ကံကြမ္မာမြစ်ပေါ်က ဓားသမား ... ။
Vol. 77 Ch. 917
ပေါင်းစပ်ခြင်းတွင် စိတ်နေစိတ်ထား၊ အသိဉာဏ်နှင့် စိတ်ခံစားမှုများကို မလွဲမသွေ ပေါင်းစပ်ခဲ့ရသည်။
ထို့ကြောင့် လောကသခင်အဖြစ် သူ့အပေါ်လွှမ်းမိုးခွင့်မပြုရန် များစွာဂရုစိုက်ထား ရတော့၏။ ဤနည်းဖြင့် အတိတ်နှင့် ပစ္စုပ္ပန်ဘဝ လုံးဝခွဲခြား၍ရတော့မည် မဟုတ်ချေ။
တစ်ဖက်တွင် ကွမ်ကျိုး၏ချစ်သူသည် သူအရာရှိစာမေးပွဲ ဖြေကြားနေစဉ် ဓားပြများ သောင်ကျန်းမှု ဖြစ်စဉ်ကြောင့် သေဆုံးသွားရသည်။
ယင်းအတွက် သူ့ကို အနည်းငယ် နောင်တရစေပြီး တစ်ကိုယ်တည်း ရှင်သန်ရန် ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်၏။
ဤခံစားချက်မှာ သူ့နှလုံးသားကိုများစွာ သက်ရောက်မှုရှိစေခဲ့သည်။ ထိုခံစားချက်များကို ငရဲဘုံကိုးပါးဓားနှင့် ဖြတ်ချနိုင်သော်လည်း မလုပ်ခဲ့ချေ။
ပေါင်းစည်းမှုဟူသည် ဖြတ်တောက်ခြင်း မဟုတ်ချေ။ မြစ်အားလုံးကို ပွေ့ဖက်ထားသည့် သမုဒ္ဒရာကြီးတစ်စင်းလိုပေပင်။ လောကသခင် ပိုင်သမျှကံတိုင်းကို သူလက်ခံရပေမည်။
အချိန်များကုန်လွန်နေ၏။ သုံးလကုန်လွန်ပြီးနောက် စုရီ၏မျက်လုံးများ ပြန်ပွင့်လာပြီး အရှိန်အဝါတစ်ခု ထူးခြားစွာ ထွက်ပေါ်လာသည်။
ယင်းသည် အသက်တရှိုက်စာမျှသာ ကြာခဲ့ပြီး အဆုံး၌ အရာအားလုံးပျောက်ကွယ်ပြီး အကြည့်များသည် ဆောင်းဦးရာသီရေကန်ကဲ့သို့ နက်ရှိုင်းကာတည်ငြိမ်သွားတော့၏။
စိတ်အခြေအနေ၊ အတွေ့အကြုံ၊ အမြင်အာရုံ၊ အသိဉာဏ် အရာခပ်သိမ်းလုံးဝပင် ကွဲပြားလာချေပြီ။ သို့သော် သူသည် မပြောင်းလဲချေ။
ပြန်လည်မွေးဖွားခြင်းဥပဒေဖြင့် စုရွှမ်ကြွယ်ဘဝမှ ပြန်လည်မွေးဖွားသောကြောင့် မတူညီသော ဆန္ဒများရောယှက်နေသည်။ အမှန်ပင် ဆန်းပြားကာ ဖော်ပြ၍မရချေ။
“ မင်းမှာဆန္ဒရှိနေရင် ... ငါက မင်းရဲ့ ကိုယ်ပွားတစ်ယောက်ပါပဲ ငါ့ကန့်သတ်ချက်တွေ မကျော်လွန်သရွေ့ ... မင်းစိတ်ကြိုက်လှုပ်ရှားပါ ငါက မင်းမဟုတ်ဘူးဆိုတဲ့ အယူအဆကို ဆုပ်ကိုင်ထားနေစရာ မလိုတော့ဘူး။ ”
စုရီက ကျေနပ်စွာပြုံးလျက် ဝိုင်အိုးကို ထုတ်ယူပြီး အားရပါးရ သောက်ချလိုက်သည်။ ထို့နောက် မျက်လုံးများ ပြန်မှိတ်သွား၏။
ဤတစ်ကြိမ်တွင် ငရဲဘုံကိုးပါးဓား၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန်ပေပင်။ အသိစိတ်ပင်လယ်အတွင်း အံ့သြဖွယ်ကောင်း လွန်းသည့် မြင်ကွင်းတစ်ခု ပေါ်နေခဲ့သည်။
ယင်းသည် ငရဲကိုးပါးဓားလက်ကိုင်ရှိ ပထမဆုံးသော နတ်သံကြိုးအထက်၌ ထူးဆန်း ကြီးမားသည့် မြစ်ကြီးတစ်စင်း ရုတ်တရက် ပေါ်နေတော့၏။
ထိုမြစ်သည် အာကာသအတွင်းမှ စီးဝင်လာနေပြီး အဆုံးမရှိအကွာအဝေးဆီသို့ တိုးဝင်ပျောက်ကွယ်နေ၏။
မြစ်ကြောင်းသည် ထာဝရတည်ပြီး အစလည်းမရှိသလို အဆုံးသည်လည်းမရှိခဲ့ချေ။ မြစ်ရေများသည် အချိန်ဥပဒေများဖြစ်၏။
ထို့ကြောင့် မြစ်ရေလှိုင်းအတွင်း အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်သည် ဝဲဂယက်များသဖွယ် အဆက်မပြတ်လည်ပတ်နေသည်မှာ အံ့မခန်း မြင်ကွင်းကြီးပေပင်။
“ ကံကြမ္မာမြစ် ... ။ ”
စုရီခမျာ နှလုံးသား တုန်ခါသွားသည်။ လောကသခင်မှတ်ဉာဏ်အရ ထိုမြစ်အမည်ကို သိရှိထား၏။ လောကသခင်သည် ကောင်းကင် ပေါင်းစည်းခြင်းအဆင့်၌ ထိုမြစ်ကိုမြင်သည်။
“ ဝူး ... ။ ”
ရုတ်တရက် မြစ်ရေစီးကြောင်းသည် မြင့်တက်လာပြီး အချိန်များရွေ့လျားလာခဲ့ကာ လောကကြီး ပြောင်းလဲသွားခဲ့၏။
နတ်ဘုရားသံကြိုးခုနစ်ချောင်းသည် ထူးထူးခြားခြား တိတ်ဆိတ်နေပြီး ကံကြမ္မာမြစ် သက်ဝင်မှုအပေါ် အံ့အားသင့်နေသလိုပေပင်။
ထိုအချိန်တွင် စုရီသည်ဆွဲငင်ခံရကာ မြစ်ကြောင်းတလျှောက် စီးမျောသွားလေသည်။ လှိုင်းပုတ်သံများကြား အကူအညီမဲ့စွာ အဆုံးမဲ့ လွင့်မျောနေခဲ့၏။
မြစ်ကြောင်းတလျှောက် မြင်တွေ့ခံစားနိုင်ခဲ့သမျှ အရာအားလုံးသည် သူ့ကို ရှုပ်ထွေးမှုထဲပိတ်မိစေခဲ့သည်။
မလွတ်မြောက်နိုင်သည့် ဖိနှိပ်မှုနှင့် ထိတ်လန့်မှုများသည် နှလုံးသားထဲဒီရေအလား တိုးဝင်လာ၏။ ယင်းသည် သူ့ကို သတိဝင် လာစေသည်။
ဤအခြေအနေမှ ရုန်းမထွက်နိုင်သော ကံကြမ္မာမြစ်အတွင်း စိတ်ဝိညာဉ်ပျောက်ဆုံး သွားနိုင်မည်။ ထိုအသိကြောင့် ကျင့်ကြံမှုကို အသက်သွင်းလျက် မြစ်ကြောင်းအတွင်းမှ ချက်ချင်းဖယ်ခွာရန် ကြိုးစားလိုက်၏။
သို့သော် အချည်းနှီးပေပင်။ အချိန်မြစ် ရေစီးကြောင်းသည် တသွင်သွင်ဆွဲငင်နေခဲ့ပြီး သံသရာတွင် နစ်မြုပ်လာသကဲ့သို့ ဝဲဂယက် အတွင်း မျောပါနေသည်။
ကူကယ်ရာမဲ့သော ခံစားချက်သည် ထိတ်လန့်မှုအဖြစ်ဝင်ရောက်၏။ ဤဖြစ်စဉ်မျိုး လောကသခင်သည်ပင် ထိုစဉ်မကြုံဖူးကြောင်း ပြောနိုင်ချေပြီ။
“ ဒီဓားရဲ့ စွမ်းအားက အရမ်းပြင်းတယ် လောကသခင်ဘဝမြင်ခဲ့ဖူးတဲ့ ဒိုမိန်းဥပဒေထက် သာလွန်နေပုံပဲ။ ”
ဒိုမိန်းဥပဒေများသည် ကြယ်ဥပဒေထက် သာလွန်၏။ ကြယ်လွင်ပြင်ကြီး၌ ကြယ်ဥပဒေ ရာပေါင်းများစွာရှိသော်လည်း ဒိုမိန်းဥပဒေသည် အနည်းငယ်မျှသာရှိ၏။
အရှေ့ဘက်ကြယ်ဒေသကြီးတွင် မြတ်မြတ်သော ကြယ်ဥပဒေကြီး(၃၃)ခုရှိပြီး ဒိုမိန်းဥပဒေမှာ (၇)ခုသာရှိ၏။
လောကသခင်ပိုင်နိုင်ထားသော စကြဝဠာအလင်းဥပဒေသည် ဒိုမိန်းအဆင့် ဥပဒေဖြစ်သည်။ သို့သော် ဤကံကြမ္မာမြစ်၏ စွမ်းအားနှင့်ယှဉ်ပါက လှိုင်းကြက်ခွပ်လေး အဆင့်မျှသာရှိနေ၏။
ဤသည်မှာ ငရဲဘုံကိုးပါးဓား၏ စွမ်းအား အကျိုးသက်ရောက်မှုပေပင်။ ထိုစဉ် ရုတ်တရက် ရင်းနှီးနေသော စွမ်းအားတစ်ခုကို ခံစားမိ၏။
ဤသည်မှာ ဝင်စားခြင်းစွမ်းအားပေပင်။ ထို့ကြောင့် တွန့်ဆုတ်မနေဘဲ ဝင်စားခြင်းဥပဒေ အသက်သွင်းကာ ပေါင်းစပ်လိုက်၏။
“ ဝုန်း ... ။ ”
ရေနစ်နေသူတစ်ယောက် ကျောက်တုံးကြီးတစ်တုံးကို ဖမ်းဆုပ်နိုင်လိုက် သလိုပေပင်။ ကံကြမ္မာမြစ်၏ လွှမ်းမိုးမှုထံပါးမှ ရုတ်တရက် နိုးထလာတော့၏။
ထို့ကြောင့် ကံကြမ္မာမြစ်အထက်တွင် ရပ်နေသော လူရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။ ထိုလူရိပ်သည် လှိုင်းလုံးကြီးပေါ်တွင် ရပ်နေပြီး အချိန်ရေစီးကြောင်းထံ ကြည့်နေခဲ့သည်။
သူ့အသွင်သည် ကျောက်ဆောင်ကြီးလို ခိုင်မာကာ ကံကြမ္မာမြစ်ကြောင်းတွင် ဂုဏ်ယူစွာ ရပ်နေဟန်ရှိ၏။ အလွန်ကြည်လင်ပြီး ထာဝရ ထည်ဝါသော ရောင်ဝါကို ပြသထားသည်။
“ ထာဝရတည်ရှိခြင်း လျှို့ဝှက်ချက်ကို မြင်နိုင်ပြီး ကံကြမ္မာဥပဒေကိုနားလည်တဲ့အခါ မင်းဆက်အသီးသီး မွေးဖွားကုန်ဆုံးမှုနဲ့ အချိန်ကာလ ကုန်လွန်မှုအပေါ် ...
... သိမ်မွေ့စွာ ခွဲခြားသိမြင်နိုင်တယ် ... သမိုင်းတစ်လျှောက် ခေတ်အသီးသီး မွေးဖွားပြီး ပျက်သုဉ်းမှုကို တွေ့ကြုံခံစားနိုင်တယ် ဒဏ္ဍာရီတွေကို မြင်နိုင်တယ်။ ”
ထိုစကားသံသည် ကံကြမ္မာမြစ်ထံ ကျရောက်သွားပြီး ရှင်းလင်းပြတ်သားစွာဖြင့် ပဲ့တင်ထပ်နေခဲ့ချေပြီ။ ဤသည်မှာ လူရိပ်သည် တစ်ကိုယ်တည်း စကားပြောနေခြင်းဖြစ်၏။
“ ဒါပေမယ့် ... ငါဟာဓားတာအိုကို ရှာဖွေခဲ့ပြီး ဝင်စားခြင်းမှာ ရုန်းကန်ခဲ့ရတယ်၊ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရတယ် ဘာကြောင့်လဲ ... ။ ”
အသံသည် ပဲ့တင်ထပ်နေဆဲဖြစ်ပြီး နားထောင်နေရုံဖြင့် စုရီကိုလှိုက်မောလာစေ၏။
“ လောကကြီးမှာ ပြိုင်ဘက်ကင်းပြီး ငါ့ကိုယ်ငါရန်သူအဖြစ် သတ်မှတ်ခဲ့ရဖူးတယ် နောက်ဆုံးတော့ ငါရှာဖွေခဲ့တာကို ဝင်စားခြင်း သံသရာအတွင်းမှာပဲရနိုင်မယ်။ ”
အသံလှိုင်းသည် စမ်းရေစီးသံအလား ကြည်လင်ကာ အထီးကျန်မှုနှင့် ဝမ်းနည်းမှုများ ထင်ဟပ်နေသည်။
ထိုနောက် ကံကြမ္မာမြစ်ကြီးပေါ်တွင် ရပ်လျက်အနေအထားမျိုးဖြင့် ဖြည်းဖြည်းချင်း ခေါင်းမော့လာကာ စုရီထံကြည့်၏။
“ ချွင် ... ချွင် ... ။ ”
ငရဲဘုံကိုးပါးဓားသည် တချွင်ချွင် မြည်ဟည်းပြီး နတ်သံကြိုးခုနစ်ချောင်းစလုံး တုန်ခါသွားတော့သည်။
အကြည့်တစ်ချက်ဖြင့် နှလုံးသား တုန်ရင်လှိုက်မောသွားပြီး သူ့ဝိညာဉ်သည်လည်း နစ်မြုပ်လုနီးပါးဖြစ်လာ၏။ စစ်မှန်သော အုပ်စိုးရှင်တစ်ပါးကို မြင်နေရသလိုပေပင်။
ထို့ကြောင့် မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ငြိမ်သက်လာအောင် ကြိုးစားလျက် ကျင့်ကြံမှုကို အမြန် လှည့်ပတ်လိုက်ရ၏။
သို့သော် သူမလှုပ်ရှားနိုင်ခင်မှာပင် ပုံမှန်မဟုတ်သော ထိုအရာအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားချေပြီ။ ငရဲကိုးပါးခုဓားနှင့် နတ်သံကြိုးများမှာလည်း ရပ်တန့်သွား၏။
“ ဟားဟားဟား ... ။ ”
ကံကြမ္မာမြစ်ပေါ်ရှိ လူရိပ်က ခပ်တိုးတိုးလေးရယ်ပြီး သက်ပြင်းချလိုက်သည်။
“ ဝင်စားခြင်းကို နားလည်တဲ့သူတွေက ကံကြမ္မာရဲ့ ထောင့်တစ်နေရာကို မြင်နိုင်တာပဲ ညီအစ်ကိုချန်ရှီ ... မင်းငါ့ကို တကယ် မလှည့်စားခဲ့ဘူးပဲ။ ”
( ဝင်စားခြင်းကို နားလည်တာက ကံကြမ္မာရဲ့ထောင့်တစ်နေရာကို မြင်နိုင်လား ... ညီအစ်ကိုချန်ရှီက ဘယ်သူလဲ။ )
တစ်ဖက်လူ၏ စကားကြောင့် စုရီခမျာ အံ့အားသင့်သွားသည်။ ထိုအယူအဆနှင့် အမည် အားလုံး သူလုံးဝမရင်းနှီးသလိုပေပင်။
***