ယွီမျိုးနွယ်စု ၂
Vol. 45 Ch. 444
မရေမတွက်နိုင်သောအကွေ့အကောက်များကို ဖြတ်ကျော်ပြီးနောက်တွင်၊ တောက်ပသော အလင်းရောင်တစ်ခု သူတို့မျက်စိရှေ့၌ရုတ်တရက် ပေါ်လာလေသည်။ အလျင်အမြန် တူးဖော်ထားပုံရသော စိုစွတ်သည့် လိုဏ်ဂူအတွင်း၌၊ဖြူဖပ်ဖြူရော် ပုံရိပ်များသည် အတန်းလိုက်၊ အပုံလိုက်ဖြင့် ပြွတ်သိပ်နေကြ၏။
သူတို့အားလုံးသည် ဒူးများကို ပိုက်လျက်၊ လက်မောင်းကြားတွင် ခေါင်းများကို နှစ်ထားကြသည်။
အကြမ်းဖျင်း ဝေ့ကြည့်လိုက်လျှင် အများဆုံးမှ ထောင်ဂဏန်းလောက်သာ ရှိမည်ဖြစ်ပြီး၊ သူတို့၏ တိုးညှင်းသောညည်းတွားသံများက ဤမြင်ကွင်းကို သည်းမခံနိုင်လောက်အောင် ခြောက်သွေ့အထီးကျန်စေသည်။
ပတ်ဝန်းကျင်နံရံများတွင် လက်သီးဆုပ်အရွယ်အစားရှိသော ပုလဲများကိုမြှုပ်နှံထားပြီး၊ ထိုပုလဲများမှ လမင်းအနှစ်သာရအလင်းရောင်များ ထွက်ပေါ်နေသည်။ ဤနေရာတစ်ခုလုံး၏ အလင်းရောင်သည် ထိုလမင်းပုလဲများမှ လာခြင်းဖြစ်သည်။
"နင်တို့တတွေ ရူးကုန်ကြပြီလား။"
ကျန်းချင်၏မျက်ခွံများ လှုပ်ခါသွားပြီး၊ ကြီးမားလှသောဆုံးရှုံးမှုများကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားကြောင်း ထင်ရှားလှသည်။
"ကုန်းပေါ်မှာမနေနိုင်ရင်လည်း ဟုန်ကျယ်ကို ပြန်ကြလေ။ ရေနေမျိုးနွယ်စုတွေက နင်တို့ကိုမုန်းတယ်ဆိုရင်တောင် မျိုးဖြုတ်သတ်ပစ်တဲ့အထိတော့ မလုပ်လောက်ပါဘူး။"
သူတို့ကိုလမ်းပြခေါ်ဆောင်လာသော ယွီမျိုးနွယ်စုဝင်သည် ဒူးထောက်ချလိုက်လေ၏။
"မသေမျိုးအရှင်မ ပြောတာ အကျိုးကြောင်းသင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဘိုးဘေးအဆုံးအမတွေကို ဖောက်ဖျက်လို့မရပါဘူး။ ရေထဲကို ဆင်းလိုက်တာနဲ့ကျွန်တော်တို့က တကယ့် နတ်ဆိုးတွေဖြစ်သွားကြတော့မှာ၊ ပြန်လှည့်လို့ ရတော့မှာ မဟုတ်ဘူး။"
ထိုစကားကိုကြားသော် ယန်ဝမ်ချန့်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
ယွီမျိုးနွယ်စု၏ရုပ်သွင်အခြေအနေသည် အတော်လေးဂုဏ်သိက္ခာမဲ့သော ပုံစံပေါက်နေပြီး၊ ဟုန်ကျယ်မှရေနေမျိုးနွယ်စုများထက် လူသားစစ်စစ်များက သူတို့ကို ပို၍ရွံရှာကောင်း ရွံရှာပေလိမ့်မည်။
ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း သူတို့သည်ရေထဲသို့ ပြန်မဆင်းရဲဘဲ ရွှံ့လိုဏ်ဂူများထဲတွင်သာ ပုန်းအောင်းနေကြသည်။
ဆယ်ရက်ကျော်ကာလအတွင်း သူတို့မျိုးနွယ်စုမှာ မျိုးသုဉ်းလုနီးပါး ဖြစ်နေခဲ့ပြီ။
အကယ်၍များ ချင်းယွဲ့ဂိုဏ်းမှ တာဝန်ရှိသူတစ်ဦးသာစောစောစီးစီး ရောက်လာပေးခဲ့လျှင် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်လေ၏။
သို့သော် ဟဲတာအိုရတနာနယ်မြေတွင် နေထိုင်သူများအဖို့ ပြင်ပလောကမှလူများအပေါ် စာနာနားလည်ပေးရန် ခက်ခဲတတ်ကြစမြဲပင်။
သူသည် ရှန်းယီကို မော့ကြည့်လိုက်၏။
ထိုအချိန်တွင် ရှန်းယီသည် နံရံမှပုလဲတစ်လုံးကို ခွာယူလိုက်ပြီး လက်ထဲတွင်ဆန်းစစ်ကြည့်ရှုနေသည်ကို တွေ့လိုက်ရ၏။
"ယွီမိသားစုက ရေနေမျိုးနွယ်စုနဲ့ သွေးသားတော်စပ်မှုတချို့ရှိတော့ အလားတူနတ်စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတာပဲ။ သူတို့က လမင်းအနှစ်သာရကို ပုလဲတွေအဖြစ်ဖွဲ့စည်းနိုင်ကြတယ်။ ဒီပုလဲတွေက ကျင့်ကြံသူတွေအတွက်အားဖြည့်ပစ္စည်းကောင်းတွေ ဖြစ်ပေမဲ့၊ သူတို့က နတ်ဆိုးပိုင်း..."
ယန်ဝမ်ချန့်သည် သူပြောလုဆဲဆဲ နတ်ဆိုးဟူသော စကားလုံးကို ပြန်မြိုချလိုက်သည်။
"သာမန်အဆင့်ကျင့်ကြံသူတွေအတွက်တော့ မဆိုးပါဘူး။ ဒါပေမဲ့ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ကနေ နန်းတော်အဆင့်တက်လှမ်းမယ့်သူတွေအတွက်တော့ သိပ်အသုံးမဝင်လှဘူး။ စွမ်းအင်ပြန်ဖြည့်ဖို့လောက်ပဲ သုံးလို့ရမယ်။"
"ငါ သဘောပေါက်ပြီ။"
ရှန်းယီသည် လမင်းပုလဲကို နေရာတကျပြန်ထားလိုက်သည်။
"ဒါက ကျွန်တော်တို့မျိုးနွယ်ရဲ့ ရတနာပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါမသေမျိုး။"
ယွီမျိုးနွယ်စုဝင်သည် ရင်ခွင်ထဲမှတောက်ပသော အနီရောင်သန္တာကျောက်တစ်ခုကို ထုတ်ယူလိုက်ပြီး၊တုန်ရီသောအသံဖြင့် ကျန်းချင်အား ရိုသေစွာ ဆက်သလိုက်၏။
"ကျေးဇူးပြုပြီး... မသေမျိုးတို့ရဲ့စွမ်းအားကိုငှားပြီး နတ်ဆိုးကိုနှိမ်နင်းပေးပါ။ ကျွန်တော်တို့ ဘိုးဘေးအတွက် လက်စားချေပေးပါခင်ဗျာ။"
ထိုသန္တာကျောက်မှ ထွက်ပေါ်နေသော အရှိန်အဝါသည်အလွန်အားကောင်းလှပြီး၊ အစောပိုင်းက ချိုင်ယန်သစ်ကိုင်းခြောက်နှင့် နှိုင်းယှဉ်၍မရနိုင်အောင် သာလွန်သည်။
တာအိုနန်းတော်အတွင်းရှိ တန်ဖိုးနှင့် တွက်ချက်မည်ဆိုလျှင်ပင်၊ ၎င်းသည် အနည်းဆုံး နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ရှိသော ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ် တစ်ကောင်နှင့် ညီမျှပေသည်။
"နင်တို့ ဘိုးဘေးက သေသွားပြီလား။"
ကျန်းချင်၏မေးခွန်းက တဲ့တိုးဆန်ပြီး အနည်းငယ် ရိုင်းစိုင်းသလိုရှိပေ၏။
ယွီမျိုးနွယ်စုဝင်၏မျက်နှာတွင် ခါးသီးသော အမူအရာများဖြစ်ပေါ်လာသော်လည်း ရိုးသားစွာပင် ပြန်ဖြေရှာသည်။
"ကျွန်တော်တို့ ဘိုးဘေးကဒဏ်ရာအပြင်းအထန် ရထားပေမဲ့ မကျဆုံးသေးပါဘူး။"
"ဘာဖြစ်တာလဲ၊ ငါ့ကို ပြောပြစမ်း။" ကျန်းချင်သည် စိုစွတ်မှုကိုအောင့်အီးသည်းခံရင်း တည်ငြိမ်အောင် ထိန်းကာဆက်မေးလိုက်သည်။
"လွန်ခဲ့တဲ့ လဝက်လောက်က၊ ရွှေမီးလျှံစာကလေးတစ်အုပ်ရောက်လာပြီး အနီးနားက တောင်ပေါ်မှာ အခြေချကြတယ်။ ကျွန်တော်တို့လည်း ကိုယ့်လမ်းကိုယ်လျှောက်ပြီး အတူယှဉ်တွဲနေထိုင်လို့ ရမယ်အထင်နဲ့မနှောင့်ယှက်ဘဲ ကြည့်နေခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူတို့က ကျွန်တော်တို့ နေစရာကိုလိုချင်တပ်မက်လာပြီး ကျွန်တော်တို့ဆီက ငါးညှီနံ့ကို ရွံရှာတယ်ဆိုပြီး စလုပ်တော့တာပါပဲ..."
ဟုန်ကျယ်ဒေသတွင် မြေတစ်လက်မတိုင်းအတွက် တိုက်ခိုက်လုယူကြရ၏။
"ကျွန်တော်တို့က မထွက်သွားချင်ခဲ့ဘူး။"
"အဲဒါနဲ့ နင်တို့ တိုက်ပွဲရှုံးတာပေါ့။"
ယွီမျိုးနွယ်စုဝင်သည် တိတ်ဆိတ်သွား၏။ သူတို့ မထွက်ခွာချင်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။
ဤနေရာသည် နန်ဟုန်၏ အစွန်အဖျားဖြစ်ပြီး၊ လူသားမျိုးနွယ်ကို စောင့်ရှောက်ပေးသော နန်ဟုန် သားတော်ခုနစ်ပါး၏ အကာအကွယ်အောက်တွင် ရှိသည်။
အကယ်၍ သူတို့သာ ဤထက်ပိုဝေးတဲ့နေရာကို ရွှေ့ပြောင်းသွားခဲ့ရင်၊ သူတို့ကို ကူညီမည့် နောက်ထပ်အင်အားကြီးအဖွဲ့အစည်းတစ်ခု ရှာတွေ့ဖို့ ခက်ခဲပါလိမ့်မည်။ ကံမကောင်းပါက ဆိုးယုတ်သည့်နတ်ဆိုးများနှင့် တွေ့ဆုံမိခဲ့ရင်၊ တစ်သက်လုံး ကျွန်ပြုခံရပြီး လမင်းပုလဲများအတင်းအဓမ္မ ထုတ်ခိုင်းတာမျိုး ခံရနိုင်သည်။
ထိုအရာက မျိုးသုဉ်းသွားသည်ထက် ပိုဆိုးသော ကံကြမ္မာပင်။
"အဲဒီနတ်ဆိုးရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိလဲ။" ရှန်းယီက ဘေးတိုက်ကြည့်ရင်း ဝင်မေးလိုက်၏။ သူက ဤအချက်ကို ပိုစိတ်ဝင်စားနေသည်။
ယွီမျိုးနွယ်စုဝင်သည် ဖြေသင့်မဖြေသင့် ဝေခွဲမရဖြစ်ကာ တုံ့ဆိုင်းနေသည်။
သူ့အမြင်တွင် ခေါင်းဆောင်က မည်သူဖြစ်ကြောင်း ရှင်းနေပြီး၊ မသေမျိုစဂိုဏ်းများတွင် အသက်အရွယ်နှင့် ရာထူးဝါစဉ်ကိုသိပ်အလေးထားကြကြောင်း ကြားဖူးထားသောကြောင့် ဖြစ်သည်။
"မေးရင် ဖြေလိုက်လေ" လျိုချန်းယွင်က လှမ်းဟောက်လိုက်၏။
"..."
ကျန်းချင်သည် ဘာမှမတတ်နိုင်သလို ဘေးသို့ မျက်နှာလွှဲလိုက်သည်။
"ရွှေမီးလျှံစာကလေး စုစုပေါင်း လေးကောင်ရှိပါတယ်။သူတို့ထဲမှာ အမြင့်ဆုံးတစ်ကောင်က ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၄ ပါ။ ကျန်တဲ့ အကောင်ငယ်လေးတွေကိုတော့ ကျွန်တော် သိပ်မသေချာဘူး... ဘာလို့လဲဆိုတော့ သူတို့တောင်ဝင်ပါစရာမလိုဘဲ ကျွန်တော်တို့ တဖြည်းဖြည်းချင်း ရှုံးနိမ့်ခဲ့ရလို့ပါပဲ။"
ယွီမျိုးနွယ်စုဝင်က အလျင်အမြန် ဆက်ပြောလိုက်သည်။
"ကောင်းပြီ၊ သဘောပေါက်ပြီ။" ကျန်းချင်က ခေါင်းညိတ်လိုက်ပြီး အမိန့်ပေးရန်ပြင်လိုက်စဉ်၊ ရုတ်တရက် သူမ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။
ရှန်းယီသည် သူ့လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ရာ၊ အနက်ရောင်မြူခိုးများ ရစ်ပတ်ထားသော ရွှေရောင်ကြိုးမျှင်များ ထွက်ပေါ်လာ၏။
ဒီကောင်လေးက တကယ်ပဲ သူ့သဘောနဲ့သူ စလှုပ်ရှားနေတာလား။
"ဒါက..."
ယန်ဝမ်ချန့်သည် ခေတ္တမျှကြောင်အသွားပြီးနောက်၊ ထိုရွှေရောင်ကြိုးမျှင်များ မြေပြင်ပေါ်သို့ ကျရောက်ကာ အစီအရင်သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ၊ မနေနိုင်ဘဲ အသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။
"အစီအရင် ခင်းနေတာလား"
ထိုစကားကို ကြားမှသာ ကျန်းချင်သည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းပထမအဆင့်ရှိသော ဤကျင့်ကြံသူက အစီအရင်ပညာရှင် တစ်ဦးလည်း ဖြစ်နေမှန်း သတိထားမိလိုက်၏။
သူ ဘယ်လောက်ထိ ကျွမ်းကျင်ကြောင်းကိုတော့ မသိရသေးပေ။
"အစီအရင်ပစ္စည်းတွေ မလိုဘူး... နတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်တွင်းကလီစာငါးခုကို လမ်းကြောင်းလွှဲပြီး..."
ယန်ဝမ်ချန့်သည် အမှတ်တမဲ့သူ့လက်ချောင်းသူ ကိုက်လိုက်မိသည်။ ထိုနေ့က ထုံရှင်းချွမ် ပြောခဲ့သောစကားများကို ပြန်ကြားယောင်မိသွား၏။
'အစီအရင်ပစ္စည်းတွေ သုံးစရာမလိုတဲ့ နည်းလမ်းမျိုးနန်ယန်ဂိုဏ်းမှာ တကယ်ရှိတာပဲ'
ချက်ချင်းဆိုသလိုပင် ရှန်းယီက ကြာပွင့်ဖတ်များကို တစ်လွှာပြီးတစ်လွှာချထားသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဓာတ်ကြီးငါးပါးရတနာကြာပန်း မဟာအစီအရင်လား။
ယန်ဝမ်ချန့် ဇဝေဇဝါဖြစ်နေစဉ်မှာပင်၊ ရှန်းယီ၏ လက်ချောင်းထိပ်များမှကြိုးမျှင်များသည် အနက်ရောင်မြူခိုးများရစ်ပတ်ထားသော အစိမ်းရောင် ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားသည်။
အစိတ်အပိုင်းတစ်ခု ချထားပြီးတိုင်း၊ ကြိုးမျှင်များသည် မတူညီသောဓာတ်သဘာဝများအဖြစ် ပြောင်းလဲသွားလေ၏။
စစ်မှန်သော ယန်ဓာတ်၊ စွေ့သစ်သားဓာတ်၊ ရွှေရောင်မိုးကြိုးဓာတ်...
တစ်ဖက်လူသည် လုံးဝကွဲပြားခြားနားသော ဝိညာဉ်အမြစ် ၅ မျိုးကို အသုံးပြုပြီး၊ အစီအရင်ပစ္စည်း တစ်ခုမှ မပါဘဲ ဤ ဓာတ်ကြီးငါးပါးရတနာကြာပန်းမဟာအစီအရင်ကို တည်ဆောက်နေခြင်း ဖြစ်သည်။
ယန်ဝမ်ချန့် လုံးဝ ကြောင်အသွား၏။
ဝိညာဉ်အမြစ် ၅ မျိုး ရှိနေသည်မှာ အထင်ကြီးစရာ ကောင်း၍မဟုတ်ဘဲ၊ ထိုသို့ ရှုပ်ထွေးပွေလီနေသည့် ဝိညာဉ်အမြစ်များ ပိုင်ဆိုင်ထားသည့်လူက နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သောကြောင့်ဖြစ်သည်။
နန်ယန်ဂိုဏ်းက လူတွေအားလုံး ဒီလိုပဲကျင့်ကြံကြတာလား။
နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာပြန်သည်။
ဒီနေရာမှာ ဘာကိစ္စ အချုပ်အနှောင်အစီအရင် လာခင်းနေတာလဲ။ တာဝန်က နတ်ဆိုးသတ်ဖို့ မဟုတ်ဘူးလား။ ဒီ ယွီမျိုးနွယ်စုဝင်တွေကို လှောင်ပိတ်ထားပြီး ဘာလုပ်မှာလဲ။
ဖြူဖပ်ဖြူရော်အသားအရေရှိသော နတ်ဆိုးလူသား အများအပြားသည် သူတို့ပတ်ဝန်းကျင်မှ မသိမသာပြောင်းလဲမှုများကို အာရုံခံမိပြီး ကြောက်လန့်တကြား မော့ကြည့်လာကြ၏။ မသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများကို ဘာများစိတ်ဆိုးအောင်လုပ်မိမှန်းမသိဘဲ ဂယောက်ဂယက် ဖြစ်ကုန်ကြသည်။
"..."
ရှန်းယီသည် ကြိုးမျှင်များကို ပြန်ရုတ်သိမ်းလိုက်၏။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏နတ်ဝိညာဉ်စွမ်းအားဖြင့်၊ သူသည် ဤဧရိယာအတွင်း လွတ်လပ်စွာလှုပ်ရှားသွားလာရင်း အစီအရင်ကို ဆက်လက် အသက်သွင်းထားနိုင်ပေသည်။
အဘယ်ကြောင့် အချုပ်အနှောင်အစီအရင်ကို ခင်းကျင်းထားသည်ဆိုလျှင်တော့...
သူသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်အတွက် သီးသန့်ကာကွယ်ရေးအစီအရင်များကို မတတ်ကျွမ်းသေး၍ ဤအရာကိုအသုံးပြုလိုက်ခြင်းဖြစ်သည်။
စွမ်းဆောင်ရည်မှာ သိပ်မကွာခြားလှပေ။
သူတို့ကို လှောင်ပိတ်ထားသည်မှာ အကာအကွယ်ပေးထားသည်နှင့် အတူတူပင်။
အမှန်တကယ်တော့ သူက ဤလမင်းပုလဲများကို စိတ်ဝင်စားနေမိသည်။
ကျန်းချင်သည် ရှန်းယီအစီအရင်ခင်းပြီးသည်အထိ တိတ်ဆိတ်စွာစောင့်ဆိုင်းနေပြီးမှ လှုပ်ရှားရန် ပြင်လိုက်သည်။ အမိန့်ကို မနာခံဘဲသီးသန့်လှုပ်ရှားခြင်းသည် အပြင်ထွက်တာဝန်ထမ်းဆောင်ရာတွင် အကြီးမားဆုံး တားမြစ်ချက်တစ်ခု ဖြစ်သည်။
သို့သော် ယန်ဝမ်ချန့်၏ မျက်နှာပေါ်မှ အံ့ဩမှင်သက်နေသော အမူအရာကိုမြင်လိုက်ရသောအခါ၊ သူမ ပြောစရာစကား ပျောက်ရှသွား၏။
စိမ်းသက်သော လျိုချန်းယွင်နှင့် ယှဉ်လျှင်၊ သူမသည် အစီအရင်အကြောင်း နားမလည်သော်လည်း သူမ၏ဂျူနီယာမောင်လေး ယန်၏အဆင့်အတန်းကိုတော့ နားလည်သည်။
သူ့ကို ဤမျှအထိကြောင်အသွားစေသည့် နည်းလမ်းဆိုလျှင် သေချာပေါက်အံ့မခန်း ဖြစ်ရပေမည်။
အစောပိုင်းက အခြေအနေကို သူမအကဲခတ် မှားခဲ့ပုံရသည်။
"ရှင်က ဒီလောက်စွမ်းရည်ရှိမှတော့၊ ဒီလူတွေကို ရှင့်လက်ထဲပဲ အပ်ထားခဲ့လိုက်မယ်။ ရှင် ဒီမှာပဲနေခဲ့ပါ၊ နတ်ဆိုးကိစ္စကို ကျွန်မတို့ရှင်းလိုက်မယ်။"
ကျန်းချင်က သက်ပြင်းတစ်ချက်မှုတ်ပြီး လျိုချန်းယွင်နှင့်အတူ ရွှံ့လိုဏ်ဂူအပြင်ဘက်သို့ ထွက်ခွာသွားသည်။
သို့သော် မြေပြင်ပေါ်သို့ရောက်သည်နှင့် ရှန်းယီက သူတို့နောက်မှကပ်လျက် လိုက်ပါလာသည်ကို လှည့်ကြည့်မိလိုက်၏။
သူမ ရှန်းယီကို စကားမဆိုဘဲ စိုက်ကြည့်နေမိသည်။
"..."
"ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ်ကြပါ၊ ကျုပ်ကိုဂရုစိုက်စရာမလိုပါဘူး။" ရှန်းယီက မေးငေါ့ပြကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ဤလူများက ဝါရင့်များဖြစ်ကြောင်း သူသိသလို၊ အခြားသူမျက်လုံးထဲတွင် သူကပြဿနာကောင် ဖြစ်နေမှန်းလည်း သူသိသည်။
သို့သော် သူစနစ်မျက်နှာပြင်ပေါ်က သက်တမ်းကိစ္စကို အခြားသူများကို ပြောပြ၍မရပေ။
ထို့နောက် အခြားသောအရာများကို ထားလိုက်ပါ၊ နတ်ဆိုးသတ်သည့်နေရာတွင် သူသည် အတော်လေးကျွမ်းကျင်ပေ၏။ ထို့ကြောင့် ပြဿနာတော့ မဖြစ်လောက်ပေ။