ရေခဲအလင်း
Vol. 3 Ch. 213
ရေခဲတုံးကြီးထဲတွင် ဆန်းလျန်၏ လက်များ လှုပ်ရှား လာလေသည်။ ဆန်းလျန် လက်ချောင်း ထိပ်ဖျားဆီမှ အပြာရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာသည်။ ထိုအပြာရောင် အလင်းတန်းမှာ အပြာရောင် အလင်းလုံး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအလင်းလုံးက ရေခဲတုံးကြီးကို လင်းထိန် သွားစေပြီး အပြာရောင် ရောင်စဉ်များ ဖြာထွက် သွားလေသည်။
ထို့နောက် ရေခဲတုံးကြီးမှာ အရည်ပျော်သွားပြီး အပြာရောင် အလင်းလုံးမှာ ဆန်းလျန်၏ လက်ချောင်းထိပ်တွင် ဘဲဥလုံးမျှ လောက်သာ ရှိတော့သည်။
ဆန်းလျန်က မှော်ဝင် ဝေလငါးကြီး၏ ကျောပေါ်သို့ တက်လိုက်လေသည်။ ဆန်းလျန်တက်လိုက်သည့် နေရာမှာ ရေလှိုင်းလုံး အမြင့်ကြီးများကို ဖြစ်စေသည့် ကျောက်တိုင် ပုံသဏ္ဌာန်ရှိသည့် ဝေလငါး ရေပြွန်ပေါက်ကြီး ရှိရာ နေရာ ဖြစ်လေသည်။
ထိုမီးပြတိုက်မျှ ကြီးမားသည့် ကျောက်တိုင်ပုံသဏ္ဌာန်ရေပြွန်ပေါက်ကြီးက မြင့်တက်သွားပြီး ဆန်းလျန်ကို ကောင်းကင်ထက်သို့ ပို့ဆောင်လိုက်လေသည်။
မှော်ဝင်ဝေလငါးကြီး၏ မီးပြတိုက်ပုံသဏ္ဌာန် ရေပြွန်တိုင်ကြီး ထိပ်တွင် ရပ်နေသည့် ချောမောလှပသည့် လူငယ်လေး၏ ပုံသဏ္ဌာန်မှာ မှော်ဆန်လှလေသည်။ ရေပြွန်တိုင် ထိပ်ဆီမှ ရေစက်များက ဖြာကျနေပြီး နေရောင်ခြည်က ရေစက်များထံတွင် ရောင်ပျံဟပ်ကာ သက်တန့်ရောင် တောက်ပ နေလေသည်။
ကျော်ရှောင်ချင်းက ဓားဝိညာဉ်ကို စီးနှင်ပြီး ဆန်းလျန် ရှိရာသို့ ပျံတက်သွားလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ သခင်လေး"
သူက မေးလိုက်သည်။
"ဒီမှော်ဝင် ဝေလငါးကြီးကို ဂိုဏ်းတူ အစ်မကို လက်ဆောင် ပေးမလို့လေ ၊ မင်းအခု ဝါးဖောင်ကို ဆက်လှော်စရာ မလိုတော့ဘူး"
ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။
ဆန်းလျန်၏ ထူးဆန်းသည့် အပြုအမူများဖြင့် အသားကျနေသည့် ကျော်ရှောင်ချင်းမှာ ထူးခြားပြီး အံ့သြ မနေမိတော့ပါ။ သို့သော် မီးခိုးရောင်ဝတ် ကျင့်ကြံသူမှာတော့ ဆန်းလျန်မှာ ထိုမှော်ဝင် သတ္တဝါကြီးကို ထိန်းချုပ်လိုက်နိုင်သည့် အတွက် မယုံကြည် နိုင်လောက်အောင် တုန်လှုပ် နေလေတော့သည်။
ထို့ပြင် မီးခိုးရောင်ဝတ် ကျင့်ကြံသူမှာ ဖြစ်စဉ် တစ်ခုလုံးကိုလည်း နားလည်ခြင်း မရှိပေ။ အဘယ်ကြောင့် အရမ်းအေးလာ ရပါနည်း။ အဘယ့်ကြောင့် ရေခဲတုံးကြီးမှာ ထိုးခွဲ၍ မရနိုင်လောက်အောင် သံမဏိကဲ့သို့ မာကျော နေရပါသနည်း။ နောက်ဆုံး ဆန်းလျန် ဖန်ဆင်းလိုက်သည့် အပြာရောင် အလင်းလုံးမှာတော့ သူလုံး၀ နားမလည်နိုင်သည့် အချက်ပင် ဖြစ်နေလေသည်။
သူကလည်း သူ၏ ဝိညာဉ်စွမ်းအား ပစ္စည်းကို စီးနှင်ကာ ဆန်းလျန် အနားသို့ ရောက်လာလေသည်။
"ဆရာသခင် ၊ ခုန အသုံးပြုလိုက်တဲ့ တန်ခိုးစွမ်းအားက ဒဏ္ဍာရီထဲက ရေခဲအလင်း စွမ်းအားလား"
ဟု မေးလိုက်လေသည်။
မှော်ဝင် ဝေလငါးကြီးကိုပင် ထိန်းချုပ် လိုက်နိုင်အောင် တန်ခိုး စွမ်းအားကြီးမားသည့် အတွက် ဆန်းလျန်၏ တန်ခိုး စွမ်းအားကို သူမခန့်မှန်း နိုင်တော့ပေ။ ထို့ကြောင့် သူက ဆရာသခင်ဟု တလေးတစား ခေါ်လိုက်ခြင်း ဖြစ်လေသည်။
"ဒီတန်ခိုး စွမ်းအားက လောကမှာ ပျောက်ကွယ်နေတာ ကြာလှပြီပဲ ၊ ဒီက မိတ်ဆွေကတော့ သိနေပါလား"
ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူက လက်နှစ်ဖက်စုပ် အရိုအသေ ပေးလိုက်ပြီး…
"ဆရာသခင်က မိတ်ဆွေလို့ ခေါ်တာကို မခံယူဝံ့ပါဘူး ၊ ကျွန်တော့်နာမည်က ချင်းဟုန်ကျီပါ ၊ ဒီရေခဲအလင်း စွမ်းအားအကြောင်းကိုတော့ ရှင်သန်စေခြင်း ကျောင်းတော်ကို ရောက်တဲ့အချိန်မှ ကြားဖူးတာပါ"
ဟု သူက ပြောလိုက်လေသည်။
တာအို ကျင့်စဉ်များထဲတွင် ယင်နှင့်ယန် ၊ ဒြပ်စင် ငါးမျိုးစွမ်းအားနှင့် ကင်းလွတ်သည့် ကျင့်စဉ်ဟူ၍ မရှိပေ။ ဒြပ်စင် စွမ်းအားရှစ်မျိုးကို ပေါင်းစပ် အသုံးပြုရသည့် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ပင်လျှင် ယင်နှင့်ယန်၏ စွမ်းအားကို ပစ်ပယ်နိုင်ခြင်း မရှိပေ။
ကူးချိုင်ဝေ့မှာ ရုဟွအဆင့်တွင် နှစ်ပေါင်းများစွာ ကြာနေပြီး ဟိုင်သန်း အဆင့်ကို ယခုထိ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ သို့သော် သူမက ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် အတွက် ကျင့်စဉ်များ အကြောင်းကို ကောင်းစွာ နားလည်သူ ဖြစ်လေသည်။ ထို့ကြောင့် သူမက ရှင်သန်စေခြင်း ကျောင်းတော်တွင် ကျင့်စဉ်ပေါင်း များစွာကို ဟောပြော သင်ပြပေးလေသည်။
ရေခဲ အလင်းစွမ်းအားမှာ ချင်းရွှမ် နတ်တံခါးမှ ကျင့်စဉ် တစ်ခုဖြစ်လေသည်။ သို့သော် ကျင့်ကြံ အောင်မြင်သူ သိပ်မရှိကြပေ။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်ခန့်က ချင်းရွှမ် နတ်တံခါးမှ လောကနတ် ဘုရားတစ်ပါးသည် အသူရာချောက်မှ မှော်မီးတောက် ကျင့်ကြံသူ တစ်ယောက်နှင့် တိုက်ခိုက်ခဲ့လေသည်။ ထိုလောက နတ်ဘုရား အသူရာချောက်မှ ကျင့်ကြံသူကို သုတ်သင် ပစ်ခဲ့လေသည်။ ထိုကျင့်ကြံသူကို သုတ်သင်ပြီးသည့်နောက် ရေခဲအလင်း စွမ်းအားကို ရရှိခဲ့ခြင်း ဖြစ်လေသည်။
နောက်ထပ် လောက နတ်ဘုရားမှာ အင်းနှင့်မန္တန်ပညာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လေသည်။ သူက ရေခဲအလင်း ကျင့်စဉ်ကို တီထွင်ခဲ့သူ ဖြစ်သည့် အပြင် ရေခဲအလင်း စွမ်းအားကို ထိန်းသိမ်းထားနိုင်သည့် အင်းစက္ကူ များစွာကိုလည်း တီထွင်ခဲ့သေးသည်။ ရေခဲအလင်း စွမ်းအားသည် ရန်သူကို တိုက်ခိုက်ရန် အတွက်သာမဟုတ် လူအသက်ကယ်ရန် အတွက်လည်း အသုံးပြုနိုင်လေသည်။ ဒဏ်ရာ အပြင်းအထန် ရထားပြီး အချိန်တိုအတွင်း ကုသ၍ မရနိုင်သည့် ဒဏ်ရာမျိုးကို ရေခဲအလင်း စွမ်းအားဖြင့် အေးခဲထားပြီး အသက်ဓာတ်ကို ထိန်းထား ပေးနိုင်လေသည်။
ဆန်းလျန်က ဝေလငါးကြီး၏ ဒဏ်ရာကြီးကို ရေခဲအလင်း စွမ်းအားဖြင့် ထိန်းပြီး ကုသပေးလိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး အေးစိမ့်ကာ ဆန်းလျန် ကိုယ်တိုင်လည်း ရေခဲတုံးကြီးထဲတွင် ပိတ်မိသွားရခြင်း ဖြစ်လေသည်။
ဆရာသခင် ကျန်းရော့ရွှီးမှာလည်း ရေခဲအလင်း စွမ်းအားကို အသုံးပြုပြီး အသက်ဓာတ်ကို ထိန်းထားကာ ဆန်းလျန် ပြန်အလာကို စောင့်နေခဲ့သေးသည် မဟုတ်ပါလား။
ထိုရေခဲအလင်း စွမ်းအားမှာ ကျင့်ကြံရန် အလွန်မှ ခက်ခဲသလို ရှုပ်လည်း ရှုပ်ထွေးလေသည်။ ထိုတန်ခိုးစွမ်းအားကို ကျင့်ကြံရန် အတွက် အစွန်းရောက် ယင်စွမ်းအားနှင့် အအေးစွမ်းအား လိုအပ်လေသည်။
အစွန်းရောက် ယင်စွမ်းအား များပြားနေသည့် ပတ်ဝန်းကျင်မှာ ရှာဖွေရန် ခက်ခဲလှလေသည်။ ကျင့်စဉ် အောင်မြင်သည့်တိုင် စွမ်အား အရင်းအမြစ် ဆီသို့သွားကာ အမြဲတမ်း အားပြန်ဖြည့် နေရတတ်လေသည်။
ရေခဲအလင်း ကျင့်စဉ်ကို တီထွင်ခဲ့သည့် လောကနတ်ဘုရားမှာ အစွန်းရောင် ယင်စွမ်းအားနှင့် အအေးစွမ်းအား နှစ်ခုလုံး တည်ရှိရာ ဂူတစ်ခုကို အချိန်အတော်ကြာအောင် ရှာဖွေခဲ့ပြီးမှ ထိုကျင့်စဉ်ကို တီထွင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ထိုဂူမှာ အအေးစွမ်းအား လုံလောက်ခြင်း မရှိသည့် အတွက် လောကနတ် ဘုရားကျင့်စဉ် တီထွင်ပြီးသွားသည်နှင့် ထိုဂူထဲမှ အအေးစွမ်းအားများ အားလုံး ကုန်ဆုံး သွားခဲ့ရလေသည်။
ထိုအကြောင်းအရာများကို ချင်းဟုန်ကျီ နားလည်ရန်မှာ ခက်ခဲလှပါသည်။ သူက ယင်စွမ်းအားဖြင့် ကျင့်ကြံရသည့် ရေခဲအလင်း စွမ်းအားအကြောင်းကို ကူးချိုင်ဝေ့ထံမှ ကြားဖူးခြင်း ဖြစ်ပြီး ထိုကျင့်စဉ်မှာ ထိပ်တန်း ကျင့်စဉ်တစ်ခု ဖြစ်ကြောင်းမျှသာ သိရှိထားလေသည်။
ရှေးအချိန် ကာလများတုန်းက တာအို ကျင့်စဉ်လမ်း များစွာ ရှိလေသည်။ ထိုကျင့်စဉ်များထဲတွင်မှ ယင်စွမ်းအားနှင့် အအေးဓာတ်ကို ပေါင်းစပ်ပြီး ကျင့်ကြံရသည့် ရေခဲအလင်း ကျင့်စဉ်မှာ ထိပ်တန်းအဆင့် ကျင့်စဉ် တစ်ခုအဖြစ် သတ်မှတ်ခံရသလို အလွန်လည်း အစွမ်းထက်လေသည်။ ဆန်းလျန် အသုံးပြုလိုက်သည့် အပြာရောင် အလင်းမှာ ကူးချိုင်ဝေ့ ပြောပြထားသည့် ရေခဲအလင်း စွမ်းအားဖြင့် ဆင်တူနေသည့် အတွက်သာ သူက ခန့်မှန်းလိုက်ခြင်း ဖြစ်လေသည်။
သို့သော် ဆန်းလျန်က သူ၏ ခန့်မှန်းမှု မှန်ကန်ကြောင်း ပြောလိုက်သည့် အခါတွင်တော့ ဆန်းလျန်ကို အတိုင်းထက် အလွန် လေးစားသွား မိလေတော့သည်။
"ကျုပ်က ရှင်သန်စေခြင်း ကျောင်းတော်ကို သွားမလို့ပါ ၊ လမ်းပြ ပေးနိုင်မလား"
ဆန်းလျန်က ချင်းဟုန်ကျီကို အကူအညီ တောင်းလိုက်လေသည်။
ထိုစကားကို ကြားသည့်အခါ ချင်းဟုန်ကျီမှာ အပျော်လွန် သွားလေသည်။ သူကလည်း ဆန်းလျန်ကို ရှင်သန်စေခြင်း ကျောင်းတော်သို့ ဖိတ်ခေါ်ရန် ကြံစည်နေသည် မဟုတ်ပါလား။
"ကျွန်တော် အခုပဲ လမ်းပြပေးပါ့မယ်"
ဟု ပြောလိုက်လေတော့သည်။
ချင်းဟုန်ကျီက သူစီးနှင်ထားသည့် ဝိညာဉ်စွမ်းအား ပစ္စည်းကို စီးနှင်ပြီး လမ်းပြရန် ပြင်ဆင်လိုက်လေသည်။
သို့သော် … ဆန်းလျန်က မှော်ဝင် ဝေလငါးကြီးကို ညွှန်ပြလိုက်ရင်း….
"လမ်းပြောလိုက်ရင် ရပြီ ၊ ဒီမှော်ဝင် ဝေလငါးကြီးက ကျုပ်တို့ကို ခေါ်သွားလိမ့်မယ်"
ဟု ပြောလိုက်လေသည်။
"ကျွန်တော် ရုတ်တရက် ဒီဝေလငါးကြီးကို မေ့သွားတာ"
ဟုချင်းဟုန်ကျီက ပြောလိုက်လေသည်။
ဆန်းလျန်က မှော်ဝင်ဝေလငါးကြီးကို ရေပြွန်တိုင်ကြီးကို ပြန်ချရန် စိတ်စွမ်းအားဖြင့် အမိန့်ပေးလိုက်သည်။ ထို့နောက် သူတို့ သုံးယောက်လုံး ဝေလငါးကြီး၏ ကျောပေါ်တွင် စီးနင်းရင်း လိုက်ပါသွားကြလေသည်။
ချင်းဟုန်ကျီမှာ ဆန်းလျန်ဆီမှ သိပ်သည်းသည့် ဝိညာဉ်စွမ်းအားဖြင့် ဝေလငါးကြီး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည်ကို တွေ့ရှိရပြီး ဆန်းလျန်ကို ပိုပြီး လေးစားရပြန်သည်။
ယခုကဲ့သို့ မှော်ဝင် ရေသတ္တဝါကြီးကို ထိန်းချုပ်နိုင်သည်မှာ အလွန်ပင် လေးစား အားကျစရာ ဖြစ်လေသည်။ ထိုသို့ တန်ခိုး စွမ်းအားကြီးမားသည့် ဆရာသခင် တစ်ပါးကို ရှင်သန်စေခြင်း ကျောင်းတော်သို့ ပင့်ဖိတ် လာနိုင်သည်ကိုသာ ကူးချိုင်ဝေ့သိလျှင် သူ့ကို များစွာ သဘောကျသွားမည်ဟု ချင်းဟုန်ကျီ တွေးနေမိလေတော့သည်။
ရှင်သန်စေခြင်း ကျောင်းတော်မှာ အရှေ့ပင်လယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိလေသည်။ ထိုကျွန်းပေါ်တွင် မီးတောင်များလည်း ရှိပြီး ပေါက်ကွဲလေ့ ရှိလေသည်။ ထို့ကြောင့် ထိုဒေသတွင် မိုးမြေ စွမ်းအားများ နည်းပါးရခြင်း ဖြစ်လေသည်။
ကူးချိုင်ဝေ့ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်မှာ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိသေးသည့်တိုင် အသက်ဓာတ်စွမ်အားနှင့် မိုးမြေစွမ်းအား နည်းပါးခြင်းက သူမအတွက် အရေးမပါပေ။ သူမ၏ ကျင့်ကြံသူ ခန္ဓာသည် သန့်စင်နေမြဲ ဖြစ်လေသည်။
ကူးချိုင်ဝေ့၏ ဦးခေါင်းထက်တွင် သရဖူ တစ်ခု ဆောင်းထားပြီး သူမသည် မိန်းကလေး ဆန်လွန်းသော မိန်းကလေး တစ်ယောက် ဖြစ်လေသည်။ သို့သော် သူမထံတွင် ထက်မြက်မှုကိုလည်း တွေ့မြင်နိုင်လေသည်။ သူမက တရားဟော ပလ္လင်ထက်တွင် ထိုင်နေပြီး အခြေခံ ကျင့်စဉ်များကို ဟောပြော ပေးနေလေသည်။
အခြေခံ ကျင့်စဉ်ကို နားလည် သဘောပေါက်မှသာ ကျင့်စဉ်လမ်းကို မှန်မှန်ကန်ကန်နှင့် မြန်မြန် လျှောက်လှမ်းနိုင်မည် ဖြစ်လေသည်။
"အမှန်တရားသည် ရိုးရှင်းသည် ၊ သို့သော် လိမ်လည်မှုကတော့ ထပ်ကာ ထပ်ကာ လိမ်လည်ရပြီး ပိုပြီး ရှုပ်ထွေးကုန်လိမ့်မည်" ဆိုသည့် ဆိုရိုးစကား ရှိလေသည်။
ထို့ကြောင့် ကူးချိုင်ဝေ့က အဆင့်နိမ့် ကျင့်ကြံသူများ နားလည်အောင် ရိုးရှင်းစွာပင် သင်ပြပေးလေ့ ရှိလေသည်။
ရုတ်တရက်….
အပြင်ဘက်မှ မိုးမြေစွမ်းအားများ ရှုပ်ထွေးသွားသလို ခံစားလိုက်ကြရလေသည်။ ကြီးမားသည့် ဝိညာဉ်စွမ်အား ဖြစ်တည်မှုကြီး တစ်ခု ချဉ်းကပ်လာ သကဲ့သို့ အရှိန်အဟုန်က ကြီးမားလွန်းလေသည်။
ထိုစွမ်းအားထုကြီးမှာ ကျွန်းတစ်ခုလုံးကို ဖျက်ဆီး ပစ်နိုင်လောက်အောင်ပင် ကြီးမားလွန်းလေသည်။
ကူးချိုင်ဝေ့သည် တရားဟော ပလ္လင်ထက်မှနေပြီး အရှေ့ဆီသို့ မျှော်ကြည့်လိုက်လေသည်။
ထို့နောက် သူမ၏ မျက်နှာသည် နူးညံ့သိမ်မွေ့သွားပြီး စိတ်အစဉ်သည် ကြည်နူး ချမ်းမြေ့ သွားရလေသည်။
***