← Chapters

အစီရင်ခံခြင်း

Vol. 13 Ch. 136

အစီရင်ခံခြင်း

Vol. 13 Ch. 136

ဤမြို့သည် ပုံမှန်အတိုင်း လည်ပတ်နေဆဲပင်။

မိသားစုတစ်စု ပျောက်ကွယ်သွားရုံဖြင့် သို့မဟုတ် လူအနည်းငယ် ပျောက်ဆုံးသွားရုံဖြင့် ရပ်တန့်သွားမည့် ဖြစ်ရပ်မျိုး ဘယ်တော့မှ ရှိလာမည် မဟုတ်ပေ။

ဤကမ္ဘာကြီးသည်လည်း ပုံမှန်အတိုင်း လည်ပတ်နေဆဲပင်။

အမှောင်ထဲတွင် မရေမတွက်နိုင်သော အင်အားစုများ လှုပ်ရှားနေကြသော်လည်း ရပ်တန့်သွားရန် အကြောင်းပြချက် မရှိချေ။

ချောင်မိသားစု အမြစ်ပြတ်သုတ်သင်ခံပြီးချိန်၌ သေသင့်သေထိုက်သူများအားလုံး သေဆုံးသွားကြလေပြီ။

တခြားမြို့များမှ ကားများသည် ဤမြို့ဆီသို့ လျှင်မြန်စွာ မောင်းနှင်လာကြ၏။

ထိုကားများအတွင်း၌ထိုင်၍ လိုက်ပါလာသူများအားလုံးသည် ထိပ်သီးပုဂ္ဂိုလ်များပင်။

သူတို့သည် အလွန်လျှင်မြန်စွာဖြင့် ခန့်အပ်လွှာများကို ယူဆောင်ပြီး လုပ်ငန်းတာဝန်များကို အမြန်ဆုံး လွှဲပြောင်းရယူလိုက်ကြသည်။

သို့သော် မြို့တစ်မြို့လုံး မည်သို့ပင် ပြောင်းလဲနေပါစေ ရှေးဟောင်းလမ်းကြားလေးကမူ ကမ္ဘာကြီးနှင့် အဆက်ပြတ်နေသကဲ့သို့ အလွန် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ယဲ့ပိုင်က သူ၏အကြည့်ကို အပြင်ဘက်ရှိ ရေပုံးမှ ရုတ်သိမ်းလိုက်ပြီး ရှေ့တွင် ထိုင်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။

"ရေသောက်မလား..."

ထို့နောက် သူက သူမကို မေးမြန်းလိုက်၏။

"ကောင်းသားပဲ..."

ထို့နောက် ယဲ့ပိုင်သည် သူ၏တခြားလက်တစ်ဖက်ကို စားပွဲပေါ် တင်လိုက်ရာ နောက်ထပ်ရေခွက်တစ်ခွက် ထွက်ပေါ်လာသည်။

အဘွားအိုသည် ယဉ်ကျေးမနေဘဲ ခွက်ကို မကာ အတွင်းမှ ရေကို ဖြည်းဖြည်းချင်း သောက်လိုက်၏။

"ဒီရေက ရှေးဟောင်းရေတွင်းထဲက ရေလိုပဲ... ချိုပြီး အေးမြတယ်... ဒီနှစ်တွေ တစ်လျှောက် ရေတွင်းရေနဲ့ လူလေးကလွဲရင် ကျန်တာအားလုံး ပြောင်းလဲသွားပြီ..."

ရေခွက်ကို ချလိုက်ရင်း အဘွားအိုက အနည်းငယ် သက်ပြင်းချလိုက်သည်။

သူမ၏စကားကို နားထောင်ပြီးနောက် ယဲ့ပိုင်က ပြောဆိုသည်။

"ကျွန်တော် ဒီနေ့ ထွက်သွားတော့မယ်... ပြီးရင် ဘယ်တော့မှ ပြန်မလာဖြစ်တော့မှာကို စိုးရိမ်မိတယ်..."

"ဒီနေ့ လူလေး တစ်ခေါက် လမ်းလျှောက်ပြီးသွားပြီလေ..."

အမျိုးသမီးက အလွန်စိတ်သက်သာရာ ရသွားသောလေသံဖြင့် ပြောဆိုသည်။ သူမသည် စကားပြောဆိုနေစဉ်မှာပင် ကုလားထိုင်မှ ထလိုက်ပြီး သူမ၏ခြောက်ကပ်ကပ်လက်ချောင်းများကို သစ်သားစားပွဲပေါ် တင်ကာ ဖြည်းညင်းစွာနှင့် တောင့်တောင့်တင်းတင်း ရွေ့လျားလိုက်သည်။

"အဘွား ဒီခြံဝန်းကို မြင်ပြီးပြီ... အနားလည်း ယူပြီးပြီ... ရေခပ်ပြီးရင် လူလေး ပြန်လာမယ်ဆိုတာ သိနေတာနဲ့ အသားတချို့ ဝယ်ခိုင်းထားတယ်... လူလေး မသွားခင် အဘွား နောက်တစ်ခါ ချက်ကျွေးပါရစေ..."

ယဲ့ပိုင်သည် မည်သည့်စကားမျှ မပြောချေ။

အမျိုးသမီးသည် ယဲ့ပိုင်၏အဖြေကို မစောင့်ပေ။ သူမသည် မတ်တတ်ရပ်ပြီးနောက် လှည့်ထွက်ကာ သူမ၏ခြံဝင်း ရှိရာဘက်သို့ လျှောက်လှမ်းသွားလိုက်သည်။

တစ်ဝက်ခန့် ပြည့်နေသော သစ်သားရေပုံးနားသို့ ရောက်သွားချိန်တွင် သူမက ရေပုံးကို မလိုက်သော်လည်း ယခင်ကထက် အနည်းငယ် ပေါ့ပါးနေသည်ကို တွေ့လိုက်ရပေ၏။ ထို့နောက် သူမက အချိန်တခဏကြာမျှ ရပ်တန့်သွားပြီး သူမ၏အားများကို ပြန်လည်စုစည်းပြီးနောက် တံခါးဖွင့်၍ ဝင်သွားတော့သည်။

မကြာမီ ခြံဝန်းအမှတ် ၉၈ အတွင်းမှ မီးခိုးငွေ့များ တလိမ့်လိမ့်တက်လာပြီး သစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသော ယဲ့ပိုင်သည် ထမင်းရနံ့သင်းသင်းလေးကို ရရှိလိုက်သည်။

သစ်သားစားပွဲပေါ်ရှိ သူ၏လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားပြီး သစ်သားရေခွက်နှစ်ခွက်သည် ထိုနေရာ၌ မရှိခဲ့ဖူးသကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားကြသည်။

ဒေါက်... ဒေါက်... ဒေါက်...

တံခါးအပြင်ဘက်မှ ကြည်လင်ပြတ်သားသော တံခါးခေါက်သံများ ထွက်ပေါ်လာသည်။

သို့သော် မကြာမီမှာပင် ထိုအသံများ ရပ်တန့်သွားပြီး အလွန်တိတ်ဆိတ်သွားပေ၏။

"ဝင်ခဲ့..."

ယဲ့ပိုင်က ကုလားထိုင်ပေါ်တွင်ထိုင်ပြီး သစ်ပင်နှစ်ပင်ကြား ဟိုမှသည် ခုန်ကူးနေသော ကြောင်နက်လေးကို ကြည့်ရင်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့..."

တံခါးအပြင်ဘက်တွင် ချန်ရှောင်သည် သူ၏ အနက်ရောင်ဝတ်စုံကို ဂရုတစိုက် ပြုပြင်လိုက်ပြီး ပို၍တည်ငြိမ်ပုံပေါက်စေရန် သူ၏နဖူးပေါ်မှ ချွေးစေးများကို လက်ဖြင့် သုတ်လိုက်၏။ ထို့နောက် သူက ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။

ထို့နောက် သူက ခြံဝန်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်လာသည်။

အိမ်ရှေ့ဝင်ပေါက်သို့ ရောက်ရှိချိန်၌ နံဘေးပတ်ဝန်းကျင်တွင် လောကီနှင့်ကင်းကွာသော အရှိန်အဝါများ ရစ်ပတ်နေသည့် ယဲ့ပိုင်ကို သူ ထပ်မံ၍ မြင်တွေ့လိုက်ရသည်။ ထို့နောက် သူသည် သပ်ရပ်သော ခြံဝင်းငယ်လေးနှင့် တိတ်ဆိတ်ငြိမ်သက်သော ရှုခင်းများကို မြင်လိုက်ရသဖြင့် သူ၏ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားပေ၏။

"ဘာကိစ္စလဲ..."

ယဲ့ပိုင်က မေးမြန်းသည်။

ချန်ရှောင်သည် ပထမဆုံး ခြေတစ်လှမ်းကို လှမ်းပြီးနောက် ဝင်ပေါက်တွင် ရပ်တန့်လိုက်သော်လည်း တွန့်ဆုတ်မနေရဲဘဲ ဖြေဆိုလိုက်သည်။

"သ... သခင်ကြီး... ချောင်မိသားစုဘက်က ကိစ္စအားလုံး ဖြေရှင်းပြီးပါပြီ... ပြီးတော့ သိပ်ကိုသန့်ရှင်းသပ်ရပ်ပါတယ်..."

ယဲ့ပိုင် တိတ်ဆိတ်နေသည်။

ချန်ရှောင်၏နဖူးပေါ်မှ ချွေးစေးများ စီးကျလာပေ၏။

သူ၏ရှေ့ရှိ လူငယ်သည် အပိုလှုပ်ရှားမှုများ လုံးဝ မရှိဘဲ အမူအယာက အလွန် သက်သောင့်သက်သာ ဖြစ်နေသည်ကို သူ ခံစားမိသည်။ သို့သော် ထိုလူငယ်သည် နေရာတွင် ထိုင်နေရုံဖြင့် ခမ်းညားထည်ဝါပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ရပ်က သူ့ထံမှ ထွက်ပေါ်နေသည်။

ဤခံစားချက်သည် ခွန်းလွန်တောင်မှ ရှေးဟောင်းအင်မော်တယ်အိုကြီးနှင့် သူ ရင်ဆိုင်ရသည်ထက် အဆပေါင်းရာနှင့်ချီပြီး ပို၍ပြင်းထန်သည်။

ယဲ့ပိုင်၏ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေမှုကို မြင်တွေ့ချိန်၌ ချန်ရှောင်က သည်းမခံနိုင်တော့ဘဲ ဆက်လက်၍ ပြောဆိုလိုက်သည်။

"နိုင်ငံတကာမှာ မကြာသေးခင်က ဆူညံသံတွေ အများကြီး ရှိခဲ့တယ်... အီဂျစ်ပြည်မှာ ကျွန်တော်တို့ ထိန်းချုပ်မှုအောက် မရှိတဲ့ အင်အားစုတစ်ခုက နေရာတိုင်းမှာ လေတွေ မိုးတွေ လှုပ်ခတ်နေတယ်... ဒါပေမဲ့ သူတို့ လှုပ်ရှားလိုက်တိုင်း ကျွန်တော်တို့က လုံးဝဖိနှိပ်ထားနိုင်ခဲ့တယ်..."

ယဲ့ပိုင်သည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ချန်ရှောင် သူ၏ခြေထောက်ကို မြှောက်ကာ ဒုတိယ ခြေလှမ်းကို ခက်ခက်ခဲခဲ လှမ်းလိုက်သည်။

"လမ်းကြားလေးဘက်က ပြဿနာတွေလည်း ဖြေရှင်းပြီးပါပြီ... အခု ဒီနေရာက နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ နယ်မြေ ဖြစ်သွားတယ်... ပြောင်းရွှေ့သွားတဲ့ မြို့ခံတွေ အတွက်လည်း ဒီအကြောင်းကို သိသွားကြပြီ.. သူတို့ ပြန်လာကြမယ်လို့ ပြောပါတယ်... ဆယ်စုနှစ်များစွာတုန်းကလိုပဲ ဒီလမ်းကြားလေးထဲမှာ မြို့ခံတွေနဲ့ စည်ကားလာဖို့ အချိန်သိပ်ကြာတော့မှာ မဟုတ်ဘူး..."

ဟူး... ဟူး...

လေပြည်လေညှင်းတစ်ရပ် တိုက်ခတ်လာပြီး တဟူးဟူးမြည်ဟီးနေသည်။

လေထုထဲရှိ ထမင်းရနံ့ထဲတွင် လတ်ဆတ်သော ပန်းရနံ့တစ်ခု ရောယှက်နေပေ၏။

ခြံဝင်းထဲတွင် သစ်ကိုင်းနှစ်ကိုင်းသည် လေထဲ၌ အဆက်မပြတ် ယိမ်းနွဲ့နေကြသည်။

"မြောင်..."

ကြောင်နက်လေးသည် ဟိုမှသည် ခုန်ကူးနေသော်လည်း လေပြည်လေညှင်းကြောင့် သူ ရပ်နေသောသစ်ကိုင်း အနည်းငယ် လှုပ်ခါသွားပြီး ကျိုးလုနီးပါး ဖြစ်သွားသည်။

ကြောင်နက်လေး ထိတ်လန့်သွားပြီး ပါးစပ်မှ တိုးညှင်းစွာ အော်မြည်လိုက်ကာ အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခေါင်မိုးပေါ်သို့ ခုန်တက်၍ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

ခြံဝင်းသည် အလွန်တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

"ကောင်းပြီ..."

ကြောင်နက်လေး ပျောက်သွားမှသာ ယဲ့ပိုင်က ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

ချန်ရှောင်က တတိယ ခြေလှမ်းကို လှမ်းလိုက်ပြီး ဤအဖြေကို ရချိန်၌ သူ စိတ်သက်သာရာ ရသွားသည်။

"သခင်ကြီး... တခြား အမိန့်တွေ ရှိပါသေးလား... ကျွန်တော် လုပ်နိုင်ရင် ရေထဲမီးထဲ ဆင်းရပါစေ သေချာပေါက် လုပ်ပေးပါ့မယ်..."

"ခရီးစဉ် စီစဉ်လိုက်... လူအများကြီး သိတာကို ငါ မလိုချင်ဘူး... ဒါ့ပြင် အီဂျစ်ပြည်ကို ရှေးဟောင်းသုတေသနပညာရှင် အနေနဲ့ ငါ သွားပြီး အဲ့ဒီက ကိစ္စတချို့ကို ဖြေရှင်းမယ်... အဲ့ဒါက စတင်လုနီးပါး ဖြစ်နေပြီ..."

ထိုစကားကို နားထောင်ပြီးနောက် ချန်ရှောင်၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။

မကြာသေးမီက အီဂျစ်ပြည်တွင် လှုပ်ရှားမှု အမြောက်အများ ရှိနေခဲ့သည်။

ထို့ပြင် ဤအချိန်တွင် ယဲ့ပိုင်က အီဂျစ်ပြည်ကို သွားမည်ဟု ပြောဆိုပေ၏။

နောက်ဆက်တွဲအနေဖြင့် မည်သည့်ကိစ္စများဖြစ်လာမည်ကို စိတ်ကူးယဥ်တွေးတောကြည့်၍ ရနိုင်သည်။

ကျောက်မိသားစု ဝူမိသားစုနှင့် ချောင်မိသားစုတို့သည် အလွန်ကောင်းမွန်သော နမူနာများ ဖြစ်နေကြပြီးသားပင်။

သို့သော် ထိုကဲ့သို့သော ကိစ္စမျိုးသည် ချန်ရှောင် စိုးရိမ်ရမည့်အရာ မဟုတ်ပေ။ သူ၏စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီးနောက် သူက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့ သခင်ကြီး... ဒီနေ့တစ်ရက်တည်းနဲ့ အဲ့ဒီကိစ္စတွေအားလုံးကို ကျွန်တော် စီစဉ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ဆရာက..."

ယဲ့ပိုင်က ကြားဖြတ်ပြောဆိုလိုက်သည်။

"သူ့အလုပ်ကို သူ လုပ်ပါစေ... အခွင့်အရေး ရှိရင် သူ့ဆီကို ငါ ထပ်လာခဲ့မယ်..."

"ဟုတ်ကဲ့..."

ချန်ရှောင်သည် ခြံဝန်းထဲသို့ ခြေတစ်ဖက် ဝင်ရောက်ထားပြီး ဖြစ်သော်လည်း ယဲ့ပိုင် ပြောသည်ကို ကြားလိုက်ရချိန်၌ သူ၏ခြေထောက်ကို အလျင်အမြန် ပြန်ရုတ်လိုက်ပြီး ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။

ဤစကားကို ပြောပြီးနောက် ချန်ရှောင်သည် အလွန်ဉာဏ်ကောင်းသူ ဖြစ်သဖြင့် ယဲ့ပိုင် အချက်ပြရန် မလိုအပ်ဘဲ လှည့်ထွက်ကာ လမ်းကြားထွက်ပေါက်ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားတော့သည်။

လမ်းကြားလေးနှင့် ခြံဝန်းအမှတ် ၉၉ သည် တိတ်ဆိတ်မှုဆီသို့ တဖန်ပြန်၍ ရောက်ရှိသွားသည်။

ယဲ့ပိုင်သည် ဤခြံဝင်းထဲတွင် ထိုင်နေပြီး ဆန့်ကျင်ဘက်ခြံဝန်းမှ တလူလူတက်လာသော မီးခိုးငွေ့များကို ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် သူ၏မျက်နှာပေါ်တွင် အနည်းငယ် အေးစက်တင်းမာမှုများ ထင်ဟပ်လာသည်။

"ခူးဖူ... မင်းကို နှစ်ပေါင်းငါးထောင်တိတိ ငါ ပုန်းအောင်းခွင့် ပေးထားမှတော့... မင်း ရှာတွေ့ထားတဲ့ သဲလွန်စတွေက လုံလောက်တဲ့တန်ဖိုး ရှိလိမ့်မယ်လို့ ငါ မျှော်လင့်တယ်..."

All Chapters