← Chapters

ဒိုမိန်းအဆင့် ဥပဒေစည်းမျဉ်းသုံးရပ် ... ။

Vol. 77 Ch. 918

ဒိုမိန်းအဆင့် ဥပဒေစည်းမျဉ်းသုံးရပ် ... ။

Vol. 77 Ch. 918

ကံကြမ္မာမြစ်ကြီးအတွင်း အချိန်များ၊ ခေတ်များ၊ သမိုင်းများ၊ ယဉ်ကျေးမှုများ၊ မင်းဆက်များ အဆက်မပြတ် စီးဆင်းနေ၏။

သို့သော် ထိုအချင်းအရာများသည် မြစ်ပြင်ထက်မှ ပုံရိပ်ရှင်ကို မတိုက်စားနိုင်ချေ။ ထိုလူသည် ထာဝရတည်ရှိနေပုံရသည်။

ယင်းသည် စုရီကို အကြီးအကျယ် အံ့အားသင့်စေ၏။ ဤသည်မှာ အတိတ်ဘဝများ အတွင်း တစ်ယောက် ဖြစ်သည်။

တစ်ဖက်လူသည် ထိုသို့သော မယုံနိုင်လောက်အောင် မြင့်မားသည့်နယ်ပယ် အတွင်း ရောက်ရှိနေသော် အဘယ့်ကြောင့် ပြန်လည်မွေးဖွားနေရသနည်း။  

“ ပြန်လည်မွေးဖွားခြင်း စွမ်းအားနဲ့ ... ကံကြမ္မာထောင့်တစ်နေရာကို အခုလိုမြင်နိုင်ပြီး သံသရာအတွင်း ငါတို့တွေ့ဆုံခွင့်ရနေတာက တကယ်ကို စိတ်ဝင်စားစရာပါပဲ။ ”

လူရိပ်က စုရီကို ကြည့်ကာ ပြုံးပြသည်။

“ ဒါပေမယ့် ဒါက ... နောက်ဆုံးမှာတော့ ကံကြမ္မာထောင့်တစ်နေရာသာဖြစ်ပြီး ကံကြမ္မာ တစ်ခုလုံးတော့ မဟုတ်ပါဘူး ...

... နားမလည်နိုင်တဲ့ အရာတွေအများကြီး ရှိနေသေးတယ် ဒါက မျှော်လင့်ချက်အဖြစ် ငါ့ကို လှုံ့ဆော်ပေးနေတုန်းပဲ ...

... ပြီးတော့ ဒီအခွင့်အရေးကိုကြည့်ပြီး ပြန်လည်ဝင်စားခြင်းနဲ့ ရုန်းကန်မှုကိုစဖို့အတွက် မင်းကငါ့ကို အကူအညီရစေတယ်။ ”

ထိုနေရာအရောက်တွင် လူရိပ်မှ သဘောကျစွာ ရယ်မောလိုက်ပြီး၊

“ ဟားဟားဟား ... မဟုတ်ဘူး ... ငါ့ကိုယ်ငါ ကူညီပေးနေတာပဲ။ ”

-ဟု မှတ်ချက်ချလိုက်၏။

“ ဒါနဲ့ မင်းကဘယ်သူလဲ။ ”

စုရီက တစ်ဖက်လူစကားများကို လျစ်လျူရှုကာမေးမြန်းလိုက်၏။ လူရိပ်မှခေါင်း အနည်းငယ်ခါလိုက်ပြီး၊

“ အနာဂတ်မှာ ... ငါ့စွမ်းအားကို မင်းကျော်လွန်သွားတဲ့အခါ ... သဘာဝအတိုင်း ငါဘယ်သူလဲ မင်းရှာတွေ့ပါလိမ့်မယ်။ ”

ထို့နောက်လူရိပ်မှ ညာဘက်လက်ကို ဆန့်ထုတ်ပြီး ကံကြမ္မာမြစ်ပြင်မှလှိုင်းတစ်ခု ခပ်ယူလိုက်သည်။

ကံကြမ္မာလှိုင်းများသည် လျင်မြန်စွာ ရွေ့လျားပြောင်းလဲလာပြီးအဆုံး၌ မဟာတာအို အလင်းစက်လုံးတစ်ခုဖြစ်လာ၏။

“ ဒါကို ... မူလပျက်စီးခြင်းလို့ပဲ ခေါ်ကြရအောင် ... ဒီရေစက်က အကြောင်းနဲ့ အကျိုးကို ပိုင်းခြားနိုင်တယ် ... ကံကြမ္မာကို တားမြစ်နိုင်တယ် ... ကောင်းကင်နဲ့ မြေကြီးကြားက ဆက်နွယ်မှုကို ...

... ဖြတ်တောက်နိုင်တယ် သူ့စွမ်းအားက သိပ်မကြီးမားပေမယ့် နောက်ထပ်နယ်ပယ်ကို ခြေလှမ်းလိုက်တဲ့အခါ ...

... မင်းရဲ့ ပြန်လည်ဝင်စားခြင်းရဲ့ ကံကြမ္မာချည်နှောင်မှုကနေ လွတ်မြောက်နိုင်တဲ့ စိတ်အခြေအနေမျိုးကို တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။ ”

“ ဒါက ဘယ်လိုတာအိုဥပဒေမျိုးလဲ အရမ်းအစွမ်းထက် မနေဘူးလား။ ”

အကြောင်းနှင့် အကျိုးတရားကို ပိုင်းခြားနိုင်ပြီး ကံကြမ္မာအပေါ် တားမြစ်နိုင်၏။ ထိုဝေါဟာရဖြင့်ပင် အလွန်မှော်ဆန်နေချေပြီ။ စုရီ၏ အံ့ဩနေသောအသွင်က လူရိပ်ကို စိတ်လှုပ်ရှားလာစေသည်။ သူက၊

“ စိတ်ချပါ ... ငါမင်းရဲ့ဖွံ့ဖြိုးမှုကို အတင်းအကျပ်မလုပ်ပါဘူး မင်းရဲ့လမ်းဟာ ငါ မသိနိုင်တာမို့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ် ...

... ကံကြမ္မာနဲ့ အကြောင်းအကျိုးကိုသာ သတ်မှတ်ထားလို့ရရင် ငါဘာလို့ဝင်စားခြင်းကို ရှာဖွေနေရမှာလဲ ဟားဟားဟား ... ။ ”

အဆုံး၌ ကံကြမ္မာမြစ်ပြင်ပေါ်ရှိ လူရိပ်က ရယ်မောလိုက်ပြီး လျစ်လျူရှုသည့်အမူအရာကို ထုတ်ဖော်ပြသလိုက်၏။ စုရီတစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး၊

“ ဘာလို့ ... ငါလဲ။ ”

-ဟု ပြန်မေး၏။ ပုံရိပ်မှ ထိုမေးခွန်းကို နားလည်သည်။

“ ကိုးဂဏန်းက နောက်ဆုံး အဆုံးစွန်သောဂဏန်းတစ်ခုပဲ ငါဟာပြန်လည် ဝင်စားခြင်းကနေ မြင့်မားတဲ့လမ်းကြောင်းကို ရှာဖွေဖို့ ခရီးတစ်ခုစတင်ခဲ့တယ် ...

... ကိုးယောက်မြောက်ဘဝမှာ ... ပြန်လည်ဝင်စားခြင်းကို ရှာတွေ့ခဲ့ရပြီး မူလကို ပြန်လာနိုင်ပုံရတယ် ... ဒါက ကိုးဂဏန်းပြီးရင် တစ်ကနေ ပြန်စရသလိုပါပဲ ...

... ဒီနေ့မင်းကို ဆုံတွေ့ရတာ ကြိုတင်စီစဉ်ထားတာမရှိဘူး အခွင့်အလမ်းနဲ့ အကြောင်းအကျိုး ဆက်စပ်ကုန်ခဲ့တာပါ ... မှန်ပါတယ် ဒါပေမယ့် ... မင်းသာဒီဘဝမှာ သေဆုံးသွားခဲ့ရင်တော့ ... ။ ”

လူရိပ်မှ ခဏမျှရပ်လိုက်ပြီးနောက် စုရီထံပြန်လှည့်ကြည့်ကာ၊

“ ... ငါတို့ အရာအားလုံး လုံးဝအဆုံးသတ်သွားနိုင်ပါတယ်။”

-ဟု ‌ပြုံးပြလာတော့၏။

စုရီတစ်ယောက် ကျောရိုးများ အေးစက်သွားလေသည်။ အရာအားလုံး လုံးဝ ပြီးဆုံးသွားခြင်းသည်လော။ ယင်းသည် သူ သေဆုံးခြင်းသည် အတိတ်ဘဝ ကိုးဘဝလုံး သေဆုံးခြင်းဟု အဓိပ္ပါယ်ရချေပြီ။

“ မကောက်သေးတဲ့ အနာဂါတ်ကို တွေးတောဆင်ခြင်နေတာက အချည်းနှီးပါပဲ ... ဒီမူလပျက်စီးခြင်းနိယာမကို လက်ခံပြီး မင်းရဲ့ ဓားကို လေ့ကျင့်ပါ ...

... ငါတို့က ဓားသမားတွေမို့ ... ငါတို့ရဲ့နှလုံးသားတွေကို ကျောက်စိမ်းတုံးလို တည်ငြိမ်ပြီး ထက်ရှစေရမယ်ဆိုတာ မမေ့နဲ့။ ”

စကားဆုံးသည်နှင့် အင်္ကျီလက်ကို လှုပ်လိုက်သောအခါ ကံကြမ္မာမြစ်ရေစက်သည် တာအိုရောင်ခြည်များဖြာဆင်းလျက် စုရီဆီသို့ လျင်မြန်စွာပျံသန်းလာ၏။

“ ဝုန်း ... ။ ”

ခဏအတွင်းမှာပင် နက်ရှိုင်းသော တာအိုဥပဒေများသည် ဝိညာဉ်ထဲစီးဝင်လာပြီး မြင်ကွင်းများပျောက်ကွယ်သွားကာ အဆုံးမဲ့ ဉာဏ်အလင်းရရှိသော အခြေအနေထဲ နစ်မြုပ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် ကံကြမ္မာမြစ်ပေါ်ရှိ လူရိပ်သည် ငရဲဘုံကိုးပါးဓားရှိ နတ်သံကြိုးကြီး ခုနစ်ချောင်းထံကြည့်ပြီး၊

“ ကံကြမ္မာရှုပ်ထွေးမှုတွေအတွင်းက မခန့်မှန်းနိုင်တဲ့အရာတွေကြား မျှော်လင့်နေတဲ့ ငါ့ဓားနှလုံးသားကိုသွေးဖို့ လုံလောက်သင့်ပြီ။ ”

-ဟု ရေရွတ်လိုက်၏။

ထို့နောက်တွင် လူရိပ်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွား၏။ ငရဲဘုံကိုးပါးဓားမှလည်း တိတ်ဆိတ်သွားသည်။ နတ်သံကြိုးများမှာ လုံးဝအသက်မဲ့ကုန်၏။

 ပတ်ဝန်းကျင်တစ်ခုလုံး မည်သည့်ဖြစ်စဉ်မျှမရှိခဲ့သလိုပေပင်။ အချိန်များ တရွေ့ရွေ့ကုန်လွန်လာနေသည်။

စုရီတစ်ယောက် ထိုရှုပ်ထွေးပြီး ထူးဆန်းသောအခြေအနေမှ နိုးလာသောအခါ စိတ်ဝိညာဉ်သည် ကြည်လင်နေခဲ့၏။

သူသည် ဝင်စားခြင်းဥပဒေကို နားလည်နေသောကြောင့် ကံကြမ္မာမြစ်အတွင်း မူလကို မြင်နိုင်ခြင်းဖြစ်သည်။

အခြားသောသူများသည် ဝင်စားခြင်း ဥပဒေကိုနားမလည်သဖြင့် ကံကြမ္မာမြစ်ထဲမှ ပုံရိပ်များကိုမမြင်နိုင်ချေ။

ယင်းသည် အလွန်ထူးဆန်းပြီး သူ့နားလည်နိုင်မှုထက် များစွာကျော်လွန်သည်။ စုရီက ခဏလောက် တိတ်ဆိတ်သွားကာ အဝေးများရှင်းထုတ်လိုက်၏။

တစ်ဖက်တွင် သူကျွမ်းကျင်ထားသော ကမ္ဘာဦးတာအိုသည် လျှို့ဝှက်ဆန်းကြယ်သည့် အဆင့်သို့ ဝင်ရောက်သွားကြောင်းရုတ်တရက် တွေ့ရှိလိုက်သည်။

ထိုတာအိုသည် မိုးသောက်ချိန် ပထမဆုံးနေ့အလင်းရောင်လို တောက်ပနေပြီး နဂါးငွေ့တန်းအလား ကျယ်ပြန့်ချေ၏။ ကြည်လင်ပြီး နူးညံ့သိမ်မွေ့ကာ သန့်စင်သော အရိပ်အယောင်ပေးသည်။

ယင်းသည် သူ နားလည်မိသော ကမ္ဘာဦးတာအိုထက်ကျော်လွန်နေပြီး နက်နဲကာ လျှို့ဝှက်ဆန်းကြယ်ချေပြီ။

အချက်အလက်များအရ အရာခပ်သိမ်းပျက်သုဉ်းခြင်းဟု ခေါ်ဆိုနိုင်ပြီး ပြောင်းလဲမှု၏ မူလအခြေအနေ၊ ဆန်းကြယ်မှု အားလုံး၏ ပန်းတိုင်ပေပင်။

ယင်းသည် ဝင်စားခြင်းဥပဒေထက် သာလွန်ပြီးနက်နဲချေပြီ။ ယခုချိန်ထိ ဝင်စားခြင်း ဥပဒေကို သူသည် ပြီးပြည့်စုံခြင်းမရှိသေးချေ။ ထို့ကြောင့် အရာခပ်သိမ်းပျက်သုဉ်းခြင်း တာအိုကို နားလည်ရန်ခက်ခဲနေသည်။

ဤတာအို၏ နောက်ဆုံးရည်မှန်းချက် အနဖြေင့် လွတ်လပ်သော တာအိုနှလုံးသားကို ဖန်တီးနိုင်စေဖို့ရန်ဖြစ်သည်။ ဆိုလိုသည်မှာ ဝင်စားခြင်းကံဖြင့် ချည်နှောင်ထားမှုမှသည် လွတ်မြောက်နိုင်စေရန်ပေပင်။

တစ်နည်းအားဖြင့် ဤတာအိုအပေါ် နားလည်မှုမလုံလောက်ခဲ့သော် ဝင်စားခြင်း ကံကိုမဖြတ်နိုင်တော့ဘဲ မအောင်မြင်ဟု အဓိပ္ပါယ်ရပေမည်။

လက်ဝှေ့ရမ်းလျက် စကြာဝဠာ နှလုံးသားဓားကို ထုတ်ယူပြီး အရာခပ်သိမ်း ပျက်သုဉ်းခြင်းဥပဒေ ဆင့်ခေါ်လိုက်၏။

“ ဘရူး ... ။ ”

ရလဒ်အနေဖြင့် အံ့သြဖွယ်ချေပြီ။ စကြဝဠာနှလုံးသားသည် ပြင်းစွာမြည်တမ်းပြီး ထိုတာအို၏ဖိအားကို မခံနိုင်ဟန်ပြသလာ၏။

စုရီတစ်ယောက် ချက်ချင်း ရပ်တန့်လိုက်ရသည်။ မဟုတ်ပါက စကြာဝဠာ နှလုံးသားသည် သေချာပေါက် ပျက်စီးသွားပေမည်။

အရာခပ်သိမ်းပျက်သုဉ်းခြင်း ဥပဒေစည်းမျဉ်းသည် အံ့သြဖွယ်ကောင်းလှပြီး ကောင်းကင်ဆန္ဒဥပဒေနှင့် ကြယ်တာရာ ဆိတ်သုဉ်းခြင်း ဥပဒေတို့ထက် သာလွန်၏။

စကြဝဠာအလင်းဥပဒေကဲ့သို့ ဒိုမိန်းအဆင့်ဥပဒေထက်နက်နဲပြီး အစွမ်းထက် နိုင်ချေမည်။

“ နှမြောစရာပဲ၊ နားလည်ဖို့ အရမ်းခက်ခဲလွန်းတယ် ... ။ ”

စုရီက အနည်းငယ် နောင်တရသွား၏။ ဝင်စားခြင်း ဥပဒေတစ်ခုသည်ပင် သူ့အတွက် ကျင့်ကြံရန် ခက်ခဲနေပြီဖြစ်သည်။

ယခုမူ နောက်ထပ် အရာခပ် သိမ်းပျက်သုဉ်းခြင်းဥပဒေနှင့် စကြာဝဠာအလင်း ဥပဒေတို့ကို ရရှိထား၏။ ထိုသို့ ဒိုမိန်းအဆင့် ဥပဒေနှစ်ရပ်ကို နားလည်ရန် များစွာ အချိန်ပေးရပေတော့မည်။

“ ဟမ့် ... ကျင့်ကြံမှုက အလယ်အလတ် ရွှမ်ဟဲဧကရာဇ်အဆင့်ကို ရောက်နေတာလား။ ”

စုရီတစ်ယောက် ရွှင်မြူးသွား၏။ ဉာဏ်အလင်းရရှိခြင်း အခြေအနေမှသည် ကျင့်ကြံမှု၌ အောင်မြင်မှုရရှိခဲ့ပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဧကရာဇ်တစ်ပါးဖြစ်နေဆဲပေပင်။ လမ်းခရီးမှာ ဝေးနေခဲ့သေး၏။

“ ဟမ့် ... အချိန်တွေ ဘယ်လောက် ကုန်သွားလဲ။ ” 

ရုတ်တရက် သတိရလာပြီး ထရပ်လိုက်သည်။ အပြင်တွင် လေပြေများ ဝါးရုံတောအတွင်း ဖြစ်တိုက်နေ၏။

ကြည်လင်သောရေကန်ဘေးတွင် ကျင်းရှင်းသည် ခြေချင်းချိတ်ထိုင်ကာ ယွမ်ဟမ်၊ ရင်ချွယ်နှင့် အခြားသူများကို ကျင့်ကြံမှုလမ်း၏ အသိအမြင်များအကြောင်း စိတ်ရှည်ရှည်ဖြင့် သင်ကြားပေးနေသည်။

ရေကန်ပေါ်တွင် ကျင်းခွိုက်သည် ကြာလှေတစ်စင်းလှော်ခတ်နေပြီး နင်စစ်ဟွာနှင့် ချာကျင်တို့ကို သယ်ဆောင်ထား၏။

ဝမ်လင်းရွယ်နှင့် ချင်းဝမ်သည် ရေကန်စပ်တွင်ငါးမျှားနေကြပြီး အချင်းချင်း ပြုံးရယ်စကားပြောနေ၏။

ပို၍ဝေးသော ကျောက်ဆောင် ကမ်းပါးတစ်ခုပေါ်တွင် ဝမ်ချွယ်၊ ယွီလောင်၊ ပိုင်ရီနှင့် ရွှမ်နင်တို့က မကြာသေးမီက တိုက်ပွဲများအကြောင်း ပြောဆိုနေ၏။

မြင်ကွင်းသည် တည်ငြိမ်းအေးချမ်းပြီး လှပသက်ဝင်နေချေပြီ။ စုရီမှတံခါးဝတွင်ပြုံးကာ တိတ်တဆိတ် စောင့်ကြည့်နေ၏။

“ ဆရာ ... တံခါးပိတ်ကျင့်ကြံနေတာ ခြောက်လလောက်ရှိနေပြီ ကြည့်ရတာ မြန်မြန် ထွက်လာနိုင်ဦးမယ် မထင်ဘူး။ ”

ဝမ်ချွယ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လျက် မှတ်ချက် စကားဆိုသည်။ ရုတ်တရက် ယွီလောင်က သတိရလာကာ၊

“ အဲဒီမိန်းကလေးက လွန်ခဲ့တဲ့ သုံးလကတည်းက ပေါ်လာပြီး အပြင်ဘက်မှာ စောင့်နေသေးတယ် ... သူမက တကယ့်ကို စိတ်ရှည်တယ် ဒါပေမယ့် ...

... ဆရာသခင်က ကျင့်ကြံမှုကို အာရုံစိုက်တဲ့အခါ နှစ်ပေါင်းဘယ်လောက် ကုန်လွန်မယ် ဘယ်သူသိမှာလဲ။ ”

-ဟု ပြောကြားလိုက်၏။

သူ့စကားကြောင့် လူတိုင်းသည် ထူးဆန်းသောထိုမိန်းကလေးကို သတိရလာ တော့သည်။ တစ်ဖက်မိန်းကလေးသည် ဧကရာဇ်များထက် သာလွန်သော ရောင်ဝါရှိ၏။

“ မင်းတို့ ဘယ်သူ့အကြောင်း ပြောနေတာလဲ။ ”

ရုတ်တရက် စုရီ၏ တိုးညှင်းသော မေးမြန်းသံထွက်ပေါ်လာသည်။ ရေပြင်ပေါ် ကျောက်ခဲတစ်လုံး ပြုတ်ကျသွားသကဲ့သို့ လှပလွန်းသောထိုရှုခင်းကြီးသည် ချက်ချင်း အသက်ဝင်လာတော့၏။

“ ဆရာထွက်လာပြီ ... ။ ”

***

All Chapters