ဂိုဏ်းတူအစ်မ
Vol. 3 Ch. 214
ကျောင်းတော် ခန်းမထဲတွင် ကူးချိုင်ဝေ့၏ သင်ပြပေးမှုများကို နားထောင် နေကြသည့် ကျင့်ကြံသူများမှာ ကူးချိုင်ဝေ့မျက်နှာ ထိုသို့ နူးညံ့ သိမ်မွေ့သွားသည်ကို တစ်ခါမှ မမြင်ဖူးကြပေ။ ကူးချိုင်ဝေ့သည် ချင်းရွှမ် နတ်တံခါး၏ အဓိက မဏ္ဍိုင်နေရာတွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ဆန်းတန်ခိုးရှင်း၏ ဂိုဏ်းတူအစ်မ အရင်းအချာ ဖြစ်သည်ဟု သူတို့က ကြားဖူးထားကြလေသည်။ သူမသည် ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိသေးသည့်တိုင် ယခင်အချိန်က ဆန်းတန်ခိုးရှင်ကို ကျင့်စဉ် ပညာသင်ပြပေးခဲ့သူ ဖြစ်သည်ဟု ပြောလေ့ ရှိကြလေသည်။ သူမသည် ဟိုင်သန်းအဆင့် ကျင့်ကြံသူ မဟုတ်သည့်တိုင် သာမန် ဟိုင်သန်းအဆင့် ကျင့်ကြံ သူများပင် သူမကို မယှဉ်နိုင်ကြပေ။
ချင်းရွှမ်နတ်တံခါးမှ ရှင်သန်စေခြင်း ကျောင်းတော်သို့ လာရောက်ကြသည့် ဆရာသခင်တိုင်းက သူမကို လေးစားစွာ ဆက်ဆံ လေ့ရှိကြသည်။
ယခုတော့ သူမမျက်နှာ ပျော့ပျောင်း နူးညံ့သွားရခြင်းက ကျင့်ကြံသူများ အားလုံးကို အံ့သြစေလေသည်။
သို့သော်…
အပြင်ဘက်တွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူတို့ စိတ်ပူသွား ကြရလေသည်။ သူတို့အားလုံး တန်ခိုးစွမ်းအားများကို ထုတ်လွှတ်လိုက်ကာ ကာကွယ်ရန် အသင့်ပြင် ထားလိုက်ကြသည်။
တရား နားထောင်နေကြသည့် ကျင့်ကြံသူများ ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည့် အချိန်တွင် ကူးချိုင်ဝေ့၏ မိန်းကလေးဆန်ဆန် လှပသည့် မျက်နှာထက်တွင် အပြုံးတစ်ပွင့် ထင်ဟပ် လာလေသည်။
"ဒီမှာပဲ ရပ်ကြရအောင်"
သူမက သင်ပြပေးခြင်းကို ရပ်တန့်လိုက်သည်။
ထိုက်ရွှီး တန်ခိုးစွမ်းအားကို ကျင့်ကြံသူချင်း ဖြစ်သည့်အတွက် တန်ခိုးစွမ်းအား အချင်းချင်း ဆက်သွယ် ခံစားမိလေသည်။ မိုးမြေစွမ်းအားများ လည်ပတ် လာသည်ကို ခံစားရသည့်တိုင် ရောက်လာသည့်သူမှာ ဆန်းလျန် ဖြစ်ကြောင်း ကူးချိုင်ဝေ့ ချက်ချင်း သိလိုက်သည်။
ပင်လယ်ထဲတွင် ကြီးမားသည့် မြေသားထုကြီး ကဲ့သို့သော အရာတစ်ခု ပေါ်လာပြီး ရှင်သန်စေခြင်း ကျောင်းတော် တည်ရှိရာ ကျွန်းလေးဆီသို့ ချဉ်းကပ်လာလေသည်။ ထိုရွေ့လျားလာသည့် အရာကြီးကြောင့် မိုးမြေစွမ်းအာများ လည်ပတ်သွားရခြင်း ဖြစ်လေသည်။ ထိုအရာကြီး၏ ခန္ဓာကိုယ် တစ်ဝက်မှာ ရေပေါ်တွင် ပေါ်နေသည့် အတွက်ကြောင့် ဝေလငါးကြီး တစ်ကောင် ဖြစ်ကြောင်း ကျင့်ကြံသူများ အားလုံး ရိပ်မိလိုက်ကြသည်။
ဧရာမ ဝေလငါးကြီး၏ ခန္ဓာကိုယ်မှာ ဆယ်မိုင် ပတ်လည်ခန့်ပင် ကြီးမားနိုင်ပြီး ပိုလျှင်သာပိုမည် မလျော့နိုင်ပေ။ ထိုဝေလငါးကြီး အသက်ရှူလိုက်တိုင်း မိုးမြေ စွမ်းအားများစွာကို စုပ်ယူ သွားသလို ငါးနှင့်ပုဇွန်များကိုလည်း စားသုံး ပစ်လိုက်လေသည်။
ကျင့်ကြံသူ အများစုက ထိုဝေလငါးကြီးကို မှတ်မိကြလေသည်။ ထိုငါးကြီးမှာ ငါးနှစ်အတွင်းတွင် ခြောက်လတစ်ခါ ပင်လယ်ပြင်ပေါ်သို့ ထွက်လာပြီး အသက်ရှူသည့် မှော်ဝင် ဝေလငါးကြီး ဖြစ်လေသည်။ ထိုငါးကြီး မကြာခဏ အသက်ရှူနေသည့် အတွက် ကျင့်ကြံသူများစွာ ဒုက္ခရောက်ခဲ့ ကြရလေသည်။
အချို့သူများဆိုလျှင် ထိုဝေလငါးကြီး မြိုချခံရသည်ပင် ခံရသေးသည်။
မှော်ဝင် ဝေလငါးကြီးပေါ်တွင် လူသုံးယောက် ရပ်နေလေသည်။ အလယ်တွင် ရပ်နေသူသည် အလွန် ချောမောလှပသော လူငယ်လေး တစ်ယောက် ဖြစ်လေသည်။ ထိုလူငယ်လေး၏ ဘေးနားတွင် လူနှစ်ယောက် ရပ်နေကြသည်။ ဘယ်ဘက်တွင် ရပ်နေသူမှာ တောက်ပသည့် မျက်ဝန်းများရှိပြီး သူ၏ မျက်ခုံးများက ဓားသွားများအလား ထက်ရှနေလေသည်။ ညာဘက်မှ တစ်ယောက်ကတော့ ချင်းဟုန်ကျီ ဖြစ်ကြောင်း လူတိုင်း မှတ်မိကြသည်။ ချင်းဟုန်ကျီက မှော်ဝင် ဝေလငါးကြီး ပေါ်ထွက်လာသည့် ပတ်ဝန်းကျင်တွင် လူအများ ဒုက္ခမရောက်ရန် သွားရောက် ကြည့်ရှုသည့် အလုပ်ကို တာဝန်ယူထားသူ ဖြစ်လေသည်။ သူက အသက်အရွယ် မငယ်တော့သည့် ပုံမှန်မဟုတ်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူ၏ တန်ခိုးစွမ်အားကတော့ အလယ် အလတ်အဆင့် ရှိလေသည်။
ရုတ်တရက် ဝေလငါးကြီး၏ ကျောပြင်ထက်မှ တိုင်ပုံသဏ္ဌာန် ရေပြွန်ကြီး ထွက်ပေါ်လာပြီး ရေမှုန်ရေမြွှာများ ဖြာကျလာလေသည်။ လေက တိုက်ခတ်နေသည့် အတွက် ရေမှုန်ရေမြွှာများသည် ရှင်သန်စေခြင်း ကျောင်းတော်တည်ရှိရာ ကျွန်းလေးပေါ်သို့ မိုးရွာချသကဲ့သို့ ပက်ဖြန်း ကျလာတော့သည်။
တိုက်ခတ်လာသည့် လေသံမှာလည်း ထူးခြား ဆန်းကျယ်နေပြီး မိုးနှင့်မြေမှလည်း ထစ်ချုန်းသံများ ထွက်ပေါ်လာလေသည်။
ကျွန်းပေါ်သို့ ကျရောက်လာသည့် ရေများတွင် မိုးမြေစွမ်းအားနှင့် အသက်ဓာတ် စွမ်းအားများ ပါဝင်နေကြောင်းကို ကျင့်ကြံသူများ တအံ့တသြဖြင့် ရိပ်မိသွားကြလေသည်။ ထိုရေများ ကျွန်းပေါ်သို့ ကျသွားသည်နှင့် မျိုးစေ့လေးများမှ အပင်ပေါက်လေးများ ထွက်ပေါ်လာကြပြီး ရောင်စုံပန်းများ ချက်ချင်းပင် ပွင့်လန်းလာကြလေသည်။
ကျောင်းတော်ထဲမှ ကူးချိုင်ဝေ့ထွက်လာပြီး သူမက ဆန်းလျန်ကို နူးညံ့စွာဖြင့် ငေးမောကြည့်နေလေသည်။
ဆန်းလျန်က သူမကို မြင်သည်နှင့် ပြုံးပြလိုက်သည်။ ထို့နောက် လေထဲသို့ ခြေတစ်လှမ်းချင်း လှမ်းကာ သူမဆီသို့ လျှောက်လှမ်း လာလိုက်လေသည်။
ပန်းရနံ့လေးများက လေထဲတွင် ပျံ့လွင့်နေပြီး ရေမှုန်ရေစက်လေးများက ကူးချိုင်ဝေ့ မျက်နှာထက်သို့ မိုးစက်များ အလား ကျဆင်း လာလေသည်။ သို့သော် သူမက ရေစက်လေးများကို သုတ်ပစ်ခြင်း မရှိပါ။
သူမက ဒူးထောက်လိုက်ပြီး…
"ကူးချိုင်ဝေ့ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
သူမ၏ အသံသည် ခေါင်းလောင်း သံလေးအလား ချိုမြစွာ ထွက်ပေါ်လာလေသည်။
သူမ၏ ရိုးရှင်းစွာ ဂါရဝပြုမှု ကလေးကပင် ကျင့်ကြံသူ အများကို အံ့သြမှင်သက် သွားစေလေသည်။
ချင်းဟုန်ကျီမှာ ဆန်းလျန်ကို ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ဟု ထင်မှတ်မထားခဲ့မိပေ။
ယခုတော့ သူနှင့်ဆုံတွေ့ခဲ့သူမှာ ဒဏ္ဍာရီတွင် လောက်အောင် ထင်ရှား ကျော်ကြားလှသည့် ဆန်းတန်ခိုးရှင် ဖြစ်လို့ နေခဲ့ပြီ။
ကျင့်ကြံသူများက ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်မှာ ထိုမျှ ငယ်ရွယ်သူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မထားကြပေ။ သို့သော် မှော်ဝင် ဝေလငါးကြီးကို ထိန်းချုပ်လာနိုင်ပြီး လေထဲတွင်ပင် မြေပြင်တွင် လမ်းလျှောက် သကဲ့သို့ အတားအဆီးမရှိ လျှောက်လှမ်း လာသူသည် ဆန်းတန်ခိုးရှင် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
ထိုမျှလောက် တန်ခိုး စွမ်းအားကြီးမား နေသော ဆန်းတန်ခိုးရှင်မှာ အသက် တစ်ရာပင် မပြည့်သေးသည်မှာ အံ့သြစရာ ကောင်းလှသည်။ ငယ်ရွယ်လွန်းသည့် အသက်ဖြင့် ထိုမျှ တန်ခိုး စွမ်းအားမြင့်မားသည့် အဆင့်မြင့် ကျင့်ကြံသူမျိုးကို ယခင့် ယခင် အချိန်များတုန်းက သူတို့ သိရှိခဲ့ဖူးခြင်း မရှိပေ။
ချန်ကျန့်မေ၏ တန်ခိုး စွမ်းအားမှာလည်း အတိုင်းအဆမရှိ မြင့်မားလွန်းပါသည်။
ဆန်းလျန် နှင့် ချန်ကျန့်မေ….
သူတို့ နှစ်ယောက်လုံးမှာ ချင်းရွှမ်နတ်တံခါးမှ ဖြစ်ကြသည့်အတွက် ချင်းရွှမ်နတ်တံခါး၏ အရှိန်အဝါသည် တဖြည်းဖြည်း ပြန်လည် ကြီးထွားလာခဲ့လေပြီ။
ကူးချိုင်ဝေ့၏ ဂါရဝပြုသည့် စကားဆုံးသည်နှင့် ကျင့်ကြံသူ အားလုံးကလည်း ဆန်းလျန်ကို ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။
ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်၏ ကျက်သရေနှင့် ဂုဏ်အရှိန်အဝါမှာ စကားဖြင့် ဖော်ပြရန်ပင် မစွမ်းသာပေ။
ထို့ပြင် ချင်းရွှမ် နတ်တံခါးက အနွယ်တော် ဂိုဏ်းခွဲများ ထားရှိပေးကာ များစွာသော ပုံမှန်မဟုတ်သည့် ကျင့်ကြံသူများကို အကူအညီများ ပေးခဲ့လေသည်။
ဆန်းလျန်က ကူးချိုင်ဝေ့ရှေ့သို့ ရောက်လာပြီး သူမ၏ လက်နှစ်ဖက်ကို စုပ်ကိုင်လိုက်ပြီး ဒူးထောက်ထားသည့် အစ်မဖြစ်သူကို အသာ ဆွဲထူလိုက်သည်။
"ဂိုဏ်းတူ အစ်မ ၊ အရမ်း ခက်ခဲခဲ့ မှာပဲနော်"
ဆန်းလျန်၏ ရင်ထဲတွင် ပြောစရာ စကားပေါင်းများစွာ ပြည့်နက် နေသည့်တိုင် ထိုစကားတစ်ခွန်းသာ ပြောထွက်ခဲ့လေသည်။ သို့သော် ထိုစကား တစ်ခွန်းတည်းက သူ၏ရင်ထဲမှ ဆန္ဒများနှင့် ခံစားချက်များ အားလုံးကို ထင်ဟပ်လေသည်။ ချင်းရွှမ် နတ်တံခါး အဖက်ဖက်မှ ကျရှုံးနေသည့် အချိန်တွင် ဆန်းလျန်က ဂိုဏ်းချုပ် ဖြစ်လာခဲ့ရလေသည်။ ခက်ခဲသည့် အချိန်များတွင် ကူးချိုင်ဝေ့သည် ဆန်းလျန်ကို များစွာ အကူအညီ ပေးခဲ့သူ ဖြစ်လေသည်။
ထို့ပြင် သူတို့ နှစ်ယောက်သည် စည်းကမ်းအရ ဆရာ တစ်ပါးတည်း၏ တပည့်များ ဖြစ်သည့်တိုင် ဆန်းလျန်ကို တကယ်တမ်း ပညာသင်ပေးသူမှာ ကူးချိုင်ဝေ့ပင် ဖြစ်လေသည်။ ဆန်းလျန် အနေဖြင့် သူမ၏ ကျေးဇူးတရားကို ထုတ်ဖော် ပြောဆိုနေခြင်းထက် အလုပ်ဖြင့် သက်သေပြကာ ကျေးဇူးဆပ်ရန် အချိန်တန်ပြီ ဖြစ်သည်။
ကူးချိုင်ဝေ့၏ လက်များသည် ဆန်းလျန်၏ လက်များနှင့် ထိမိသည်နှင့် ဆန်းလျန်ထံမှ မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားကို သူမ ခံစားလိုက်ရလေသည်။ ထိုတန်ခိုးစွမ်းအား မည်မျှ မြင့်မားကြောင်းကို ကူးချိုင်ဝေ့ မခန့်မှန်း နိုင်ပေ။
မတွေ့ကြရသည့် အချိန်ငါးနှစ်အတွင်းတွင်….
သူမ၏ ဂိုဏ်းတူ မောင်ငယ်သည် တန်ခိုးစွမ်းအားများ အဆမတန် မြင့်မားလာကြောင်း သူမရိပ်မိ လိုက်လေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအား မြင့်မားလာခြင်း အတွက် ပျော်ရွှင်ခြင်းကို ခံစားလိုက်ရသလို တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရ သကဲ့သို့လည်း ခံစား လိုက်ရလေသည်။
သူမ မည်သည့် စကားမှ ပြောမထွက်တော့ပါ။ သို့သော် သူမ မျက်ဝန်းများ ဆီတွင်တော့ အပြုံးများကို တွေ့မြင်နိုင်လေသည်။
ဆန်းလျန်က သူ့ကို ဂါရဝ ပြုနေကြသည့် ကျင့်ကြံသူများကို တစ်ချက်ဝေ့ ကြည့်လိုက်ပြီး…
"မိတ်ဆွေတို့ ၊ ဂါရပြုဖို့ မလိုပါဘူး"
ဟု ပြောလိုက်လေသည်။
ထိုကျင့်ကြံသူများမှာ ချင်းရွှမ်နတ်တံခါးမှ တပည့်များ မဟုတ်ကြသည့် အတွက် သူက "မိတ်ဆွေတို့" ဟူ၍သာ သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။
ဆန်းလျန် အနေဖြင့် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်လာခြင်းမှာ ဆရာသခင် ကျန်းရော့ရွှီးကို ကျေးဇူးဆပ်လိုသည့် ဝတ္တရားအရ သာဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ဟိတ်ကြီးဟန်ကြီး လုပ်နေစရာ မလိုပေ။ ဗုဒ္ဓဘုရားပင်လျှင် လူသား အားလုံးကို တန်းတူညီမျှ ဆက်ဆံကာ မေတ္တာထားခဲ့လျှင် သူ့အနေဖြင့် ဘုရား၏ လမ်းစဉ်ကို မလိုက်နိုင်စရာ အကြောင်း မရှိပေ။
ထို့ပြင် ဆန်းလျန်က သိပ်ပြီး အပိုများ လုပ်တတ်သူ မဟုတ်ပါ။ သူက ကျင့်ကြံသူများကို နှုတ်ဆက် စကားအနည်းငယ် ပြောပြီး ကူးချိုင်ဝေ့နှင့်အတူ ကျောင်းတော် ခန်းမတွင်းသို့ ဝင်သွားလေသည်။ မှော်ဝင် ဝေလငါးကြီးမှာလည်း ဆန်းလျန်က သူ၏ ဒဏ်ရာမှ အသက် ဓာတ်စွမ်းအားများ စိမ့်ထွက်နေမှုကို ထိန်းချုပ်ပေးထားသည့် အတွက် မိုးမြေစွမ်းအားများကို သိပ်ပြီးစုပ်ယူခြင်း မရှိတော့ပေ။ ထို့ကြောင့် ပင်လယ်တွင်းရှိ အခြား သတ္တဝါများလည်း ဒုက္ခမရောက် ကြတော့ပေ။
ဆန်းလျန်နှင့် ရှင်သန်စေခြင်း ကျောင်တော်မှ ဆရာသခင် ကူးချိုင်ဝေ့ ထွက်ခွာသွားသည်နှင့် ကျင့်ကြံသူများက မှော်ဝင် ဝေလငါးကြီးနှင့် ကျော်ရှောင်ချင်း အကြောင်းကို စတင် စပ်စုကြလေတော့သည်။
အချို့ ကျင့်ကြံသူများက ကျော်ရှောင်ချင်းမှာ ဆန်းလျန်၏ တပည့်ဖြစ်မည်ဟု ယူဆပြီး သူ့ကို ဖားနေကြလေသည်။
အချို့ကတော့ ချင်းဟုန်ကျီအနားသို့ သွားကာ ဆန်းတန်ခိုးရှင် အကြောင်းများကို မေးမြန်းနေကြသည်။
ခန်းမဆောင် အတွင်းသို့ ရောက်ရှိသည်နှင့် ကူးချိုင်ဝေ့က ဆန်းလျန် စုပ်ကိုင်ထားသည့် သူမ၏လက်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူမ အမူအရာမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။ သူမက ယောကျ်ားလေး တစ်ယောက်နှင့်မျှ ထိတွေ့ဖူးခြင်း မရှိသည့် အပျိုစင် မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က သူမလက်ကို စုပ်ကိုင်ထားသည့် အခါ ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေသည်။
သို့သော် ဆန်းလျန်က သူမလက်ကို တမင် ကိုင်ထားခြင်း မဟုတ်ကြောင်းကိုလည်း သူမသိလေသည်။
***