စူးစမ်းလေ့လာခြင်း
Vol. 13 Ch. 138
လမ်းကြားလေးထဲတွင်....
ချန်ရှောင်သည် အနည်းငယ် စိုးရိမ်ပူပန်သော အမူအယာဖြင့် ဖုန်းကို ကိုင်ထားလေ၏။
"ဆရာ... ကိစ္စတစ်ခု ဖြစ်သွားပြီ..."
ချန်ရှောင်က အလျင်စလို သတင်းပို့လိုက်သည်။
ဖုန်း၏တစ်ဖက်ခြမ်းမှ ဝမ်အန်း၏အသံ တည်ငြိမ်နေသည်။
"ဘာကိစ္စလဲ..."
"သ... သခင်ကြီး... သူ ခုဏက ဒီလမ်းကြားလေးထဲမှာ ရှိနေတာ သေချာတယ်... ဒါပေမဲ့ ချက်ချင်းပျောက်သွားတယ်... သူက ကျွန်တော့်ကို သူ့အတွက် အထောက်အထားတစ်ခု စီစဉ်ခိုင်းပြီးတော့ အီဂျစ်ပြည်ကို သွားမယ်လို့ ပြောတယ်... ကျွန်တော် စီစဉ်ပြီးလို့ သူ့ဆီ စာရွက်စာတမ်းတွေ သွားပေးမလို့ လုပ်တုန်း..." ချန်ရှောင်က လျင်မြန်စွာ ပြောဆိုသည်။
ဝမ်အန်းက ထိုစကားများကို နားထောင်ပြီးနောက် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင် လုံးဝမရှိပေ။
"သခင်ကြီးက မင်းကို ပြင်ဆင်ခိုင်းရင် မင်း ပြင်ဆင်ပေးလိုက်ရုံပဲ... ငါထင်တာ မှန်မယ်ဆိုရင် သူက အခု အီဂျစ်ပြည်ကို ရောက်နေလောက်ပြီ... ငါတို့ လုပ်ရမှာက လမ်းခရီးမှာ သူ့အတွက် အနှောင့်အယှက်ဖြစ်စေမယ့် ပြဿနာတွေကို ရှင်းလင်းပေးဖို့ပဲ..."
"အမ်..."
ချန်ရှောင် အချိန်တခဏကြာမျှ ကြောင်အမ်းသွားပြီး သူ၏မျက်နှာပေါ်တွင် တွေဝေမှုများဖြင့် ပြည့်နှက်သွားသည်။
သူသည် အဆက်အသွယ်များကို ရှာဖွေပြီး စာရွက်စာတမ်းများ ပြင်ဆင်နေသည်မှာ အချိန်နာရီဝက်အောက်သာ ကြာမြင့်သည်။
သို့ရာတွင် ဝမ်အန်းက ယဲ့ပိုင်သည် အီဂျစ်ပြည်သို့ ရောက်ရှိနေပြီဟု ပြောဆိုနေပေ၏။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
ချန်ရှောင် ခေါင်းပေါက်ထွက်အောင် စဉ်းစားလျှင်ပင် မည်သို့ ဖြစ်ပျက်နေသည်ကို သူ သဘောပေါက်နိုင်မည် မဟုတ်ချေ။
ဝမ်အန်း၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။
"တချို့ကိစ္စတွေကို မင်း မသိသင့်ဘူး... ဒါကြောင့် မင်း သိစရာ မလိုဘူး... သခင်ကြီးရဲ့ စွမ်းရည်က မင်း စိတ်ကူးယဥ်တွေးတောကြည့်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး..."
"ဟုတ်ကဲ့..."
ချန်ရှောင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ဝန်ခံလိုက်သည်။
သူ၏စိတ်ထဲတွင် အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်သည် ထပ်မံ၍ ထွက်ပေါ်လာပေ၏။
သို့သော် သူ မည်မျှပင် ကြိုးစားပါစေ ထိုပုံရိပ်၏ရုပ်သွင်ကို သူ လုံးဝမမှတ်မိနိုင်တော့သည်အား တွေ့ရှိလိုက်ရသည်။
ထူးဆန်းသော ခံစားချက်တစ်ခုက သူ၏နှလုံးသား နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည်။ မသိလိုက်မသိဘာသာဖြင့် သူ၏ဝတ်စုံတွင် ချွေးများဖြင့် စိုရွှဲသွားတော့သည်။
...
ခူးဖူ ပိရမစ်သည် ယခုအချိန်ထိ အီဂျစ်ပြည်တွင် ရှာဖွေတွေ့ရှိခဲ့သော ပိရမစ် ၇၀ ကျော်အနက် အကြီးဆုံးပင်။
နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်သော ခရီးသွား ဧည့်သည်များသည် ခူးဖူပိရမစ်ကို လာရောက်ကြည့်ရှုပြီး အံ့အားသင့်မှင်သက်နေကြသည်။
ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေး တိုးတက်ကောင်းမွန်လာမှုသည် ဤခေတ်တွင် ကမ္ဘာတဝှမ်းလုံးက သိရှိထားသော အံ့အားသင့်ဖွယ် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ယနေ့တွင်မူ ခူးဖူပိရမစ်၏ ပတ်ဝန်းကျင်နေရာတဝိုက်ကို အီဂျစ် အာဏာပိုင်များက ပိတ်ဆို့ထားလိုက်သည်။
ခရီးသွားဧည့်သည်များ ဖြစ်စေ သာမန်အလုပ်သမားများ ဖြစ်စေ သူတို့အားလုံးကို မီတာထောင်ပေါင်းများစွာ အကွာသို့ မောင်းထုတ်လိုက်ကြသည်။
သို့သော် သူတို့၏စိတ်အားထက်သန်မှုသည် လျော့ပါးသွားခြင်း မရှိပေ။
"ငါ ကြားတာတော့ ဒီတစ်ကြိမ်မှာ အီဂျစ်အရာရှိတွေက နိုင်ငံကြီး ၇ နိုင်ငံက ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့.....ဒီနှစ်ပေါင်းငါးထောင် သက်တမ်းရှိတဲ့ ပိရမစ်ကို ပိုပြီးနက်နက်ရှိုင်းရှိုင်း တူးဖော်ဖို့ ပြင်ဆင်နေကြတယ်တဲ့... ငါ အံ့သြမိတာက ဒီပိရမစ် တည်ရှိနေတာ ဒီလောက် ကြာနေပြီကို ဘာလို့ စောစောက မလုပ်ခဲ့ကြတာလဲ..."
ကြည့်ရှုနေသူများအနက် အသားအရေ ဖြူဝင်းပြီး အလွန်သန့်ရှင်းစင်ကြယ်သော ရုပ်ရည်ရှိကာ ဂါဝန်ဖြူကိုဝတ်ဆင်ထားသည့် တရုတ်အမျိုးသမီးတစ်ဦးက သူမ၏အမျိုးသားအဖော်ကို စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ သူမ စကားပြောလိုက်ချိန်၌ သူမ၏အသံသည် အနည်းငယ် အက်ရှနေပေ၏။
ထိုအမျိုးသားအဖော်သည် အရပ်မရှည်ဘဲ အသားညိုကာ ရွှေကိုင်းမျက်မှန်တစ်လက်ကို တပ်ဆင်ထားသည်။ သူ နေရာတွင် ရိုးရိုးရှင်းရှင်း မတ်တတ်ရပ်နေရုံဖြင့် မမြင်ရသော အရှိန်အဝါတစ်ရပ် သူ့ထံမှ ထွက်ပေါ်နေသည်ကို ခံစားနိုင်သည်။ အမျိုးသမီး၏ စကားကို ကြားပြီးနောက် သူသည် မျက်မှန်ဘောင်ကို အရင်ပင့်တင်ပြီးမှ ပြောဆိုလိုက်သည်။
"ခူးဖူပိရမစ်ဆိုတာက ကြီးမားတဲ့ ကျောက်တောင်ကြီးတစ်တောင်ပဲ... ဒီအရာရဲ့မွေးဖွားမှု ကိုယ်တိုင်က ကြီးကျယ်ခမ်းနားတဲ့ အံ့အားသင့်ဖွယ်တစ်ခုပဲ... အဲ့ဒီပိရမစ်ထဲမှာ မဖြေရှင်းနိုင်တဲ့ ပဟေဠိတွေ ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာ ငါ မသိဘူး... အရင်တုန်းက နည်းပညာ မရှိလို့ ဖြစ်လိမ့်မယ်... ဒါပေမဲ့ မကြာသေးခင် ကာလတွေမှာ နည်းပညာတွေက အရမ်းတိုးတက်လာပြီ ဆိုတော့ စူးစမ်းလေ့လာဖို့ လိုအပ်လာတာပေါ့... ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် အီဂျစ်ဘက်က ကျွမ်းကျင်ပညာရှင်တွေအများကြီး ရှာဖွေနေတာကိုကြည့်ရင် ဒီစူးစမ်းလေ့လာမှု ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ ရှင်းပြဖို့ လုံလောက်တယ်..."
"အရမ်းမိုက်တာပဲ..."
အမျိုးသမီးက အံ့အားတသင့် ရေရွတ်လိုက်သည်။
"ဒါပေါ့... ကမ္ဘာ့ 'အဋ္ဌမမြောက် အံ့ဖွယ်' အနေနဲ့ ဒီပိရမစ်က တစ်နည်းပြောရရင် ဂြိုဟ်သားတွေရဲ့ ဖန်တီးမှုနဲ့တောင် ယှဉ်လို့ရတယ်... ကမ္ဘာပေါ်က လူတိုင်းက ဒါကို သိထားကြတာပဲ... ခေတ်အဆက်ဆက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပထမဆုံး ချင်ဧကရာဇ်ရဲ့သင်္ချိုင်းဂူတစ်ခုပဲ အဲ့ဒီအရာတွေနဲ့ ယှဉ်နိုင်မယ်လို့ ငါ ထင်တယ်..." အမျိုးသားက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
သူ ပြောဆိုပြီးသည်နှင့် သူ၏ဘေးရှိ ဝတ်ရုံဖြူဝတ် အီဂျစ်လူမျိုးတစ်ဦးသည် မပျော်မရွှင် ဖြစ်သွားပေ၏။ ထိုလူသည်လည်း တရုတ်စကား ပြောတတ်သည်။ သူသည် ထိုအမျိုးသားကို ကြည့်ပြီး ပြောဆိုလိုက်ရာ သူ၏အသံတွင် သရော်တော်တော် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
"တရုတ်လူမျိုးတွေလား... ခင်ဗျားတို့ သိထားရမှာက ခူးဖူပိရမစ် ဆိုတာ ကမ္ဘာ့အံ့ဖွယ်ရှစ်ခုထဲက တစ်ခုပဲ... ဒါပေမဲ့ ခင်ဗျားတို့ ပြောတဲ့ ပထမဆုံး ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူဆိုတာက အခုထိ တူးဖော်လို့ မရသေးဘူး... အထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူက သိမှာလဲ... ဒါကြောင့် ကျုပ်တို့ အီဂျစ်ရဲ့အံ့ဖွယ်တွေကို ခင်ဗျားတို့ရဲ့ ဂူသင်္ချိုင်းနဲ့ လာမယှဉ်ပါနဲ့..."
"ဟုတ်တယ်... ဖာရိုဘုရင်ပိရမစ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ခင်ဗျားတို့လိုလူတွေက နားလည်နိုင်လို့လား..."
သူ၏ဘေးမှ လူတစ်ယောက်ကလည်း အထင်သေးသောလေသံဖြင့် ဝင်ရောက်ပြောဆိုသည်။
ထိုအမျိုးသားသည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏မျက်နှာ နီမြန်းသွားသည်။
တစ်စုံတစ်ခု မှားနေသည်ဟု သူ ခံစားရသော်လည်း အချိန်တခဏကြာသည်အထိ သူ မည်သို့ ပြန်ချေပရမည်ကို မသိတော့ချေ။
သို့သော် သူ အံ့တင်းတင်းကြိတ်လိုက်ချိန်တွင် တည်ငြိမ်သော အသံတစ်သံ ပျံ့လွင့်လာသည်။
"နိုင်ငံခြောက်နိုင်ငံကို သိမ်းပိုက်ပြီး ခေတ်အဆက်ဆက်မှာ ကျော်ကြားခဲ့တဲ့ ချင်ဧကရာဇ်... ဒီစကားလုံးတွေကို ရှေးကျပြီး ကျော်ကြားတယ်လို့ သတ်မှတ်လို့ ရတယ်... လောလောဆယ်မှာ ပထမဆုံး ချင်ဧကရာဇ် သင်္ချိုင်းဂူကနေ တရုတ်ရွှံ့ရုပ်စစ်သည်တော်တွေကိုပဲ တူးဖော်ရသေးတာတောင် ကမ္ဘာတဝှမ်းလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီးပြီ... နှစ်ကာလတွေကို သက်သေပြနိုင်မယ့် အထဲမှာ ဝှက်ထားတဲ့ ရှားပါးရတနာတွေဆိုရင် ပြောနေဖို့တောင် မလိုတော့ဘူး..."
ထိုအသံသည် အချက်အလက်တစ်ခုကို ပြောပြနေသည့်အလား အလွန်ပေါ့ပါးနေသည်။
ထိုစကားများကို ကြားပြီးနောက် ထိုလူများသည် အသံလာရာဆီသို့ တစ်ယောက်ပြီး တစ်ယောက် ကြည့်လိုက်ကြသည်။
ဤှသည်မှာ အနက်ရောင်ဆံပင်ရှည်များရှိပြီး ဝတ်စုံဖြူကို ဝတ်ဆင်ထားသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးပင်။
လူအုပ်ကြီးထဲတွင် ထိုလူငယ်သည် လက်တစ်ဖက်နောက်ပစ်၍ မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများ အလွန်အေးစက်နေကာ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ လူအုပ်ကြီးနှင့် သဟဇာတ မဖြစ်ချေ။
ထိုအဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ယဲ့ပိုင်ပင်။
"တရုတ်ပြည်ကပဲလား... မင်းက ဘာသိလို့လဲ..."
ဝတ်ရုံဖြူဝတ် အီဂျစ်လူမျိုးသည် အချိန်တခဏကြာမျှ တုံ့ဆိုင်းသွားပြီးနောက် အနည်းငယ် ဒေါသထွက်သွားသည်။
သို့သော် ယဲ့ပိုင်သည် ထိုအီဂျစ်လူမျိုးကို လုံးဝလျစ်လျူရှုလိုက်ပြီး ဖျော့တော့တော့ အသံဖြင့် ဆက်လက်၍ ပြောဆိုသည်။
"တစ်ဖက်မှာကျတော့ ဒီခူးဖူပိရမစ်က ဖာရိုဘုရင်ရဲ့ အာဏာစွမ်းအားကို ပြသဖို့နဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ဖို့အတွက် သန်းနဲ့ချီတဲ့ အသက်တွေကို လျစ်လျူရှုခဲ့တယ်... ပြီးတော့ အဲ့ဒီတန်ကြေးကို ပေးဆပ်ပြီး ဒီပိရမစ်ကို ဒီနေရာမှာ ချန်ထားခဲ့တာပဲ..."
"မင်းလို ကောင်လေးက ဘာနားလည်လို့လဲ... ဒါက ဘယ်လို သဘောထားမျိုးလဲ... ခူးဖူပိရမစ်က လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ဖို့ သက်သက်ပဲ အသုံးပြုတာလို့ မင်း ပြောရဲတယ်ပေါ့..."
ဝတ်ရုံဖြူဝတ် အီဂျစ်လူမျိုးသည် ထိုစကားများကို ကြားချိန်၌ ဒေါသတကြီး အော်ဟစ်လိုက်သည်။
အီဂျစ်လူမျိုးတစ်ဦးအနေဖြင့် ပိရမစ်တစ်ခုသည် အတိုင်းအတာတစ်ခုထိ သူ၏စိတ်နှလုံးသားထဲမှ ယုံကြည်ချက်တစ်ခုဖြစ်ကာ တရုတ်လူမျိုးများနှင့် ထပ်တူထပ်မျှပင်။ အကယ်၍ နိုင်ငံခြားသားများက မဟာတံတိုင်းကြီးသည် သားရဲတိရစ္ဆာန်များကို ကာကွယ်ရန် အမှိုက်ကျောက်တုံးများဖြင့် စုပုံတည်ဆောက်ထားခြင်း ဖြစ်သည်ဟု ပြောလာပါက သူတို့ အလွန်မပျော်မရွှင် ဖြစ်ကြမည်မှာ သေချာပေါက်ပင်။
"မင်း ဒါကိုမယုံဖို့ ရွေးချယ်လို့ရတယ်..."
ယဲ့ပိုင်၏အသံသည် လျစ်လျူရှုထားသကဲ့သို့ ရှိနေဆဲပင်။ သူ စကားပြောလိုက်ချိန်၌ သူ၏တည်ငြိမ်အေးဆေးသော အကြည့်သည် ဝတ်ရုံဖြူဝတ် အီဂျစ်လူမျိုးထံသို့ ပေါ့ပေါ့ပါးပါး ကျရောက်သွားသည်။
ထိုအီဂျစ်လူမျိုးသည် တွင်းနက်ကြီးကဲ့သို့ နက်ရှိုင်းသော မျက်လုံးသူငယ်အိမ်များကို မြင်လိုက်ရချိန်၌ သူ၏ခြေဖဝါးမှ နဖူးထိ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် နေရာမှာပင် တောင့်တင်းသွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။
ထို့နောက် ယဲ့ပိုင်က အကြည့်လွှဲလိုက်ပြီး ခူးဖူပိရမစ် ရှိရာဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
သေနတ်များကိုင်ဆောင်ထားသော အီဂျစ် အာဏာပိုင်တချို့သည် သတိထားနေသော မျက်နှာထားဖြင့် ယဲ့ပိုင်ကို ကြည့်လိုက်ကြသည်။
အရှိန်အဝါ အပြည့်ရှိသော အသားညိုညိုအမျိုးသားသည် သတိပြန်ဝင်လာပြီး ယဲ့ပိုင်၏ အပြုအမူကို မြင်တွေ့ချိန်၌ အချိန်တခဏကြာတွန့်ဆုတ်နေပြီးမှ လှမ်းအော်လိုက်သည်။
"ညီလေး... မင်း ဝင်သွားလို့ မရဘူး... ဒီနေ့ ဒီနေရာကို ပိတ်ထားတယ်... အဲ့ဒီလူတွေက သေနတ်အစစ်တွေ ကျည်အစစ်တွေ ကိုင်ထားတာ... သူတို့ ရောက်လာရင် မင်း သေချာပေါက် ဒုက္ခတွေ့လိမ့်မယ်..."
နေကာမျက်မှန် တပ်ဆင်ထားသော သန့်ရှင်းစင်ကြယ်သည့် ရုပ်ရည်နှင့် အမျိုးသမီးသည်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ထိုစကားကိုကြားချိန်၌ သူမက အမျိုးသားကို ဆွဲဆိတ်လိုက်သည်။
"ရှင်က ဘာသဘောလဲ... ဘာလို့ ဒီလောက်ထိ အသံကျယ်နေရတာလဲ... တမင်သက်သက် သူ့ကို ဒုက္ခပေးနေတာလား..."
အမျိုးသမီး ပြောဆိုပြီးသည်နှင့် တပြိုင်နက် အီဂျစ်လုံခြုံရေးဝန်ထမ်း အမြောက်အများသည် ကြီးမားသော အရှိန်အဟုန်ဖြင့် ယဲ့ပိုင်ရှိရာဘက်သို့ ပြေးဝင်သွားကြလေပြီ။