင် ကျက်သရေရှိစွာ ထိုင်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးအကြည့်က အမျိုးသမီးအပေါ်သို့ ကျရောက်သွားသည်။

"ခြံထဲမှာ ကုလားထိုင်တွေ ရှိတယ်... အဘွား အရင် ထိုင်လိုက်ပါ..."

"ကောင်းပါပြီ..."

အမျိုးသမီးသည် စကားတစ်ခွန်း ပြန်ဖြေလိုက်ပြီး တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် ခြံဝန်းထဲသို့ ခြေလှမ်းတစ်လှမ်းချင်း ဝင်ရောက်လာသည်။

ယဲ့ပိုင်က ထိုအမျိုးသမီးထံမှ အကြည့်လွှဲလိုက်ပြန်သည်။ ခြံဝန်းအမှတ် ၉၉ ၏တံခါးဝမှတဆင့် ထိုအမျိုးသမီး ရှေးဟောင်းရေတွင်းမှ သယ်ဆောင်လာသော ရေပုံးကို သူ မြင်နေရပေ၏။ ထိုအရာကို ခြံဝန်းအမှတ် ၉၈ ၏ တံခါးခုံပေါ်တွင် တိတ်ဆိတ်စွာ ချထားသည်။ နေရောင်ခြည်သည် ရေပုံး၏အတွင်းပိုင်းသို့ ဖြာကျနေကာ လေငြိမ်နေသောကြောင့် ရေသည် တောက်ပသော အလင်းရောင်ကို အလိုအလျောက် ရောင်ပြန်ဟပ်စေသည်။

အမျိုးသမီးသည် ခြံဝန်းထဲသို့ ရောက်လာပြီးနောက် သူမသည် အဝတ်အစားများကို ပြုပြင်ပြီး ယဲ့ပိုင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

သို့သော် သူမ ထိုင်လိုက်သောအချိန်၌ ချက်ချင်းဆိုသလိုပင် သူမ၏ခေါင်းကို စောင်းလိုက်ပြီး ယဲ့ပိုင်ကို လုံးဝမကြည့်တော့ချေ။ ထိုအစား သူမသည် ခြံဝင်း၏ဘယ်ဘက်ခြမ်းရှိ သစ်ပင်တစ်ပင်ပေါ်သို့ အာရုံစိုက်လိုက်ပြီး လေနှင့်အတူ ယိမ်းနွဲ့နေသော သစ်ရွက်စိမ်းများကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။

ယဲ့ပိုင်သည် စကားမပြောချေ။

အမျိုးသမီးက တိတ်ဆိတ်နေသည်။

ခြံဝင်းသည်လည်း အလွန် တိတ်ဆိတ်ငြိမ်သက်နေပေ၏။

အမျိုးသမီးသည် လေးလေးနက်နက် ကြည့်ရှုနေသည်။ သူမ၏မျက်လုံးများသည် တစ်ခါတစ်ရံ ခံစားချက်မဲ့နေပြီး တစ်ခါတစ်ရံ တောက်ပနေကာ တစ်ခါတစ်ရံ၌ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

အချိန်များ တိတ်တဆိတ် ကုန်ဆုံးသွားသည်။

ဝှီး...

လေပြည်လေညှင်းတစ်ရပ် တိုက်ခတ်လာချိန်၌ သစ်ပင်၏ ခြောက်သွေ့သော အကိုင်းအခက်များ လှုပ်ခါသွားပြီး ထူထပ်သော အရွက်များမှ တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။ ကုလားထိုင်ပေါ်တွင် ထိုင်နေသော အမျိုးသမီး၏မျက်နှာပေါ်တွင် ဖျော့တော့တော့ အပြုံးတစ်ခု ထင်ဟပ်လာပေ၏။

ယဲ့ပိုင်၏အကြည့်သည် အပြင်ဘက်ရှိ ရေပုံးပေါ်တွင် ကျရောက်နေပြီး သစ်ရွက်လှုပ်သံများကို ကြားလိုက်ရချိန်၌ သူက ထပ်မံ၍ ပြောဆိုလိုက်သည်။

"အဘွား ဘာမြင်ရလဲ..."

အမျိုးသမီးက ခေါင်းညိတ်ပြသည်။

"အင်း... အဘွား မြင်ပါတယ်..."

ယဲ့ပိုင်၏လက် သစ်သားစားပွဲပေါ်သို့ တိတ်တဆိတ် ရောက်ရှိလာသည်။

သူ၏လက်ချောင်းများ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် အညိုရောင်ရင့်ရင့် သစ်သားခွက်တစ်လုံးသည် လေထုထဲမှနေ၍ သူ၏လက်ထဲသို့ ရောက်ရှိလာပေ၏။ ထိုခွက်ထဲတွင် ကြည်လင်သောရေများ ပါဝင်နေပြီး အေးမြသော အငွေ့အသက်ကို ထုတ်လွှတ်ထားသည်။

ယဲ့ပိုင်က ခွက်ကို ကိုင်ကာ ပါးစပ်နားသို့တေ့ပြီး ဖြည်းညင်းစွာ မော့သောက်လိုက်သည်။

"အော်..."

ထိုအချိန်မှသာ သူက စကားလုံးတစ်လုံးကို တိုးညှင်းစွာ ရေရွတ်လိုက်၏။

အမျိုးသမီး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ဒီသစ်ပင်နှစ်ပင်ကို ခြံထဲမှာ စိုက်ထားပေမယ့်... ဒါတွေက အရမ်းအထီးကျန်နေကြတယ်..."

"ဘာလို့လဲ..."

ယဲ့ပိုင်က သူ၏လက်မှ လှုပ်ရှားနေမှုများကို ရပ်တန့်လိုက်သည်။

အမျိုးသမီးက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။

"သစ်ပင်တစ်ပင်ကို ဘယ်ဘက်မှာ စိုက်ထားပြီး နောက်တစ်ပင်က ညာဘက်မှာ ရှိတယ်... ဒီအပင်နှစ်ပင်လုံးက အရိုင်းဆန်ဆန် ကြီးထွားဖို့ ကြိုးစားနေကြပေမယ့် အကွာအဝေးက အရမ်း ဝေးလွန်းတယ်... အကိုင်းအခက်တွေ အချင်းချင်း ထိတွေ့ဖို့တောင် နှစ်တစ်ထောင်လောက် ကြာနိုင်တယ်..."

ယဲ့ပိုင်က ခေါင်းညိတ်ပြပြီး ရေရွတ်လိုက်သည်။ "နှစ်တစ်ထောင် ကြာပြီးရင် ဒီသစ်ပင်နှစ်ပင်က ညှိုးနွမ်းသွားလောက်ပြီ... ဒီနှစ်ပင်က တကယ်ကြီး ထိတွေ့သွားရင်တောင် မျိုးစိတ်တူ မဟုတ်ဘူးဆိုတာ တွေ့ရှိသွားကြပြီးတော့ နောင်တတွေနဲ့ပဲ အဆုံးသတ်သွားကြလိမ့်မယ်..."

"ဟုတ်တယ်... တချို့ကိစ္စတွေက အကျိုးမရှိဖို့ ဖန်တီးထားပြီးသားပါ... ဘာလို့လဲဆိုတော့ အစကတည်းက သူတို့က ဆုံစည်းဖို့ ကံပါမလာကြလို့လေ..."

အမျိုးသမီးက သက်ပြင်းချလိုက်သည်။

"မြောင်..."

သူမ၏စကား အဆုံးသတ်ပြီးနောက် သစ်ပင်နှစ်ပင်ကြားတွင် ဟိုမှသည်ကူးသန်းနေသော ကြောင်နက်လေးက ဖျော့တော့တော့ အော်မြည်လိုက်သည်။

အမျိုးသမီး၏ နှုတ်ခမ်းထောင့်များ လှုပ်ရှားသွားပြီး ဆက်လက်၍ ပြောဆိုသည်။

"ဒါပေမဲ့ အထီးကျန်နေတယ်ဆိုရင်တောင် ခြံဝန်းတစ်ခုထဲမှာ မြင်ခွင့်ရတာက ကောင်းပါတယ်... ပြီးတော့ သစ်ပင်နှစ်ပင်ကြားမှာ ဟိုဒီခုန်ပေါက်နေတဲ့ ကြောင်နက်လေးလည်း ရှိနေတာပဲ... ဒါက ဆက်နွယ်မှုတစ်ခုလို့ မသတ်မှတ်နိုင်ဘူးလား..."

ယဲ့ပိုင်က ရေခွက်ကိုမကာ ရေအနည်းငယ် သောက်လိုက်သည်။ ရေသောက်ပြီးနောက် ယဲ့ပိုင်သည် သစ်သားခွက်ကို စားပွဲပေါ်သို့ ခပ်ဖွဖွချလိုက်ရာ တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် သူက ပြောဆိုသည်။

"အဲ့ဒီကြောင်က အချိန်မြစ်ထဲက ကြိုးမျှင်လေး တစ်ချောင်းလိုပဲ... မတူညီတဲ့ ဘဝနှစ်ခုကို ဆက်သွယ်ပေးဖို့ အမြဲတမ်း နှစ်သက်တတ်တယ်... ဒါပေမဲ့ အဲ့ဒီကြိုးမျှင်က မကြာခင် ပြတ်တောက်သွားမှာပါ..."

အမျိုးသမီးက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ပြီးနောက် ပြန်ဖွင့်ကာ ယဲ့ပိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဟုတ်တယ်... အဲ့ဒီကြောင်က မကြာခင် သေဆုံးသွားမှာပါ... သူကိုယ်တိုင်တောင်မှ အချိန်ကာလရဲ့ ဖုန်မှုန့်တစ်စကလွဲရင် ဘာမှ မဟုတ်ပါဘူး..."

...

အခြားတစ်ဖက်တွင်... ချောင်မိသားစု ဗီလာခြံဝန်း၌...

လေထုထဲမှ သွေးညှီနံ့များသည် တဖြည်းဖြည်း ပျောက်ကွယ်နေပြီး ထိုအရာ၏နေရာတွင် အနံ့ပြင်းသော ပိုးသတ်ဆေးရည်များ အစားထိုးဝင်ရောက်လာသည်။

အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်စုသည် ဂရုတစိုက် ရှင်းလင်းရေး လုပ်နေကြ၏။

"မြန်မြန်လုပ်ကြ..."

ချန်ရှောင်သည် ထိုနေရာတွင် ရပ်နေပြီး သွေးများအား ရေမြောင်းထဲသို့ လျင်မြန်စွာ ဆေးကြောချနေသည်ကို ကြည့်နေသည်။ မြေပြင် အနည်းငယ် သန့်ရှင်းလာသည်ကို မြင်တွေ့ချိန်၌ သူက အေးစက်စက်အသံဖြင့် တိုက်တွန်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ရံဖန်ရံခါ ခေါင်းမော့ကာ ကောင်းကင်ဘက်သို့ ကြည့်လိုက်သည်။

အစောပိုင်းက ဝမ်အန်း သူ့ကို ဖုန်းခေါ်ခဲ့သည်။

အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းခိုင်းပြီးနောက် ယဲ့ပိုင်ကို သွားရောက်ကြိုဆိုရန်အတွက် ချန်ရှောင်ကို ရှေးဟောင်းလမ်းကြားလေးထဲသို့ ချက်ချင်းသွားခိုင်းခဲ့သည်။

ထိုကိစ္စမျှသာ ဖြစ်သော်လည်း အီဂျစ်နိုင်ငံသည် ယခုချိန်၌ အလွန်မတည်မငြိမ် ဖြစ်နေပြီး ယဲ့ပိုင်ကို ထပ်ပေါင်းလိုက်ပါက မကြာမီ ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်လာတော့မည်ဟု ချန်ရှောင်က အာရုံရနေမိသည်။

ကမ္ဘာကြီးတစ်ခုလုံးပင်လျှင် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရကောင်း ကြုံတွေ့ရနိုင်သည်။

All Chapters