ငါ မပါတော့ဘူး
Vol. 45 Ch. 445
"ငါ့ဘဝက အရမ်းအေးချမ်းလွန်းနေလို့ နင်က တမင်သက်သက် ငါ့ကိုဒေါသထွက်အောင် လာလုပ်နေတာလား"
ကျန်းချင်သည် သူမ၏အကြည့်ကို ရုတ်သိမ်းလိုက်၏။ သူမ၏အသက်ရှူသံများပင် အနည်းငယ် တုန်ရီနေပြီး လျိုချန်းယွင်ထံသို့ စိတ်ချင်းဆက်ကာ သတင်းပို့လိုက်ခြင်းဖြစ်သည်။
သူမ နားလည်ထားသည်မှာ ခေါင်းမာလှသည့် အကြီးအကဲလျို တစ်ဦးတည်းသာ နန်ဟုန်သားတော်ခုနစ်ပါထဲတွင် နန်ယန်ဂိုဏ်းချုပ် ဆိုသူ၏ တည်ရှိမှုကိုအသိအမှတ်ပြုချင်နေခြင်း ဖြစ်သည်။
အခြားမဟာမိတ်ဂိုဏ်းများက ရှန်းယီကို လျစ်လျူရှုထားခြင်းမှာ နန်ယန်ဂိုဏ်းအပေါ် စိုးရိမ်၍မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများကို လေးစားသောကြောင့်သာ ဖြစ်သည်။
ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ကံကြမ္မာဆိုတာ တက်လိုက်ကျလိုက် ရှိတတ်တာ သဘာဝပင်။ မည်သူမှ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်း အခြေအနေကောင်းနေမည်ဟု အာမမခံနိုင်ကြပေ။
အကယ်၍ တစ်စုံတစ်ယောက်က နန်ယန်ဂိုဏ်းကို
ပေါ်ပေါ်ထင်ထင်သိမ်းပိုက်လိုက်မည်ဆိုပါက ၎င်းသည် အန္တရာယ်ရှိသောစံနမူနာတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထိုအခါ သေတူရှင်တူမဟာမိတ်ဆိုသည်မှာ အနှစ်မဲ့သော စကားလုံးသက်သက်သာ ဖြစ်သွားမည်။
ထို့ကြောင့် မဟာမိတ်ဂိုဏ်းများအားလုံးက ထိန်းထိန်းသိမ်းသိမ်း ပြုမူကြခြင်း ဖြစ်သည်။
သို့သော် ထိုအချက်က အခြားသူများ၏မျက်လုံးထဲတွင် ရှန်းယီသည် တကယ့် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သွားသည်ဟု မဆိုလိုပေ။ ၎င်းမှာ လူသူမနီးသည့် နေရာမှ ကလေးတစ်စုအိမ်ဆော့ကစားနေကြသလိုသာ ဖြစ်သည်။
ဟုန်ကျယ်တစ်ခုလုံးက တန်ဖိုးထားရသည့် ဟဲတာအို ရတနာနယ်မြေကို ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ အခုမှစတင်ခြေချသည့် လူငယ်လေးတစ်ယောက်၏လက်ထဲသို့ သူတို့ တကယ်ကြီး အပ်နှံနိုင်ပါမည်လော။
မဟာမိတ်ဂိုဏ်းများ သဘောတူညီချက် ရရှိသွားသည်နှင့် ကျန်ရှိသော ဂိုဏ်းခြောက်ဂိုဏ်းထဲမှ ကျောက်စိမ်းဖြူမြို့တော်၏ အကြီးအကဲများ သို့မဟုတ် တိုက်ရိုက်တပည့်များက နန်ယန်ဂိုဏ်းနှင့် အချိန်တိုအတွင်းပေါင်းစည်းကာ အခြားကြီးမားသော တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို ထပ်မံမွေးထုတ်ပေးနိုင်ပေသည်။
ထို့ကြောင့် အချိန်တန်လျှင် ဤဒေသခံတစ်စုမှာ မဟာမိတ်ဂိုဏ်းအသီးသီး၏ဝါးမျိုခြင်းကို ခံရမည်မှာ သေချာသလောက်ရှိနေ၏။ မည်သူက ပို၍ တန်ဖိုးကြီးကြီးပေးနိုင်သလဲ ဆိုသည့်အပေါ်မှာသာ မူတည်သည်။
ဤသည်မှာ အခြေအနေအရပ်ရပ်၏အစီအမံကြီးဖြစ်ပြီး အကြီးအကဲလျိုတစ်ယောက်တည်း ပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။
အကယ်၍သာ သူက တကယ့်ဂိုဏ်းချုပ်ဖြစ်ခဲ့မည်ဆိုလျှင် တစ်မျိုးပင်၊ အထောက်တော်တစ်ယောက်အနေဖြင့် ကိုယ့်အသက်နှင့် ကျင့်ကြံခြင်းကို ပေးဆပ်သည်မှာ တာဝန်ဝတ္တရားတစ်ခုပင်မဟုတ်လော။ သို့သော် အတုအယောင်ဂိုဏ်းချုပ်တစ်ယောက်ဆိုလျှင်တော့...
လျိုချန်းယွင်ကတော့ အားတက်သရောပြုစုပျိုးထောင်ပေးနေပြီး၊ အခြားအထောက်တော်သူများကို ဆက်သွယ်ကာထောက်ခံမှုတွေတောင်းခံနေရုံတင်မကဘဲ သူနှင့်တွေ့ဆုံရန် တောင်များ၊ မြစ်များကို ဖြတ်ကျော်ပြီး မီးလျှံနတ်ဆိုးငှက်ကိုပင် လာရှာပေးနေသေးသည်။
ကျန်းချင်သည် လူတစ်ယောက်ကို ရုပ်ရည်ဖြင့် ဆုံးဖြတ်တတ်သူမဟုတ်သလို စိတ်ပုတ်သူလည်း မဟုတ်ပေ။ လျိုချန်းယွင်က တောင်းဆိုထားသဖြင့် သူမအနေနှင့် အတတ်နိုင်ဆုံး အနည်းငယ် ငြင်းဆန်ရုံမှတစ်ပါး တကယ်တမ်းမငြင်းရဲပေ။
သို့သော် ရှန်းယီ၏ယခုလို အမိန့်မနာခံမှုကတော့...
ဤအရာကို အတည်တကျစဉ်းစားမည်ဆိုလျှင် လူတိုင်း၏အသက်ကို ဟာသလုပ်နေသလိုပင်။ ဤအရာကိုတော့ ဦးဆောင်သူတစ်ယောက်အနေဖြင့် သူမ လုံးဝသည်းမခံနိုင်ပေ။
"အရေးကြီးတဲ့တာဝန်ကို အရင် အာရုံစိုက်ကြရအောင်၊သူ့မှာလည်း သူ့အစီအစဉ်နဲ့သူ ရှိမှာပါ"
လျိုချန်းယွင် ဘာပြောရမှန်းမသိတော့ဘဲ စိတ်ချင်းဆက်ကာ ဖျောင်းဖျလိုက်ရသည်။ သူမကိုယ်တိုင်လည်း ရှန်းယီအကြောင်း သိပ်သိလှသည်မဟုတ်။
သို့သော် နန်ယန်ဂိုဏ်းသားများ၏လေးစားမှုကို အပြည့်အဝရထားသူတစ်ဦးမှာ ပေါ့ဆသူတစ်ယောက်မဖြစ်နိုင်ဟု သူမ ယုံကြည်နေသည်။ ၎င်းအပြင် ဤသည်မှာ ချင်းယွဲ့ဂိုဏ်း၏တာဝန်ဖြစ်ပြီး ယန်ဝမ်ချန့်အပါအဝင်ဆိုလျှင် လူသုံးဦး ရှိနေသည့်အတွက် လိုအပ်ချက်နှင့် ကိုက်ညီနေပြီ ဖြစ်သည်။
"..."
ကျန်းချင် ခေတ္တငြိမ်ကျသွားပြီးမှ တည်ငြိမ်သော မျက်နှာထား ပြောင်းလိုက်၏။ ညီအစ်မ ဆက်ဆံရေးအတွက် ဤတစ်ကြိမ်သာ သည်းခံမည်၊ နောက်နောင်တွင် ရှန်းယီနှင့် ပတ်သက်သည့် မည်သည့်အရာတွင်မှ သူမ ပါဝင်တော့မည် မဟုတ်ပေ။
သူမ ဘာမှထပ်မပြောတော့ဘဲ ရှန်းယီကို သူမ၏ အစီအစဉ်ထဲမှပယ်ထုတ်လိုက်ပြီး တိုက်ရိုက် အမိန့်ပေးလိုက်တော့သည်။ "လျို၊ နင်က ပုန်းကွယ်ခြင်း ရတနာပုတီးစေ့ကို ကိုင်ပြီး နတ်ဆိုးတွေရဲ့သတင်းကို သွားစုံစမ်း၊သူတို့ရဲ့လှုပ်ရှားမှုကို ခြေရာခံပါ။ ဂျူနီယာမောင်လေး ယန်၊ မင်းက ပတ်ဝန်းကျင်ကို စူးစမ်း၊ထောင်ချောက်တွေကို ရှင်းထုတ်၊ အစီအရင်ပစ္စည်းတွေကို ပြင်ဆင်ပြီး သတ်ဖြတ်ခြင်းထောက်ချောက်အစီအရင်ကို ခင်းကျင်းပါ။ ငါကတော့ ခြုံခိုတိုက်ခိုက်ဖို့ သင့်တော်တဲ့နေရာကို ရှာမယ်"
"နားလည်ပါပြီ" လျိုချန်းယွင်က ခိုဥအရွယ်အစားရှိသောရတနာလုံးကို ထုတ်ယူလိုက်ပြီး စွမ်းအင်သွင်းလိုက်သည်နှင့် သူမ၏ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
အလုပ်ထဲသို့ရောက်သွားသည်နှင့် ချင်းယွဲ့ဂိုဏ်း၏ အထောက်တော်သူနှစ်ဦးမှာ အလွန်ပင်စနစ်ကျပြီး ထိရောက်မှု ရှိလာကြသည်။
"..."
ယန်ဝမ်ချန့်က ရှန်းယီကို ဘာမှမတတ်နိုင်သလို ပြုံးပြလိုက်ပြီးနောက် သူ၏သိုလှောင်ရတနာထဲမှ အစီအရင်ပစ္စည်းများကို စတင်ရွေးချယ်တော့သည်။
"ခဏလောက် စောင့်ဦး"
ရှန်းယီက လျိုချန်းယွင်ကို ရုတ်တရက် သတိပေးလိုက်၏။
သူ့အသံ မဆုံးမီမှာပင် လျိုချန်းယွင်က အလိုလိုပုံရိပ်ထင်ရှားလာပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
"..."
ဂျွတ်ခနဲ
ကျန်းချင်၏လက်သီးမှာ တင်းတင်းဆုပ်ထားလျက် ရှိသည်။
သူမက ဒီလောက်အထိ လိုက်လျောပေးထားတာကို သူက ဘာများထပ်လိုချင်နေသေးတာလဲ။ ဒီကောင်လေးက အတော်အတင့်ရဲလာပြီး အခုဆိုသူမရဲ့ လုပ်ဆောင်ချက်တွေကိုပါ လာညွှန်ကြားနေပြီလား။
သူမက ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဝတ်ရုံနက်ဝတ်လူငယ်လေး၏ တိုးညှင်းသော အသံကို ကြားလိုက်ရ၏။ "ဘယ်ဘက်တောင်ထိပ်မှာ နှစ်ကောင်ရှိတယ်၊ တစ်ကောင်က ဒဏ်ရာ အပြင်းအထန်ရထားတယ်၊ ကျန်တဲ့တစ်ကောင်ကတော့ အသက်အကြီးဆုံးပဲ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ခင်ဗျားထက် နည်းနည်းပိုမြင့်တယ်။ ညာဘက် တောင်ထိပ်မှာလည်း နှစ်ကောင် ရှိနေပြီ၊ သူတို့က ကျွန်တော်တို့ကိုစောင့်ကြည့်နေတာ။ ပတ်ဝန်းကျင်မှာ လျှို့ဝှက်တဲ့အစီအရင်တစ်ခု ရှိပုံရတယ်၊ ကျွန်တော်တို့ကို အိုးထဲဝင်အောင် ဖိတ်ခေါ်နေတာပဲ"
"ဟင်"
ကျန်းချင် အံ့အားသင့်စွာ ပါးစပ်ဟသွား၏။ ရှန်းယီ၏စကားများမှာ အဟုတ်ကြီးသေချာနေသဖြင့် သူမပင် ခဏတာ ယုံကြည်သွားမိသည်။ အကယ်၍ သူမ မမှားဘူးဆိုရင် ဤလူငယ်လေးက သူမနှင့်အတူ တစ်လျှောက်လုံးရှိနေခဲ့သည် မဟုတ်လော။
"အခု ငါတို့ ဘာလုပ်ကြမလဲ"
လျိုချန်းယွင်ကတော့ သူ့ကို မေးခွန်းမထုတ်တော့ပေ။ ကျောက်ရုပ်သေးနှင့် ဝိညာဉ်သန့်စင်ခြင်းကောင်းကင်ပိုးမျှင်တို့ကို မြင်တွေ့ပြီးကတည်းက သူမသည် နန်ယန်ဂိုဏ်းအပေါ် ထားရှိသည့် အစွဲများကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
အလွန်အမင်း ကျဆင်းနေသည့် နေရာများတွင်ပင် ကိုယ်ပိုင်လျှို့ဝှက်နည်းလမ်းများ ရှိနိုင်သည်ဟု သူမ ယုံကြည်သွားလေ၏။
"သတိပေးရုံတင်ပါ၊ ခင်ဗျားတို့ သင့်တော်သလိုပဲ ဆက်လုပ်ပါ"
ရှန်းယီသည် ချောက်နက် နှင့် ချင်းချိုဘိုးဘေးတို့၏နတ်ဆိုးဝိညာဉ်များကို သူ၏စနစ်မျက်နှာပြင် ထဲသို့ သိမ်းဆည်းလိုက်သည်။ ထိုနတ်ဆိုးနှစ်ကောင်မှာ အတွေ့အကြုံရှိသော်လည်း ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းသဖြင့် အခြားနတ်ဆိုးများ၏တိကျသော အင်အားကို မခွဲခြားနိုင်ကြပေ။
လျိုချန်းယွင်၏မေးခွန်းအတွက်မူ... ရှန်းယီသည် အဖွဲ့လိုက်လှုပ်ရှားမှုများတွင် မကျွမ်းကျင်သလို မရင်းနှီးသည့်နယ်မြေတွင် အဆင်ခြင်မဲ့ ဆုံးဖြတ်ချက်ချလေ့လည်း မရှိပေ။
"ငါတို့ ဘယ်ဘက် တောင်ထိပ်ကနေဝင်ကြမလား"
လျိုချန်းယွင်က ကျန်းချင်ကို လှမ်းကြည့်လိုက်၏။
"..."
ကျန့်ချင်က မျက်လုံးလှန်ပြလိုက်သည်။ "နင်က သူ့ကိုယုံနေမှတော့ ငါ့ကို ဘာလို့လာမေးနေသေးတာလဲ"
သူမ သက်ပြင်းချလိုက်ပြီး "ယန်၊ အစီအရင်ကို စတင်ပြင်ဆင်ပါတော့"
"ဟုတ်ကဲ့"
ယန်ဝမ်ချန့် အံ့အားသင့်သွားပြီးမှ သဘောကျသွားသည်။ အထောက်တော် ကျန်းချင်သည် ရှန်းယီ၏ သတင်းပေးမှုကို သတိကြီးစွာဖြင့်လက်ခံလိုက်ပြီဖြစ်ကြောင်း သိသာလှသည်။
"တာအိုမိတ်ဆွေရှန်းကပဲ လုပ်တာ ပိုကောင်းမယ် ထင်တယ်"
ယခင်က ရတနာသင်္ဘောပေါ်တွင် လျိုချန်းယွင်က အပြင်ရောက်လျှင် ရှန်းယီကို တာအိုမိတ်ဆွေဟု ခေါ်ရန် သတိပေးထားခဲ့သည်။ ယန်ဝမ်ချန့်က လက်နှစ်ဖက်ကို ယဉ်ကျေးစွာဆုပ်ပြလိုက်၏။
ရှန်းယီ၏ဓာတ်ကြီးငါးပါးရတနာကြာပန်း မဟာအစီအရင်ကို မြင်တွေ့ပြီးနောက် တစ်ဖက်လူ၏အစီအရင်ပညာမှာ သူ့ထက် မနိမ့်ကြောင်း ယန်ဝမ်ချန့် သိသွားခဲ့သည်။
"ဒါက ခင်ဗျားပဲ လုပ်ဖို့တကယ်လိုအပ်တာပါ"
ရှန်းယီက မျက်လုံးကို ပင့်ကြည့်ကာ ဘယ်ဘက် တောင်ထိပ်ဘက်သို့ ကြည့်လိုက်၏။ အပြင်လောကရှိ အစီအရင်များကို သူကနားမလည်ပေ။
"ဟူး..."
ဤအရာက သူ၏စွမ်းရည်ကို စမ်းသပ်တာပဲဟု ယန်ဝမ်ချန့် ခံစားလိုက်ရပြီး အသက်ကိုပြင်းပြင်းရှူကာ စိတ်ဓာတ်တက်ကြွလာသည်။ ရှန်းယီက ယခုလိုရည်ရွယ်ထားမှတော့ သူကလည်း အကြီးအကဲလျိုကိုမျက်နှာပျက်အောင် လုပ်မည်မဟုတ်ပေ။
"..."
ယန်ဝမ်ချန့်ထံမှ ရုတ်တရက် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာသည်ကို ရှန်းယီ အံ့သြသွားမိ၏။
နတ်ဆိုးတောင် မပေါ်သေးဘူး၊ ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။
"ကျွန်တော် သွားလိုက်ပါ့မယ်" ယန်ဝမ်ချန့်သည် လျိုချန်းယွင်ထံမှ ပုန်းကွယ်ခြင်းရတနာပုတီးစေ့ကို ယူကာ ဝေးကွာသော ဘယ်ဘက် တောင်ထိပ်ဆီသို့ ပြေးထွက်သွားတော့သည်။
သူ၏ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်၏။ အလွန်အမင်းအလေးအနက်ထားကာ တောင်တန်းကြီး၏လက်မတိုင်းကို စေ့စေ့စပ်စပ် စစ်ဆေးပြီး ပြီးပြည့်စုံအောင် ကြိုးစားနေသည်။
ဤသို့ ပြုမူခြင်းမှာ အစီအရင်ပညာရှင်တစ်ဦးအတွက် နတ်ဝိညာဉ် စွမ်းအင်အလွန်အမင်း ကုန်ခမ်းစေသည်။
နေ့မှ ည၊ ညမှ နေ့သို့ ပြောင်းလဲသွားပြီးနောက်...
ယန်ဝမ်ချန့်သည် တောင်ခြေသို့နောက်ဆုံးတွင် ပြန်ရောက်လာသည်။ သူ၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း လမ်းကြောင်းမြေပုံကို ထုတ်ယူကာ လူတိုင်းကိုပြသလိုက်၏။
"ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်အစောပိုင်း မဟာအစီအရင်သုံးခုနဲ့ အစီအရင်ငယ် ၁၉ ခု ရှိနေတယ်။ ဒီလမ်းကြောင်းတစ်ခုတည်းကပဲ လုံးဝ ဘေးကင်းတယ်"
"ပင်ပန်းသွားပြီ ယန်လေး"
ကျန်းချင်က ထိုလမ်းကြောင်းမြေပုံကို စိတ်လှုပ်ရှားစွာ ယူလိုက်၏။ သူမ၏ဂျူနီယာမောင်လေးမှာ ပထမဆုံးတာဝန်မှာတင် သူမအတွက် ဒီလောက်ထိ ကြိုးစားပေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ယခုလိုအခြေအနေမျိုးတွက် သူမအနေနှင့် သူမဂျူနီယာမောင်လေး၏ကြိုးစားမှုကို အလဟဿ အဖြစ်မခံနိုင်ပေ။
"ရပါတယ်၊ ဒါက ကျွန်တော် လုပ်သင့်တာပါ"
ယန်ဝမ်ချန့်က အေးအေးဆေးဆေးပင် ပြောလိုက်ပြီးနောက် ရှန်းယီကို စိုးရိမ်တကြီးကြည့်လိုက်၏။ သူ ဖြေဆိုခဲ့သည့် အဖြေလွှာက ရှန်းယီ၏မျက်လုံးထဲတွင် သူ့ကို အထင်ကြီးသွားစေမလားဟု သူ သိချင်နေသည်။
"..."
ရှန်းယီသည် ထိုစူးရှသော အကြည့်ကြောင့် ဘာပြောရမှန်း မသိဖြစ်သွားသည်။
ဘာလို့ သူ့ကို ဒီလိုကြီး ကြည့်နေတာလဲ။
ရှန်းယီက ကိုယ်တိုင် အစီအရင် ခင်းခဲ့ခြင်းလည်း မဟုတ်သလို အထဲမှ ရှုပ်ထွေးမှုများကိုလည်း သူ နားမလည်ပေ။
ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် သူက ခေါင်းကို အနည်းငယ်ငြိမ့်ပြလိုက်၏။ "ကျေးဇူးပဲ"
ရှန်းယီ၏မသိသာသော အမူအရာကို မြင်လိုက်ရမှ ယန်ဝမ်ချန့် စိတ်အေးသွားပြီး မျက်နှာတွင် အပြုံးတစ်ခုပေါ်လာတော့သည်။ ချီးကျူးစကား မကြားရသော်လည်း အနည်းဆုံးတော့ သူအောင်မြင်သွားပြီ ဖြစ်သည်။
အစီအရင် ပြင်ဆင်ခြင်းအပြင် ခင်းကျင်းခြင်းကလည်း သူ၏အထူးပြုပညာရပ်ပင်မဟုတ်လော။
သူ ရှန်းယီ သတိထားမိလာအောင် သေချာပေါက် လုပ်ပြဦးမည်။
"မင်း... "
ကျန်းချင်က မြေပုံကိုဆုပ်ကိုင်ထားပြီး မျက်ခွံများ လှုပ်ခါနေ၏။
ဒါက ဘာသဘောလဲ။ ဒီမြေပုံက သူမ ကြည့်ဖို့ မဟုတ်ဘူးလား။ သူမရဲ့ဝမ်းသာအားရ ချီးကျူးမှုက ဒီယန်လေးရဲ့မျက်လုံးထဲမှာ ရှန်းယီရဲ့ခေါင်းငြိမ့်ပြမှုလောက်တောင် တန်ဖိုးမရှိတာလား။
ကောင်းပြီ နောက်တစ်ခါ ယန်ဝမ်ချန့်နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ သူမသာထပ်ပါဝင်ပတ်သက်ခဲ့ရင် သူမကို ခွေးလို့သာ ခေါ်လိုက်ပါတော့။