အခန်း (၁၀၄၀)
Vol. 75 Ch. 1040
မြေကမ္ဘာအရှင်တီကယ်သည် မည်သည့်ကိစ္စကိုမျှ ဂရုမစိုက်ဘဲ သူ၏ပြိုင်ဘက်ကို သိရှိပြီးနောက် တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ ထိုနေရာ၌ပင် တရားထိုင်ကာ အနားယူနေခဲ့သည်။ သူသည် စွမ်းအင်များစွာ ကုန်ဆုံးသွားခဲ့သကဲ့သို့ပင် တိုက်ပွဲဝင်ချိန်မှလွဲ၍ ကျန်အချိန်များကို အနားယူခြင်းဖြင့်သာ ကုန်ဆုံးစေသည်။
သို့သော် အချက်တစ်ချက်က ယီထျန်းယွမ်အား စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်။ ယင်းမှာ မြေကမ္ဘာအရှင်တီကယ်သည် လုံလောက်စွာ ရက်စက်ကြမ်းကြုတ်မှု မရှိခြင်းပင်။ ယုံမင်နတ်ဆိုးမျိုနွယ်များသည် အမြဲတမ်း ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် နာမည်ကျော်ကြားသော်လည်း သူသည် တိုက်ပွဲတစ်လျှောက်လုံးတွင် မည်သူ့ကိုမျှ သတ်ဖြတ်ခဲ့ခြင်း မရှိချေ။
သူသည် ပြိုင်ဘက်ထက် အနည်းငယ်သာ သာလွန်သည့် အခြေအနေဖြင့်သာ ပွဲစဉ်များကို အနိုင်ယူခဲ့သဖြင့် ပြိုင်ဘက်များအနေဖြင့် သေဆုံးရန် ခက်ခဲလှသည်။ သူတို့ကိုယ်တိုင်က သေချင်ဇောဖြင့် လည်ပင်းကို ထိုးပေးလျှင်မှသာ သေဆုံးနိုင်ပေလိမ့်မည်။
ယီထျန်းယွမ်တွင် ဤအချက်နှင့် ပတ်သက်၍ ခန့်မှန်းချက်တစ်ခု ရှိသည်။ ယင်းမှာ သူ၏ရက်စက်ကြမ်းကြုတ်သော သဘာဝကို ဖုံးကွယ်ထားခြင်းပင် ဖြစ်သည်။ ဤနေရာတွင် သူ၏ယုံမင်နတ်ဆိုးမျိုနွယ် သွေးရိုးဗီဇကို ထုတ်ဖော်ပြသခြင်းသည် သေတွင်းတူးခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ယီထျန်းယွမ်က တိုက်ခိုက်ရန်ပင် မလိုတော့ဘဲ အကြီးအကဲ ငါးဦးက ကိုယ်တိုင် ရှင်းလင်းပစ်ပေလိမ့်မည်။
ယုံမင်နတ်ဆိုးမျိုနွယ်များ၏ ဆိုးဝါးလှသော နာမည်မှာ နတ်ဘုရားနယ်မြေများကြားတွင် အလွန်ပင် ကျော်ကြားလှသည်။ ဤနေရာရှိ နတ်ဘုရားနယ်မြေ အများအပြားမှာ ၎င်းတို့ကို အလွန်မုန်းတီးကြသဖြင့် အကယ်၍ ပြိုင်ပွဲဝင်တစ်ဦးသာ ဖြစ်နေခဲ့ပါက သေချာပေါက် သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
ယခုမူ အမှန်တကယ်ပင် ပိုက်ကွန်မှ လွတ်လာသော ငါးတစ်ကောင်မှာ အတွင်းသို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ အကြီးအကဲ ငါးဦးလုံးက ၎င်းကို ရိပ်မိခြင်း မရှိကြချေ။ ယီထျန်းယွမ်က သူ၏စွမ်းအားအချို့ကို အတင်းအကျပ် ထုတ်ဖော်ခိုင်းမှသာ သိရှိနိုင်ပေလိမ့်မည်။
သုံးရက်တာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ။ တိုက်ပွဲများ ဆက်လက် ကျင်းပနေပြီး ၎င်းတို့ လေးဦးအပြင် အခြားပြိုင်ပွဲဝင်များလည်း ကျန်ရှိနေသေးသည်။ ၎င်းတို့မှာ နောက်ပိုင်း အဆင့်များအတွက် ဆက်လက်၍ ပွဲစဉ်အတော်များများ တိုက်ခိုက်ရဦးမည် ဖြစ်သည်။
သို့သော် ၎င်းတို့၏ တိုက်ပွဲများကိုမူ ပရိသတ်အများအပြားက အာရုံမစိုက်ကြတော့ဘဲ ယီထျန်းယွမ်တို့၏ တိုက်ပွဲကိုသာ အာရုံစိုက်နေကြသည်။ ၎င်းတို့မှာ ယခုအခါ စစ်မှန်သော ဇာတ်လိုက်များ ဖြစ်နေကြပြီ မဟုတ်ပါလော။ လူအများစုမှာ ထိပ်ဆုံး သုံးယောက်၏ အခြေအနေကိုသာ သိရှိလိုကြပြီး နံပါတ်တစ် ရရှိမည့်သူကိုသာ စိတ်ဝင်စားကြသဖြင့် နောက်ပိုင်းရှိသူများကိုမူ စိတ်ဝင်စားမှု မရှိကြချေ။ ဤသည်မှာ ကွာခြားချက်ပင် ဖြစ်သည်။
ပိုမိုကြီးမားသော ကျော်ကြားမှုနှင့် အခွင့်အရေးများကို လိုချင်ပါက ထိပ်ဆုံး အဆင့်များကို ရရှိရန် ကြိုးစားရပေမည်။ မဟုတ်ပါက လျစ်လျူရှုခြင်းကိုသာ ခံရပေလိမ့်မည်။ နတ်ဘုရားနယ်မြေ တက်လှမ်းခြင်း တိုက်ပွဲနှင့် ပတ်သက်၍ မေးမြန်းလိုက်ပါက အများစုမှာ ထိပ်ဆုံး သုံးယောက်ကိုသာ သိရှိကြပြီး နောက်ပိုင်း အဆင့်များကိုမူ သိရှိသူ အလွန်နည်းပါးလှသည်။
အများဆုံး သိရှိနိုင်သည်မှာ ထိပ်ဆုံး ဆယ်ယောက်အထိသာ ဖြစ်ပြီး နောက်ပိုင်းကိုမူ မည်သူမျှ စုံစမ်းခြင်း မရှိကြချေ။ အဆင့် တစ်ဆယ့်တစ် ရရှိသူမှာလည်း အလွန် ထူးချွန်သော ပါရမီရှင် ဖြစ်နေလင့်ကစား ထိပ်ဆုံး သုံးယောက်၏ အရိပ်အောက်တွင်မူ မည်သူမျှ အာရုံစိုက်ခြင်း မခံရတော့ချေ။
ယီထျန်းယွမ်နှင့် မြေကမ္ဘာအရှင်တီကယ်တို့မှာ မကြာမီမှာပင် တိုက်ခိုက်ရေးကွင်းပြင်၌ ရပ်နေကြပြီး တစ်ဦးနှင့်တစ်ဦး မျက်နှာခြင်းဆိုင်နေကြသည်။
မြေကမ္ဘာအရှင်တီကယ်က လောကဝတ်အတိုင်း လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
“ယီထျန်းယွမ်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး...”
ယီထျန်းယွမ်က သူ့အား ကြည့်ရင်း စိတ်ထဲမှနေ၍ လှောင်ပြုံး ပြုံးလိုက်သည်။ မည်မျှပင် ဟန်ဆောင်ကောင်းနေပါစေ စိတ်ရင်းမှာမူ ယုံမင်နတ်ဆိုးမျိုနွယ်သာ ဖြစ်နေသည်မှာ ပြောင်းလဲ၍ မရသော အမှန်တရားပင် ဖြစ်သည်။
“မြေကမ္ဘာအရှင်တီကယ်... ခင်ဗျားရဲ့ သိုင်းပညာထဲမှာ ယုံမင်နတ်ဆိုးမျိုနွယ်တွေဆီကလိုမျိုး အရမ်းကို ယုတ်မာညစ်ပတ်တဲ့ စွမ်းအင်တစ်မျိုး ရှိနေသလိုပဲနော်...”
ယီထျန်းယွမ်က စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်သည်။
မြေကမ္ဘာအရှင်တီကယ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားခဲ့ပြီး သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွားခဲ့သော်လည်း မကြာမီမှာပင် ပျောက်ကွယ်သွားခဲ့ရာ မည်သူမျှ သတိမထားမိလိုက်ချေ။ သူသည် ထူးခြားသော အမူအရာကို ပြသခြင်း မရှိသလို ဟာကွက်လည်း မပြချေ။ အရာအားလုံးကို အကောင်းဆုံး ဟန်ဆောင်ထားခဲ့သည်။
“ယီထျန်းယွမ်... စကားကို ဒီလိုမျိုး စည်းလွတ်ဝါးလွတ် မပြောသင့်ဘူးဗျ... ယုံမင်နတ်ဆိုးမျိုနွယ်တွေဆိုတာ ဒီမှာရှိတဲ့သူတိုင်းက သတ်ချင်နေကြတာလေ... ခင်ဗျား လျှောက်ပြောလို့ မရဘူး... ကျွန်တော် လေ့ကျင့်ထားတဲ့ သိုင်းပညာမှာ ယုတ်မာတဲ့ အငွေ့အသက်အချို့ ရှိနေတာကိုတော့ ကျွန်တော် ဝန်ခံပါတယ်... ဒါပေမဲ့ ယုံမင်နတ်ဆိုးမျိုနွယ်တွေနဲ့တော့ ဘာမှ မသက်ဆိုင်ပါဘူး...”
မြေကမ္ဘာအရှင်တီကယ်က သူ၏ စိတ်ခံစားချက်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“သိုင်းပညာတွေက အများကြီးရှိတာပဲလေ... ယုတ်မာတဲ့ အငွေ့အသက် ရှိနေတဲ့ သိုင်းပညာကို ယုံမင်နတ်ဆိုးမျိုနွယ်တွေပဲ လေ့ကျင့်နိုင်တာမှ မဟုတ်တာ... ဥပမာပြောရရင် ယီထျန်းယွမ် ခင်ဗျား အရင်က ပြသခဲ့တဲ့ သိုင်းပညာမှာလည်း အရမ်းကို ပြင်းထန်တဲ့ ယုတ်မာတဲ့ အငွေ့အသက်တွေ ပါဝင်နေတာပဲလေ...”
သူ ပြောလိုက်သည့် သိုင်းပညာမှာ သေချာပေါက် သွေးနတ်ဆိုးအသွင် ပြောင်းလဲခြင်းပင် ဖြစ်သည်။ ထိုအသွင်မှာ သွေးနတ်ဆိုး တစ်ပါး ဖြစ်နေသဖြင့် မည်သို့လျှင် ယုတ်မာသော အငွေ့အသက်များ မရှိဘဲ နေပါမည်နည်း။ အမှန်တကယ်၌ အလွန်ပင် ယုတ်မာလှသော်လည်း မည်သူမျှ ပြဿနာ ရှိသည်ဟု မပြောခဲ့ကြချေ။ ယုတ်မာသော ကျင့်စဉ် ရှိနေခြင်းက ထိုသူသည် ယုတ်မာသောသူ ဖြစ်သည်ဟု မဆိုလိုသော်လည်း ယုံမင်နတ်ဆိုးမျိုနွယ်များမှာမူ သေချာပေါက် ယုတ်မာခြင်း၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
အခြားမျိုးနွယ်စုများကို ဝါးမြိုကာ မိမိ၏ စွမ်းအားကို မြှင့်တင်နေသော မျိုးနွယ်တစ်ခုမှာ တကယ့်ကို စက်ဆုပ်ဖွယ် ကောင်းလှသည်။
ဤနေရာ၌ သတ်ဖြတ်မှုများ ရှိနေလင့်ကစား အနည်းဆုံးတော့ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ဝါးမြိုခြင်း မရှိကြချေ။ ထိုသို့ဆိုလျှင် မိစ္ဆာတိရစ္ဆာန်များနှင့် ဘာကွာပါမည်နည်း။ ထို့ကြောင့် ၎င်းတို့မှာ အခြားသူများနှင့် အတူတူ နေထိုင်၍ မရသော ထူးခြားသော မျိုးနွယ်များ ဖြစ်နေခြင်းပင် ဖြစ်သည်။
ယုံမင်နတ်ဆိုးမျိုနွယ်များကို မိစ္ဆာတိရစ္ဆာန် တစ်မျိုးအဖြစ် သတ်မှတ်ထားကြသဖြင့် သဘာဝအတိုင်းပင် ဖယ်ကြဉ်ခြင်း ခံထားရသည်။
“ဒါဆိုရင်လည်း ကျွန်တော် ခင်ဗျားကို မှားယွင်းပြီး စွပ်စွဲမိတာပဲ... တောင်းပန်ပါတယ်...”
ယီထျန်းယွမ်က စိတ်ထဲမှ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ ဤလူမှာ ပြန်လည် ချေပနိုင်စွမ်း ရှိနေပြီး မိမိကိုယ်ကိုယ် ကာကွယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
သူသည် ခိုင်လုံသော သက်သေ မရှိဘဲနှင့် မြေကမ္ဘာအရှင်တီကယ်တွင် ယုံမင်နတ်ဆိုးမျိုနွယ် သွေးရိုးဗီဇ ရှိနေကြောင်း သက်သေမပြနိုင်ချေ။
“ဘာမှ မဖြစ်ပါဘူး... ယီထျန်းယွမ် နောက်ဆိုရင်တော့ စကားကို ဒီလိုမျိုး လျှောက်မပြောဖို့ မျှော်လင့်ပါတယ်... ဒါက လူတစ်ယောက်ကို သေစေနိုင်တဲ့အထိ ဒုက္ခပေးနိုင်လို့ပါ...”
မြေကမ္ဘာအရှင်တီကယ်က ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် ပြောသည်။
“ဒါနဲ့ တိုက်ပွဲကျရင်လည်း ယီထျန်းယွမ် အနေနဲ့ အနည်းငယ်လောက် ညှာတာပေးဖို့ မျှော်လင့်ပါတယ်... အရမ်းကြီး ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့ဦး...”
“လုပ်ပေးမှာပါ...”
ယီထျန်းယွမ်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်။ အကယ်၍ သူသာ အမှန်တကယ် ညှာတာပေးမည်ဆိုပါက သူသည် တကယ့် လူအ တစ်ယောက် ဖြစ်သွားပေလိမ့်မည်။
မကြာမီမှာပင် တိုက်ပွဲ စတင်ရန် ကြေညာလိုက်သည်။ မြေကမ္ဘာအရှင်တီကယ်၏ လက်ထဲ၌ မည်းနက်လှသော ကြိမ်လုံးရှည်တစ်ချောင်း ချက်ချင်း ပေါ်ပေါက်လာခဲ့ပြီး ၎င်းတွင် ယုတ်မာသော အငွေ့အသက်အချို့ ကိန်းအောင်းနေခဲ့သည်။
အဆင့်မြင့် စိတ်ဝိညာဉ်လက်နက် ဖြစ်သဖြင့် အတော်လေးကို ကောင်းမွန်သော ကြိမ်လုံးတစ်ခု ဖြစ်သည်။
“သတိထားတော့...”
မြေကမ္ဘာအရှင်တီကယ်က သတိပေးလိုက်ရာ သူသည် လှည့်ဖြားတတ်သော လူယုတ်မာ တစ်ဦးနှင့် မတူလှချေ။ သို့သော် အရာအားလုံးကို အပေါ်ယံ အမြင်နှင့်သာ ဆုံးဖြတ်၍ မရနိုင်ချေ။
မြေကမ္ဘာအရှင်တီကယ်မှာ မကြာမီမှာပင် ယီထျန်းယွမ်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ကြိမ်လုံးကို လွှဲကာ ယီထျန်းယွမ်အား ပတ်ချည်ရန် ကြိုးစားလိုက်သည်။ သူသည် တိုက်ရိုက် ရိုက်နှက်ခြင်း မဟုတ်ဘဲ ယီထျန်းယွမ်အား ချည်နှောင်ထားရန် ကြိုးစားခြင်း ဖြစ်သည်။
ယီထျန်းယွမ်၏ မျက်ဝန်းများ အေးစက်သွားခဲ့ပြီး ကြယ်တာရာလှံကို မြဲမြံစွာ ဆုပ်ကိုင်ကာ အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲ မြေကမ္ဘာအရှင်တီကယ်ရှိရာသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ဤပထမဆုံး လှံချက်မှာ ယူချင်းရွှမ်ကို တိုက်ခိုက်စဉ်ကထက်ပင် အဆပေါင်းများစွာ ပိုမို အားကောင်းလှသည်။ ပြင်းထန်သော စွမ်းအားမှာ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ မြေကမ္ဘာအရှင်တီကယ်ရှိရာသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။
ယီထျန်းယွမ်သည် သူ၏ ကြမ်းတမ်းလှသော တိုက်ခိုက်မှုကို မည်သည့်အခါမျှ ဖုံးကွယ်ထားလေ့ မရှိချေ။ သူသည် ဤကဲ့သို့သော ကြမ်းတမ်းသည့် ခံစားချက်ကို သဘောကျသည်။ လှံတစ်ချက်တည်းနှင့် ဖြေရှင်းနိုင်သောအရာကို ကွေ့ပတ်လုပ်ဆောင်နေလိမ့်မည် မဟုတ်ချေ။ အကယ်၍ တစ်ချက်နှင့် မရပါက နှစ်ချက် ထပ်မံ ထိုးနှက်မည် ဖြစ်သည်။
“ဖျန်း...”
မြေကမ္ဘာအရှင်တီကယ်မှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး လက်ထဲရှိ ကြိမ်လုံးကို လျင်မြန်စွာ လွှဲယမ်းလိုက်ကာ ယီထျန်းယွမ်၏ ကြယ်တာရာလှံကို ပတ်ချည်လိုက်သည်။ ထိတွေ့သွားသည့် ခဏမှာပင် ကြယ်တာရာလှံ၏ ကြမ်းတမ်းလှသော စွမ်းအားများကြောင့် သူ၏ ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်စင်သွားခဲ့ရသည်။
သို့သော် ထိုသို့ ထိတွေ့လိုက်ရုံမျှဖြင့် ယီထျန်းယွမ်သည် လှံအတွင်းရှိ စွမ်းအင်များ တစ်စိတ်တစ်ပိုင်း စုပ်ယူခံလိုက်ရကြောင်း ချက်ချင်း ခံစားမိလိုက်သည်။ ဤခံစားချက်မှာ ယူချင်းရွှမ်ကို ရင်ဆိုင်စဉ်ကနှင့် လုံးဝ ကွဲပြားလှသည်။ ၎င်းမှာ ဖယ်ရှားခံလိုက်ရခြင်း မဟုတ်ဘဲ စုပ်ယူခံလိုက်ရခြင်း ဖြစ်သည်။
သူ၏ ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်သည့်အခါ စုပ်ယူခံလိုက်ရသော စွမ်းအင်များမှာ မြေကမ္ဘာအရှင်တီကယ်၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားပြီး သူ၏ ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲသွားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သေချာပေါက်ပင် ဤသည်မှာ ယုံမင်နတ်ဆိုးမျိုနွယ်များ၏ လုပ်ရပ်ပင် ဖြစ်သည်။ ၎င်းတို့သည် အခြားသော သက်ရှိများကို ဝါးမြိုရုံသာမက တစ်ဖက်လူ၏ စွမ်းအင်များကိုပါ ဝါးမြိုရသည်ကို သဘောကျကြသည်။
ဝါးမြိုပြီးနောက် မြေကမ္ဘာအရှင်တီကယ်၏ မျက်ဝန်းထဲတွင် ထူးခြားသော အလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ကြိမ်လုံးကို နောက်တစ်ကြိမ် လွှဲယမ်းကာ စွမ်းအားအချို့ကို ထပ်မံ စုပ်ယူလိုက်ပြန်သည်။ စွမ်းအားများ လျော့နည်းသွားသည်နှင့်အမျှ အရှိန်မှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ရာ မြေကမ္ဘာအရှင်တီကယ်မှာ ရှောင်တိမ်းရန်အတွက် လုံလောက်သော အချိန်ကို ရရှိသွားခဲ့သည်။
ယခုအခါ ယီထျန်းယွမ်သည် သူ၏ အနိုင်ရမည့် နည်းလမ်းကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ ယင်းမှာ အချိန်ဆွဲ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ တစ်ဖက်လူ၏ စွမ်းအင်များကို တစ်ဖြည်းဖြည်းချင်း စုပ်ယူပြီး တစ်ဖက်လူ စွမ်းအားကုန်ခမ်းသွားသည်အထိ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
အခန်း ၁၀၄၀ ပြီးပါပြီ။