← Chapters

လောကသခင်နှင့် ပေါင်းစည်းခြင်း။   

Vol. 77 Ch. 916

လောကသခင်နှင့် ပေါင်းစည်းခြင်း။   

Vol. 77 Ch. 916

ဆိုလိုသည်မှာ အတိတ်ဘဝများသည် လက်ရှိသူ့ဘဝကိုသိမ်းယူနိုင်ပြီး သူသည်လည်း ထိုအတိတ်ဘဝများအားလုံးကို သိမ်းယူနိုင်၏။ စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။

“ ကြောက်သွားတာလား။ ”

“ ကြောက်စရာ ဘာရှိလဲ။ ”

“ ငါ့ရဲ့ကျင့်ကြံမှုကို အမွေဆက်ခံပြီး ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမတော်တဆမှုမျိုး ဖြစ်လာမှာကို မင်း မစိုးရိမ်ဘူးလား။ ”

“ အဲဒီလို ဖြစ်လာခဲ့ရင် ငါကိုယ်ငါ အရင်သတ်မယ် ... ဒါကငါတို့နှစ်ယောက်စလုံး အသက်ရှင်ခွင့် မရှိစေရဘူး။ ”

“ အရမ်းရက်စက်တယ်။ ”

လောကသခင်က ပြုံးလျက် မှတ်ချက်ပေးသည်။

“ အရမ်း ... ရက်စက်လို့လား ... ဒါက အဆိုးဆုံးအခြေအနေပါ တကယ်ပဲအတိတ်ဘဝ ကျင့်ကြံမှုကို ပေါင်းစပ်ဖို့ကြိုးစားတဲ့အခါ ... ငါပိုပြီးဂရုစိုက်လိုက်ပါ့မယ်။ ”

“ ကောင်းမွန်တဲ့ စိတ်ဓာတ်ပဲ။ ”

ထို့နောက် လောကသခင်က ခဏမျှတိတ်ဆိတ်သွားပြီး စဉ်းစားနေဟန်ဖြင့်၊

“ ငါ့ရဲ့အမွေကိုဆက်ခံတာက ငါ့ကံကြမ္မာကိုမလွဲမသွေ ဆက်ခံပေးရလိမ့်မယ် ဒါပေမယ့် ... မင်းက ငါမဟုတ်ဘူး ... ဒါကြောင့် အဲဒီကံတွေကို လျစ်လျူရှုလို့ရတယ်။ ”

-ဟု ပြောကြားလိုက်၏။ စုရီက ခေါင်းညိတ်သည်။

“ မင်းမှာ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ရှိသေးလား။ ”

စုရီမေးခွန်းကြောင့် လောကသခင်မှ ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် ညင်သာစွာ သက်ပြင်းချ၏။

“ ငါ့ဘဝမှာ ... ငါဟာ ဓားတာအိုကို လိုက်စားပြီး ပေါ့ပေါ့ပါးပါးရှင်သန်တယ် ကလေး မရှိဘူး ... အိမ်ထောင် မပြုဖူးဘူး ... ချင်းတန်ကို ငါ့တပည့်အဖြစ် လက်ခံတာကလွဲရင် အခြားတပည့်မရှိဘူး ငါ့ဘေးမှာ အစေခံ အိုကြီးတစ်ယောက်ပဲ ရှိတယ် ...

... အဲဒီအစေခံအမည်က ခြေကျိုးကြီးဝေ၊ သူကခြေထောက်တစ်ဖက် မသန်မစွမ်းပေမယ့် ကုသဖို့ခေါင်းမာစွာ ငြင်းဆန်တယ် ဒါကြောင့် လူတိုင်းက သူ့ကိုခြေကျိုးကြီးဝေလို့ ...

... ခေါ်ခဲ့ကြတယ် ... နောင်တစ်ချိန်မှာ သူ့ကိုတွေ့ရင် သူ့ခြေထောက်ကိုကုသပေးပြီး သူ့လမ်းသူဆက်လျှောက်ဖို့ ပြောပေးပါ ... ငါ ပြန်မလာတော့ဘူးဆိုတာရောပေါ့။ ”

“ ကောင်းပြီ ... ငါပြောပေးမယ်။ ”

စုယီမှ ခေါင်းညိတ်လိုက်သည်။ လောကသခင်ကအတိတ်ကို မစွန့်လွှတ်နိုင်သေး သကဲ့သို့ အချိန်အတော်ကြာ စဉ်းစားနေပြီး၊

“ ချင်းတန်ရဲ့ နောက်ခံက အရမ်း ထူးခြားတယ် အဲဒီကောင်မလေးက ကံဆိုးတယ် သူမရဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိသားစုဝင်တွေ အားလုံး အသတ်ခံခဲ့ရတယ် ...

... ဒီအကြောင်းရင်းကို ငါ့ရဲ့တာအိုနဲ့ ပေါင်းစည်းပြီးရင် မင်းနားလည်လာလိမ့်မယ် ... ဖြစ်နိုင်ရင် သူ့ကိုကူညီနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ”

“ကောင်းပြီ ... ။ ”

ချင်းတန်သည် တစ်ချိန်က လောကသခင်၏တပည့်ဖြစ်သကဲ့သို့ စုရွှမ်ကြွယ် ဘဝ၌ သူ့တပည့်လည်းဖြစ်၏။ ထို့အတွက် စုရီတွင် အထူးအကြောင်းပြချက် မလိုချေ။

“ ဟား ဟား ဟား ... ။ ”

လောကသခင်တစ်ယောက် လုံးဝ စိတ်သက်သာရာရပြီး လွတ်မြောက်သွားပုံဖြင့် ရယ်မောလိုက်သည်။

“ ကောင်းပြီ၊ ဒါတွေက ငါ့ရဲ့အတိတ်ဘဝ ကျင့်ကြံမှုမှာ ငါ မပြီးမြောက်နိုင်ခဲ့တဲ့အရာတွေပဲ အခု ငါမင်းကို အရာအားလုံး ပြောပြပြီးပြီ ... အနာဂါတ်မှာ သတိထားပါ ...

... ငါ့ကိုသတိမပေးဘူးလို့ မပြောနဲ့ ... ငါ့ရဲ့ကျင့်ကြံမှုစွမ်းအားနဲ့ ပေါင်းစည်းပြီးတဲ့အခါ ငါက မင်းပဲ၊ ဒါပေမယ့်… မင်း မှတ်ထားရမယ်၊ မင်းက ငါမဟုတ်ဘူး ... မင်းပဲ။ ”

သူ့စကားများ မဆုံးခင်မှာပင် ပုံသဏ္ဍာန်သည် အလွန်မှုန်ဝါးပျောက်ကွယ် သွားတော့၏။

“ ချွင် ... ။ ”

ငရဲဘုံကိုးပါးဓားရှိ အဠမမြောက် နတ်သံကြိုးသည်လည်း ပြင်းစွာတုန်ခါလျက် အလင်းမိုးများရွာချသလို ပြောင်းလဲလာပြီး သူ့ကျင့်ကြံမှုနှင့် ပေါင်းစည်းလာ၏။

ထိုစဉ် အခြားသောနတ်ဘုရားသံကြိုး ခုနစ်ချောင်းက တိတ်ဆိတ်မှုကနေ နိုးထလာပြီး ကျယ်လောင်စွာမြည်သံပြု၏။

လောကသခင်ဘဝ နတ်သံကြိုးသည် သူနှင့်ပေါင်းစည်းသွားကြောင်း ခံစားမိပုံပေပင်။ တစ်ဆက်တည်းမှာပင် လောကသခင်၏ တာအို အနှစ်သာရသည် လုံးဝပေါင်းစပ်သွား၏။

“ ဝုန်း ... ။ ”

ခဏအတွင်းမှာပင် ရှုပ်ထွေးကျယ်ပြန့်သည့် မှတ်ဉာဏ်အပိုင်းအစများ အမြင်အာရုံအတွင်းသို့ တိုးဝင်လာခဲ့သည်။ ယင်းသည် မရင်းနှီးသော မြင်ကွင်းများပေပင်။

လောကသခင်သည် မိသားစုသည် ဆင်းရဲနွမ်းပါးသော သာမန်မိသားစုလေးဖြစ်၏။ စာပသေင်ကြားနိုင်ရန် မိုင်(၃၀)ခရီးနှင်ရပြီး ဗိုက်ဆာသောအခါ တောတွင်းမှ အသီးအနှံများ ခူးစားခဲ့ရသည်။

တောင်ပေါ်မှ စမ်းရေတွင်းများထံမှ ရေသောက်သုံးခဲ့ရပြီး အအေးဒဏ်၊ အပူဒဏ်၊ လေဒဏ်၊ မိုးဒဏ်များကို လျစ်လျူရှုခဲ့၏။

သို့သော် သူ့အတန်းဖော်များ၏ အေးစက်စက်အကြည့်များနှင့် ဖယ်ကျဉ်မှုများကို နေ့စဉ်ကြုံတွေ့ရသည်။ သို့တိုင် အပြုံးမပျက် ရှင်သန်ခဲ့၏။

ကိုးနှစ်ကုန်လွန်ပြီးနောက် အရာရှိစာမေးပွဲတွင် ဒုတိယအမှတ်အများဆုံး အဖြစ် အောင်မြင်ခဲ့သည်။ ထိုအချိန်တွင် သူ့အသက်သည် (၁၇)နှစ်ရှိပြီဖြစ်၏။

ဤနည်းဖြင့် နိမ့်ကျသောဘဝမှ ဧကရာဇ်နန်းတော်၏ အမြင့်ဆုံးသောရာထူးသို့ တက်လှမ်းလာနိုင်ပြီး လူတိုင်းကို အံ့အားသင့် စေခဲ့သည်။

အသက် (၁၉)နှစ်တွင် ကမ္ဘာကြီးသည် ပရမ်းပတာဖြစ်ရပ်များ ရှုပ်ထွေးလာ၏။ သဘာဝ ဘေးအန္တရာယ်များနှင့် လူလုပ်ကပ်ဘေးများမှာ အကြီးအကျယ် ဒုက္ခရောက်စေခဲ့သည်။

တောင်တန်းများတွင် ပင်ပန်းစွာ အလုပ်လုပ်ကိုင်နေခဲ့ကြသော မိဘများသည်ပင် ဓားပြများ၏လက်ချက်ဖြင့် သေဆုံးကုန်၏။ ထို့ကြောင့် ပညာသင်ကြားခြင်းကို စွန့်ကာ တော်ဝင်တပ်အတွင်း ဝင်ရောက်ခဲ့သည်။

အသက် (၂၃)နှစ်တွင် သူသည် ကျင့်ကြံသူတစ်ဦးထံမှ လမ်းညွှန်မှုခံယူနိုင်ခဲ့ပြီး ကျင့်ကြံခြင်းလမ်းကို စတင်ထိတွေ့လာ၏။

နောက်ပိုင်းနှစ်များတွင် ကျင့်ကြံမှုသည် အလျင်အမြန်တိုးတက်နေပြီး စစ်ပွဲများအတွင်း၌ သေရှင်တိုက်ပွဲများကို ဖြတ်ကျော်ခဲ့ရ၏။

ဆယ်နှစ်အကြာတွင် နက်နဲတာအိုနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး သူ၏ဓားသည် ကမ္ဘာကြီးကို လွှမ်းမိုးလာသည်။

နှစ်တစ်ရာအကြာတွင် ကြယ်ဗဟိုဒေသကြီးအတွင်း သူ့အမည်ကို လူအများ သိရှိလာကြ၏။

နှစ်ပေါင်း တစ်ထောင်ကြာပြီးနောက် ကြယ်ဘီလူးကြီးများကြား ဒဏ္ဍာရီလာ ဘီလူး တစ်ကောင်အဖြစ် ရှုမြင်လာခဲ့ကြသည်။

ထိုသို့ များပြားသော အတွေ့အကြုံများနှင့် အမှတ်တရများသည် စိတ်နှင့်ခန္ဓာကိုယ်အပေါ် ရေလှိုင်းကဲ့သို့ ချက်ချင်းလွှမ်းမိုးလာ၏။

ဤဖြစ်ရပ်သည် မဟာကျိုးမင်းဆက်၏ ကွမ်လင်မြို့တွင် စုရွှမ်ကြွယ်ဘဝအမှတ်တရများ နိုးထခြင်းနှင့် တစ်ထပ်တည်းကျသည်။

အတားအဆီး သို့မဟုတ် ပဋိပက္ခ မရှိချေ။ ကောင်းစွာပင် ပေါင်းစပ်သွား၏။ ယင်းကြောင့် ခေါင်းညိတ်လျက်၊

“ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမှာပါ။ ”

-ဟု ကတိပေးလိုက်သည်။

ကြယ်ဗဟိုဒေသကြီးကို လောကသခင်၏ မှတ်ဉာဏ်များအရ ကြယ်တာရာလွင်ပြင်ဟုသာ ခေါ်ဆို၏။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ဗဟိုဒေသမဟုတ်သောကြောင့်ပေပင်။

ကြယ်တာရာလွင်ပြင်ဒေသအတွင်း၌ ကြယ်စုပေါင်းတစ်ရာရှိသည်။ ထိပ်ဆုံးကြယ်ကြီး ဆယ်လုံးတွင် ကြယ်ဘီလူးကြီးများအဖြစ် သတ်မှတ်ခံရသော အင်အားစုများရှိ၏။

၎င်းတို့ထဲတွင် ကောင်းကင်ဆန္ဒကြယ်စု၊ မဟာဝက်ဝံကြယ်စု၊ ကံကောင်းခြင်းတစ်ထောင် ကြယ်စု၊ စသည်တို့ပါဝင်သည်။

ထိုကြယ်စုရှိ အင်အားစုများတွင် ကြယ်တာရာအထွတ်အထိပ်တွင် ရပ်နေသော ကြယ်ဘီလူးကြီးများရှိသည်။

ဥပမာအားဖြင့် ကောင်းကင်ကိုးပါး နန်းတော်ခေါင်းဆောင်၊ နှလုံးသားပြခန်းမှ ပန်းချီဆရာ၊ ထိုက်ရီဂိုဏ်းမှ လူလိမ်အဖိုးကြီး၊ ကြယ်မြစ်ဂိုဏ်းမှ တံငါသည် စသည်တို့ပေပင်။

ထိုကြယ်တစ်ရာ အစုအဝေးကြီးကို အရှေ့ဘက်ကြယ်တာရာလွင်ပြင် ဒေသကြီးဟု ခေါ်ဆိုကြပြီး ၎င်းအပြင်၌ အခြားသော ကြယ်တာရာဒေသများလည်းရှိ၏။

ဤသည်မှာ လောကသခင်ရှင်သန်ရာ ကြယ်တာရာလွင်ပြင်ဒေသကြီး၏ မြေပုံပေပင်။ ထို့ပြင် မရေမတွက်နိုင်သော အသိအမြင်များနှင့် အတွေ့အကြုံများ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် တားမြစ်ကြယ်နယ်မြေ အသီးသီးလည်းပါရှိ၏။

လောကသခင်အတွက် အတန်ဖိုးအရှိဆုံး ဓားကို သေမျိုးနယ်ပယ်ဟု အမည်ပေးခဲ့သည်။ ထိုဓားဖြင့် တွဲဖက်အသုံးပြုရသော ဓားတာအိုကို လွင့်မျောနေသောဓား ဟုခေါ်၏။

အစွမ်းထက်ဆုံး တာအိုဥပဒေကို စကြဝဠာအလင်းဥပဒေဟု အမည်ပေးထား၏။ ချင်းတန်၏ မျိုးရိုးနာမည်သည် ကျန်းဖြစ်ပြီး ကြယ်ရောင်စုံ ကောင်းကင်ကြီးအတွင်း၌ အလျှို့ဝှက်ဆုံးပေပင်။

‌အလွန်ရှေးကျပြီး ကြယ်တာရာ ကောင်းကင်ရှိ တာအိုကာကွယ်သူမျိုးနွယ်စုများ အနက်မှ တစ်ခုလည်းဖြစ်၏။

ကျန်းမျိုးနွယ်စု၏ ရှေးဟောင်း အုတ်မြစ်သည် အလွန်နက်ရှိုင်းသောကြောင့် ကြယ်ဘီလူးကြီးများကိုပင် လွှမ်းမိုးနိုင်သည်။

သို့သော် တစ်ညတည်းဖြင့် ကျန်းမျိုးနွယ်စုသည် ကြီးမားသောကပ်ဘေးကို ကြုံတွေ့ခဲ့ရပြီး ချင်းတန်မှတပါး လူတိုင်း သေဆုံးသွားရ၏။

ကျန်းမျိုးနွယ်စုကို ဖျက်ဆီးခဲ့သော အင်အားစုသည် ကောင်းကင်ဘုံံဓားခြံဝင်းဟု ခေါ်သော အင်အားစုတစ်ခုပေပင်။

သို့သော် ကောင်းကင်ဘုံဓားခြံဝင်းသည် ကျန်းမိသားစုပြိုကွဲသည့်နေ့မှာပင် ကပ်ဘေးကြီး တစ်ခုကြုံတွေ့ခဲ့ရပြီး လူတိုင်းသေဆုံးသွား၏။

ထို့ကြောင့် ကျန်းမိသားစု ပျက်စီးရသည့် နောက်ကွယ်တွင် ကြယ်ဘီလူးကြီးတစ်ကောင် ညတွင်းချင်း ပျောက်ကွယ်သွားရသည်အထိ သန်မာသောလက်တစ်ဖက် ရှိနေသည်။

အပ်ချုပ်သမားသည်ပင် ၎င်းလက်ပိုင်ရှင်အတွက် အလုပ်လုပ်ပေးနေရ သည်ဟု သံသယရှိထား၏။

သည့်ပြင် နှလုံးသားပြခန်းမှ ရိုရှသည် ရှေးဟောင်း ကာကွယ်သူ ကျန့်မျိုးရိုးမှဖြစ်သည်။ နှလုံးသားပြခန်းဂိုဏ်း၏ အုတ်မြစ်ပင် သူမ ကျန့်မျိုးနွယ်စုထက် နိမ့်ကျနေသေး၏။

ပန်းချီဆရာသည် ကျန့်မျိုးနွယ်နှင့် နက်ရှိုင်းသော ဆက်နွယ်မှုရှိနေသဖြင့် ရိုရှသည် ဂိုဏ်း၌ ဤမျှထူးခြားနေခြင်းလည်းဖြစ်သည်။

အထက်ဖော်ပြပါ အချက်အလက်များသည် အနှစ်ချုပ်များသာဖြစ်၏။ ထို့ကြောင့် မှတ်ဉာဏ် ပေါင်းစပ်မှုတွင် အချိန်ကြာမြင့်လှသည်။

တချိန်တည်းမှာပင် အတွေ့အကြုံနှင့် နားလည်မှုတစ်ခုလုံးသည် သိသာထင်ရှားသော ပြောင်းလဲမှုဆီသို့ ဦးတည်နေတော့၏။

***

All Chapters