အမှတ်အသားပြုခံရခြင်း
Vol. 111 Ch. 1549
"ငါတို့လည်း မင်းရဲ့ ပစ္စည်းနဲ့ ငါတို့ဘာသာ စစ်ဆေးပြီးပြီ" ချီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ပြီးတော့ ဘာမှမတွေ့ဘူးလား"
"တကယ်တော့ ဘာမှမတွေ့ဘူး"
"အစစ်အမှန် ကျင့်ကြံရေးနည်းစနစ်ကရော ဘယ်လိုလဲ။ အသုံးအဆောင်ပစ္စည်းမှာက အကန့်အသတ်တချို့ရှိနေတာ" ဝမ်ဝေ့က ထပ်လောင်းပြောကြားလိုက်သည်။
"မင်းရဲ့ ကျင့်ကြံရေး နည်းစနစ်ကို လေ့ကျင့်ဖို့ လွယ်ကူတယ်လို့ ထင်နေတာလား"
"မလွယ်ဘူးလား။ မဟုတ်သေးပါဘူး... ခင်ဗျားတို့ လေ့လာဖို့အတွက် ဘာပြဿနာမှမရှိသင့်ဘူးနော်"
"ဒါကိုလေ့လာဖို့ သာလွန်အုတ်မြစ် ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို မင်း ငါတို့ကို မပြောခဲ့ဘူး" ယန်းအိုက်က သူမ၏မျက်လုံးများကို ဝေ့ကြည့်လိုက်ရင်း ပြောလိုက်သည်။
"အဲဒီလိုရှိလို့လား။ မဟုတ်ပါဘူး... ကျွန်တော် လေ့လာတုန်းက အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော် ထင်တာတော့ ဒီကျင့်ကြံရေး နည်းစနစ်ကို မပြန့်ပွားအောင် မဟာတာအိုက ကန့်သတ်ချက်တစ်ခုခု ချထားပုံရတယ်" ဝမ်ဝေ့က ရေရွတ်လိုက်သည်။
"အဲဒီကျင့်ကြံရေး နည်းစနစ်က အလားအလာ အလွန်ကြီးမားတာပဲ။ ဒါကြောင့် အဲဒီလိုလုပ်တာကို ငါ နားလည်ပါတယ်" ချီယွမ်က ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားတို့သာ ကျွန်တော့်အကြံကို နားထောင်ပြီး အလင်းမဲ့အမှန်တရားထဲကို ဝင်ပြီး ပြီးပြည့်စုံတဲ့အုတ်မြစ်ကို ကျင့်ကြံခဲ့ရင် ဒီလိုပြဿနာမျိုး ရှိမှာမဟုတ်ဘူး" ဝမ်ဝေ့က ပုခုံးတွန့်ရင်း ပြောလိုက်သည်။
"ကောင်လေး … ငါတို့ မင်းကိုယုံကြည်သလောက် မင်းစကားကို မျက်စိမှိတ်ပြီး နားထောင်မယ်လို့ မင်း ထင်နေတာလား" ယန်းအိုက်က လှောင်ပြောင်လိုက်သည်။
"ငါတို့ အဆင်ပြေမှာပါဆိုတဲ့ မင်းရဲ့ ယူဆချက်အတွက် ဘာအခြေခံမှ မရှိဘူး"
"ဟုန်အာနဲ့ ကျွန်တော်တို့မှာ ဘာမှမဖြစ်ခဲ့တာကို ခင်ဗျားတို့ တွေ့သားပဲ"
"မင်း မမွေးခင်ကတည်းက ငါတို့ အလင်းမဲ့အမှန်တရား အကြောင်းကို လေ့လာခဲ့တာ။ အဲဒီရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ဆက်စပ်မှုရှိတဲ့သူတွေ အတူတူဝင်သွားပြီး တစ်ယောက်ပဲ ပြန်ထွက်လာနိုင်တာက အရမ်းကို အဖြစ်များတယ်။ လူတစ်ယောက် ရှင်သန်နိုင်မှုကို ဘယ်အရာက ဆုံးဖြတ်တယ်ဆိုတဲ့ စံသတ်မှတ်ချက်ကို ဘယ်သူမှ မသိသေးဘူး"
"ကောင်းပါပြီ။ ခင်ဗျား ပြောတာလည်း ဟုတ်ပါတယ်" ဝမ်ဝေ့က ဆက်မပြောတော့ပေ။
"ဒါဆိုရင် ကျွန်တော့်ကို တစ်ချက်လောက် ကြည့်ခွင့်ပေးမလား"
သူတို့နှစ်ဦးသည် အချင်းချင်း စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးမှ ချီယွမ်က နောက်ဆုံးတွင် ခွင့်ပြုလိုက်ရာ ဝမ်ဝေ့၏ မျက်လုံးများက ဝမ်းသာအားရ တောက်ပသွားသည်။
"ကောင်းပြီလေ"
သူသည် သူတို့ကို အသည်းအသန် စောင့်ကြည့်လိုက်ရာ သူ့အကြည့်များက ချက်ချင်း တောက်ပလာခဲ့သည်။
သူသည် ဂရုတစိုက် ကြည့်ရှုခဲ့သော်လည်း ပုံကြမ်း၏ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း မစူးစမ်းခဲ့ပေ။ ဤနှစ်ဦးသည် ထိုကဲ့သို့ ရင်းနှီးသည့် လုပ်ရပ်ကို ခွင့်ပြုရန် သူ့ကို ယုံကြည်သော်လည်း သူသည် သူတို့၏လျှို့ဝှက်ချက်များကို စူးစမ်းခြင်းဖြင့် သူတို့၏ယုံကြည်မှုကို သစ္စာဖောက်မည်မဟုတ်ပေ။ ဝမ်ဝေ့က ထိုသို့ ဦးစွာတွေးထားသော်လည်း သူနှင့်ပတ်သက်သည့် အရာတစ်ခုကို မြင်လိုက်ရသည့်အခါတွင်မူ စိတ်ပြောင်းသွားသည်။
သူနှင့် သူတို့နှစ်ဦး ဆက်စပ်နေသည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းမှာ မဟာမူလဧကရာဇ် (၁၃) ပါး အစီအရင်နှင့် ၎င်း၏ လုပ်ဆောင်ချက် ဖြစ်သည်။ အစီအရင်၏ အဓိကရည်ရွယ်ချက်မှာ သာလွန်အုတ်မြစ်တစ်ခုကို တည်ထောင်ရန် ဖြစ်ပေသည်။
အစီအရင်၏ သဘောတရားမှာ မူလစွမ်းအားပင် ဖြစ်သည်။ ဒိုင်မေးရှင်းအနိမ့်ရှိ ဂိုဏ်းသည် တာအိုအခွင့်အလမ်းဂိုဏ်း၏ မူလအစဖြစ်ပြီး ချီယွမ် တန်ခိုးကြီးထွားလာမှု၏ မူလအစနှင့် သူ့အနာဂတ်အောင်မြင်မှု၏ မူလအစလည်း ဖြစ်သည်။ ထိုအရာမှာ ဒိုင်မေးရှင်းအနိမ့်မှ ဧကရာဇ်အားလုံးတွင် ဤမူလစွမ်းအား ရှိသည်ဟုလည်း ဆိုလိုခြင်း ဖြစ်သည်။
ချီယွမ်၏ အစီအရင်သည် "မူလဧကရာဇ်" ၁၃ ပါးလုံးကို စုစည်းကာ သူတို့၏ မူလစွမ်းအားကို အသုံးပြု၍ သာလွန်အုတ်မြစ် တစ်ခုကို ပေါင်းစည်းမည် ဖြစ်သည်။ သို့သော် ဤသည်မှာ အဆုံး မဟုတ်သေးပေ။ ဝမ်ဝေ့သည် ချီယွမ်က သူ့ကို ယန်းအိုက်နှင့် တိုက်ပွဲရူးတို့နှင့် ချိတ်ဆက်ထားသည့် သုံးပါးတစ်ဆူအရှင်၏ အမွေအနှစ်ကို အသုံးပြုကာ ထိုအုတ်မြစ်ကို မျှဝေမည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ချီယွမ်သည် အခြားဧကရာဇ်များထံသို့လည်း တုံ့ပြန်မှုများကို ပြန်လည်ပေးပို့မည်ဖြစ်သော်လည်း ထိုတုံ့ပြန်မှုများမှာမူ အခြားသူများ၏ အလားအလာကိုသာ မြှင့်တင်ပေးနိုင်ပြီး သာလွန်အုတ်မြစ်ကို မပေးနိုင်ကြောင်း ဝမ်ဝေ့ တွေ့ရှိခဲ့သည်။
တစ်နည်းပြောရရင် ဒါက ကျွန်တော်၊ အဖေ၊ ဝမ်ချုံး၊ သုံ့လီဖန်း နဲ့ ချိုက်စုန့် တို့အတွက် အသုံးမဝင်ဘူးပေါ့
ဝမ်ဝေ့က တွေးလိုက်သည်။
ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်လေ …
မည်သို့ပင်ဆိုစေကာမူ ချီယွမ်၏ အုတ်မြစ်မှာ ဝမ်ဝေ့ကို ဆင့်ခေါ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ချို့ယွင်းချက်ရှိနေပြီး ၁၁ ပါးမြောက်မှ ၁၃ ပါးမြောက် ဧကရာဇ်များသည် ထိပ်သီး စံပြအဆင့်သို့ မရောက်သေးပေ။
ဝမ်ဝေ့ စူးစမ်းခဲ့သည့် ဤအပိုင်းလေးမှလွဲ၍ သူသည် ပုံကြမ်း၏ အခြားအမှတ်အသားများကို အပေါ်ယံမျှသာ မြင်တွေ့ခဲ့ရသည်။
သူ တစ်ခုခု လွဲချော်နေသည် ခံစားရသော်လည်း မည်သို့ပင် ကြိုးစားစေကာမူ အဖြေကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ဝမ်ဝေ့သည် သူ့ထူးကဲသာလွန် ကံကောင်းမှု၊ သူ့ပြီးပြည့်စုံခြင်း အငွေ့အသက်နှင့် သူ့ဗလာနတ္ထိစွမ်းအားတို့ကို အသုံးပြု၍ သူ့အမြင်နည်းစနစ်ကို မြှင့်တင်လိုက်သည်။
"အဲဒီမှာပဲ"
"တစ်ခုခုတွေ့ပြီလား" ယန်းအိုက်က မေးလိုက်သည်။ စောင့်ကြည့်ခံရသည့် ဖြစ်စဉ်မှာ အလွန်နေရခက်လှပြီး အထူးသဖြင့် သူက အလွန်နီးကပ်ကာ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ သူမသည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့သော်လည်း သူ အချိန်အကြာကြီး ယူနေသောကြောင့် စိတ်ရှည်မှု ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
"ဟုတ်တယ်။ မသက်ဆိုင်တဲ့ အရာတစ်ခု ရှိနေတယ်။ အခြေအနေက ဆိုးတယ်။ ခင်ဗျားတို့ရဲ့ အခြေအနေက ကျွန်တော့်ရဲ့ ကံကြမ္မာမျိုးစေ့ အခြေအနေထက်တောင် ပိုဆိုးပုံရတယ်"
ချီယွမ် မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည်။
"ငါတို့ကို ပြလို့ရမလား"
"ရတာပေါ့" ဝမ်ဝေ့သည် သူတို့၏ နဖူးကို ထိလိုက်ပြီး သူ့မြင်ကွင်းကို မျှဝေလိုက်ရာ ထိုနှစ်ဦးသည် သူတို့၏ ပုံကြမ်း များကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။ တစ်ခုလုံးမှာ မှတ်တမ်းတင်ဘောပင်တစ်ချောင်းကို မတော်တဆ ခိုးယူခဲ့သည့် အသက်နှစ်နှစ်အရွယ် ကလေးတစ်စု ဖန်တီးထားသည့် အနုပညာစီမံကိန်းတစ်ခုနှင့် တူနေသည်။
"ထူးထူးခြားခြား လှတာပဲ" ချီယွမ်က မှတ်ချက်ပေးသည်။
"တကယ်ပဲ"
"အာရုံစိုက်ပါဦး။ ဒါက ကျွန်တော်ပြောနေတဲ့ အစိတ်အပိုင်းပဲ" ဝမ်ဝေ့က ပြောကာ သူ ခံစားမိသည့် ပုံမှန်မဟုတ်သော အရာဆီသို့ သူတို့ကို လမ်းပြလိုက်သည်။
"အဲဒီခံစားချက်... ဒါက တကယ်ပဲ စစ်ဆေးမှုက စွမ်းအားပဲ" ချီယွမ်က သူ့မျက်လုံးများမှ အန္တရာယ်ရှိသော အလင်းတန်းများ ထွက်ပေါ်လာရင်း ရေရွတ်လိုက်သည်။
"အဲဒီဝိညာဉ်ကို ငါ့ကို ဖြတ်တောက်ပစ်ခွင့် ပေးခဲ့သင့်တာ" ယန်းအိုက်က အံကြိတ်ကာ ပြောလိုက်သော်လည်း ချီယွမ်က သူမကို လျစ်လျူရှုထားလိုက်သည်။ ထိုစွမ်းအားပြသမှုကို မြင်ပြီးနောက် လူတိုင်းမှာ ထိုဝိညာဉ်ကို ကြောက်ရွံ့နေကြသဖြင့် သူမက လေလုံးထွားနေခြင်းသာ ဖြစ်သည်။
"ကောင်လေး ငါ မင်းအကြောင်း သိပါတယ်။ မင်း ဒါကို ဖယ်ရှားဖို့ နည်းလမ်း ရှာတွေ့ထားမှာပဲ။ မင်း ဘာလုပ်ခဲ့တာလဲ" ယန်းအိုက်က ချက်ချင်း မေးလိုက်သည်။
"ကျွန်တော်က ကမ္ဘာဦးစမ်းသပ်ချက်ကို သုံးခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ တည်ရှိမှုထဲမှာ အမှတ်အသားက ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလဲဆိုတာ ကြည့်ရင် ဒီနည်းလမ်းက အလုပ်ဖြစ်မယ် မထင်ဘူး" ဝမ်ဝေ့က အမှန်အတိုင်း ပြန်ပြောလိုက်သည်။
"တောက်..."
"စိတ်အေးအေးထားစမ်းပါ။ ငါတို့မှာ မျှော်လင့်ချက် ရှိပါသေးတယ်" ချီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဘယ်လို ဖြေရှင်းချက်ကို ခင်ဗျား တွေးထားလို့လဲ"
"လဲလှယ်ရေးစာရင်းကို မေ့သွားပြီလား။ ဒီအခြေအနေကို ဖြေရှင်းဖို့ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ရဲ့သက်ရောက်မှုကို လျှော့ချဖို့ နည်းလမ်းတစ်ခုခု ရှိမှာပါ။ အဲဒါမှ အဆင်မပြေရင် စံပြကျဆုံးရာဆီကို ငါတို့ သွားကြမယ်"
ဝမ်ဝေ့သည် သူ့ဇနီး၏ စာကြည့်တိုက်မှ "စံပြကျဆုံးရာ" အကြောင်း ဖတ်ခဲ့ဖူးသည်ကို သတိရလိုက်သည်။ ၎င်းမှာ ကမ္ဘာဦးဟွင်သွမ်းထဲတွင် အမြဲတမ်း လျှပ်စီးမိုးများ ရွာသွန်းနေသည့် အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်သည်။ ထိုဇုန်၏ စိတ်ဝင်စားစရာ အချက်မှာ ကမ္ဘာဦးစမ်းသပ်ချက်အတွက် အသုံးပြုသည့် လျှပ်စီးများ အပါအဝင် လျှပ်စီးအမျိုးအစား အားလုံးရှိနေပြီး ပို၍ပင် ပြင်းထန်သော လျှပ်စီးများလည်း ရှိသည်။
ထိုဇုန်ကို လျှပ်စီးကျင့်ကြံသူများ၏ နိဗ္ဗာန် ယူဆကြသည်။
သို့သော် လူများစွာက ထိုဇုန်၏ အနက်ရှိုင်းဆုံးနေရာတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေသည် ယုံကြည်ကြသဖြင့် စံပြပေါင်းများစွာက ဝင်ရောက်ရှာဖွေခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ထိုဇုန်၏ အနက်ရှိုင်းဆုံးသို့ သွားသူ မည်သူမှ ပြန်မလာနိုင်ခဲ့ပေ။ ထို့ကြောင့် "စံပြကျဆုံးရာ" အမည်တွင်နေခြင်း ဖြစ်၏။
"ကောင်းပါပြီ" ယန်းအိုက်က သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဒီအတွက် ကျေးဇူးပါပဲကွာ" ချီယွမ်က ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး" ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်သည်။ သူ၌ အားနည်းချက်များစွာ ရှိသော်လည်း သူ့အရည်အသွေးတစ်ခုမှာ အပြန်အလှန် အကျိုးပြုမှုကို ယုံကြည်ခြင်းပင် ဖြစ်သည်။
လူအများစုသည် သူ့ကို ဆက်ဆံရသည်မှာ သဘောကျကြသည်။ အကြောင်းမှာ အပြန်အလှန်အားဖြင့် တစ်ခုခု ရရှိမည်ကို သူတို့ သိသောကြောင့် ဖြစ်သည်။ ဝမ်ဝေ့က အကျိုးအမြတ် အများစုကို ယူကောင်းယူနိုင်သော်လည်း သူတို့လည်း အကျိုးရှိမည် ဖြစ်သည်။
သူ့မိသားစုနှင့် ရင်းနှီးသော သူငယ်ချင်းများအတွက်မူ ဝမ်ဝေ့သည် အမြဲတမ်း ပို၍ပင် ရက်ရောလေ့ရှိသည်။
"နောက်ထပ် တစ်ခုရှိသေးတယ်။ ကျွန်တော့်ခရီးစဉ်အတွင်းမှာ ဝိညာဉ်သာလွန်ခြင်း ကျင့်ကြံရေး နည်းစနစ် အသစ် သုံးခုကို ရခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ သဘာဝကြောင့် နှစ်ခုကိုပဲ ပြလို့ရမယ်။ ဒါပေမဲ့ ဒီကျင့်ကြံရေးနည်းစနစ်တွေကို ကျွန်တော် အချောမသတ်မချင်း ခင်ဗျားတို့ ခဏစောင့်ရလိမ့်မယ်။ မဟာတာအိုက သမိုင်းမတိုင်မီကမ္ဘာက အရာတွေနဲ့ ပတ်သက်ရင် အရမ်းကို စိတ်အနှောင့်အယှက် ပေးတတ်လို့လေ"
အခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွားရာ သူတို့၏ တုံ့ပြန်မှုကြောင့် ဝမ်ဝေ့မှာ ဇဝေဇဝါ ဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်လို့လား"
"ဒါဆို မင်းက တရားထိုင်နေရင်းနဲ့ ထူးကဲသာလွန် ကျင့်ကြံရေးနည်းစနစ် သုံးခုကို အလွယ်တကူ လေ့လာခဲ့တာပေါ့ ဟုတ်လား" ယန်းအိုက်က မေးလိုက်သည်။
"အင်း... ဟုတ်တယ်လေ"
"မင်း" သူမသည် ချို့ယွင်းချက်ရှိသော နည်းလမ်းအချို့ကို ရရှိရန် သူတို့ မည်မျှအထိ ကြိုးစားခဲ့ရသည်ကို တွေးတောရင်း စိတ်ပျက်သွားသည်။ သို့သော် သူတို့ ပြန်ရောက်ကတည်းက ဤကလေးသည် ယွမ်ခေတ်ကာလ ၁၀၀,၀၀၀ မပြည့်မီမှာပင် ပြည့်စုံသော ကျင့်ကြံရေး နည်းစနစ် လေးခုကို ရရှိခဲ့သည်။
ယန်းအိုက်က စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမက ချီယွမ်ကို ကြည့်ကာ ပြောလိုက်တော့သည်။
"နေ့တိုင်း ကုန်ဆုံးသွားလေလေ အစ်ကိုကြီး ဘာလို့ အဲဒီလို ဆုံးဖြတ်ချက်မျိုး ချခဲ့လဲဆိုတာ ကျွန်မ ပိုနားလည်လာလေလေပဲ"
ချီယွမ်က ရယ်မောလိုက်သည်။
"အတူတူ နေလာတာ ဒီလောက်တောင် ကြာနေပြီကို ငါ့ရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်အချို့အပေါ် မေးခွန်းထုတ်တာကို မင်း ရပ်သင့်ပြီလို့ ထင်ရတာပဲ"
သူက ဝမ်ဝေ့ကို ပြုံးပြလိုက်သည်။
"ငါတို့ စောင့်ရတာ ဘာပြဿနာမှ မရှိပါဘူး"
"ကောင်းပါပြီ။ အဲဆို အစည်းအဝေးမတိုင်ခင် ကျွန်တော် ပြင်ဆင်စရာလေးတွေ ရှိသေးလို့" ဝမ်ဝေ့က ပြောကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"မင်း ငါ့ချွေးမဆီ သွားမှာကို ငါတို့ သိပါတယ်" ယန်းအိုက်က ပြုံးလျက် ပြောကာ သူမက သူ့ကို လက်မထောင်ပြလိုက်သည်။
"တော်တယ် ကောင်လေး"
ဝမ်ဝေ့၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူသည် သူမကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။
"ဒါနဲ့ သုံ့လီဖန်း ဘာဖြစ်သွားတာလဲ။ ဂိုဏ်းထဲမှာ သူမကို ကျွန်တော် ဘာလို့ အာရုံမရတာလဲ"
"သူမ အဆင့်တက်နေတုန်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်" ယန်းအိုက်က ပြန်ဖြေသည်။
"အော်..."
"သူမက ကံအပြောင်းအလဲအခွင့်အရေးရှိတဲ့ လျို့ဝှက်ဒိုင်မေးရှင်းတစ်ခုဆီကို တိုက်ရိုက် ပြောင်းရွေ့ခံလိုက်ရတာ။ ဒါပေမဲ့ သူမ စမ်းသပ်ချက်တွေကို အောင်မြင်ပြီးတဲ့နောက်မှာ အခြားအရင်းအမြစ်ဟွင်သွမ်းကမ္ဘာဆီကို ထပ်ပြီး ပြောင်းရွေ့ခံလိုက်ရပြန်တယ်။ သူမကို ပြန်ခေါ်ဖို့ တစ်ယောက်ယောက်ကို ငါ လွှတ်လိုက်ပြီ"
"အဲလိုလား" ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခံစားချက် မကောင်းဘူး။ လူတွေ ပိုလွှတ်လိုက်ရင်ကော ဘယ်လိုလဲ"
"မင်း စိတ်အေးရမယ်ဆိုရင် ငါကိုယ်တိုင် သွားပေးလို့ရပါတယ်" ယန်းအိုက်က အကြံပေးသည်။
"လောလောဆယ် ကမ္ဘာကနေ ထွက်သွားဖို့ကတော့ မကောင်းသေးဘူး ထင်တယ်။ အသစ် ပေါင်းစည်းထားတဲ့ ကိုယ်ပွားတွေကိုပဲ လွှတ်လိုက်ကြတာပေါ့" ချီယွမ်က အကြံပြုသည်။
"ကောင်းပါပြီ"
"သူမရဲ့ ခင်ပွန်းရော ဘယ်လိုလဲ" ဝမ်ဝေ့က မေးသည်။
"ကျွန်တော် သူ့ရဲ့ ကံကြမ္မာကြိုးကို အာရုံရတယ်"
"သူက သူ့မျိုးဆက်ရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ အသန့်စင်ဆုံး သွေးမျိုးဆက်တွေထဲက တစ်ခုကို နိုးထစေခဲ့တာ" ယန်းအိုက်က ရှင်းပြသည်။
"ဒါဆို ကောင်းတာပေါ့။ ကဲ... ကျွန်တော် သွားတော့မယ်" ဝမ်ဝေ့က ပြောလိုက်သည်။
"နေဦး … မင်းရဲ့ မဟာမြူကမ္ဘာကို လွှဲပေးဖို့ မမေ့နဲ့ဦး" ယန်းအိုက်က သတိပေးလိုက်သည်။ ကပ်ဘေးအတွက် ပြင်ဆင်မှု သို့မဟုတ် ဆုံးဖြတ်ချက်များထဲမှ တစ်ခုမှာ "မဟာမြူ စီမံကိန်း" ဖြစ်၏။ ကောင်းကင်ဘုံအဆင့်နှင့် အထက် ကျင့်ကြံသူအားလုံးသည် သူတို့၏ မဟာမြူကမ္ဘာကို လွှဲပြောင်းပေးရမည်ဖြစ်ပြီး ကပ်ဘေးအတွက် စစ်သားများအဖြစ် ဖန်တီးမှုသက်ရှိများ ထုတ်လုပ်မှုကို တိုးမြှင့်ရန် ဂိုဏ်းက ၎င်းတို့ကို အတူတူ ချိတ်ဆက်ပေးထားလိမ့်မည်။
ဤစီမံကိန်းသည် ဒိုင်မေးရှင်းအမြင့်ရှိ ထိပ်တန်းမျိုးရိုးများအကြား စစ်မက်ဖြစ်ပွားချိန်တွင် အသုံးများသော နည်းဗျူဟာတစ်ခု ဖြစ်သည်။
မဟာမြူကမ္ဘာ အားလုံးကို အတူတူ ချိတ်ဆက်ခြင်းက ကမ္ဘာတစ်ခုချင်းစီအနေဖြင့် ထုတ်လုပ်နိုင်သည့် သက်ရှိအရေအတွက်ကို တိုးမြင့်စေပြီး ထိုသက်ရှိများ သူတို့၏ စမ်းသပ်ချက်များကို အောင်မြင်ရန် အခွင့်အလမ်းကိုလည်း မြင့်တက်စေသည်။
ထို့အပြင် ထိုကမ္ဘာသည် ဂိုဏ်းက လူတစ်ဦးချင်းစီအား ကျင့်ကြံရန်အတွက် ငှားရမ်းပေးနိုင်သည့် ကွန်ရက်တစ်ခု ဖြစ်လာနိုင်သည်။ ကောင်းကင်ဘုံအဆင့်နှင့် အထက်ရှိသူများသည် သူတို့၏စိတ်ကို သူတို့ကမ္ဘာရှိ သက်ရှိအားလုံး၏ ဝိညာဉ်နှင့် ချိတ်ဆက်ခြင်းဖြင့် ကျင့်ကြံမှုနှုန်းကို မြှင့်တင်နိုင်သည်။ သို့သော် ဤကွန်ရက်ဖြင့် သူတို့သည် ထောင်ပေါင်းများစွာသောကမ္ဘာများကို အသုံးပြုနိုင်မည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤနည်းဗျူဟာအတွက် အသုံးပြုသည့် အစီအရင်သည် လည်ပတ်ရန် ကုန်ကျစရိတ် များပြားလှသည်။ အထူးသဖြင့် ကျင့်ကြံသူများ၏ ဝိညာဉ်ကို စိတ်အမျိုးမျိုး၏ လွှမ်းမိုးမှုမှ ကာကွယ်ပေးထားရသောကြောင့် ဖြစ်သည်။
မဟုတ်ပါက ၎င်းသည် စစ်မက်မဖြစ်ပွားချိန်များတွင်ပင် အသုံးများသော နည်းဗျူဟာတစ်ခု ဖြစ်လာပေလိမ့်မည်။
"အော်... ဟုတ်သားပဲ" ဝမ်ဝေ့သည် ထွက်မသွားခင် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဂိုဏ်းမှ ကူးသန်းပြောင်းရွေ့မသွားခင် သူ့မဟာမြူကမ္ဘာကို လွှဲပြောင်းပေးခဲ့သည်။
ယန်းအိုက် ထင်နေသကဲ့သို့ သူက ဝူဟုန်ဆီ သွားနေခြင်း မဟုတ်ပေ။ သူ့ဦးတည်ရာမှာ သမိုင်းကြောင်းရှိသည့် နေရာဟောင်းတစ်ခု ဖြစ်သော "အကျိုးအကြောင်းမဲ့ ကောင်းကင်ဘုံ" ဆီ ဖြစ်၏။