ပျက်ကွက်ခြင်း
Vol. 13 Ch. 139
ဤလျှို့ဝှက်ဆန်းကြယ်သော ရှာဖွေရေးစီမံကိန်း စတင်ကတည်းက ခူးဖူပိရမစ်ကို လုံးလုံးလျားလျား ပိတ်ဆို့ထားခဲ့သည်။
လုံခြုံရေးဝန်ထမ်းများသည် နေရာတိုင်းတွင် ရှိနေကြ၏။
ထိုလူများအားလုံးသည် ထိပ်တန်းလုံခြုံရေးဝန်ထမ်းများအနက်မှ လက်ရွေးစင်များပင်။ သူတို့သည် စက်သေနတ်ငယ်ကို ကိုင်ဆောင်ထားပြီး ဘာမှမလုပ်ဘဲ မတ်တတ်ရပ်နေရုံဖြင့် လူအများကို ချဉ်းကပ်၍မရနိုင်သော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
ပိတ်ဆို့ထားသော နယ်မြေအတွင်းတွင် ယာယီတဲ အမြောက်အများကိုလည်း တည်ဆောက်ထားသည်။
ထိုယာယီတဲများအားလုံးကို နိုင်ငံအသီးသီးမှ ရှေးဟောင်းသုတေသနပညာရှင်များ ယာယီ နေထိုင်ရန်အတွက် အသုံးပြုကြသည်။
ထိုရှေးဟောင်းသုတေသနပညာရှင် တစ်ဦးချင်းစီသည် နိုင်ငံတော်အဆင့် ရတနာများ ဖြစ်ကြပြီး သူတို့အနက်မှ တစ်ယောက်ယောက် မတော်တဆ ဆုံးရှုံးသွားပါက သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤနေရာကို ဖြတ်သန်းသွားလာလိုသော မည်သူမဆို သူတို့၏အထောက်အထားများကို အတည်ပြုရန် တင်းကြပ်သော စစ်ဆေးမှုများကို ခံယူရပေမည်။
ယဲ့ပိုင်သည် ဤအတိုင်း လျှောက်လှမ်းလာပေ၏။ သူသည် တိတ်ဆိတ်စွာ လျှောက်လှမ်းလာသော်လည်း အာရုံစိုက်မှု အမြောက်အများကို ရရှိနေဆဲပင်။
အထူးသဖြင့် အပြင်ဘက်တွင် တားဆီးခံထားရသော ခရီးသွားဧည့်သည်များသည် မအော်ဘဲ မနေနိုင်တော့ချေ။
"အဲ့ဒီလူက ဘာလုပ်ချင်တာလဲ..."
တစ်စုံတစ်ယောက်က စူးစူးရဲရဲကြည့်ရင်း ယဲ့ပိုင် ရှိရာဘက်သို့ လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
လူတစ်ယောက်၏မျက်လုံးများ တောက်ပလာသည်။
"အဲ့ဒီလူက အရမ်း ငယ်သေးတာပဲ... ခုဏက ခရီးသွားတွေကြားထဲမှာ သူ့ကို တွေ့လိုက်ပါသေးတယ်... အဲ့ဒီကောင်လေးက အထဲကို အတင်းဝင်ချင်နေတာများလား... ဒီအချိန်မှာ ဝင်သွားတာက သေလမ်းရှာတာနဲ့ အတူတူပဲ..."
"ဟေး... လူငယ်လေး... မဟုတ်ကဟုတ်ကတွေ တွေးမနေနဲ့... မြန်မြန် ပြန်လာခဲ့..."
အသက်ခုနစ်ဆယ် ရှစ်ဆယ်အရွယ် အဘိုးအို တစ်ဦးက ယဲ့ပိုင်ကို တားမြစ်လိုခဲ့သည်။
ခူးဖူပိရမစ်၏လျှို့ဝှက်ချက်ကို ဖော်ထုတ်တော့မည် ဖြစ်သောကြောင့် ခရီးသွား ဧည့်သည် အမြောက်အများက စိတ်ဝင်တစား လာရောက်ကြခြင်း ဖြစ်သည်။
အပြင်ဘက်တွင် တားဆီးခံထားရသော သတင်းထောက်များစွာလည်း ရှိနေပေ၏။
ဤနေရာပတ်ဝန်းကျင်သည် အမြဲတစေ တည်ငြိမ်နေပြီး လှုပ်ရှားမှု မရှိခဲ့ပေ။
သတင်းထောက်များသည် စိတ်မရှည် ဖြစ်နေကြသဖြင့် ယဲ့ပိုင် လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်၌ စိတ်လှုပ်ရှားစရာ အပိုင်းများကို လွတ်သွားမည်အား စိုးရိမ်သွားသည်။ သူတို့သည် ကင်မရာ အတိုအရှည်များကို ကိုင်ဆောင်ရင်း ချက်ချင်းဆိုသလိုပင် တက်ကြွလာကြသည်။
"မြန်မြန်... ဓာတ်ပုံရိုက်ထား... သူ တစ်ခုခု လုပ်ရင် သတင်းကြီး ဖြစ်လာမှာ..."
"သောက်ကျိုးနည်း... ပိတ်ရပ်ထားတဲ့ လူတွေက များလိုက်တာ..."
"ငါ့ကို လမ်းဖယ်ပေးကြပါအုံး.. ကူညီကြပါ..."
သတင်းထောက်များသည် လူအုပ်ထဲတွင် အဆက်မပြတ် တိုးဝှေ့နေကြပြီး သူတို့၏ပါးစပ်များမှ အသံများလည်း မရပ်မနား ထွက်ပေါ်နေသည်။
အခင်းဖြစ်ပွားရာနေရာသည် အနည်းငယ် ရှုပ်ထွေးနေပေ၏။
ယခင်က ယဲ့ပိုင်နှင့် ငြင်းခုံခဲ့သော ဝတ်ရုံဖြူဝတ် အီဂျစ်လူမျိုးသည် နောက်ဆုံး၌ ဖြည်းဖြည်းချင်း သတိပြန်ဝင်လာသည်။
အစောပိုင်းက သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည့် ခံစားချက်သည် သူ့ကို အလွန်နေရခက်စေခဲ့ပေ၏။
ထိုခံစားချက်က သူ့ကို ပို၍ပင် ဒေါသထွက်စေသည်။
လုံခြုံရေးဝန်ထမ်းများကိုကြည့်ရင်း သူသည် ကြီးမားသော အရှိန်အဟုန်ဖြင့် ယဲ့ပိုင် ရှိရာဘက်သို့ ပြေးသွားကာ တွန့်ဆုတ်ခြင်း မရှိဘဲ အော်ပြောလိုက်သည်။
"ဟေး... မိတ်ဆွေတို့... အဲ့ဒီလူမှာ လက်နက်တွေ ပါတယ်... သတိထား... သူက လူကောင်း မဟုတ်ဘူး... သူက ပိရမစ်ကို ဖျက်ဆီးချင်နေတာ..."
လူအုပ်ကြီးထဲမှအသံများသည် အလွန်ရှုပ်ထွေးနေသော်လည်း...
ထိုစကားကို ပြောဆိုပြီးနောက်...
အခင်းဖြစ်ပွားရာနေရာသည် ချက်ချင်းဆိုသလိုပင် ထူးဆန်းစွာ တိတ်ဆိတ်သွားပေ၏။ လူများအားလုံးသည် ယဲ့ပိုင်ကို ကြည့်ပြီးနောက် သူတို့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြသည်။
သို့သော် နောက်ထပ်ဖြစ်ပေါ်လာသော မြင်ကွင်းသည် ထိုလူများအားလုံးကို ကြောင်အသွားစေသည်။
လုံခြုံရေးဝန်ထမ်းများသည် ယဲ့ပိုင်၏ ရှေ့သို့ ပြေးသွားကြသော်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသော အငွေ့အသက်များ ချက်ချင်းငြိမ်သက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ထိုလုံခြုံရေးဝန်ထမ်းများကို ဦးဆောင်လာသော အီဂျစ်လူမျိုးက ယဲ့ပိုင်ကို လေးလေးစားစား အလေးပြုလိုက်သည်။
"မင်္ဂလာပါ ပါမောက္ခယဲ့..."
တစ်ချိန်တည်းမှာပင် သူသည် ယဲ့ပိုင်ကို အားမာန်ပါသော အသံဖြင့် နှုတ်ဆက်လိုက်၏။
ထို့ပြင် စိတ်လှုပ်ရှားစရာများကို စောင့်ကြည့်နေကြသူများလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"မင်းတို့ နောက်နေကြတာလား... ရှေးဟောင်း ဝတ်စုံနဲ့ အဲ့ဒီကောင်က ပါမောက္ခတဲ့လား... ကြည့်ရတာ ၁၈ နှစ်တောင် ပြည့်ပုံမရသေးဘူး... တရုတ်ပြည်မှာ အဲ့ဒီလောက်ငယ်တဲ့ ပါမောက္ခ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ... ငါ ဘယ်တုန်းကမှ မကြားဖူးဘူး..."
အသားညိုညို အမျိုးသားသည် ကြောင်တောင်တောင် ဖြစ်သွားပြီး သူ၏ ဦးနှောက်ထဲတွင် မရေမတွက်နိုင်သော ပဟေဠိများဖြင့် ပြည့်နှက်သွားသည်။
သို့သော် သူ၏ဘေးမှ အပြစ်ကင်းစင်သော မိန်းမလှလေးကမူ စူးရှသောအကြည့်ဖြင့် ယဲ့ပိုင်ကိုကြည့်ကာ တိုးညှင်းစွာ ပြောဆိုသည်။
"သူက အရမ်းချောတာပဲ... ပြီးတော့ ပညာအရည်အချင်းလည်း မြင့်မားတယ်... ဒါက တကယ့်ကို ပါရမီရှင်ပဲ... သူက အောင်မြင်တဲ့ လူတစ်ယောက်ပဲ..."
ဝတ်ရုံဖြူဝတ် အီဂျစ်လူမျိုးကမူ သူ၏မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်နေပြီး သူ အမြင်မှားနေသည်ဟု သံသယဝင်မိပေ၏။
သတင်းထောက်များသည်လည်း ထပ်တူထပ်မျှပင်။
သူတို့သည် စိတ်ထဲရှိ မှတ်ဉာဏ်များကို အလျင်အမြန် ပြန်လည်ရှာဖွေနေကြပြီး မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန် ကြိုးစားနေကြသည်။
လူများအားလုံး ဇဝေဇဝါ ဖြစ်နေချိန်တွင်...
ရှေ့ဆုံးမှ လျှောက်လှမ်းလာသော လုံခြုံရေး အရာရှိက ထပ်မံ၍ ပြောဆိုလိုက်သည်။
"ပါမောက္ခယဲ့... ကျွန်တော်တို့ဘက်က ခူးဖူ ပိရမစ်ကို နောက်ဆုံးအဆင့် စူးစမ်းလေ့လာမှု ပြုလုပ်တော့မှာပါ... ဒါပေမဲ့ အခက်အခဲတချို့ကို မကျော်လွှားနိုင်သေးဘူး... အခု နိုင်ငံကြီးတွေက ကျွမ်းကျင်ပညာရှင်တွေက နောက်ဆုံး ဆွေးနွေးမှုကို ပြုလုပ်ဖို့ ပါမောက္ခယဲ့ကို တစ်နာရီကျော် စောင့်နေကြပါတယ်... ပါမောက္ခယဲ့... ကြွပါ..."
ဤသို့ ပြောဆိုပြီးနောက် သူသည် လေးစားစွာဖြင့် ဖိတ်ခေါ်သော ဟန်ပန်ကို ပြုလုပ်လိုက်သည်။
အစမှအဆုံးထိ ယဲ့ပိုင်၏အထောက်အထားကို ထိုလုံခြုံရေးခေါင်းဆောင်သည် အတည်ပြုခဲ့ခြင်း မရှိချေ။
သူသည် တိုးညှင်းစွာ ပြောဆိုလိုက်သော်လည်း ထိုစကားစုကို အလွန်ရှင်းလင်းစွာ ကြားလိုက်ရသည်။
ခရီးသွားဧည့်သည်များသည် မျက်လုံးအပြူးသားဖြင့် ထိုမြင်ကွင်းကို စိုက်ကြည့်နေကြ၏။
ဝတ်ရုံဖြူဝတ် အီဂျစ်လူမျိုးသည် ပါးစပ်အဟောင်းသား ဖြစ်နေပြီး အစောပိုင်းက ပိရမစ်ကို စော်ကားခဲ့သော ကောင်လေးသည် ယခုအချိန်၌ နိုင်ငံ ၇ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ စောင့်ဆိုင်းနေရသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် မည်သို့ ပြောင်းလဲသွားသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။
နေကာမျက်မှန် တပ်ထားသော အမျိုးသမီးနှင့် အသားညိုညို အမျိုးသားတို့ကမူ နေရာမှာပင် ကြက်သေသေသွားကြပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ချေ။
သတင်းထောက်များပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
ယဲ့ပိုင်ကမူ တည်ငြိမ်နေဆဲပင်။ ဝမ်အန်း အနေဖြင့် ကိစ္စရပ်များကို ဤမျှထိ သေချာစွာ စီစဉ်ထားနိုင်သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။
သူသည် အနောက်ဘက်မှ လူများ၏ တုံ့ပြန်မှုများကို ဂရုမစိုက်ဘဲ လုံခြုံရေးအရာရှိကို အချိန်တခဏကြာမျှကြည့်ပြီး ပြောဆိုလိုက်သည်။
"သွားကြစို့..."
"ဟုတ်ကဲ့... ပါမောက္ခယဲ့..."
လုံခြုံရေးအရာရှိက အလေးပြုပြီး ချက်ချင်းတုံ့ပြန်အဖြေပေးလိုက်သည်။
သူ နောက်လှည့်ကြည့်လိုက်ချိန်၌ ခရီးသွား အုပ်စုကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိပေးနေပုံ ရသည်။
လုံခြုံရေးအရာရှိနှင့်အတူ ပါလာသော လုံခြုံရေး ဝန်ထမ်းများသည် ယဲ့ပိုင်၏နောက်တွင် လျှင်မြန်သပ်ရပ်စွာ တန်းစီလိုက်ကြပြီး ညီလာခံ စုဝေးရပ်ရှိရာဘက်သို့ လျှောက်လှမ်းသွားကြတော့သည်။
...
ကွင်းပြင်ကျယ်ကြီး တစ်ခုပေါ်တွင် ကြီးမားသော ယာယီတဲတစ်လုံးကို တည်ဆောက်ထားသည်။
တဲ၏အပြင်ဘက်တွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော အီဂျစ်လူမျိုးများ ဝိုင်းရံထားကြ၏။
သူတို့၏မျက်နှာများသည် အေးစက်တင်းမာနေကာ သူတို့၏မျက်လုံးများသည် မီးတုတ်များအလား စူးရှတောက်ပနေသည်။
မတော်တဆမှု တစ်စုံတစ်ရာ မဖြစ်ပွားစေရန် သူတို့သည် ပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ ကြည့်ရှုနေကြသည်။
ယာယီတဲ၏ဝင်ပေါက်တွင် အနီရောင် စာတမ်း တစ်ခုကို ချိတ်ဆွဲထားသည်။ 'အီဂျစ်ပိရမစ် ရှေးဟောင်းသုတေသန ညီလာခံစုဝေးရပ်' ဟူသော စာသားကို နိုင်ငံ ၇ နိုင်ငံ၏ ဘာသာစကားအသီးသီးဖြင့် ရေးသားထားပေ၏။ အဝေးမှ လှမ်းကြည့်လိုက်ရုံဖြင့် ထိုယာယီတဲအတွင်း၌ ပညာရပ်ဆိုင်ရာ အငွေ့အသက်များ ပျံ့နှံ့နေသည်ကို ခံစားနိုင်သည်။
တဲအတွင်း၌ ထိုင်ခုံများကို အတန်းလိုက် သပ်ရပ်စွာ စီစဉ်ထားသည်။
စင်မြင့်ပေါ်တွင်လည်း လူများဖြင့် ပြည့်နှက်နေပေ၏။
သို့သော် စင်မြင့်အလယ်ရှိ နေရာသည် လွတ်နေကာ ဤအချိန်တွင် ပတ်ဝန်းကျင်ရှိအခြေအနေ အတော်လေး ထူးဆန်းနေသည်။
စင်မြင့်၏ဘယ်ဘက်ခြမ်းတွင် လူဖြူ အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ့ထံတွင် မီးခိုးရောင်ဆံပင်များ ရှိပြီး မျက်မှောင်ကြုတ်ထားသည်။
သူသည် လက်ကောက်ဝတ်ရှိ နာရီကို ရံဖန်ရံခါ ကြည့်လိုက်ပြီး အလွန်အမင်း စိတ်မရှည်နိုင် ဖြစ်နေပုံရသည်။ သူသည် တစ်ဖက်သို့လှည့်လိုက်ပြီး နံဘေးမှ တခြားရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးကို ကြည့်ကာ ဒေါသတကြီး ပြောဆိုလိုက်သည်။
"ဒီလို အစည်းအဝေးမျိုးကို ဘာလို့ ယဲ့ပိုင်က ဦးဆောင်ရမှာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး..."
သူ၏နံဘေးတွင် မျက်လုံးမှေးပြီး တည်ငြိမ်နေပုံရသော အသားဝါဝါ အဘိုးအိုတစ်ဦးလည်း ရှိနေသည်။
လူဖြူအမျိုးသား ပြောဆိုသည်ကို ကြားပြီးနောက် သူက တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"မှတ်တမ်း အချက်အလက်တွေအရ သူက ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး အရမ်းထူးခြားတဲ့ သုတေသနတွေ ပြုလုပ်ထားတယ်... သူက အံ့အားသင့်ဖွယ်ကောင်းတဲ့ ဖန်တီးမှုတွေ အများကြီးမှာ ပါဝင်ခဲ့ဖူးတယ်..."
"ကောင်းပြီလေ... ရှေးဟောင်းသုတေသန လောကမှာ သူ နာမည်တစ်လုံး ရထားတာကို ငြင်းလို့မရပါဘူး... ဒါပေမဲ့ သူ့ကို ဘယ်သူက တွေ့ဖူးလို့လဲ... ကျွန်တော်တို့ ရှေးဟောင်းသုတေသနလောကမှာ သူကလျှို့ဝှက်ဆန်းကြယ်ဆုံး လူတစ်ယောက် ဖြစ်နေမှာကို စိုးရိမ်တယ်... သူ အသက် ဘယ်လောက် ရှိပြီလဲ ဆိုတာ ကျွန်တော် မသိဘူး... ပြီးတော့ ပိရမစ်နဲ့ ပတ်သက်ပြီး သူ ဘယ်တုန်းကမှ သုတေသန မလုပ်ခဲ့ဖူးဘူး..."
လူဖြူအမျိုးသား၏အသံသည် ကျယ်လောင်သဖြင့် ရှေးဟောင်းသုတေသနပညာရှင် အမြောက်အများမှ ကြားလိုက်ရသည်။ သူတို့သည် တိုးညှင်းစွာဖြင့် သူတို့၏မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုလာကြသည်။
ဆူညံသံများ ထွက်ပေါ်နေချိန်မှာပင်....
ယာယီတဲတံခါး၏အဝတ်စ ပွင့်သွားသည်။
ဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ယာယီတဲတံခါးဝတွင် မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းနေပေ၏။