နောက်ဆုံးရင်ဆိုင်မှု
Vol. 75 Ch. 1039
တစ်ချက်တည်းသော လှံချက်ဖြင့်ပင် ယူချင်းရွှမ်၏ ယင်ယန်စွမ်းအင်မှာ လွယ်ကူစွာပင် ပေါက်ကွဲသွားခဲ့သည်။ ဤ ရုတ်တရက် အခြေအနေကြောင့် လူအများမှာ ဘာဖြစ်သွားသည်ကိုပင် သတိမထားမိလိုက်ဘဲ မှင်တက်မိသွားကြရသည်။
ယီထျန်းယွမ် သေချာပေါက် ရှုံးနိမ့်တော့မည်ဟု လူတိုင်းက သတ်မှတ်ထားခဲ့ကြသည်။ အထူးသဖြင့် ဤကဲ့သို့ ပြင်းထန်လှသော ကောင်းကင်တာအို စွမ်းအားအောက်၌ မည်သည့်အရာကိုမဆို ချေမှုန်းပစ်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။ ယီထျန်းယွမ်ကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ကွင်းပြင်အပြင်ဘက်သို့ လွင့်ထွက်သွားအောင် လုပ်ဆောင်ရန်မှာ ပြဿနာ မရှိနိုင်ချေ။
သို့သော် ယီထျန်းယွမ်က အစွမ်းကုန် ထိုးနှက်လိုက်ပြီး ယင်ယန်နတ်ဘုရားဝင်္ကပါကို တစ်ချက်တည်းနှင့် ဖောက်ခွဲပစ်လိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ ကောင်းကင်သို့ ထိုးတက်သွားသော ထိုစွမ်းအားများမှာ ပွဲကြည့်စင်ပေါ်ရှိ လူများ၏ မျက်နှာကိုပင် လာရောက် ရိုက်ခတ်သွားခဲ့ရာ ၎င်းတို့မှာ ပါးရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်းက ယီထျန်းယွမ် ရှုံးနိမ့်လိမ့်မည်ဟု ထင်မြင်နေကြချိန်တွင် သူက အနိုင်ယူပြလိုက်ခြင်းမှာ ၎င်းတို့အား ပါးရိုက်လိုက်ခြင်းပင် မဟုတ်ပါလော။
“စွမ်းအားတွေကို အလုံးစုံ မထုတ်နိုင်သေးဘူးပဲ... တစ်စိတ်တစ်ပိုင်းလောက်ပဲ တောင်းဆိုလို့ ရသေးတာလား...”
ယီထျန်းယွမ်သည် သူ၏ လှံချက်မှာ ကိုယ်တွင်းကမ္ဘာစွမ်းအား၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ကိုယ်တွင်းကမ္ဘာတစ်ခု၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှပြီး ထရီလီယံနှင့်ချီသော စွမ်းအားများမှာ အစိတ်အပိုင်း အနည်းငယ်သာ ဖြစ်သည်။ ထိုမျှလောက် ကြီးမားလှသော ကိုယ်တွင်းကမ္ဘာကြီးတစ်ခုတွင် ထရီလီယံနှင့်ချီသော စွမ်းအားများထက်မကသော စွမ်းအားများ ရှိနေရပေမည်။ သုံးဘုံလောက၏ ဒြပ်ဆွဲအားမှာပင်လျှင် သာမန် မဟုတ်ချေ။
အကယ်၍ ထိုစွမ်းအားဖြင့်သာ ဖိနှိပ်မည်ဆိုပါက ကောင်းကင်အရှင်များကိုပင် အလွယ်တကူ အမှုန့်ကြိတ်ပစ်နိုင်လိမ့်မည် ဖြစ်သည်။ သုံးဘုံလောကကြီးဖြင့်သာ ရန်သူကို တိုက်ခိုက်မည်ဆိုပါက မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းမည်ကို စဉ်းစားကြည့်နိုင်သည်။
ကျင့်ကြံသူများသည် မိမိ၏ စွမ်းအားဖြင့် ဂြိုဟ်တစ်ခုကို ဖျက်ဆီးပစ်နိုင်သော်လည်း ဂြိုဟ်တစ်ခု၏ ဖိနှိပ်ခြင်းကို ခံရမည်ဆိုပါကလည်း အသားစိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သေချာပေါက်ပင် ထိုဂြိုဟ်မှာ လုံလောက်စွာ မာကျောနေရန် လိုအပ်သည်။ အကယ်၍ မမာကျောပါက ဘာမှ ထူးခြားမည် မဟုတ်ချေ။ ၎င်းမှာ ကြက်ဥပိဿာတစ်သောင်းဖြင့် ကျောက်တုံးတစ်တုံးကို ပစ်ပေါက်လိုက်သကဲ့သို့ပင် ဖြစ်ပြီး ကျောက်တုံးကို အနည်းငယ်မျှ ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် ယီထျန်းယွမ်သည် အစိတ်အပိုင်း အနည်းငယ်မျှသော စွမ်းအားကို ထုတ်ဖော်လိုက်ရုံနှင့်ပင် အားလုံးကို အပေါ်စီးမှ ကြည့်နိုင်နေပြီ ဖြစ်သည်။ ကောင်းကင်တာအို စွမ်းအားပင် ဖြစ်ပါစေ သူက တစ်ချက်တည်းနှင့် ပေါက်ကွဲသွားအောင် လုပ်ဆောင်နိုင်သည်။ သူသည် ကောင်းကင်တာအို စွမ်းအားကို ပထမဆုံးအကြိမ် ဖျက်ဆီးဖူးခြင်း မဟုတ်ချေ။ ကောင်းကင်ဘေးဒဏ်များကိုပင် သူက တစ်ချက်တည်းနှင့် ဖျက်ဆီးဖူးသည် မဟုတ်ပါလော။
“ဘုန်း...”
နံရံတွင် ကပ်နေသော ယူချင်းရွှမ်မှာ မြေပြင်သို့ လဲကျသွားခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည် ထမလာနိုင်တော့ချေ။ သူသည် သတိလစ်သွားခဲ့ပြီ ဖြစ်သဖြင့် ပြန်ထရန်မှာ မဖြစ်နိုင်တော့ချေ။
ယီထျန်းယွမ်သည် သူ့ကို သတ်ဖြတ်ခြင်း မရှိခဲ့ချေ။ ယူချင်းရွှမ်မှာ အစမှအဆုံးအထိ သူ့အား သတ်ဖြတ်လိုစိတ် မရှိခဲ့သလို လူပုံမှာလည်း လောကဝတ်ကို သိရှိသူ ဖြစ်သည်။ စကားပြောဆိုရာတွင်လည်း ရိုင်းစိုင်းခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူသည် ယူချင်းရွှမ်ကို သတ်ဖြတ်ခြင်း မရှိဘဲ ရိုးရိုးရှင်းရှင်းပင် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
“နိုင်... နိုင်သွားတာလား...”
နျန်ချီယွီနှင့် အခြားသူများမှာ မျက်လုံးများ ပြူးသွားခဲ့ကြပြီး ယီထျန်းယွမ်အား မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ယီထျန်းယွမ်၏ တိုက်ခိုက်မှုမှာ ထိရောက်ပုံ မရသော်လည်း ရုတ်တရက် စွမ်းအားများ အဆပေါင်းများစွာ တိုးဝင်လာခဲ့ပြီး ယူချင်းရွှမ်ကို တိုက်ရိုက် ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။
အကြီးအကဲ ငါးဦးမှာလည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မှင်တက်မိသွားခဲ့ကြရသည်။
“ဒါက ကိုယ်တွင်းကမ္ဘာစွမ်းအားပဲ... သူ့ကိုယ်ထဲမှာ ကိုယ်တွင်းကမ္ဘာစွမ်းအားကို စုစည်းနိုင်နေပြီလား...”
၎င်းတို့မှာ အတွေ့အကြုံ များပြားလှသူများ ဖြစ်ကြသဖြင့် ကိုယ်တွင်း၌ ကိုယ်တွင်းကမ္ဘာစွမ်းအား စုစည်းနိုင်သူမှာ ယီထျန်းယွမ် တစ်ဦးတည်း မဟုတ်ကြောင်း သိရှိထားကြသည်။
“ဒါကတော့ တကယ့်ကို ထူးခြားလွန်းလှတယ်... ပုံမှန်အားဖြင့်တော့ တကယ့်ကို ထူးခြားတဲ့ မြေကမ္ဘာအရှင်တွေမှသာ စုစည်းနိုင်တာပါ... အများစုကတော့ ကောင်းကင်အရှင် အဆင့် ရောက်မှသာ စုစည်းနိုင်ကြတာလေ...”
အကြီးအကဲများမှာလည်း အံ့အားသင့်နေခဲ့ကြသည်။ မြေကမ္ဘာအရှင် အဆင့်ဖြင့် ကိုယ်တွင်းကမ္ဘာစွမ်းအား စုစည်းနိုင်သူမှာ အလွန်ပင် ရှားပါးလှသော်လည်း လုံးဝ မရှိသည်တော့ မဟုတ်ချေ။ အကယ်၍ အောင်မြင်စွာ စုစည်းနိုင်မည်ဆိုပါက ထိုသူမှာ ထူးခြားလှသော မြေကမ္ဘာအရှင် ဖြစ်လာပေလိမ့်မည်။ ယီထျန်းယွမ်မှာ ထိုသူများထဲမှ တစ်ဦး ဖြစ်နေသဖြင့် အကြီးအကဲ ငါးဦးမှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သို့သော် ခဏအကြာတွင် ၎င်းတို့မှာ တည်ငြိမ်သွားခဲ့ကြသည်။ ၎င်းတို့သည် အတွေ့အကြုံ များပြားသူများ ဖြစ်သဖြင့် ဤသို့သော ကိစ္စမျိုးကို မြင်တွေ့ဖူးကြသည်။ မြေကမ္ဘာအရှင်ထျန်ချင်း၏ ကိုယ်တွင်း၌လည်း ကိုယ်တွင်းကမ္ဘာစွမ်းအား ရှိနေလိမ့်မည်ဟု ၎င်းတို့ ခန့်မှန်းထားကြသည်။
သို့သော် ယီထျန်းယွမ်သည်လည်း ဂြိုဟ်စွမ်းအားကို စုစည်းနိုင်လိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားခဲ့ကြချေ။ ဤသည်မှာ ၎င်းတို့၏ အမြင်ကို နောက်တစ်ကြိမ် ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်သည်။
မြေကမ္ဘာအရှင်ထျန်ချင်းဘက်တွင်မူ တိုက်ပွဲမှာ အစောကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိပ်ဆုံး ရှစ်ယောက်စာရင်းဝင်သူပင် ဖြစ်ပါစေ သူမ၏ ရှေ့မှောက်၌ တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားခဲ့ရသည်။ သန့်စင်သော မီးလျှံတစ်ခု ဝေ့ယမ်းလိုက်ရုံဖြင့် အရာအားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ဂြိုဟ်စွမ်းအားလား... ဒါကတော့ ခန့်မှန်းထားပြီးသားပါ...”
မြေကမ္ဘာအရှင်ထျန်ချင်း၏ မျက်ဝန်းများမှ တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ဘာမှ အံ့ဩစရာ မရှိသကဲ့သို့ ဖြစ်နေခဲ့သည်။ သူမ၏ အမြင်တွင် ယီထျန်းယွမ်၌ ဂြိုဟ်စွမ်းအား စုစည်းနိုင်စွမ်း ရှိနေရမည် ဖြစ်သည်။ အကယ်၍ ထိုမျှလောက်သော စွမ်းအားပင် မရှိပါက ဤနေရာ၌ ဆက်လက် ရှိနေရန် အရည်အချင်း မရှိတော့ချေ။
အခြား ပြိုင်ပွဲဝင်များမှာမူ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ပြီး တိုက်ပွဲမှာ အလွန်ပင် အကြိတ်အနယ် ရှိနေခဲ့သည်။
ယူချင်းရွှမ်သည် အုပ်ထိန်းသူများ၏ ကုသမှုအောက်တွင် မကြာမီမှာပင် သတိပြန်လည်လာခဲ့သော်လည်း မှင်တက်မိနေဆဲ ဖြစ်သည်။ အစောပိုင်းက ယီထျန်းယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ ပြန်လည် ခံစားမိလိုက်သောအခါ ကြောက်ရွံ့သွားခဲ့ရသည်။
“ကျွန်တော် ရှုံးပါပြီ...”
ယူချင်းရွှမ်က ခါးသီးစွာ ပြုံးလိုက်ပြီး အဝေးတွင် တရားထိုင်နေသော ယီထျန်းယွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ကျွန်တော့်ရဲ့ ကျင့်ကြံမှုက မလုံလောက်သေးဘူးပဲ... အရာအားလုံးကို ထိန်းချုပ်နိုင်တယ်လို့ ထင်ခဲ့တာ... ကြည့်ရတာ ကျွန်တော့်လက်ထဲမှာ မထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေ ရှိနေသေးတာပဲ...”
ယီထျန်းယွမ် ပြောခဲ့သကဲ့သို့ပင် သူ ဖယ်ရှားပစ်နိုင်သော စွမ်းအားများမှာ သူ ထိန်းချုပ်နိုင်သည့် နယ်ပယ်အတွင်း၌သာ ရှိသည်။ ယီထျန်းယွမ်က ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ သူ၏ စွမ်းရည်မှာ အလုပ်မဖြစ်တော့ချေ။ ဆယ်ပိဿာကို ဖယ်ရှားနိုင်သော်လည်း ပိဿာတစ်သောင်း၊ တစ်သိန်း ဆိုလျှင်ကော။ ဤသည်မှာ စွမ်းအားချင်း ကွာခြားသွားခြင်း ဖြစ်သည်။ ပြိုင်ဘက်ကို လုံးဝ ဖိနှိပ်လိုက်ခြင်း ဖြစ်ပြီး ခုခံရန်ပင် အခွင့်အရေး မရှိတော့ချေ။
ဤပွဲမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယီထျန်းယွမ်သည် တရားထိုင်ကာ အနားယူလိုက်သည်။ အမှန်တကယ်၌ သူသည် အနားယူရန် မလိုအပ်သဖြင့် နောက်တစ်ပွဲကို တိုက်ရိုက် ဆက်လက် တိုက်ခိုက်နိုင်သော်လည်း ဤအတိုင်း ထိုင်နေရသည်မှာ မကောင်းသဖြင့် ဟန်ဆောင်ကာ အနားယူနေခြင်း ဖြစ်သည်။
မကြာမီမှာပင် တိုက်ပွဲများ ပြီးဆုံးသွားခဲ့ပြီး မြေကမ္ဘာအရှင်တီကယ်မှာလည်း ထိပ်ဆုံး လေးယောက်စာရင်းသို့ ဝင်ရောက်လာခဲ့သည်။ ယခုအခါ မြေကမ္ဘာအရှင်ထျန်ချင်းနှင့် မြေကမ္ဘာအရှင်တီကယ်တို့မှာ နေရာတစ်ခုစီ ရထားကြပြီး ယီထျန်းယွမ်လည်း ပါဝင်နေခဲ့သည်။ အခြားတစ်ဦးမှာမူ မထင်မှတ်ထားသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး ထိပ်ဆုံး လေးယောက်စာရင်းသို့ တိုက်ရိုက် တိုးဝင်လာခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် ဘယ်သူနဲ့ တွေ့ရမလဲဆိုတာ သိချင်မိတယ်...”
ယီထျန်းယွမ်သည် မြေကမ္ဘာအရှင်ထျန်ချင်းနှင့် မြေကမ္ဘာအရှင်တီကယ်တို့ရှိရာသို့ လှည့်ကြည့်လိုက်သည်။ သို့သော် သူသည် မြေကမ္ဘာအရှင်ထျန်ချင်းနှင့် ချက်ချင်း တွေ့ဆုံရလိမ့်မည်ဟု မထင်ချေ။ မြေကမ္ဘာအရှင်တီကယ် သို့မဟုတ် အခြား ပါရမီရှင်တစ်ဦးနှင့်သာ တွေ့ဆုံရပေလိမ့်မည်။
အကြီးအကဲ ငါးဦးမှာ အကြာကြီး မဆွေးနွေးတော့ဘဲ ၎င်းတို့၏ ပြိုင်ဘက်များကို ချက်ချင်း ကြေညာလိုက်သည်။ တံဆိပ်ပြားများကို ပစ်လွှတ်လိုက်သည့်အခါ ယီထျန်းယွမ်၏ လက်ထဲသို့ ရောက်ရှိလာသော တံဆိပ်ပြားပေါ်တွင် “နှစ်” ဟု ရေးသားထားသည်ကို မြင်တွေ့လိုက်ရသည်။
“နံပါတ် ၂ လား...”
ယီထျန်းယွမ်က မော့ကြည့်လိုက်သည့်အခါ သူ့အား ကြည့်နေသူမှာ မြေကမ္ဘာအရှင်တီကယ် ဖြစ်နေသည်။ သေချာပေါက်ပင် သူနှင့် တွေ့ဆုံရမည့်သူမှာ မြေကမ္ဘာအရှင်တီကယ် ဖြစ်နေခဲ့ပြီ။ မြေကမ္ဘာအရှင်တီကယ်မှာ သူ၏ စွမ်းအားကို အလွန် ကောင်းမွန်စွာ ဖုံးကွယ်ထားသော ပြိုင်ပွဲဝင် တစ်ဦး ဖြစ်သည်။ အစောပိုင်းကတည်းက သူသည် မိမိ၏ စွမ်းအားကို ဖုံးကွယ်ထားခဲ့ပြီး ပြိုင်ဘက်ကို အနိုင်ရရန်အတွက်သာ ကစားခဲ့ခြင်း ဖြစ်သည်။ လူအများက သူ့ကို တမင်တကာ လုပ်ဆောင်နေသည်ဟု ထင်မြင်နေကြသော်လည်း သူကမူ ဤသို့သာ ဆက်လက် လုပ်ဆောင်နေခဲ့သည်။
အကြိမ်တိုင်းတွင် သူသည် အနည်းငယ်သော စွမ်းအားဖြင့်သာ အနိုင်ရခဲ့ပြီး ကြမ်းတမ်းခြင်း သို့မဟုတ် သွေးထွက်သံယို ဖြစ်ခြင်းမျိုး မရှိခဲ့ချေ။ အရာအားလုံးမှာ သာမန်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။ ဤအခြေအနေမှာ အလွန်ပင် ထူးဆန်းလှပြီး သူသည် တမင်တကာ လုပ်ဆောင်နေခြင်း မဟုတ်ဟု ဆိုလျှင် မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ မြေကမ္ဘာအရှင်တီကယ်မှာ တမင်တကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး လူတို့ကို လျှို့ဝှက်ချက် တစ်ခုကဲ့သို့ ခံစားရအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူ၏ အစစ်အမှန် စွမ်းအား မည်မျှအထိ ရှိသည်ကို မည်သူမျှ မသိရှိကြချေ။
“နောက်ဆုံးတော့ ရင်ဆိုင်ရတော့မယ်ပေါ့... ယုံမင်နတ်ဆိုးမျိုနွယ်တွေ...”
ယီထျန်းယွမ်၏ မျက်ဝန်းများမှာ အေးစက်သွားခဲ့သည်။ ယုံမင်နတ်ဆိုးမျိုနွယ်များနှင့် ပတ်သက်လာလျှင် သူသည် မည်သည့်အခါမျှ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ယုံမင်နတ်ဆိုးမျိုနွယ်များ၏ စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များကြောင့် သူသည် ထိုမျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်ပစ်လိုစိတ်များ ပြင်းထန်နေခဲ့ပြီ ဖြစ်သည်။