← Chapters

ပြောင်းလဲမှုများ

Vol. 13 Ch. 137

ပြောင်းလဲမှုများ

Vol. 13 Ch. 137

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာကာ ဧပြီလသို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။

နေမင်းကြီးသည် အရှေ့ဘက်မှ ထွက်ပေါ်လာပြီး အစဥ်အမြဲ ရွေ့လျားနေကာ မသိမသာဖြင့် မိုးကောင်းကင်ယံ၏အလယ်သို့ ရောက်ရှိလာခဲ့ပေ၏။

နေရောင်ခြည်နှင့်အတူ လေထုသည်လည်း ပို၍ပို၍ ပူနွေးလာသည်။

ရှေးဟောင်းလမ်းကြားလေးထဲတွင် လူသွားလူလာ အလွန် ရှားပါးနေဆဲပင်။

ခြံဝင်းအတွင်းမှ ထွက်ပြူနေသော မက်မွန်ပွင့်အကိုင်းအခက်များမှသာလျှင် ဤပူနွေးသော ရာသီဥတု၌ ပန်းတစ်ပွင့်ပြီး တစ်ပွင့် ကြွေကျနေကြသည်။

ပန်းရောင်ပွင့်ဖတ်များသည် ကျောက်တုံးပြာလမ်းမပေါ်ရှိ ပေါင်းပင်များကြားသို့ ကျရောက်သွားကြ၏။

လေပြည်လေညှင်း တိုက်ခတ်လာသည်နှင့်အတူ ထိုပန်းပွင့်ကြွေများသည် မြေပြင်ပေါ်တွင် လိမ့်ပါသွားပြီး နောက်ဆုံးတွင် နံရံထောင့်၌ စုပုံသွားကြတော့သည်။

ခြံဝန်းထဲတွင် ယဲ့ပိုင်သည် သစ်သားစားပွဲ၌ ထိုင်နေဆဲပင်။

လေထုထဲမှ ထမင်းဟင်းရနံ့သည် ပို၍ပို၍ ပြင်းထန်လာ၏။

သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ယဲ့ပိုင် မြင်တွေ့နေရသည်မှာ မျက်နှာချင်းဆိုင် ခြံဝန်းမှ တက်လာသော မီးခိုးငွေ့များ တဖြည်းဖြည်း ကျဲပါးလာခြင်းဖြစ်သည်။

"တချို့လူတွေကို တစ်ခါတွေ့ရုံနဲ့ လုံလောက်ပါတယ်... တချို့ဟင်းလျာတွေကို အများကြီးစားမိရင် အရသာ ပျက်သွားတတ်တယ်..."

ယဲ့ပိုင်က မတ်တတ်ထရပ်ပြီး သူ၏ပါးစပ်မှ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ဤစကားကို ပြောဆိုလိုက်ချိန်၌ သူ၏လျစ်လျူရှုတတ်သော အကြည့်သည် လမ်းကြားလေး တစ်ခုလုံးကို ဖောက်ထွင်းသွားပြီး တခြားနိုင်ငံတစ်ခုဆီသို့ လွင့်မျောသွားသည့်အလားပင်။ သူသည် ဖြည်းညှင်းစွာ ရှေ့တိုးပြီး အသစ်စက်စက် ခြံဝန်းတံခါးဆီသို့ လျှောက်လှမ်းသွားလိုက်၏။

ယဲ့ပိုင်၏ခြေလှမ်းများမှာ အလွန်ကျက်သရေ ရှိလှသည်။

သူ ရွေ့လျားလိုက်သည်နှင့် ပဉ္စလက်ဆန်သော မြင်ကွင်းတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာသည်။

ပထမခြေလှမ်း...

သူ၏နံဘေးရှိ နွယ်ပင်များဖြင့် ရက်လုပ်ထားသော သစ်သားစားပွဲသည် မယုံနိုင်လောက်အောင် လျှင်မြန်သောနှုန်းဖြင့် ကွဲကွာသွားပြီး နှစ်ကာလများသည် ထက်ရှသော ဓားတစ်လက်အလား ထိုအရာအပေါ်၌ အဆက်မပြတ် ပုံဖော်နေတော့သည်။

တစ်စက္ကန့်အောက် အချိန်တိုအတွင်းမှာပင် သစ်သားစားပွဲသည် ယခင်က ရှိခဲ့ဖူးသော ပုံစံသို့ ပြန်လည်၍ ပြောင်းလဲသွားသည်။

ခြောက်သွေ့နေသော နွယ်ပင်များသည် လိမ်တွန့်နေပြီး ပုပ်ဆွေးနေသော ပိုးပေါက်များဖြင့် ပြည့်နှက်နေပေ၏။

ပုရွက်ဆိတ်တစ်ကောင်သည် ထိုပိုးပေါက်အတွင်းမှ ပျင်းရိစွာ တွားသွားထွက်လာပြီး ခေါင်းပြူကာ ပတ်ဝန်းကျင် အခြေအနေကို ဂရုတစိုက် လေ့လာလိုက်သည်။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ထိုပုရွက်ဆိတ်လေးသည် စိတ်သက်သာရာ ရသွားပြီး အစာရှာထွက်မည့် ခရီးစဉ်ကို စတင်လိုက်တော့သည်။

ဒုတိယခြေလှမ်း...

လူများ ယခုလေးတင် ထိုင်ခဲ့ကြသော သစ်သားကုလားထိုင်နှစ်လုံးသည် တဖြည်းဖြည်း အရောင်မှိန်သွားပြီး ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။ ထိုအရာများကို တစ်စုံတစ်ယောက်က လက်ချောင်းဖြင့် အနည်းငယ် ထိလိုက်ရုံဖြင့် အမှုန့်ဖြစ်သွားစေရန်အတွက် ဤခြံဝန်းထဲတွင် ချထားသည့်အလားပင်။

တတိယခြေလှမ်း...

ယဲ့ပိုင်သည် ခြံဝန်းထဲရှိ ကျောက်တုံးပြာများပေါ်သို့ ခြေချလိုက်သည်။

မူလက သန့်ရှင်းသပ်ရပ်နေသော မြေပြင်သည် တစ်စုံတစ်ခုသော စွမ်းအားဖြင့် လှုံ့ဆော်ခံလိုက်ရသကဲ့သို့ ပေါင်းပင်များ အရိုင်းဆန်ဆန် ပေါက်ရောက်လာကြ၏။

ယဲ့ပိုင်၏ခြေလှမ်းများ အလွန်နှေးကွေးသည်။

လေပြည်လေညှင်းသည် ပုံမှန်အတိုင်း တိုက်ခတ်နေဆဲပင်။

သူ၏ရှည်လျားသော အနက်ရောင်ဆံပင်များသည်လည်း လေထုထဲတွင် ညင်သာစွာ ပျံ့လွင့်နေသည်။

ကျွီ...

ယဲ့ပိုင်က သူ၏လက်ကို ဆန့်တန်းပြီး ခြံဝန်းအမှတ်၉၉၏တံခါးကို ပိတ်လိုက်သည်။

တကျွီကျွီမြည်သံနှင့်အတူ ခြံဝန်းအမှတ် ၉၉ တစ်ခုလုံးသည် လောကကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုများကို ထပ်မံ၍ ကြုံတွေ့လိုက်ရသည်။

ယဲ့ပိုင် ဤနေရာသို့ ပထမဆုံး ရောက်ရှိလာစဉ်ကနှင့် နှိုင်းယှဉ်လျှင် ပို၍ကွဲပြားခြားနားပြီး ပို၍ ရှေးကျနေပုံရသည်။ တံခါးဝရှိ ကြေးဝါသော့ခလောက်သည်ပင် သံချေးတက်နေပြီး မည်သူမျှ မထိတွေ့ဖူးသည့်အလား မူလနေရာသို့ ပြန်လည်၍ ရောက်ရှိသွားသည်။

ကျွီ...

ယဲ့ပိုင်က သူ၏လက်ကို ဆန့်တန်းလိုက်ပြီး ယခုလေးတင် သူ ပိတ်ထားသော တံခါးကို ပြန်၍တွန်းဖွင့်လိုက်သည်။

သို့သော်...

ယဲ့ပိုင် တံခါးကို ပြန်ဖွင့်လိုက်ချိန်၌ ရှေ့မှ ရှုခင်းများအားလုံး ပြောင်းလဲသွားပြီး တခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားသည့်အလားပင်။

...

"လူတွေ အသက်ကြီးလာရင် အရာရာကို မေ့တတ်ကြတာပဲ... အသားဝယ်ခဲ့ပေမယ့် ဆားလိုနေတယ်... အဲ့ဒီလူငယ်ရဲ့ အကြိုက်နဲ့ ကိုက်ညီပါ့မလား မသိဘူး..."

ခြံဝန်းအမှတ် ၉၈ ထဲတွင် အဘွားအိုသည် နောက်ဆုံးဟင်းပွဲကို ချက်ပြုတ်နေလေပြီ။

သူမ၏နဖူးပေါ်တွင် ချွေးများ အဆက်မပြတ် စီးကျနေပြီး ရံဖန်ရံခါ တဘက်ဖြင့် သုတ်နေရလေ၏။

စီ... စီ... စီ...

ဒယ်အိုးထဲတွင် အသားတုံးအနည်းငယ် ရှိနေပြီး မီးအပူချိန် မြင့်တက်လာသည်နှင့်အမျှ ဆီစက်တချို့သည် ဒယ်အိုးထဲမှ အဆက်မပြတ် ခုန်ထွက်နေသည်။

ထိုဆီစက်များသည် အလွန်ပူပြင်းပြီး အမျိုးသမီး၏ လက်ချောင်းများနှင့် လက်မောင်းပေါ်သို့ ကျရောက်သွားသည်။

သို့သော် အမျိုးသမီးသည် မည်သည့်အပူဒဏ်ကိုမှ မခံစားရသကဲ့သို့ ဖြစ်နေပြီး သူမ၏လှုပ်ရှားမှုများ ပို၍ချောမွေ့လာသည်။

"နောက်ဆုံးတော့ ပြီးသွားပြီ..."

ဒယ်အိုးထဲမှ အသားများ အနည်းငယ် ဝါလာချိန်၌ အမျိုးသမီးသည် မီးကို ငြှိမ်းလိုက်ပြီး အကြိမ်ကြိမ် ဆေးကြောထားသော ပန်းကန်ပြားတစ်ချပ်ကိုယူကာ အသားများကို ဂရုတစိုက် ထည့်လိုက်သည်။

မီးဖိုချောင်ထဲတွင် သင်းပျံ့သော ရနံ့တစ်ခု ရှိနေပေ၏။

အမျိုးသမီးက တူတစ်စုံကို ကောက်ကိုင်လိုက်သည်။

သို့သော် သူမ အသားတုံးတစ်တုံးဆီသို့ လက်လှမ်းပြီးနောက် အလျင်အမြန် ပြန်ရုတ်လေသည်။

"ငါ မြည်းလို့ မဖြစ်သေးဘူး... ဒီဟင်းက သူ့အတွက် လောက်ပါ့မလား မသိဘူး..."

သူမ၏မျက်လုံးများတွင် နူးညံ့သော အပြုံးတစ်ခု ထင်ဟပ်နေပြီး တီးတိုးရေရွတ်လိုက်သည်။

ထိုသို့ ပြောဆိုပြီးနောက် အမျိုးသမီးက သူမ၏အေပရွန်ကို ချွတ်ကာ ထိုင်ချလိုက်ပြီး သူမ၏လက်ပေါ်မှ ဆီများကို ဂရုတစိုက် ဆေးကြောလိုက်၏။

ထိုသို့ ပြုလုပ်ပြီးနောက် ကြေးမုံပြင်တစ်ချပ်၏ရှေ့သို့ လျှောက်လှမ်းသွားပြီး သူမ၏ဆံထုံးကို လက်ဖြင့် သေချာပြုပြင်လိုက်သည်။

ထိုအရာကို ပြုလုပ်ပြီးသွားချိန်၌ သူမသည် ပြင်ဆင်ထားသော ဟင်းပွဲများကို ယူဆောင်ပြီး ဧည့်ခန်းရှိ သစ်သားစားပွဲငယ်လေးပေါ်သို့ တစ်ခုပြီးတစ်ခု တင်လေသည်။

ထို့နောက် သူမက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကာ သူမ၏မှုန်ဝါးနေသော မျက်လုံးများတွင် မျှော်လင့်ချက် အနည်းငယ် ထင်ဟပ်လာပြီး ခြံဝန်းတံခါးဆီသို့ ဒယိမ်းဒယိုင်လျှောက်လှမ်းသွားလိုက်သည်။

ကျွီ...

သူမက လက်ဆန့်တန်းပြီး တံခါးကို ဆွဲဖွင့်လိုက်ရာ ရှေးဟောင်းသစ်သားတံခါးမှ လေးလံသောအသံ ထွက်ပေါ်လာသည်။

"လူလေး... ထမင်းဟင်း ပြင်ဆင်ပြီးပြီ... မသွားခင် စားသွားပါအုံး... အဘွားက လူလေးအတွက် ဝိုင်အရက်တချို့လည်း ပြင်ဆင်ထားတယ်..."

တံခါးပွင့်သွားချိန်၌ အမျိုးသမီးက လှမ်းအော်လိုက်သည်။

သူမ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများကို အသုံးပြုထားပေ၏။

သူမ၏အသံသည် လမ်းကြားလေးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

မကြာမီ သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်...

သူမ၏ မှုန်ဝါးသော အမြင်အာရုံထဲတွင် ရှေ့ဘက်ရှိ ကြေးဝါသော့ခလောက်သည် သံချေးတက်နေပြီး တစ်စုံတစ်ယောက်မှ ဤနေရာသို့ ပြန်လာခဲ့ဖူးပုံ မရပေ။

"ဒါက..."

အဘွားအိုသည် သူမ၏လက်ဖြင့် ခန္ဓာကိုယ်ကို အလျင်အမြန် ပွတ်သပ်လိုက်ပြီးနောက် အိတ်ကပ်ထဲတွင် အလျင်စလို မွှေနှောက်လိုက်ရာ အသစ်စက်စက် ကြေးနီသော့တစ်ချောင်းကို ရှာတွေ့လိုက်သည်။

သူမ အလျင်လိုနေပေ၏။

တံခါးခုံမှ ဆင်းလိုက်သောအခါ သူမ ခြေချော်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူမ၏ခန္ဓာကိုယ်သည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

သို့သော် သူမက လျှင်မြန်စွာ ပြန်ထပြီး ဖုန်မှုန့်များကို ခါထုတ်ကာ သံချေးတက်နေသော သော့ခလောက်ကို ဖွင့်လိုက်သည်။

ဂျောက်...

ကြည်လင်ပြတ်သားသော အသံတစ်သံက ဤတိတ်ဆိတ်သော လမ်းကြားလေးထဲတွင် ထွက်ပေါ်လာသည်။

ကြေးဝါသော့ခလောက်မှ ဆွေးမြေ့နေသော အနံ့တစ်ခုကို ထုတ်လွှတ်နေပေ၏။

သူမသည် ရှေးဟောင်းသစ်သားတံခါးပေါ်တွင် လက်တင်ထားပြီး တွန်းမဖွင့်မီ အချိန်ဆယ်စက္ကန့်ကျော် ရပ်တန့်နေခဲ့သည်။

အမျိုးသမီးသည် တံခါး၏ရှေ့တွင် မတ်တတ်ရပ်နေပြီး အတွင်းမှ ရှုခင်းကို ကြည့်လိုက်ရာ မသိလိုက်မသိဘာသာဖြင့် သူမ၏မျက်လုံးထောင့်များမှ မျက်ရည်များ ယိုစီးကျလာတော့သည်။

ခြံဝင်းထဲတွင် ယခုလေးတင် ကြီးထွားလာခဲ့သော သစ်ပင်ကြီးနှစ်ပင်သည် ညှိုးနွမ်းသွားပြီး ရှုံ့တွနေသော ပင်စည်များသာ ကျန်ရစ်တော့သည်။

မြေပြင်ပေါ်တွင် ပေါင်းပင်များ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေပေ၏။

ခြံဝန်းအတွင်းဘက်ရှိ အိမ်၏ပြတင်းပေါက် စက္ကူများ စုတ်ပြဲနေသည်။

မက်မွန်ပင် ပျောက်ဆုံးနေကာ....

သစ်သားကုလားထိုင်များ ရှိနေသေးသော်လည်း သစ်သားစားပွဲသည် ဆွေးမြေ့နေသော နွယ်ပင်များ ဖြစ်သွားခဲ့လေပြီ။

အမျိုးသမီး၏ခန္ဓာကိုယ် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်ရီနေသည်။ သူမသည် လက်ကို မြှောက်လိုက်ပြီး ဖုန်မှုန့်များ ပေကျံနေသော အင်္ကျီလက်ဖြင့် သူမ၏မျက်လုံးထောင့်မှ မျက်ရည်စများကို သုတ်လိုက်၏။

သူမ၏မျက်နှာထားမှာ အနည်းငယ် တွေဝေမိန်းမောနေသည်။

ထိုနေရာတွင် မတ်တတ်ရပ်နေရင်း သူမသည် ဆယ်မိနစ်ခန့် တိတ်ဆိတ်နေပြီးမှ ပြောဆိုလိုက်သည်။

"အဲ့ဒီလူငယ်ရဲ့ နာမည်က ဘယ်သူပါလိမ့်... ကြည့်စမ်း ငါ့ရဲ့မှတ်ဉာဏ်ကို... ဘယ်လိုလုပ်ပြီးတော့ ငါက ထပ်မေ့သွားရတာလဲ... ထားလိုက်ပါတော့... နှစ်ပေါင်း ၈၀ တောင် ရှိနေပြီပဲ... ဒီနောက်ဆုံး ရက်နည်းနည်းလောက်ကို ငါ ဂရုမစိုက်သင့်တော့ဘူး..."

All Chapters