ယွီမျိုးနွယ်စုကို စည်းရုံးခြင်း
Vol. 45 Ch. 450
လမင်းပုလဲမှ ထွက်ပေါ်လာသော အလင်းရောင်သည် စိုထိုင်းသောမြေဂူအတွင်းဝယ် လင်းလက်လျက်ရှိ၏။ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြူဖြူလျလျများမှာ ဂူဝတွင် စုရုံးနေကြပြီး လက်နက်များကို ကိုင်စွဲကာ သူတို့နောက်ကွယ်ရှိ ရွှံ့ခုတင်ကို ကာကွယ်ထားကြလေသည်။
အထက်မှတုန်ခါမှုများနှင့် ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများကြောင့် ယွီမျိုးနွယ်စုဝင်များမှာ ကြောက်ရွံ့တုန်ရင်နေကြရပြီး ကာကွယ်ရေးအစီအရင်ပျက်ပြယ်သွားသည်ကို ခံစားမိသောအခါ သူတို့၏စိတ်ဓာတ်များမှာ လုံးဝပြိုလဲလုနီးပါး ဖြစ်သွားခဲ့ရ၏။
'နန်ဟုန်ရဲ့သားတော်ခုနစ်ပါးကတောင် ငါတို့ကို မကာကွယ်ပေးနိုင်တော့ဘူးလား'
"..."
ရွှံ့ခုတင်ပေါ်ဝယ်အခြားမျိုးနွယ်စုဝင်များနှင့် မတူဘဲ သေလုမျောပါးဖြစ်နေသော ဆံပင်ဖြူအဖွားအို၏မျက်နှာမှာ ထူးဆန်းစွာ နီမြန်းနေပြီး သူမ၏ ခန္ဓာကိုယ်မှပြင်းထန်သော အပူရှိန်များ ထွက်ပေါ်နေ၏။ ထိုစဉ် တစ်ခုခုကို အာရုံခံမိသကဲ့သို့ သူမသည် မျက်ခွံများကို ခက်ခဲစွာ ဖွင့်လိုက်ပြီး ဂူဝဆီသို့ လှမ်းကြည့်လိုက်လေသည်။
မျိုးနွယ်စုအကြီးအကဲ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်မျိုးနွယ်စုဝင်များမှာ သတ္တိမွေးကာ ဟိန်းဟောက်လိုက်ကြပြီး လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ဂူအပြင်ဘက်သို့ စူးစိုက်ကြည့်လိုက်ကြ၏။
"ဂါး..."
ထိုဟိန်းဟောက်သံများကြား၌ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် အေးအေးလူလူပင် လျှောက်လှမ်းဝင်ရောက်လာလေသည်။
ခန့်ညားသော လူငယ်လေး၏မျက်နှာကို မြင်လိုက်ရသောအခါ ယွီမျိုးနွယ်စုဝင်များမှာ အံ့အားသင့်သွားကြပြီးမှသက်ပြင်းချကာ လက်နက်များကို ချလိုက်ကြ၏။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် "မသေမျိုးကြီး ပြန်လာပြီ" ဟု ဟစ်အော်ကြလေသည်။
သူတို့ မှတ်မိသလောက်ဆိုလျှင် သူတို့ကို ကာကွယ်ပေးထားသော မဟာအစီအရင်မှာ ဤလူ၏ လက်ရာပင်။ လူအုပ်ကြီးသည် ဘေးသို့တိုးကာ လမ်းဖယ်ပေးလိုက်ကြပြီး ရှန်းယီကို စိုးရိမ်တကြီး ကြည့်နေကြတော့သည်။
မျိုးနွယ်စုအကြီးအကဲသည် ရှန်းယီထံမှ စာကလေးနတ်ဆိုး၏သွေးနံ့အလွန်အမင်း ထွက်ပေါ်နေသည်ကို အာရုံခံမိပြီး ခေတ္တကြောင်အသွား၏။ ထိုလူငယ်သည် စီနီယာမောင်နှမများနောက်သို့ လိုက်ပါကာ အတွေ့အကြုံ ရှာရုံသက်သက်သာဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုမူ ထိုသို့မဟုတ်မှန်း သူမ နားလည်လိုက်ပြီ။
"ချင်းယွဲ့ဂိုဏ်းက မသေမျိုး... ယွီမျိုးနွယ်စုကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်..."
ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် သုံး ရှိ ကျွမ်းကျင်သူဖြစ်သော အကြီးအကဲအဖွားအိုသည် ထရပ်ရန်ကြိုးစားရင်း ရှန်းယီကို အရိုအသေပြုရန် ပြင်လိုက်၏။
"မလိုပါဘူး"
ရှန်းယီက ပတ်ဝန်းကျင်ရှိ လမင်းပုလဲများကို တစ်ချက်ကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီးအကြီးအကဲကို မပေးလိုက်လေသည်။ "ကျွန်တော်က ချင်းယွဲ့ဂိုဏ်းက တပည့်မဟုတ်ဘူး"
"ဒါက..." အကြီးအကဲမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။
သို့သော် ထိုလူငယ်မှာ ထပ်မံရှင်းပြလိုဟန်မရှိပေ။ သူသည် လမင်းပုလဲတစ်ခုကို လှမ်းယူလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။
"ဒီပစ္စည်းကို ကျွန်တော် စိတ်ဝင်စားတယ်"
"မသေမျိုး ကြိုက်သလောက်ယူနိုင်ပါတယ်"အကြီးအကဲသည် ဝေခွဲမနေဘဲ ဖြေလိုက်၏။ မျိုးနွယ်စုဝင်များ၏အကူအညီဖြင့် သူမ မတ်တပ်ရပ်နိုင်ခဲ့သည်။
"အကယ်လို့ မလောက်ဘူးဆိုရင်လည်း ပြောပါ၊ ယွီမျိုးနွယ်စုက ရအောင်ရှာပေးပါ့မယ်"
လူတိုင်း၏အကြည့်အောက်၌ ရှန်းယီသည် လမင်းပုလဲကို ကိုင်လျက်အကြီးအကဲ၏ ဘေးသို့ ဖြည်းဖြည်းချင်းလျှောက်လာပြီး အံ့အားသင့်ဖွယ် စကားတစ်ခွန်းကို ပြောလိုက်လေသည်။ "ဒီပစ္စည်းကို ကျွန်တော်အမြဲတမ်းသုံးချင်တာ"
နန်ယန်ရတနာနယ်မြေအတွင်းရှိ သတ္တဝါများသည် ပေါင်းစည်းအဆင့်ကျင့်ကြံသူတစ်ဦး၏ အင်အားစုများ ဖြစ်နိုင်ချေရှိ၏။ ရှန်းယီအနေဖြင့် အခြားသူများကိုကူညီရန် အချိန်အများကြီး မရှိသော်လည်း ယွီမျိုးနွယ်စုကဲ့သို့ အခြေခံကောင်းသောအုပ်စုကို နန်ယန်ဂိုဏ်းသို့ ခေါ်ဆောင်သွားခြင်းမှာ မဆိုးလှပေ။
"..."
ဤတစ်ကြိမ်တွင်မူ အကြီးအကဲသာမက အခြားသူများပါ တိတ်ဆိတ်သွားကြ၏။ ယွီမျိုးနွယ်စု၏ အခြေအနေမှာ အလွန်အနေခက်လှသည်။
သူတို့သည် ကာကွယ်မှုကို အလွန်အမင်း လိုအပ်နေကြသူများ ဖြစ်သည်။ လမင်းပုလဲများကို ထုတ်လုပ်နိုင်သည့် သူတို့၏ပါရမီကြောင့် ကျင့်ကြံသူအများစုက သူတို့ကိုအဆုံးမရှိသော အရင်းအမြစ်တစ်ခုအဖြစ်သာ မြင်ကြ၏။ သို့သော် သူတို့တွင် နတ်ဆိုးသွေးနှောပါရှိနေသဖြင့် မသေမျိုးဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်လျှင်ပင် လူအဖြစ် အသိအမှတ်ပြုခံရရန် ခက်ခဲလှသည်။
ကျွန်အဖြစ် အနှိမ်ခံရပြီး မျိုးဆက်အလိုက် လမင်းပုလဲများ ထုတ်လုပ်ပေးရမည့် ကံကြမ္မာမှာ မျိုးတုံးပျောက်ကွယ်ရခြင်းထက်ပင် ပို၍ကြောက်စရာ ကောင်းနေ၏။
ချင်းယွဲ့ဂိုဏ်းကဲ့သို့ ဂုဏ်သိက္ခာကို အလေးထားသောဂိုဏ်းမျိုးဆိုလျှင်လည်း သူတို့ကို ကျွန်အဖြစ် မခိုင်းစေလိုသဖြင့် လျစ်လျူရှုထားကြမည်သာ ဖြစ်သည်။ လမင်းပုလဲ အနည်းငယ်အတွက်နှင့် နတ်ဆိုးသွေးနှောများကို ဂိုဏ်းထဲသို့ လက်ခံမည် မဟုတ်ပေ။
"မသေမျိုး..."
အကြီးအကဲသည် ယခင်ကအတိုင်း ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွား၏။ သူမသည် သေခါနီးဖြစ်နေပြီ။ ယွီမျိုးနွယ်စုတွင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းကျင့်ကြံသူ အများအပြားဆုံးရှုံးခဲ့ရပြီး ယခုအခါ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ၁၀၀ ခန့် နှင့် ချီစုစည်းခြင်းအဆင့်ရှိသူ အများအပြားသာ ကျန်ရှိတော့၏။
ဤမျှအင်အားနည်းသော အခြေအနေနှင့် ဟုန်ကျယ်တွင် ခြေကုပ်ယူရန် မဖြစ်နိုင်ပေ။ ကျန်ရှိသောမျိုးနွယ်စုဝင်များ ရင်ဆိုင်ရမည့် ရက်စက်သော အနာဂတ်ကို သူမကြိုတင် မြင်ယောင်နေမိသည်။
"မသေမျိုးက ကျွန်မတို့ကို ဘယ်ကိုခေါ်သွားမှာလဲဆိုတာ သိပါရစေ" အကြီးအကဲ၏လေသံ ပြောင်းလဲသွား၏။
"နန်ယန်ဂိုဏ်း" ရှန်းယီက ခေါင်းညိတ်ပြလိုက်သည်။
ထိုစကားကို ကြားသောအခါ မျိုးနွယ်စုဝင်များမှာ တစ်ဦးကိုတစ်ဦးလှည့်ကြည့်လိုက်ကြ၏။
အကြီးအကဲမှာမူ ခဏမျှမှင်တက်သွားပြီးမှ "နန်ဟုန်ရဲ့သားတော်ခုနစ်ပါးထဲက တစ်ယောက်ဖြစ်တဲ့ ရွှမ်ချင်းရှိတဲ့ နန်ယန်ဂိုဏ်းလား" ဟု မေးလိုက်လေသည်။
ရှန်းယီသည် မျက်ခုံးပင့်လိုက်မိ၏။ ယွီမျိုးနွယ်စုက ထိုတိုက်ရိုက်တပည့်ကို သိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ အကြီးအကဲသည် ရှန်းယီ၏ အမူအရာကို ကြည့်ကာသက်ပြင်းချလိုက်ပြီး ဂူဝသို့ လှမ်းကြည့်လိုက်၏။
ထိုနေရာတွင် ဒဏ်ရာတစ်စုံတစ်ရာ မရရှိထားသော မသေမျိုးအချို့ ဝင်လာကြသည်ကို သူမ မြင်တွေ့လိုက်ရသည်။
"မသေမျိုးရဲ့ဖိတ်ခေါ်မှုကို ကျေးဇူးတင်ပါတယ်။ ဂိုဏ်းထဲကအကြီးအကဲတွေနဲ့ တိုင်ပင်ပေးပါဦး။ ယွီမျိုးနွယ်စုက သတင်းကောင်းကို စောင့်နေပါ့မယ်... ဒါပေမဲ့ ကျွန်မတို့သိပ်အကြာကြီး တောင့်မခံနိုင်တော့လို့ မြန်မြန်လေးတော့ လုပ်ပေးပါဦး" ဟု သူမက ဆို၏။
အကြီးအကဲသည် ရွှမ်ချင်းက ယွီမျိုးနွယ်စု၏ ဘိုးဘေးကို ရေနတ်ဆိုးမျိုးနွယ်စုလက်မှ တစ်ကြိမ် ကယ်တင်ခဲ့ဖူးသည်ကို သိထားသည်။ယခု မျိုးတုံးလုနီးပါး အခြေအနေတွင် နန်ယန်ဂိုဏ်း၏ကယ်တင်မှုကို ထပ်မံရရှိခြင်းမှာ ရေစက်ဟုပင် ဆိုရပေမည်။
"ခင်ဗျားတို့ ဆုံးဖြတ်ပြီးပြီဆိုရင် အခုပဲ ကျွန်တော့်နောက်လိုက်ခဲ့လို့ ရတယ်"
"ဗျာ"
အကြီးအကဲနှင့် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြ၏။ နတ်ဆိုးသွေးနှော ၁၀၀၀ နီးပါး ကို ရတနာနယ်မြေထဲသို့ ခေါ်ဆောင်သွားခြင်းမှာ သာမန်တပည့်တစ်ဦး ဆုံးဖြတ်နိုင်သည့် ကိစ္စမဟုတ်ဟု သူမ ထင်မြင်မိသည်။
ထိုလူငယ်မှာ မယုံကြည်ရဟု သူမ စတင် သံသယဝင်မိသွားသည်။
ထိုစဉ် ကျန်းချန်သည် လူတိုင်း၏အကြည့်ကို သတိပြုမိသွားပြီး သက်ပြင်းချလိုက်၏။ "သူက ဂိုဏ်းချုပ်ပဲ။ နန်ယန်ရတနာနယ်မြေတစ်ခုလုံးက သူ့အမိန့်အောက်မှာ ရှိတာ၊ ဘယ်သူနဲ့မှ တိုင်ပင်နေစရာ မလိုဘူး"
စကားအဆုံးတွင် လူ ၁၀၀၀ နီးပါး တိုးဝှေ့နေသော မြေကျင်းကြီးအတွင်းဝယ် လုံးဝ တိတ်ဆိတ်သွားတော့သည်။
"နန်ယန်ရဲ့ ဂိုဏ်းချုပ်..."
အကြီးအကဲ ယွီကျူသည် ရှန်းယီကို ငေးကြည့်နေမိ၏။ ထိုလူငယ်မှာဟင်းလင်းပြင်လျှောက်လှမ်းခြင်းအစောပိုင်းအဆင့်သာ ရှိပုံရသော်လည်း ပေါင်းစည်းအဆင့်ကျင့်ကြံသူတို့၏နည်းလမ်းမှာ ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။
သူမသည် မိမိ၏ မရိုသေမှုကို သတိရကာ မျက်နှာလွှဲလိုက်ရသည်။
"ယွီမျိုးနွယ်စုဟာ နန်ယန်ဂိုဏ်းချုပ်အတွက် အသက်ပေးပြီး သစ္စာစောင့်သိပါ့မယ်"အကြီးအကဲ၏ဦးဆောင်မှုဖြင့် လူအုပ်ကြီးမှာ ဒူးထောက်လိုက်ကြလေသည်။
"ခင်ဗျားတို့ တစ်ခုခုမှားနေပြီထင်တယ်" ရှန်းယီက ငုံ့ကြည့်ရင်းတိုးညှင်းစွာ ပြောလိုက်၏။ "နန်ယန်ဂိုဏ်းက ခင်ဗျားတို့ထင်သလိုအားကောင်းတဲ့ ကျင့်ကြံသူတွေ အများကြီးမရှိဘူး။ ခင်ဗျားတို့ထက်တောင်အင်အားနည်းရင် နည်းနေဦးမှာ၊ ဒါပေမဲ့ အကြီးအကဲရွှမ်ချင်းကတော့ အဲဒီမှာ ရှိနေတုန်းပဲ"
သူသည် လက်ထဲမှ လမင်းပုလဲကို မြှောက်ပြလိုက်ရင်း "ကဲ... လိုက်မှာလား၊ မလိုက်ဘူးလား" ဟု မေးလိုက်သည်။
ရှန်းယီသည် ယွီမျိုးနွယ်စုကို အသုံးဝင်သည်ဟု ယူဆသော်လည်း လှည့်ဖြားပြီး မခေါ်ဆောင်လိုပေ။ အကယ်၍ သူတို့ကမရိုးသားလျှင် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ရှိ နတ်ဆိုးသွေးနှော အများအပြားကိုခေါ်သွားခြင်းမှာ ပြဿနာ တက်နိုင်သောကြောင့်ဖြစ်၏။
"သူက အမြဲတမ်း ဒီလိုပဲလား" ကျန်းချန်က တိုးတိုးလေး မေးလိုက်သည်။
"ဖြစ်နိုင်ပါတယ်" လျိုချန်းယွင်က ပြုံးလျက် ဖြေ၏။ နတ်ဆိုးများကို သတ်ဖြတ်ရာတွင် ရက်စက်လှသောရှန်းယီသည် ဤနတ်ဆိုးသွေးနှောများအပေါ်တွင်မူ ထူးဆန်းစွာကြင်နာပြနေခြင်း ဖြစ်သည်။
အကြီးအကဲယွီကျူသည် ခဏမျှကြောင်အသွားသော်လည်း ဆုံးဖြတ်ချက်ချလိုက်၏။ နန်ယန်ဂိုဏ်းတွင် ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူ မရှိလျှင်ပင် ရတနာနယ်မြေနှင့် မဟာအစီအရင် ရှိနေရုံနှင့် သူတို့ကိုကာကွယ်ပေးရန် လုံလောက်လှပြီ ဖြစ်သည်။
"ယွီမျိုးနွယ်စုက ဂိုဏ်းချုပ်ရဲ့ကြီးမားတဲ့ ကျေးဇူးတော်ကို မျိုးဆက်တစ်ထောင်တိုင်အောင် မမေ့ပါဘူး"
ရှန်းယီက ခေါင်းညိတ်ပြလိုက်ပြီး ယွီကျူ၏ပုခုံးပေါ်သို့ လက်တင်ကာ ကောင်းကင်ဘုံဖီးနစ်ထာဝရ ခန္ဓာကိုယ်စွမ်းအားကို အသက်သွင်းလိုက်၏။
သူ လက်ကိုပြန်ရုတ်လိုက်သောအခါ အရည်ပျစ်ပျစ်ကဲ့သို့သော ရွှေရောင်မီးလျှံမျှင်တစ်ခု ပါလာလေသည်။ ၎င်းမှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် လေး ရှိ ရွှေမီးလျှံစာကလေး၏ စွမ်းအားလက်ကျန်များဖြစ်ပြီး ရှန်းယီက ယခုလောလောဆယ်တွင် ဝေဒနာသက်သာအောင်သာ လုပ်ပေးနိုင်သေး၏။
"ကျန်တာကိုတော့ ကျွန်တော် အဆင့်တက်ပြီးမှ ဆက်လုပ်ပေးမယ်"
"မလောပါဘူးဂိုဏ်းချုပ်၊ အခုလို အသက်ကို ကယ်ပေးတာနဲ့တင် ကျေးဇူးကြီးလှပါပြီ" ယွီကျူက ဝမ်းသာအားရ ပြောလိုက်၏။ သူမသည် အနီရောင် သန္တာကျောက်နှင့် သိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်သည်။
"ဒါတွေက ဂိုဏ်းချုပ်ကို ကတိပေးထားတဲ့ပစ္စည်းတွေနဲ့ လမင်းပုလဲတွေပါ"
ရှန်းယီက ကိုယ်တိုင်မယူဘဲရပ်နေသဖြင့် လျိုချန်းယွင်က အလိုက်တသိရှေ့တိုးကာ လက်ခံပေးလိုက်၏။ ထို့နောက် ရှန်းယီသည် နံရံပေါ်ရှိ ကျန်ရှိသော လမင်းပုလဲများအားလုံးကို သိမ်းယူလိုက်ရာဂူအတွင်းဝယ်မှောင်အတိ ကျသွားတော့သည်။
ကျန်းချန်မှာမူ အနေခက်စွာဖြင့် ဝိညာဉ်အလင်းကို ထုတ်လွှတ်ပေးလိုက်ရ၏။ လျိုချန်းယွင်ကတော့ ရှန်းယီ၏အကျင့်ကို သိနေသဖြင့် ခိုးပြုံးနေမိသည်။
အားလုံးသည် ဂူအပြင်သို့ ထွက်လာကြ၏။ လျိုချန်းယွင်သည် မန္တန်တစ်ခုရွတ်လိုက်ရာ အနက်ရောင် ချင်းယွဲ့ ရတနာဝေဟင်သင်္ဘောကြီးသည် ကောင်းကင်ယံ၌ဧရာမ အရိပ်ကြီးအဖြစ် ပေါ်ထွက်လာလေသည်။
ယွီမျိုးနွယ်စုဝင်များ အားလုံးသင်္ဘောပေါ်သို့ တက်ရောက်ပြီးနောက် ရတနာဝေဟင်သင်္ဘောကြီးသည် တိမ်တိုက်များကြားသို့ တိုးဝင်ကာနန်ယန်ဂိုဏ်းရှိရာ ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။