ပဋိပက္ခ
Vol. 13 Ch. 140
ယာယီတဲအတွင်း၌ အသံများ အလွန်ရှုပ်ထွေးနေသည်။
သို့သော် တဲတံခါး ပွင့်သွားချိန်၌ နေရာတစ်ခုလုံး ရုတ်တရက် တဖန်ပြန်၍ တိတ်ဆိတ်သွားသည်။
ယဲ့ပိုင်နှင့်အတူ ပါလာသော လုံခြုံရေးအရာရှိသည် ရှေ့သို့ခြေတစ်လှမ်း အလျင်အမြန် တိုးလိုက်ပြီး ရိုသေလေးစားသောအသံဖြင့် ပြောဆိုလိုက်သည်။
"အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်... အပြင်မှာ ခရီးသွားတွေ များလွန်းလို့ ပါမောက္ခယဲ့ အနည်းငယ် ကြန့်ကြာသွားတာပါ... ဒါပေမဲ့ ကံကောင်းတာက ပါမောက္ခယဲ့ ရောက်ရှိနေပြီ ဖြစ်တာကြောင့် အစည်းအဝေးကို ပုံမှန်အတိုင်း ချက်ချင်းကျင်းပပါလိမ့်မယ်..."
ရှေးဟောင်းသုတေသနပညာရှင်များအားလုံး ထိုစကားကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
"သူ ရောက်နေပြီလား... ဘယ်မှာလဲ အဲ့ဒီလူက..."
တစ်စုံတစ်ယောက်က မေးမြန်းသည်။
"ငါ ဘာလို့ သူ့ကို မမြင်ရတာလဲ..."
တစ်စုံတစ်ယောက်က မျက်လုံးအပြူးသားဖြင့် တံခါး၏အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ပါမောက္ခယဲ့က ဘယ်သူလဲ..."
လူတချိုကမူ မျက်မှောင်ကြုတ်ပြီး မကျေမနပ်အသံဖြင့် ပြောဆိုနေကြ၏။
ယဲ့ပိုင်ကို တိတ်ဆိတ်စွာ အာရုံစိုက်နေသူများလည်း ရှိပြီး သူတို့၏ စိတ်ထဲတွင် ဤလူငယ်သည် ပါမောက္ခယဲ့ ဖြစ်နိုင်မဖြစ်နိုင်ကို တွေးတောနေကြသည်။ သို့သော် သူတို့ မည်သို့မျှ မယုံကြည်နိုင်ကြပေ။
ယဲ့ပိုင်သည် ဤလူများ၏ တုံ့ပြန်မှုများကို ကြည့်လိုက်ပြီး သူတို့၏အသံများကို နားထောင်လိုက်သော်လည်း သူ၏မျက်နှာထား ပြောင်းလဲခြင်း မရှိဘဲ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေလိုက်သည်။
ယခုတစ်ခေါက် အီဂျစ်ခရီးစဉ်တွင် ယဲ့ပိုင် အနေဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ရန် အစီအစဉ် မရှိပေ။ အကြောင်းအရင်းမှာ သူ့ထံ၌ လုပ်စရာ အနည်းငယ်သာ ရှိသောကြောင့်ပင်။
သူ ဤနေရာသို့ လာရခြင်းမှာ ခူးဖူပိရမစ်ထဲမှ အရာတစ်ခုကို ရယူရန်နှင့် မျိုးနွယ်စုတစ်စုကို ဖျက်ဆီးရန်သာ ဖြစ်သည်။
သို့သော် ဦးဆောင်လာသော လုံခြုံရေးအရာရှိသည် လူများအားလုံး၏တုံ့ပြန်မှုကို မြင်တွေ့ပြီးနောက် အနည်းငယ် နေရခက်သွားကာ ယဲ့ပိုင်ကို လူများအားလုံးနှင့် အလျင်အမြန် မိတ်ဆက်ပေးလိုက်သည်။
"ဒီလူကြီးမင်းက ပါမောက္ခယဲ့ အစစ်ပါ... ကျွန်တော်တို့ဆီမှာ သူ့ရဲ့အချက်အလက်တွေ ရှိပါတယ်... ပြီးတော့ သူ့ရဲ့ရုပ်သွင်နဲ့ စိတ်နေသဘောထားက အချက်အလက်တွေနဲ့ တစ်ထပ်တည်း တူညီနေတာကို ကျွန်တော် သေချာစစ်ဆေးပြီးပါပြီ... ရိုးရိုးသားသား ပြောရရင် ကျွန်တော် သူ့ကို စတွေ့တုန်းကလည်း မယုံနိုင်ဖြစ်ခဲ့ပြီးတော့ အံ့အားသင့်တုန်လှုပ်ခဲ့တယ်..."
ဘာ...
လုံခြုံရေးအရာရှိ ပြောဆိုပြီးသည်နှင့် အစည်းအဝေးခန်းမတစ်ခုလုံး ရုတ်တရက် အလွန်အမင်း တိတ်ဆိတ်သွားသည်။
ရှေးဟောင်းသုတေသန ပညာရှင်များအားလုံးသည် ယဲ့ပိုင်ကို စိုက်ကြည့်လိုက်ကြပြီး သူတို့ အမြင်မှားနေခြင်း မဟုတ်ကြောင်း အတည်ပြုပြီးနောက် နောက်ထပ်အချိန်တခဏတွင် နေရာတစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။
ဤရှေးဟောင်းသုတေသန ပညာရှင်များသည် မည်သည့်ပုံရိပ်ကိုမျှ ဂရုမစိုက်ကြတော့ချေ။
"ဒီလူငယ်က ဒဏ္ဍာရီလာ ပါမောက္ခယဲ့လား..."
အသက်ငါးဆယ်အရွယ် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးသည် မတ်တတ်ထရပ်လိုက်ပြီး သူ၏လေသံတွင် မေးခွန်းထုတ်လိုခြင်းများဖြင့် ပြည့်နှက်နေသည်။
သူ၏နံဘေးမှ လူတစ်ယောက်က ချက်ချင်းပြန်ဖြေလိုက်သည်။
"မရေမတွက်နိုင်တဲ့ ရှေးဟောင်းသုတေသန စာတမ်းတွေ ထုတ်ဝေခဲ့တဲ့ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင်က ၁၈နှစ်တောင် မပြည့်သေးဘူးလား... ဒီတစ်ကြိမ်မှာ ငါတို့ကို အရူးလုပ်ဖို့အတွက် အီဂျစ်ဘက်က သိပ်ကို ယုတ်မာလွန်းတယ် မဟုတ်လား..."
"အီဂျစ်အာဏာပိုင်တွေက ဘာသဘောလဲ... ခင်ဗျားတို့က ပိရမစ်ရဲ့လျှို့ဝှက်ချက်တွေကို ဒီလိုနည်းနဲ့ ဖွင့်ချင်တာလား... ပါမောက္ခယဲ့အဖြစ် ဟန်ဆောင်ဖို့ ၁၇ နှစ် ၁၈ နှစ် အရွယ် အရှေ့တိုင်းသား ကောင်လေးတစ်ယောက်ကို ရှာရလောက်အောင် ခင်ဗျားတို့က ဘယ်လောက်တောင် ကန်းနေကြတာလဲ..."
တစ်စုံတစ်ယောက်က ယဲ့ပိုင်ကို စိုက်ကြည့်ပြီး ဒေါသတကြီး ပြောဆိုသည်။
"ဟဲ ဟဲ... အနည်းဆုံးတော့ တရုတ်ပြည်မှာ ဒီလောက်ထိငယ်တဲ့ ပါမောက္ခမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး... တစ်ကမ္ဘာလုံးမှာလည်း ရှိမှာ မဟုတ်ဘူး... တကယ်လို့ သူသာ ပါမောက္ခယဲ့ ဆိုရင်... ငါတို့လို ရှေးဟောင်းသုတေသနလောကက လူအိုကြီးတွေ လိုအပ်ပါအုံးမလား...ကျောင်းသား တစ်ယောက်ကို ဆွဲထုတ်ပြီးတော့ ပါမောက္ခအဖြစ် အတုလုပ်ရုံနဲ့ ငါတို့ကို အရူးလုပ်လို့ရမယ်လို့ ထင်နေတာလား..."
တရုတ် ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်တစ်ဦးက မေးမြန်းသည်။
ဤကဲ့သို့ မေးခွန်းများသည် ညီလာခံစုဝေးရပ် အတွင်း၌ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
လုံခြုံရေးအရာရှိသည် ကျွမ်းကျင်ပညာရှင်များ၏တုံ့ပြန်မှု ဤမျှထိ ကြီးမားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် တံခါးဝတွင် ရပ်နေရင်း အလွန်အမင်း အံ့အားသင့်နေပေ၏။
"မင်း သွားလို့ရပြီ..."
သို့သော် လုံခြုံရေးအရာရှိက ဆက်လက်၍ရှင်းပြရန် ဟန်ပြင်နေချိန်တွင် ယဲ့ပိုင်က တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့... ပါမောက္ခယဲ့..."
လုံခြုံရေးအရာရှိသည် ယဲ့ပိုင်၏စကားကို ကြားချိန်၌ ဆူညံနေသောခန်းမကို တစ်ချက်ကြည့်လိုက်သည်။
ဤနေရာရှိ လူတစ်ယောက်ချင်းစီသည် သူ ပြစ်မှား၍ မရနိုင်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
သူသည် ပြန်ဖြေပြီးနောက် တွန့်ဆုတ်မနေတော့ဘဲ နံဘေးမှ တခြားလုံခြုံရေးဝန်ထမ်းများကို ချက်ချင်းအော်ပြောလိုက်သည်။
"မင်းတို့အားလုံး ဆုတ်ခွာကြတော့..."
ထို့နောက် လူတစ်စုသည် လျင်မြန်စွာ ထွက်ခွာသွားကြ၏။
ညီလာခံစုဝေးရပ်ထဲရှိ အသံများမှာမူ ယခင်အတိုင်း ရှိနေဆဲပင်။
ယဲ့ပိုင်သည် တံခါးဝတွင် မတ်တတ်ရပ်နေပြီး ဤနေရာရှိ လူများကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြည့်လိုက်သည်။
သူတို့ တစ်ယောက်ချင်းစီသည် အနည်းဆုံး အသက် ၅၀ ကျော် အရွယ်များဖြစ်ကာ ဗဟုသုတများဖြင့် ပြည့်နှက်နေပုံရပေ၏။
သို့သော် ယဲ့ပိုင်၏မျက်လုံးထဲတွင်မူ ဤလူများသည် လက်မစုပ်နေသော ကလေးများနှင့် ခြားနားခြင်းမရှိချေ။
နံဘေးပတ်ဝန်းကျင်မှ ဆူညံသံများကို လျစ်လျူရှုပြီး ယဲ့ပိုင်က သူ၏လက်ကို နောက်ပစ်လိုက်သည်။
ထို့နောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် စင်မြင့်ရှိရာဘက်သို့ လျှောက်လှမ်းသွားလိုက်သည်။
အကယ်၍ ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်နှင့် သူနှင့် ကံမပါသော လူတစ်ယောက် လိုအပ်နေခြင်းကြောင့်သာ မဟုတ်ပါက ယဲ့ပိုင်သည် ဤနေရာသို့ ဘယ်တော့မှ လာရောက်မည် မဟုတ်ပေ။
"သူ ဘာလုပ်မလို့လဲ..."
ယဲ့ပိုင် စင်မြင့်ဆီသို့ လျှောက်လှမ်းသွားနေသည်ကို မြင်တွေ့ချိန်၌ တစ်စုံတစ်ယောက်က ငြိမ်ငြိမ်မနေနိုင်တော့ဘဲ အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"သူက စင်မြင့်ဆီကို သွားနေတာ... ဒီကောင်က သူ့ကိုယ်သူ ပါမောက္ခယဲ့လို့ တကယ်ကြီး ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော်..."
"သူက ငါတို့ ရှိနေတာကို တကယ်ကြီး လျစ်လျူရှုထားတာပဲ... သူက ငါတို့ကို ဘာမှတ်နေလဲ... ဒီနေရာမှာ နိုင်ငံတကာမှာ ကျော်ကြားတဲ့ ရှေးဟောင်းသုတေသနပညာရှင် မဟုတ်တဲ့သူ ဘယ်သူရှိလို့လဲ..."
"သောက်ကျိုးနည်း... မင်း ဒီလောက်ထိ နောက်ကျမှ ရောက်လာတာ... မင်းက တကယ့်ကို ပါမောက္ခယဲ့ ဖြစ်နေရင်တောင် အနည်းဆုံးတော့ တောင်းပန်သင့်တယ် မဟုတ်ဘူးလား... ဒါက သောက်ရမ်းရိုင်းစိုင်းလွန်းတယ်..."
"ဟေး... သူ့ကို ဘယ်သူ သိလဲ..."
"ဒါက ပါမောက္ခယဲ့ရဲ့ ပထမဆုံးအကြိမ် လူလုံးထွက်ပြတာ ဖြစ်လောက်တယ်..."
လူအများကြား၌ ဆွေးနွေးသံများ ရောထွေးနေသည်။
သို့သော် ယဲ့ပိုင်သည် ဤအသံများကို မကြားသည့်အလားပင်။
မကြာမီ သူသည် စင်မြင့်ပေါ်သို့ ရောက်ရှိလာပြီး အလယ်ရှိ လွတ်နေသော ကုလားထိုင်ဆီသို့ လျှောက်လှမ်းသွားကာ ကျက်သရေရှိစွာ ဝင်ထိုင်လိုက်သည်။
သူသည် လျစ်လျူရှုထားသော အကြည့်ဖြင့် လက်ရှိနေရာတွင် ရှိနေကြသော ရှေးဟောင်းသုတေသနပညာရှင်များကို ဝေ့ဝိုက်၍ ကြည့်လိုက်၏။
ဤနေရာတွင် နိုင်ငံအသီးသီးမှ ရှေးဟောင်းသုတေသန ပညာရှင် ၃၂၅ ဦး ရှိနေသည်။ ယဲ့ပိုင် ထိုကုလားထိုင်ပေါ်တွင် အမှန်တကယ် ဝင်ထိုင်လိုက်သည်ကို မြင်တွေ့ပြီးနောက် သူတို့၏အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။
"အစည်းအဝေး စမယ်..."
နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး ကြေညာလိုက်သော်လည်း ဤစကားလုံးသည် ဖော်ပြ၍ မရနိုင်သော မမြင်နိုင်သည့် ဖိနှိပ်မှုအရှိန်အဝါတစ်ရပ်ကို သယ်ဆောင်လာသည်။
ရှေးဟောင်းသုတေသနပညာရှင်များသည် ထိုစကားကို ကြားချိန်၌ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထို့နောက် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကြ၏။
လူအမြောက်အများသည် မျက်နှာများ နီမြန်းလာပြီး မတ်တတ်ထရပ်ကာ တိုက်ရိုက်ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြသည်။
၁၇ နှစ် ၁၈ နှစ် အရွယ် ဆယ်ကျော်သက်လူငယ်တစ်ဦးကို အစည်းအဝေးအား ဦးဆောင်ခွင့် ပေးလိုက်ခြင်းသည် သူတို့အတွက် ကြီးမားသော စော်ကားမှုတစ်ရပ်ပင်။
ဖြောင်း...
စင်မြင့်ပေါ်တွင် ထိုင်နေသော ယဲ့ပိုင်၏ဘယ်ဘက်ခြမ်းမှ စိတ်မရှည် ဖြစ်နေသော လူဖြူအဘိုးအိုသည် ဤအချိန်တွင် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် စင်မြင့်ကို လက်ဖြင့် ရိုက်ချလိုက်၏။ ထိုအသံသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသည်။
ထို့နောက် ထိုလူဖြူအဘိုးအိုသည် သူ၏လက်ညှိုးဖြင့် ယဲ့ပိုင်ကို ညွှန်ပြကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကောင်လေး... မင်း ဒီညီလာခံ စုဝေးရပ်ကနေ အခုချက်ချင်း ထွက်သွားတော့... မင်းက ပါမောက္ခယဲ့ တကယ်ကြီး ဖြစ်နေရင်တောင် ဒီနေရာမှာ ရှိနေဖို့ အရည်အချင်း မပြည့်မီဘူး..."
ဤစကားကို ပြောဆိုပြီးနောက် သူ၏အသံ ပို၍ကျယ်လောင်လာသည်။
"အီဂျစ်က ဘုရားသခင် စေလွှတ်လိုက်တဲ့ မွေးရာပါစိတ်မမှန်တဲ့ လူလို့ ငါ ထင်တယ်... သူတို့ရဲ့ပိရမစ်နဲ့ နိုင်ငံတကာကို နောက်ပြောင်နေတာလား... ဒီအစည်းအဝေးကို ရပ်ဆိုင်းဖို့နဲ့ ယဲ့ပိုင်ဆိုတဲ့ နာမည်ကို ဖယ်ရှားပေးဖို့ ငါ အဆိုပြုတယ်...မဟုတ်ရင် ဒီစူးစမ်းလေ့လာရေးတာဝန်မှာ ပါဝင်ဖို့ ငါ ငြင်းဆိုတယ်..."
မတ်တတ်ထရပ်ပြီး ထွက်ခွာသွားရန် ဟန်ပြင်နေကြသော ရှေးဟောင်းသုတေသန ပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားကြ၏။
ဤယာယီတဲအတွင်းမှ ညီလာခံစုဝေးရပ်၏ အခြေအနေသည် ရုတ်တရက် အလွန်အမင်း အေးစက်သွားတော့သည်။
Thank For Reading.