← Chapters

နယ်ပယ်ဘုရင် ... ။

Vol. 77 Ch. 922

နယ်ပယ်ဘုရင် ... ။

Vol. 77 Ch. 922

ကောင်းကင်နှင့် မြေပြင်သည် မီးလောင်ကျွမ်းနေသကဲ့သို့ အပူရှိန်များမြင့်မား လာချေပြီ။ ဝိညာဉ်စား မီးပုရွက်ဆိတ်များမှာ ကောင်းကင်အနှံ့ ဖုံးလွှမ်းလျက် ပျံသန်းလာ၏။

ပုရွက်ဆိတ်အကောင်တိုင်းသည် ရွှမ်ယုအဆင့်ဧကရာဇ်တစ်ပါး၏ အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိရာ ဤမျှများပြားသော အရေအတွက်သည် ဧကရာဇ်အထွတ်အထိပ် အဆင့် ပုဂ္ဂိုလ်များကိုပင် ထွက်ပြေးစေရန် လုံလောက်လှသည်။

“ ဝှစ် .. ။ ”

သို့သော် စုရီ မပြေးတော့ချေ။ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ခန္ဓာကိုယ်ပတ်လည်တွင် ထောင်သောင်းမကသော ဓားရိပ်များ ရုတ်ချည်း ပွင့်ထွက်လာသည်။

လေပြင်းတိုက်ခတ်ပြီး မိုးကြိုးများ ပစ်ခတ်လိုက်သကဲ့သို့ ဓားသံများဆူညံသွား၏။ တစ်ဆက်တည်းမှာပင် စုရီကကောင်းကင်ပေါ် ပျံတက်လာဓားချက်များ ထုတ်ဖော်သည်။

“ ‌ဘောင်းဘောင်းဘောင်း ... ။”

ဓားရောင်ဝါသွားရာ လမ်းတလျှောက် ဝိညာဉ်စားမီးပုရွက်ဆိတ်များသည် စက္ကူကဲ့သို့ ချက်ချင်းကြေမွပျက်စီးသွားကြ၏။

လက်ဓားဖြင့် သွေးစွန်းသော လမ်းတစ်ခုကို ဖောက်ထွက်နိုင်ခဲ့သည်။ အရိုပလွေနှင့် အဖိုးအိုမှ အံ့အားသင့်သွားပြီး၊

“ သခင်လေး သတိထား ... ဒီကောင်လေးက မရိုးရှင်းဘူး။ ”

- ဟု သတိပေးလိုက်သည်။

“ လူရိုင်းက မဆိုးဘူး ငါတို့အရင်က သတ်ခဲ့တဲ့ အဖိုးကြီးတွေထက် ပိုသန်မာတယ်။ ”

တစ်ဖက်တွင် လူငယ်သည် မျက်ဝန်းများ အရောင်တောက်ပလျက် မှတ်ချက်ပေးသည်။ တစ်ဆက်တည်းမှာပင် စုရီကိုဖမ်းကာ ဝိညာဉ် ရုပ်သေးအဖြစ် သန့်စင်လိုစိတ်များပေါ်လာ၏။

အဝေးတွင် ဓားသံများညံလာပြီး တိုက်ပွဲမှာပြင်းထန်နေသည်။ စုရီတစ်ယောက် ပုရွက်ဆိတ်များထံမှ ဖောက်ထွက်ခဲ့သော်လည်း အလုံးစုံမလွတ်မြောက်သေးချေ။

“ သခင်လေး ခဏစောင့် ဒီအဖိုးကြီးသွားဖြေရှင်းလိုက်မယ်။ ”

အဆုံး၌အဖိုးအိုသည် ကောင်းကင်ပေါ် ခုန်တက်ကာ စုရီကိုတိုက်ခိုက်လိုက်တော့သည်။ လက်ထဲရှိအရိုးပုလွေကို ဓားကဲ့သို့ဝှေ့ယမ်းခဲ့ရာ ဥပဒေစည်းမျဉ်းတစ်ခု ထွက်ပေါ်လာ၏။

သူ့ကျင့်ကြံမှုသည် ရွှမ်ဟဲအဆင့်သာ ဖြစ်သော်လည်း ကြယ်အဆင့်ဥပဒေနိယာမကို သုံးထားချေပြီ။ ထိုကြောင့် ရွှမ်ဟွမ်ကြယ်စုရှိ ဧကရာဇ်အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည်။

“ ဟမ့် ... ။ ”

စုရီအတွက်မူ ရယ်စရာကောင်းနေ၏။ အထင်အမြင်သေးသည့် အရိပ်အယောင်များစွာ ဖြတ်ပြေးသွားပြီး အင်္ကျီကို ခါယမ်းလိုက်သည်။

ဓားချီများသည် နတ်သက်တံအလား ပျံထွက်သွားပြီး ပြိုင်ဘက်၏ဓားကို ချိုးဖြတ် သွားလေသည်။

ထိုမြင်ကွင်းကြောင့် အဖိုးအိုခမျာ မျက်နှာပျက်သွား၏။ သူသည်ယခင်အချိန်များ၌ ဤကြယ်ဥပဒေကို အသုံးပြုကာ ရွှမ်ဟဲဧကရာဇ် အများအပြားကို သတ်ဖြတ်နိုင်ခဲ့သည်။

ယင်းကြောင့် စုရီကိုလည်း အထင်သေးခဲ့ခြင်းဖြစ်၏။ ယခုမူကား သူသည် ကျောက်ဆောင်ကို ကန်မိသွားပြီဖြစ်ကြောင်း နားလည်လာခဲ့သည်။

“ သခင်လေး၊ မြန်မြန်ဆုတ် ... ။ ”

အဖိုးအိုက အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျင့်ကြံမှုအထွတ်အထိပ် တိုင်အောင် ထုတ်ဖော်ကာ အရိုးပုလွေဖြင့် ရိုက်ချလိုက်သည်။

“ သွား ... ။ ”

နတ်ဘုရားနှင့် မိစ္ဆာပုံရိပ်များ ပြေးထွက်သွားပြီး ဥပဒေစည်းမျဉ်းစွမ်းအားများ ရေတံခွန်ကဲ့သို့ ပြိုကျလာ၏။

ဤလှုပ်ရှားမှုသည် ကမ္ဘာမြေကို နှစ်ခြမ်းခွဲပစ်မည့်အလား ကြောက်မက်ဖွယ် ကောင်းလှလေသည်။

“ မင်းလိုအဖိုးကြီးက အရိုးတစ်ချောင်းထက်ပိုပြီး ဘာမှ တန်ဖိုး မရှိပါဘူး။ ”

စုရီက လှောင်ပြောင်လျက် လျှပ်စီးအလား ညာဘက်လက်ချောင်းကို ဓားကဲ့သို့ အသုံးပြုပြီး လေထဲထိုးသွင်းလိုက်သည်။

“ ဘုန်း ... ။ ”

“ ခရစ် ... ။ ”

ကောင်းကင်ရှိ နတ်ဘုရားရိပ်များ ပေါက်ကွဲကုန်ပြီး ဥပဒေနိယာမများ ဖရိုဖရဲ ပျက်စီးသွား၏။ အရိုးပုလွေသည်လည်း ကြေမွသွားလေသည်။

“ ဝေ့ါ ... ။ ”

အကျိုးဆက်အနေဖြင့် အဖိုးအိုခမျာ သွေးတစ်လုတ်အန်ထုတ်ကာ ခန္ဓာကိုယ်တွင် အက်ကြောင်းများ ပေါ်လာပြီး နောက်သို့ ယိုင်နဲ့စွာ ဆုတ်ခွာသွားရတော့၏။

သူ့ကိုယ်သူ ဟန်ချက် မထိန်းနိုင်ခင်မှာပင် စုရီရောက်ရှိလာပြီး လက်သီးဖြင့် ထိုးနှက်လာ တော့၏။

“ ဘောင်း ... ။ ”

ပေါက်ကွဲသံနှင့်အတူ ဖရဲသီးကြီး တစ်လုံးကဲ့သို့ သွေးများ၊အဖြူရောင်အရည်များ ပြန့်ကျဲသွားသည်။ အဖိုးအို၏ မျက်ဝန်းများသည် မယုံကြည်နိုင်မှုများ ပြည့်နှက်နေဆဲမှာပင် ခန္ဓာကိုယ်နှင့်ဝိညာဉ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့၏။

“ ဦးလေးမင် ... ။ ”

ဤသည်မှာ လျင်မြန်လွန်းသဖြင့် အဝေးတစ်နေရာမှ သခင်လေးဆိုသည့်လူသည် တုန်လှုပ်ချောက်ချားသွားလေသည်။ အဖိုးအိုက သူ့ကိုပြေးခိုင်းခဲ့သော်လည်း ဤမျှ မြန်မြန် ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ အခု ... မင်းအလှည့်ပဲ။ ”

စုရီက လှည့်ကြည့်လိုက်သည်။ လူငယ်ခမျာ အလွန်အမင်းထိတ်လန့်သွားပြီး လျှို့ဝှက်တံဆိပ် တစ်ခုကို မဆိုင်းမတွ ချိုးဖဲ့လိုက်၏။

“ ဝုန်း ... ။ ”

နတ်ဘုရားမီးလျှံများ ကောင်းကင်သို့ ထိုးတက်သွားပြီး ဆန္ဒဝိညာဉ်ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။

ယင်းသည် စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားသောခန့်ညားသည့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။

“ ဘိုးဘေး၊ မြေးတပည့်ကိုကယ်ပါ။”

လူငယ်က ချက်ချင်း အရိုအသေပြုလိုက်သည်။ ဆန္ဒဝိညာဉ်ပုံရိပ်မှ ငုံ့ကြည့်ပြီး၊

“ မထိတ်လန့်နဲ့၊ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါရှိနေပြီဖြစ်လို့ ဘာမှ မဖြစ်စေရဘူး။ ”

“ သေချာလား ... ။ ”

စုရီမှ လှောင်ပြောင်လျက် ဓားဖြင့် ချက်ချင်း ခုတ်ပိုင်းချလိုက်၏။ ဤသည်မှာ နယ်ပယ်ဘုရင် ဆန္ဒဝိညာဉ်မျှသာဖြစ်သည်။

ကိုယ်ပွားပင် မဟုတ်ချေ။ ရွှမ်ယုအဆင့် ပြီးပြည့်စုံခြင်း၌ရှိစဉ်ကတည်းပင် ထိုကဲ့သို့သော ပြိုင်ဘက်မျိုးကို အလွယ်တကူ သတ်နိုင်ခဲ့သည်။ ယခုမူ သူသည် ရွှမ်ဟဲအလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

“ မကောင်းတော့ဘူး ... ။ ”

“ ရွှပ် ... ။ ”

“ ဘောင်း ... ။ ”

ဓားချီသည် ကောင်းကင်မှ ဆင်းသက်လာကာ တစ်ချက်တည်းဖြင့် ထိုဆန္ဒ ဝိညာဉ်ကို ပိုင်းဖြတ်သွားတော့၏။

“ ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

မြေပြင်နှင့်တောင်တန်းများ ပြင်းစွာ ဟုန်ဟည်းလျက် လူငယ်မှကြောင်အမ်းသွားပြီး စိတ်ဓာတ်များ ပြိုလဲကျသွားတော့၏။

အရိုင်းမြေမှ လူငယ်တစ်ယောက်သည် မည်သို့အစွမ်းထက်သနည်း။ အတွေးများနေစဉ် ‘ဖြောင်း’ခနဲအသံနှင့်အတူ အမြင်အာရုံထဲ ကြယ်ရောင်လရောင်များမြင်လာ၏။

“ အခု ဘယ်သူက လူရိုင်းလဲ ... ၊ ဘယ်သူက ငါ့ကိုကျွန်အဖြစ် လိုချင်နေသေးတာလဲ။ ”

စုရီက လူငယ်ကို နားရင်းအုပ်လိုက်ပြီး ပြုံးကာမေးလိုက်သည်။ လူငယ်ခမျာ မာနများ ပျောက်ကွယ်သွားပြီး မျက်နှာဖြူလျော်လျက်၊

“ မင်း ... မင်းက ဘယ်သူလဲ။ ”

-ဟု တုန်တုန်ယင်ယင် ပြန်မေး၏။

“ ဖြောင်း ... ။ ”

နောက်ထပ် ကြယ်တွေလတွေ မြင်သွားရပြန်သည်။ ဦးခေါင်းခွံပင် ကွဲအက်မည့် အလား နာကျင်သွားရ၏။ စုယီက ပြုံးပြီး၊

“ ငါဘယ်သူလဲသိဖို့ မင်းမှာ ... အရည်အချင်းပြည့်မီတယ် ထင်နေလား။ ”

လူငယ်ခမျာ တုန်လှုပ်ချောက်ချားစွာဖြင့် စကားမဆိုတော့ချေ။ အသက် (၂၀) ကျော်ခန့် တစ်ဖက်လူသည် နယ်ပယ်ဘုရင်ဆန္ဒဝိညာဉ်ကို တစ်ချက်တည်းသတ်နိုင်နေ၏။ ယင်းသည် သူ့ နားလည်နိုင်မှုထက် ကျော်လွန်နေချေပြီ။

“ သတ္တိရှိရင် ... ငါ့ကိုသတ်လိုက် ငါရဲ့ဝိညာဉ်တစ်သောင်း မိစ္ဆာတောင်တန်းက မင်းရဲ့မျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ပြီး လက်စားချေပေးလိမ့်မယ်။ ”

“ လူမိုက် ... ။ ”

စုရီက စိတ်ပျက်သွားပြီး လူငယ်၏ ခန္ဓာကိုယ်ကိုရိုက်ခွဲပစ်ကာ ဝိညာဉ်ဆွဲထုတ် လိုက်တော့သည်။

“ မင်း ... မင်းဘာလုပ်မလို့လဲ။ ”

ရက်စက်လွန်းသော လုပ်ရပ်ကြောင့် လူငယ်ဝိညာဉ်သည် ထိတ်လန့်တကြားရုန်းကန် လေသည်။ စုရီက စကားမဆိုတော့ဘဲ တိုက်ရိုက် စစ်ဆေး၏။

အချိန်အနည်းငယ်ကြာပြီးနောက် ဤလူငယ်သည် ကျိုးဖန်ဖြစ်ပြီး သူ့ဂိုဏ်းသည် မူလနတ်ဘုရားကြယ်နယ်မြေတွင် ရှိသည်။

၎င်းဂိုဏ်းသည် ကြယ်မြစ်ဂိုဏ်း၏ လက်အောက်ခံဖြစ်၏။ ထိုဂိုဏ်းမှ ကျွမ်းကျင်သူ များစွာသည် ကြယ်မြစ်ဂိုဏ်းအမိန့်အရ ရွှမ်ဟွမ် ကြယ်စုသို့ ရောက်ရှိနေခြင်းပေပင်။

၎င်းတို့ထဲတွင် နယ်ပယ်ဘုရင်အဆင့် နှစ်ဦးပါဝင်ပြီး တစ်ဦးသည်လျိုကျန့်ချီဖြစ်ကာ ကျန်တစ်ဦးသည် လော့ကျိဟုန်ဖြစ်၏။

ဤတားမြစ်နယ်မြေအတွင်း၌ ထိုနယ်ပယ်ဘုရင်များသည် စည်းမျဉ်းများ၏ တားဆီးမှုကိုမခံရဘဲ စွမ်းအားအစစ်အမှန်ကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီဖြစ်၏။

“ ဟမ့် ... ။ ”

ရုတ်တရက် စုယီ၏ စိတ်ထဲတွင် အန္တရာယ်အချက်ပေးသံတစ်ခု မြည်လာသည်။ သူသည် မဆိုင်းမတွပင် ဘေးသို့ ရှောင်တိမ်းလိုက်၏။

“ ဘောင်း ... ။ ”

ငွေရောင်မြားတစ်စင်းသည် မူလသူရပ်ခဲ့သောမြေပြင်ထံ ထိမှန်သွားကာ ပေါက်ကွဲသွား၏။ မြေပြင်တွင် ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်သွားရသည်။

ထိုမြား၏ အရှိန်သည် အသံထက် မြန်လှသဖြင့် မြားထိမှန်ပြီးမှသာ လေခွင်းသံ ထွက်ပေါ်လာခြင်းပေပင်။

“ မဆိုးဘူး ... ။ ”

အဝေးမှ အံ့အားသင့်သံတစ်သံ ထွက်ပေါ်လာသည်။ စုရီက လှမ်းကြည့်လိုက်ရာ လူအုပ်စု ပျံသန်းလာနေ၏။

အဖွဲ့ကို ဦးတောင်သူသည် မြင့်မား ထွားကျိုင်းသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏သားအရည်မှာ ကြေးနီရောင်ရှိနေပြီး မျက်လုံးများသည် နေမင်းကဲ့သို့ စူးရှ၏။

လက်ထဲတွင် အရိုးဖြူလေးကိုင်းကို ကိုင်ဆောင်ထားပြီး အရှိန်အဝါသည် ရှေးခေတ် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤသည်ကား နယ်ပယ်ဘုရင် လော့ကျိဟုန်ပေပင်။ သူ့ကြယ်စုနယ်မြေတွင် နံပါတ်တစ်မြားသမားဖြစ်ပြီး ဤလေးသည် နယ်ပယ်ဘုရင်၏ အကာအကွယ်အလွှာကိုပင် ဖောက်ထွင်းနိုင်၏။

“ နောက်ဆုံးတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ ... ။ ”

စုရီတစ်ယောက် မျက်ဝန်းများ၌ တိုက်ပွဲဝင်လိုသောဆန္ဒများ ပေါက်ကြားလာ၏။ ယခင်ကသူသည် နယ်ပယ်ဘုရင် ဆယ်ပါးကျော် ဝိုင်းရံမှုကိုခံခဲ့ရသော်လည်း လောကသခင်၏ စွမ်းအားငှားယူခဲ့ရသည်။

ယခုမူ ရွှမ်ဟဲအလယ်အလတ်သို့ ရောက်ရှိနေပြီဖြစ်ရာ နယ်ပယ်ဘုရင်တစ်ပါးကို ရင်ဆိုင်လိုသည့်ဆန္ဒများ တဖွားဖွားပေါ်လာ၏။

“ ကောင်လေး ... ကျိုးဖန်ရဲ့ဝိညာဉ်ကို လွှတ်ပေးပါ ... ဒါဆို ငါမင်းကိုသက်တောင့်သာ သေခွင့်ပေးမယ် မဟုတ်ရင် ... သေချင်သော်မှ မသေနိုင်တဲ့ဘဝကို ငါပို့ပေးမယ်။ ”

***

All Chapters