← Chapters

ရွှေမီးလျှံစာကလေးနတ်ဆိုးသွေးအား ရိတ်သိမ်းခြင်

Vol. 45 Ch. 448

ရွှေမီးလျှံစာကလေးနတ်ဆိုးသွေးအား ရိတ်သိမ်းခြင်

Vol. 45 Ch. 448

“ကျင်းရိ၊ ကျင်းခွေ... ယွီမျိုးနွယ်စုထဲက အဖိုးကြီးကိုသွားဖမ်းကြစမ်း”

ရွှေမီးလျှံစာကလေးသခင်လေးသည် ဟိန်းဟောက်လိုက်၏။ သူသည် ဒေါသကြောင့် စိတ်မလွတ်သွားဘဲ တည်ငြိမ်စွာပင် တုံ့ပြန်နေခြင်းဖြစ်သည်။

ဤခွေးအိုကြီးကို အနိုင်ယူရန်အတွက် နည်းလမ်းတစ်ခုတည်းသာရှိသည်ကို သူကောင်းကောင်းနားလည်ထားသည်။

သူ၏ အမိန့်ပေးသံအဆုံးတွင် ညာဘက်တောင်ထိပ်၌ပုန်းအောင်းနေသော မဟာနတ်ဆိုးနှစ်ကောင်သည် သူတို့၏အရှိန်အဝါများကို ထုတ်ဖော်လျက် ကောင်းကင်သို့ပျံတက်သွားကြတော့သည်။

ထိုနတ်ဆိုးနှစ်ကောင်စလုံးသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့်သုံး ရှိ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဤမျှအင်အားကြီးမားသော နတ်ဆိုးများသည် မျိုးနွယ်စုတစ်ခု၏အင်အားစုထက် သခင်လေး၏သက်တော်စောင့်များအဖြစ် အထူးရွေးချယ်ထားခြင်းနှင့် ပို၍တူနေ၏။

နတ်ဆိုးနှစ်ကောင်သည် တောင်ခြေသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားကြ၏။

တစ်ချိန်တည်းမှာပင် ရွှေမီးလျှံစာကလေး သခင်လေးသည် ခွေးအိုကြီး၏လက်သည်းချက်များကို အသည်းအသန် ရှောင်တိမ်းရင်း တောင်ခြေဘက်သို့ တဖြည်းဖြည်းဆုတ်ခွာသွားလေသည်။

“ဟာ့... ဟာ့...”

ကျန်းချန်၏လှုပ်ရှားမှုများသည် ပိုမိုပြင်းထန်လာသော်လည်းကံမကောင်းစွာပင် လျှို့ဝှက်နည်းစနစ်၏အကူအညီဖြင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် လေးသို့ ရောက်ရှိနေသော ရွှေမီးလျှံစာကလေးအိုကြီးမှာ သူမ၏လမင်းစွမ်းအားကိုခုခံနိုင်ရုံသာမက ပြန်လည်တိုက်စစ်ဆင်ရန်ပင် အင်အားပိုနေသေး၏။

မိမိတို့အဆင့်တွင် ပြိုင်ဘက်ကင်းလေ့ရှိသော မသေမျိုးဂိုဏ်းမှကျင့်ကြံသူများအတွက်မူ ဤသည်မှာ အလွန်အရှက်ရစရာ ကောင်းလှသည်။

ကျန်းချန်၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာခဲ့၏။ သခင်လေးကို မကယ်ဘဲ ယွီမျိုးနွယ်စုကိုသာ အာရုံစိုက်နေခြင်းမှာ တစ်ခုခုတော့ မှားနေပြီ ဖြစ်သည်။

“ချန်းယွင်... အဲဒီငှက်ပေါက်စကို တားလိုက်စမ်း၊ သူ့ကို အရင်ရှင်းပစ်”

ထိုစကားကို ကြားသောအခါ လျိုချန်းယွင်သည် ဘေးနားရှိ ယန်ဝမ်ချန့်ကို လှည့်ကြည့်လိုက်၏။ ကျန်းချန်သည် အစီအရင်ပညာရှင်ကို ခေတ္တပစ်ပယ်ထားလိုက်ပြီ ဖြစ်သော်လည်းခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို သူမ ယုံကြည်ပါသည်။

“ကိုယ့်ကိုယ်ကိုယ် သတိထားဦးနော်”

“နားလည်ပါပြီ”

ယန်ဝမ်ချန့်က ခေါင်းညိတ်ပြလိုက်သည်။ အစီအရင်မှာလည်း ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်သည်။

ချက်ချင်းဆိုသလိုပင် လေထုထဲ၌ စိုထိုင်းဆများ မြင့်တက်လာပြီး မြစ်ကြီးတစ်စင်းအသွင် ပြောင်းလဲကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့သည်။ လှိုင်းလုံးများမှာ နဂါးခေါင်းသဏ္ဌာန် ကြွတက်လာပြီး ထိုရေပြင်အောက်တွင် နဂါးအုပ်စု ပုန်းအောင်းနေသကဲ့သို့ ခံစားရစေသည်။

မဟာအစီအရင် အသက်ဝင်လာသည်နှင့် ရွှေမီးလျှံစာကလေးနတ်ဆိုးနှစ်ကောင်၏မီးလျှံများမှာ မှိန်ဖျော့သွားခဲ့သည်။ အကြီးအကဲယန် တန်ဖိုးအထားရဆုံးအတွင်းစည်းတပည့် ဖြစ်ရသည်မှာ မဆန်းတော့ပေ။

လက်ရှိအခြေအနေနှင့် အကိုက်ညီဆုံးဖြစ်သည့် ချုပ်နှောင်သတ်ဖြတ်ခြင်းအစီအရင်ကို အချိန်တိုအတွင်းချပြနိုင်ခြင်းမှာ အစီအရင်ပုံစံများစွာကို နေ့ညမပြတ် လေ့လာထားမှသာ ဖြစ်နိုင်သည်။

“ရှန်းယီ... ကျွန်မကူညီမယ်၊ ရှင်က ယွီမျိုးနွယ်စုကို ကာကွယ်ထားတဲ့ အစီအရင်ကိုပဲ အာရုံစိုက် ထိန်းထားပေးပါ၊ ကျွန်မတို့အတွက် အချိန်နည်းနည်း ဆွဲပေးပါဦး”

လျိုချန်းယွင်သည် ကောင်းကင်သို့ တိုက်ရိုက် ပျံတက်သွားသည်။

ထိုခဏမှာပင် ရွှေမီးလျှံစာကလေးအိုကြီးသည် လမင်းစွမ်းအားကို တစ်ချက်အောင့်ခံလိုက်ပြီး ပုခုံးတွင် ဒဏ်ရာရသွားသော်လည်း ယန်ဝမ်ချန့်ကို အပြင်းအထန် လှမ်းတိုက်ခိုက်တော့သည်။

“...”

လျိုချန်းယွင်၏ပုံရိပ်မှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး နောက်လှည့်ရန်ကြိုးစားလိုက်၏။ သူမသည် ကျန်းချန်နှင့် မတူဘဲ အတွေ့အကြုံ နည်းပါးလွန်းလှသဖြင့် အမှားအယွင်းများရှိနေဆဲပင်။

ဂိုဏ်းတူမောင်နှမကို အန္တရာယ်ထဲ ပစ်ထားရမည့်အရေးတွင် သူမမသိစိတ်က တုံ့ဆိုင်းသွားခြင်း ဖြစ်သည်။

“နှုံအလွန်းလိုက်တာ”

ကျန်းချန်သည် အံကြိတ်လိုက်ပြီး ဆဲရေးရန်ပင် ပြင်လိုက်မိ၏။ ဤကဲ့သို့ အခြေအနေမျိုးတွင် ကြင်နာတတ်သူမှာ အရှုံးကြီးဆုံး ဖြစ်တတ်သည်။

ယန်ဝမ်ချန့်က ဂိုဏ်းတူမောင်နှမ ဖြစ်သော်လည်း ရွှေမီးလျှံစာကလေးပေါက်စမှာ သူတို့၏သခင်လေး မဟုတ်ပါလား။ ရွှေမီးလျှံစာကလေးအိုကြီးကော ထိုကဲ့သို့ စွန့်စားရဲမည်လော။

ဘုန်း

ရုတ်တရက်ပင် ရွှေရောင်မီးလျှံများထပ်မံပေါက်ကွဲထွက်လာပြီး တောက်ပသောအတောင်ပံများအဖြစ် ပြောင်းလဲသွားသည်။ ထိုမီးလျှံများမှာ စာကလေးနတ်ဆိုးများ၏မီးထက်ပင် ပိုမိုစင်ကြယ်ကာ ပူလောင်လှ၏။

အစီအရင်ကို ထိန်းချုပ်နေသော လူပုံရိပ်မှာ အနက်ရောင်ဝတ်ရုံများတဖျတ်ဖျတ်လွင့်လျက် ခရမ်းဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်ဟု လူတိုင်းထင်လိုက်ကြသည်။

ရွှေမီးလျှံစာကလေးသခင်လေးက ခွေးအိုကြီးကို အာရုံစိုက်နေသည့် အခွင့်အရေးကို ယူကာရှန်းယီသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် နှစ် နှင့် ညီမျှသော သတ်ဖြတ်ခြင်းဆန္ဒအရှိန်အဟုန်ဖြင့် ငှက်ပေါက်စ၏ရင်ဘတ်ကို အားပြင်းသော ကန်ချက်တစ်ချက် ကျွေးလိုက်လေသည်။

ထိုကန်ချက်ကြောင့် ရွှေမီးလျှံစာကလေး သခင်လေးမှာ နောက်သို့လွင့်ထွက်သွားတော့သည်။ သူ ခက်ခက်ခဲခဲဖန်တီးထားသော အကွာအဝေးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး ခွေးအိုကြီး၏လက်သည်းအောက်သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။

“ဟင်း...”

ကျန်းချန်သည် ဤကဲ့သို့ အလှည့်အပြောင်းမျိုးကို မမျှော်လင့်ထားခဲ့ပေ။

နန်ယန်ရတနာနယ်မြေမှ လာသော ဤကျင့်ကြံသူသည် အစီအရင်နှင့် ရုပ်သေးပညာတွင် ကျွမ်းကျင်ရုံတင်မကဘဲ ယခုအခါခန္ဓာကိုယ်ပိုင်းဆိုင်ရာ နည်းစနစ်ကိုပါထုတ်ဖော်ပြသလာသည်။

သူ ရူးသွားပြီလော။ သက်တမ်းဆိုသည်မှာ ယခုလို ပေါ့ပေါ့ဆဆဖြုန်းတီးပစ်ရမည့် အရာမဟုတ်ပေ။

ပို၍ကြောက်စရာကောင်းသည်မှာ ဤသည်မှာ အဆင့်ကျော်တိုက်ခိုက်ခြင်း ဖြစ်နေပြန်သည်။ ရွှေမီးလျှံစာကလေးသခင်လေးက သွေးမျိုးဆက် လျှို့ဝှက်ချက်ကို အားကိုးနေရသော်လည်း ရှန်းယီ၏လှုပ်ရှားမှုမှာမူ တိကျသောအချိန်ကိုက်မှုပေါ်တွင်အခြေခံထားပြီး သူ၏ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းလှသည်။

သူသည် မိမိဘာလိုချင်သည်ကို အတိအကျသိပြီး လောဘမတက်ပေ။ သူ၏တည်ငြိမ်မှုမှာ ကြောက်စရာပင် ကောင်းလှ၏။ အတုမဲ့ ပါရမီရှင်တစ်ဦးပင် ဖြစ်ချေတော့မည်။

“သခင်လေး”

ရွှေမီးလျှံစာကလေးအိုကြီး၏ ရက်စက်သော အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ ခွေးအိုကြီးက သူ၏လက်သည်းကို ဝှေ့ယမ်းလိုက်သည့် ခဏတွင် ထိုအဖိုးကြီးမှာထိတ်လန့်တကြားဖြင့် နောက်လှည့်ကာ ရွှေရောင်မီးလျှံများအားလုံးကို ထုတ်လွှတ်ပြီး ခွေးအိုကြီးကို ဟန့်တားရန် ကြိုးစားတော့သည်။

သို့သော်လည်း ခွေးအိုကြီးက သူ့ကိုတစ်ချက်ပင် လှည့်မကြည့်ပေ။

၎င်းသည် အသက်မဲ့သော ရုပ်အလောင်းသာ ဖြစ်ရာဒဏ်ရာရမည်ကို အဘယ်ကြောင့် ကြောက်နေမည်နည်း။

မီးလျှံတိုင်ကြီးကို အားတင်းကာ တောင့်ခံပြီးနောက် ၎င်း၏လက်သည်းဖြင့် ရွှေမီးလျှံစာကလေး သခင်လေး၏ရင်ဘတ်ကို ဆွဲဖြဲလိုက်၏။ ၎င်းသည် မိမိသခင်၏နည်းလမ်းကို အတုယူကာ နတ်ဆိုးအမြုတေကို နှိုက်ယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ၎င်းသည် မကျွမ်းကျင်သေးသောကြောင့် ဘာကိုမျှဖမ်းမမိခဲ့ပေ။

“ကျင်းရိ၊ ကျင်းခွေ... မင်းတို့ ဘာစောင့်နေတာလဲ။ မြန်မြန်လုပ်ကြစမ်း”

ရွှေမီးလျှံစာကလေးအိုကြီး၏စူးရှသော အော်ဟစ်သံကြီး ပဲ့တင်ထပ်သွား၏။ ရုတ်တရက် တောင်ခြေဘက်မှ အဆက်မပြတ်သော ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာတော့သည်။

“...”

ယန်ဝမ်ချန့်သည် တောင်အောက်သို့ ငုံ့ကြည့်ရင်း မျက်နှာပျက်သွား၏။

ဓာတ်ကြီးငါးပါးကြာပန်းအစီအရင်မှာ အလွန်နက်နဲသော်လည်း အခြေခံအားဖြင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအစောပိုင်းအဆင့် အစီအရင်သာ ဖြစ်သည်။

ထို့ထက် ပို၍အရေးကြီးသည်မှာ ၎င်းသည် ကာကွယ်ရေးအစီအရင် မဟုတ်ပေ။ ထို့ကြောင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် သုံး ရှိ နတ်ဆိုးနှစ်ကောင်၏အပြင်းအထန် တိုက်ခိုက်မှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။

ထို့ပြင် အစီအရင်ကို ထိန်းချုပ်နေသူ ရှန်းယီမှာလည်း ရွှေမီးလျှံစာကလေးသခင်လေးကို မုန်တိုင်းကဲ့သို့ ထိုးနှက်နေပြီး ယွီမျိုးနွယ်စု၏အသက်အန္တရာယ်ကို လျစ်လျူရှုထားပုံရသည်။

“ရှန်းယီ... ဒါကို ချန်းယွင်ကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပါ၊သူတို့က မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေကြတာ၊ ရှင်က အစီအရင်ကိုပဲ ဆက်ထိန်းထားပေးပါ” ဟု ကျန်းချန်က ယခင်ကထက် ပိုမိုယဉ်ကျေးသောလေသံဖြင့် ပြောလိုက်သည်။

ခွေးအိုကြီးမှာမူ ရွှေမီးလျှံစာကလေးသခင်လေး၏ ခန္ဓာကိုယ်ကိုရူးသွပ်စွာ ဆွဲဖြဲနေပြီး နာကျင်စွာ အော်ဟစ်သံများမှာ ကောင်းကင်အနှံ့ ပဲ့တင်ထပ်နေသည်။

၎င်းသည် သဲသဲမဲမဲဖြစ်နေစဉ်မှာပင် မိမိသခင်၏ တည်ငြိမ်သောအသံကို ကြားလိုက်ရ၏။

“သွားတော့၊ဒါကို ငါပဲ ကိုင်တွယ်လိုက်မယ်”

ခွေးအိုကြီးသည် တွေဝေမနေဘဲချက်ချင်းပင် လွှတ်လိုက်ပြီး ရွှေမီးလျှံစာကလေးအိုကြီးဆီသို့ ခုန်အုပ်လိုက်တော့သည်။

“ဘာ...”

ကျန်းချန်မှာ ကြောင်အသွား၏။ သူမ၏လက်များက ဆက်လက်လှုပ်ရှားနေသော်လည်း မျက်နှာတွင်မူ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

ရှန်းယီသည် အင်အားကို ထိန်းမထားရုံတင်မကဘဲ အကူအညီများပင်ထပ်ပေးရန် ရည်ရွယ်နေသေးသည်လော။

ကျန်းလေ့ဖူ ပါဝင်လာခြင်း၊ လျိုချန်းယွင်နှင့် အစီအရင်၏ပိတ်ဆို့မှုများကြောင့် ခက်ခက်ခဲခဲ ခုခံနေရသော ရွှေမီးလျှံစာကလေးအိုကြီးမှာမူ ယခုအခါ လွတ်မြောက်နိုင်စွမ်းမရှိသော အကျပ်အတည်းထဲသို့ ရောက်ရှိသွားပြီး ဆုတ်ရင်းဆုတ်ရင်းဖြင့် အခြေအနေဆိုးရွားလာတော့သည်။

All Chapters