ကံကြမ္မာချည်နှောင်ခြင်း ... ။
Vol. 77 Ch. 920
ထျန်းချီခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။ ဦးလေးကျိုးယောင်သည် တစ်ဖက်လူကိုကြောက်ရွံ့ကြောင်း သူမ သိသော်လည်း ဤမျှအထိ မထင်ခဲ့ချေ။
“ ဒါတွေက ကိစ္စအသေးအမွှားတွေပါ ဒါနဲ့မင်းလိုစစ်နတ်ဘုရားတစ်ယောက်က ဘာလို့ ကိုယ်ခန္ဓာတောင် မရှိတော့တာလဲ။ ”
“ စီနီယာ ... ငါ့ရဲ့ခန္ဓာကိုယ်က ‘ကြယ်တာရာဝဲဂယက်’ တားမြစ်နယ်မြေထဲမှာ ပျက်စီးသွားခဲ့ရတာပါ။”
စုရီက နားလည်သွားသည်။ ကြယ်တာရာဝဲဂယက်သည် အရှေ့ဘက် ကြယ်လွင်ပြင်ဒေသ၏ တားမြစ်မြေ (၇)ပါးအနက် တစ်ပါးပေပင်။
ကောင်းကင်ဉာဏ်အလင်း နယ်ပယ်များသည်ပင် အသက်ပျောက်နိုင်၏။ ထို့နောက် ထျန်းချီထံ တစ်ချက်ကြည့်ကာ၊
“ သူမနဲ့ မင်းက ဘယ်လိုပတ်သက်တာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ဂျူနီယာက ကောင်းကင်ကိုးပါး ဂိုဏ်းချုပ်ဆီမှာ အကြွေးတစ်ခုတင်ရှိနေပါတယ် ဒါကြောင့် ဒီကောင်မလေးကို စောင့်ရှောက်ဖို့ တာဝန်ပေးခံရတာပါ။ ”
“ သူမရဲ့ မူလကို မင်းသိလား။ ”
“ ဘာလို့ မင်းကိုပြောပြရမှာလဲ ဦးလေးကျိုးယောင်၊ သူ့ကို ဘာမှမပြောနဲ့။ ”
ကျိုးယောင်မှ တုံ့ပြန်နိုင်ခြင်းမပြုမီ ထျန်းချီက အေးစက်စက် အော်ဟစ်လိုက်သည်။ သို့သော် ကျိုးယောင်သည် သူမကိုလျစ်လျူရှုပြီး ပြန်ဖြေသည်။
“ စီနီယာ ... ထျန်းချီလေးရဲ့ အဆင့်အတန်းက အလွန်မွန်မြတ်ထူးခြားတယ် ကောင်းကင်ကိုးပါးနန်းတော်ရဲ့ ဂိုဏ်းချုပ် တစ်ဦးတည်းသာ သူမရဲ့မူလအစကို သိနိုင်ပါတယ်။ ”
ထျန်းချီတစ်ယောက် လုံးဝပင် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ ဤဦးလေး ကျိုးယောင်သည် လုံးဝအားကိုး၍ မရချေ။
တစ်ဖက်လူမှ သူမကို ရိုက်နှက်ဖမ်းဆီးခိုင်းလျှင်ပင် မျက်မှောင်ကျုံ့ လိမ့်မည် မဟုတ်ကြောင်း သေချာ၏။
“ သူ့မှာ မွေးရာပါ စိတ်ဝိညာဉ် တံဆိပ်တစ်ခုရှိနေတယ်။ ”
စုရီက ထျန်းချီ၏ ဇာစ်မြစ်သည် သာမန်မဟုတ်ဘဲ သူမ၏စိတ်ဝိညာဉ်ထဲတွင် အလွန်ထူးခြားသော ‘နတ်ဝိညာဉ်တံဆိပ်’ တစ်ခုရှိနေသည်ကို ပြောပြလိုက်၏။
“ မွေးရာပါဝိညာဉ်တံဆိပ်လား ... ဒါက ရှေးဟောင်းကာကွယ်သူမျိုးရိုးကနေ လာတာလို့ ဆိုလိုတာလား။ ”
ကျိုးယောင်က အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ အရှေ့ဘက်ကြယ်လွင်ပြင် ဟူသည် ရှေးဟောင်းကာကွယ်သူမျိုးနွယ်စု (၇)ခု၏ နေအိမ်ကြီးဖြစ်သည်။
ချင်းတန်၏ ကျန်းမျိုးနွယ် ပျက်သုဉ်းပြီးနောက် (၆)ခုသာကျန်ရစ်သည်။ ထိုရှေးဟောင်းမျိုးနွယ်စုကြီး (၆)ခုအနက် ရှနှင့်ဖန်သည် မွေးရာပါဝိညဉ်မျိုးနွယ်ပေပင်။
သူတို့သည် မြင့်မြတ်သော အဆင့်အတန်းရှိပြီး လျှို့ဝှက်ဆန်းကြယ်သည့် အုတ်မြစ်မျိုးပိုင်ဆိုင်ထား၏။
“ မဟုတ်ဘူး ... ချင်းဝမ်ကို ငါစစ်ဆေးကြည့်ပြီးပြီ သူမက အဲဒီရှနဲ့ဖန်တို့ နှစ်ခုလုံးက မဟုတ်ဘူး၊ သူမရဲ့ ...
... မွေးရာပါဝိညာဉ် အမှတ်အသားက ... အရှေ့ဘက်ကြယ်လွင်ပြင်ဒေသနဲ့ ကွဲပြားတယ် ငါတောင်မှ မမြင်ဖူးဘူး။ ”
“ စီနီယာ ... ဒါဆို ထျန်းချီလေးက အရှေ့ဘက်ကြယ်လွင်ပြင်ဒေသ အပြင်ကလား။ ”
ကျိုးယောင်၏ အံ့အားသင့်နေသော အသွင်ကြောင့် ထျန်းချီသည်လည်း စိတ်ဝင်စား လာကာ၊
“ ငါတို့အပြင်ဘက်မှာ ကြယ်စုတွေ ရှိနေသေးတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ရှိတယ် ... ။ ”
စုရီက ခေါင်းညိတ်လိုက်သည်။ သို့သော် ထိုကြယ်ဒေသများသို့ သွားရောက်ရန်လမ်းကို အတားအဆီးတစ်ခုဖြင့် လုံးဝပိတ်ဆို့ထား၏။
တစ်ခုတည်းသော နည်းလမ်းသည် တိုက်ပွဲကြယ်မြေပြင်ကနေတဆင့် ထွက်ခွာရန် ဖြစ်သည်။ သို့သော်လက်ရှိအချိန်၌ ထိုအရာများ အာလုံးသည် သိရန်မလိုအပ်သေးချေ။
“ ကောင်းပြီ၊ မင်းခဏတော့ ဘေးမှာစောင့်။ ”
ထို့နောက် စုရီက ထျန်းချီထံ လှည့်ကြည့်သည်။ ထျန်းချီမှသူမကိုယ်သူမ တည်ငြိမ်အောင်ပြင်ယူပြီး၊
“ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့တစ်ဝက်ကို ပြန်ပေးပါ။ ”
-ဟု တောင်းဆိုလိုက်၏။
“ ဘာအတွက်လဲ ... ။ ”
“ ဟမ့် ... မင်းမမြင်ဘူးလား ... အဲဒီတဝက်နဲ့ငါထျန်းချီ တစ်ယောက်တည်းပဲ ဒါကြောင့် သူမကိုငါခေါ်သွားတာဟာ သဘာဝကျပါတယ်။ ”
ထျန်းချီက အေးစက်စွာဆို၏။ သို့သော် စုရီမှပြုံးပြီး ခေါင်းခါပြလိုက်သည်။
“ ဝမ်အာက ငါ့ရဲ့မိန်းမဖြစ်နေပြီ၊ သူမကိုခေါ်သွားချင်ရင် ငါ့ခွင့်ပြုချက်လိုတယ်။ ”
“ နင် ... ရမ္မက်ဘီလူးကောင် ... ဒါကို ငါ့ခွင့်ချက်မပါဘဲ ဘယ်လိုလုပ်ဆောင်ဝံ့တာလဲ။ ”
ထျန်းချီတစ်ယောက် ဒေါသတကြီး မျက်လုံးများပြူးကျယ်လာသည်။ တစ်ဖက်တွင် ကျိုးယောင်သည် မျက်လုံးများပြူးလျက်ဖြင့် ချက်ချင်း ပြုံးရွှင်သွားပြီး၊
“ ဟားဟားဟား ... ဒါတကယ်ပဲလား ဒါဆိုဝမ်းသာစရာပါ ... စီနီယာရဲ့တာအိုအဖော် ဖြစ်ရတာ ... ဘဝပေါင်းများစွာ ကံကြမ္မာပါမှ အရည်အချင်းပြည့်မီတာမျိုးပဲ။ ”
-ဟု အော်ဟစ်ထောက်ခံလိုက်၏။
“ ဦးလေးကျိုးယောင် ... ။ ”
ထျန်းချီက ဒေါသထွက်လွန်းသဖြင့် ကျိုးယောင်ကို ကန်ထုတ်ပစ်ချင်စိတ်များ ပေါက်သွားတော့သည်။
“ ငါအတင်းအကြပ် ခေါ်ဆောင်သွားမယ် ဆိုရင်ရော။ ”
အဆုံး၌ သူမရောင်ဝါကို ဧကရာဇ်အဆင့် ကျော်လွန်လုနီးပါးထုတ်ဖော်လျက် အေးစက်စွာ မေးမြန်းလိုက်၏။ သို့သော် စုရီမှ မတုန့်ပြန်မီ ကျိုးယောင်က ခေါင်းရမ်းလိုက်သည်။
“ ထျန်းချီလေး ... မင်းဘာပဲလုပ်လုပ်၊ မိုက်မဲသူမဖြစ်ဖို့စဉ်းစားရမယ် မင်းရဲ့ဆရာက စီနီယာအကြောင်းကို သိချင်တာမို့ မင်းအပေါ် လှည့်စားထားတာလို့ ငါပြောနိုင်တယ် ...
... သူ တစ်ခုခု ကြံစည်နေတယ် ... မဟုတ်ရင် ... ဘာလို့များ မင်းရဲ့အဲဒီတစ်ဝက်ကို မဟူရာရွှေကြယ်ဆီ ပို့လိုက်မှာလဲ ... ပြီးတော့ အဲဒီတစ်ဝက်ကရော ဘာလို့ ...
... စီနီယာနဲ့အတူ ရှိနေရတာလဲ ... ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက် ရှိနေတယ်လို့ မင်းသံသယမရှိဘူးလား။ ”
“ ဟမ့် ... ဦးလေကျိုးယောင် ဒီလိုမှန်းသိရင်မင်းကို ငါနဲ့အတူခေါ်လာမိမှာ မဟုတ်ဘူး။ ”
ဦးလေးကျိုးယောင်သည် သူမကို လောကသခင်ဝင်စားသူနှင့် ဆန့်ကျင်ခွင့်ပြုမည် မဟုတ်ကြောင်း နားလည်လာ၏။
“ ကောင်းကင်ကိုးပါးနန်းတော် သခင်က ငါ့ကိုကြံစည်နေတယ်လို့ မင်းလည်းသံသယဝင် နေတာလား။ ”
တစ်ဖက်တွင် စုရီသည် ထိုစကားကြောင့် အံ့အားသင့်သွား၏။ ကျိုးယောင်မှ ခေါင်းညိတ် ပြလာပြီး၊
“ စီနီယာ ... ဒီကိစ္စက အစတည်းက သံသယဖြစ်စရာပဲမဟုတ်လား ဦးနှောက်ရှိတဲ့ လူတိုင်း တစ်ခုခုမှားနေတာကို ခံစားမိမှာပါ။ ”
-ဟု ဝန်ခံလိုက်သည်။
စုရီမှ ခေါင်းညိတ်သည်။ တစ်ဖက်လူသည် ငြင်းပယ်မရသော ‘ကံကြမ္မာအကျိုးဆက်တစ်ခု’ ဖန်တီးထားပုံရ၏။
ဆိုလိုသည်မှာ ချင်းဝမ်၊ ထျန်းချီတို့၏ လျှို့ဝှက်ချက်နှင့် သတ္တမမြောက်ဘဝရှန့်မူ၏ သေဆုံးမှုသည် ဆက်နွှယ်နေချေပြီ။
“ တကယ်တော့ ... မင်းရဲ့ဆရာက ဒါကိုအကွက်ကျကျ စီစဉ်ခဲ့တာပဲ ... ချင်းဝမ်က ကစားပွဲရဲ့ အဓိကသော့ချက်ပါ ...
... သူ့ရည်ရွယ်ချက်က ရှင်းတယ် မင်းကို ငါသတ်ရင် ချင်းဝမ်လည်းသေရမယ် ဒါကြောင့် မင်းကိုငါသတ်မှာ သူစိတ်မပူဘူး။ ”
ထို့နောက် စုရီက နှုတ်ခမ်းထက်တွင် အေးစက်သောအပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ ရှန့်မူသေဆုံးခြင်းသိလိုသော် ကောင်းကင်ကိုးပါး နန်းတော် ဂိုဏ်းချုပ်ထံမှ စရပေမည်။
“ ဟမ့် ... ဒါပေမယ့် စိတ်မပူပါနဲ့ ငါကြယ်ပင်လယ်ကိုသွားတဲ့ တစ်နေ့ကျရင် အဲဒီလူနဲ့ ... ဒီအကြွေးဟောင်းကို ဖြေရှင်းသွားမှာပါ။ ”
“ ဒီလိုဆိုရင် ကောင်းကင်ကိုးပါး နန်းတော်ဂိုဏ်းချုပ်က ... တော်တော်လေးကို ကောက်ကျစ်ရက်စက်တာပဲ။ ”
ကျိုးယောင်မှ မှတ်ချက်ပေး၏။ ဤမျှရှည်လျားလှသော အချိန်ကာလအတွင်း စိတ်ရှည်ရှည် အကွက်ချစီစဉ်နိုင်ခဲ့သည်မှာ ယုံနိုင်စရာမရှိချေ။
ထျန်းချီ၏ လှပသော မျက်နှာလေးသည်လည်း ဖြူဖျော့သွားပြီး မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာတော့၏။
“ မဖြစ်နိုင်တာ... ဆရာက ဒီလိုလုပ်မှာမဟုတ်ဘူး။ ”
သူမ အသံသည် တုန်ရီလျက် ကစားပွဲတစ်ခုပေါ်မှ ‘နယ်ရုပ်’တစ်ရုပ်အဖြစ် အသုံးချခံနေရသည်ဟူသော အမှန်တရားကို လုံးဝလက်မခံနိုင်သေးချေ။
စုရီက သက်ပြင်းချကာ သူမကို သနားကရုဏာသက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
“ ယုံတာ ... မယုံတာက ... မင်းကိစ္စပဲ နောင်ကျရင် ချင်းဝမ်အတွက် ဒီကံကြမ္မာရဲ့ အကျိုးဆက်ကို ငါဖြေရှင်းဖို့လာခဲ့မယ်။ ”
ထျန်းချီတစ်ယောက် စကားမဆိုတော့ဘဲ တိတ်ဆိတ်သွားပြီး များမကြာခင်ရုတ်တရက် လှည့်ထွက်သွားတော့၏။
“ ထျန်းချီလေး ... ဘယ်သွားမလို့လဲ။ ”
ကျိုးယောင်မှ အလန့်တကြားမေးသည်။
“ ဆရာ့ဆီ ပြန်သွားပြီး မေးမလို့။ ”
ထျန်းချီက နောက်လှည့်မကြည့်ဘဲ ပြန်ဖြေသည်။ ကျိုးယောင်ခမျာ စိုးရိမ်တကြီး စုရီကို လှည့်ကြည့်၏။ စုရီမှ ခေါင်းရမ်းပြ လိုက်သည်။
“ စိတ်မပူနဲ့ အဲဒီအဘိုးကြီးက သူမကိုဘာမှမလုပ်ရဲဘူး မဟုတ်ရင် သူ စီစဉ်ထားတဲ့ ကံကြမ္မာကစားပွဲက အလဟဿ ဖြစ်သွားရလိမ့်မယ်။ ”
“ နားလည်ပါပြီ။ ”
ကျိုးယောင်က လေးစားစွာဖြင့် ဂါရဝပြုလိုက်ပြီး ထျန်းချီနောက်သို့ အမြန်ပင် ပြေးလိုက်သွားတော့၏။
စုရီအတွက်မူ ထိုကစားပွဲကိစ္စသည် စိုးရိမ်စရာမဟုတ်သေးချေ။ အနာဂါတ်တွင် ကောင်းကင်ကိုးပါးသို့ သွားလိုက်ရုံပေပင်။ ယခု သူ့လုပ်ရမည်မှာ ကျင့်ကြံမှုကို အမြန်ဆုံး မြှင့်တင်နိုင်ရန်ဖြစ်၏။
“ နတ်ဘုရားသင်္ချိုင်း တားမြစ်မြေကို သွားရမယ့်အချိန် ရောက်ပြီထင်တယ်။ ”
လက်ရှိသူ့အခြေအနေအရ ‘ရွှမ်ဟဲ’ အဆင့်နှောင်းပိုင်းသို့ရောက်ရန် သာမန်အတိုင်း ကျင့်ကြံသော် အချိန်အလွန်ကြာပေမည်။
အဘယ်ကြောင့်ဆိုသော် ရွှမ်ဟွမ်မိခင်ချီ ပါရှိသောရတနာများ ကုန်ဆုံးသွားပြီဖြစ်သည်။ သာမန်ဆေးလုံးများသည် သူ့အတွက် အသုံးမဝင်တော့ချေ။
တားမြစ်နယ်မြေ၏ နက်ရှိုင်းရာတွင်မူ ‘ရွှမ်ဟွမ်’ကြယ်စု၏ မိခင်ချီများ ရှိနေနိုင်သည်ဟု ယူဆထားသည်။
ထိုအရပ်သည် နယ်ပယ်သခင်များကို ချက်ချင်းပြာကျသွားအောင် အန္တရာယ်များ၏။ သည့်ပြင် ကြယ်လွင်ပြင်မှ အင်အားစုများလည်း ရှိနေနိုင်သောကြောင့် တစ်ယောက်တည်း သွားရောက်ရန်သာ ဆုံးဖြတ်လိုက်သည်။
သည့်နောက် တံဆိပ်တစ်ခုထုတ်ယူပြီး ကျင်းရှင်းထံဆက်သွယ်ကာ နတ်ဘုရား သင်္ချိုင်း တားမြစ်မြေသို့ သူ ခရီးထွက်တော့မည် ဖြစ်ကြောင်း အသိပေးလိုက်တော့၏။
***