ဝင်စားခြင်းဥပဒေ ဓားစက်ဝန်း။
Vol. 77 Ch. 923
နယ်ပယ်ဘုရင်တစ်ပါး၏ ဟိန်းဟောက်သံသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
မိုးကြိုးများပမာ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များ၏ စိတ်ဝိညာဉ်အကာအကွယ်ကိုပင် ချိုးဖောက်နိုင်စွမ်းရှိသည်။
သို့သော် စုရီ၏စိတ်ဝိညာဉ်သည် ခိုင်မာလွန်းပြီးဘဝသုံးပါးဖြင့် ပေါင်းစည်းထားရာ လော့ကျိဟုန်ကဲ့သို့သော နယ်ပယ်ဘုရင် တစ်ဦးမှ ခြောက်လှန့်နိုင်ခြင်းမရှိချေ။
“ ငါက တကယ်ပဲ စမ်းကြည့်ချင်တယ် သေချင်သော်မှ မသေနိုင်အောင် မင်းဘယ်လို လုပ်မလဲဆိုတာကိုပေါ့။ ”
စုရီက ပြုံးလျက် ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် ကျိုးဖန်ဝိညာဉ်သည် ချက်ချင်း မီးလောင် ပြာကျသွားတော့၏။
“ မင်း ... ။ ”
လော့ကျိဟုန်မှ ဒေသတကြီး မျှားဖြင့် ပစ်ချလိုက်လေသည်။ နယ်ပယ်ဘုရင်တစ်ပါး၏ ရှေ့မှောက်တွင် ဤမျှရဲတင်းသောဧကရာဇ်ကို သူတစ်ခါမျှ မမြင်ဖူးချေ။
လေဟာနယ်ပေါက်ကွဲလျက် တာအိုဥပဒေသများ လိုက်ပါလာကာ ငွေရောင် အလင်းတန်းတစ်ခု စုရီထံဝင်လာ၏။
“ ချွင် ... ။ ”
စုရီတစ်ယောက် ခန္ဓာကိုယ်ထဲရှိ သွေးနှင့်ချီဆူပွက်လာပြီး စကြာဝဠာနှလုံးသား ဆွဲထုတ်လိုက်သည်။ လေထုအလယ် ဓားချီ ဝဲဂယက်တစ်ခုပေါ်လာ၏။
ထိုဝဲဂယက်ထဲတွင် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ပြန်လည်ရှင်ခြင်း၊ သန့်စင်ခြင်း၊ နစ်မြုပ်ခြင်းနှင့် အဆုံးသတ်စသည့် နိယာမများ ယှက်နွယ်နေပြီး ဝင်စားခြင်းသံသရာတံခါး ပွင့်လာသကဲ့သို့ပေပင်။
“ ဝုန်း ... ။ ”
ငွေရောင်မြားသည် ထိုဝဲဂယက်အတွင်း ကျဆင်းသွားသောအခါ ကမ္ဘာပျက်သည့်အလား ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
အကျိုးဆက်အနေဖြင့် ထိုသံသရာ ဝဲဂယက်ပျက်စီးသွားပြီး ငွေရောင်မြားအရှိန်ကို အနည်းငယ်မျှသာ လျော့ကျသွားစေခဲ့၏။
“ ဒေါင် ... ။ ”
ထို့ကြောင့် စုရီတစ်ယောက် ဓားဖြင့်တိုက်ရိုက်ခုခံလိုက်ရာ ပြင်းထန်သော တုန်ခါမှုဖြင့် ပေပေါင်းများစွာ နောက်သို့ လွင့်စင်သွားရလေသည်။
မျက်နှာဖြူလျော်သွားပြီး ညာဘက် လက်မောင်းတွင် သွေးစို့နေသောအက်ကြောင်း ပေါ်လာကာ ထိုကြောက်မက်ဖွယ်မြားကို အောင်မြင်စွာ တားဆီးနိုင်လိုက်၏။
“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
အဝေးမှ ဧကရာဇ်များသည်ပင် မှင်သပ်သွားကြသည်။ ရွှမ်ဟဲအဆင့်ဧကရာဇ် လူငယ်တစ်ယောက်သည် နယ်ပယ်ဘုရင်၏ မြားကို တိုက်ရိုက်ခုခံနိုင်သည်လော။
“ မဆိုးဘူး အရှိန်ပြင်းတယ် ... ဒါပေမယ့် မြားမှာပါတဲ့ နိယာမ အားနည်းနေသေးတယ်။ ”
စုရီက ဟန်ချက်ကို ထိန်းညှိလျက် မှတ်ချက်ပေးလိုက်သည်။ သူ့ညာလက်မောင်းမှ ဒဏ်ရာများသည် မျက်စိရှေ့မှာတင် ပြန်လည် ပျောက်ကင်းသွားတော့၏။
“ မင်းက နန်းတော်သခင်ဝင်စားသူပဲ။ ”
လော့ကျိဟုန်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ သူ့စကားကြောင့် ဧကရာဇ်တိုင်း မျက်လုံးပြူးကုန်၏။
နန်းတော်သခင်ဟူသည် ကြယ်လွင်ပြင်၌ လူသားနန်းတော်သခင်ကွမ်ကျူးဟု သိရှိထား ကြသည်။
ထိုအမည်ကို ကြားရုံဖြင့် ကြယ်ဘီလူးကြီးများပင် ကြက်သီးမွှေးညင်းများ ထနိုင်တတ်ကြ၏။ သူတို့ကဲ့သို့ ငါးကလေးများ အတွက်မူ ဆိုဖွယ်မရှိချေ။
“ မျက်စိကောင်းတယ် ... ။ ”
စုရီက ပြုံးလျက် လေထဲ ပြန်လည် လှမ်းတက်လာသည်။ ဧကရာဇ်များမှ တုန်ရင်စွာ ခြေတစ်လှမ်း ပြန်ဆုတ်၏။ လော့ကျဟုန်က၊
“ လူတိုင်း မကြောက်ကြနဲ့ ... သူမှာ လောကသခင်ရဲ့ စွမ်းအားတွေ မရှိတော့ဘူး မဟုတ်ရင် ခုနကမြားကို သူ ဒီလောက် ခက်ခက်ခဲခဲ ခုခံနေရမှာ မဟုတ်ဘူး။ ”
-ဟု အော်ဟစ်နှစ်သိမ့်လိုက်၏။
“ မင်းပြောတာမှန်တယ် ငါ့ရဲ့အတိတ်ဘဝ စွမ်းအားတွေက ကုန်သွားပြီ ဒါပေမဲ့ မင်းတို့ကို သတ်ဖို့ဆိုရင်တော့ လက်ရှိခွန်အားက လုံလောက်နေပါပြီ။ ”
“ မကောင်းတော့ဘူး ... ။ ”
စုရီမှ ပြုံးလျက်ဆိုကာ ရှေ့သို့ တိုးဝင်သွားပြီးနောက် တိုက်ခိုက်လိုက်တော့၏။ ဓားအလင်းများ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး လော့ကျိဟုန်ဘေးမှ ဧကရာဇ်ခုနစ်ဦးခမျာ ချက်ချင်းပင် သွေးမြူအဖြစ် ပေါက်ကွဲ သွားကြလေသည်။
“ ဘောင်း ... ဘောင်း ဘောင်း။ ”
“ ဟမ့် ... မင်းဝံ့သလား။ ”
“ အကြီးအကဲလော့ ငါ့ကိုကယ်ပါ။”
လော့ကျိဟုန်အတွက် ကယ်တင်ရန် ကြိုးစားသော်လည်း နောက်ထပ် သုံးဦးမှာလည်း ကြေမွပျက်စီးသွားရပြန်၏။
သူသည် မြားသမား ဖြစ်သဖြင့် အနီးကပ်တိုက်ပွဲများတွင် အားနည်းချက်ရှိ၏။ ထို့ကြောင့် စုရီက သူ့အဖော်ဧကရာဇ်များကို တစ်ယောက်ချင်းသတ်နေသည်ကို ကြည့်ပြီး မြားသုံးစင်း ပစ်ချလိုက်တော့သည်။
ဤတစ်ကြိမ်တွင် စုရီအတွက် အမှန်ပင် အန္တရာယ်ရှိလာချေပြီ။ မြားသုံးစင်းမှ နေမင်းကြီး သုံးစင်းအလား ဝင်ရောက်လာ၏။ ထို့ကြောင့် ဝင်စားခြင်းဥပဒေကို ချက်ချင်းထုတ်ဖော်သည်။
ကျောနောက်၌ မီးခိုးရောင်ဖျော့ဖျော့ အလင်းစက်ဝန်းပေါ်လာပြီး ထူးဆန်းလှသော ပုံရိပ်များ ထင်ဟပ်လာ၏။
“ သွား ... ။ ”
တစ်ဆက်တည်းမှာပင် ဓားသုံးချက်ကို လျင်မြန်စွာ ပိုင်းဖြတ်လိုက်သည်။ ပထမမြား ခမျာ ဝင်စားခြင်းဥပဒေအတွင်း ကျရောက်ကာ ခဏချင်း ကြေမွှပျက်ပြယ်သွား၏။
“ ခရစ် ... ။ ”
ဒုတိယနှင့် တတိယမြားများလည်း ထိုနည်းတူပင် ဝင်စားခြင်းဥပဒေစွမ်းအားတွင် လုံးဝ စုန်းဝုန်းမြုပ်သွားချေပြီ။
“ ဒါ ... ။ ”
ပတ်ဝန်းကျင်တစ်ခုလုံး မှင်သပ်ကုန်သည်။ လော့ကျိဟုန်သည်လည်း ထိတ်လန့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားရ၏။
နယ်ပယ်ဘုရင်တစ်ပါးဖြစ်သော သူ၏မြားသည် သတ်ဖြတ်နိုင်စွမ်း မြင့်မားကာ တူညီသောအဆင့်အတွင်း အခြားသူများထက် များစွာသာလွန်လေသည်။
တစ်ဖက်တွင် မြားတစ်စင်းသည် သူ့ကျင့်ကြံမှုစွမ်းအားကို အလွန်အမင်း ကုန်ခမ်း စေသည်။ အထူးသဖြင့် အသက်လုပွဲများတွင် မြားတစ်စင်းချင်းစီအတွက် ရှိသမျှစွမ်းအားကို ပုံအောထုတ်သုံးရချေ၏။
ထို့ကြောင့် ပစ်လွှတ်ခဲ့သော မြားသုံးစင်းသည် တူညီသောအဆင့်ရှိသူကို သတ်ဖြတ်နိုင်သော်လည်း များစွာအားအင် ကုန်ခမ်းစေခဲ့သည်။
ယခုမူ ပြိုင်ဘက်ကို ခြစ်ရာပင် မပေးနိုင်ကြောင်းမြင်သောအခါ တစ်ကိုယ်လုံး အေးစိမ့်သွားတော့၏။
လောကသခင်ဝင်စားသူသည် နယ်ပယ်ဘုရင်အဆင့်သို့ မရောက်သေးသော်မှ အစွမ်းသတ္တိသည် စိတ်ကူးထားသည်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းနေချေပြီ။
“ သတိထား ... ။ ”
မြားသုံးစင်းကို ခြေဖျက်ပြီးနောက် စုရီတစ်ယောက်လျှပ်စီးအလား ရှေ့သို့ပြေးတက် သွားတော့၏။
“ မြန်မြန် ပြန်ဆုတ် ... ။ ”
လော့ကျိဟုန်က အော်ဟစ်လျက် မြားကိုးစင်းကိုတပြိုင်နက်တည်း ပစ်လွှတ်လိုက် ရတော့သည်။
“ ရွှီး ရွှီး ရွှီး ... ။ ”
လေခွင်းသံများနှင့်အတူ ငွေရောင်အလင်းတန်းကိုးခုသည် မျဉ်းဖြောင့် ကဲ့သို့ စုရီလမ်းကို ဝင်ရောက်လာ၏။
၎င်းတို့ထံမှ ရောင်ဝါသည် ယခင်ထက် များစွာပို၍ပြင်းထန်လှသည်။ ဤသည်မှာ သူ၏ အပြင်းထန်ဆုံးသော ဝှက်ဖဲဖြစ်၏။
လော့ကျိဟုန်အတွက် မျက်နှာပင် ဖြူလျော်သွားကာ ကျင့်ကြံမှုကုန်ခမ်းလုနီးပါး ဖြစ်သွားရလေသည်။
“ ဟမ့် ... ။ ”
“ ကလန် ... ကလန် ... ။ ”
စုရီက ပြေးလွှားနေလျက်ဖြင့် ဓားချက်များခုတ်ပယ်လိုက်ရ၏။ ပတ်ဝန်းကျင် တစ်ခုလုံး ဝင်စားခြင်းဥပဒေများ ရစ်သိုင်းကာ မှောင်မိုက်သွားလေသည်။
“ တကယ်ပဲ ... ။ ”
မြားကိုးစင်းခမျာ မှောင်မိုက်သော တွင်းနက်ကြီးထဲသို့ ကျဆင်းသွားသည့်အလား တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့၏။
လော့ကျိဟုန်မှ မယုံနိုင်ဖွယ် မျက်ဝန်းများ ပြူးကျယ်သွားသော်လည်း ပြေးရန်မမေ့ခဲ့ချေ။ ကောင်းကင် မှောင်မိုက်သော ဓားရိပ်များသည် တိမ်တိုက်ကြီးအလား ပြိုကျလာနေ၏။
“ ချိုးဖြတ် .. .။ ”
အစိမ်းရောင်တံဆိပ်တစ်ခုကို ချက်ချင်းချိုးဖြတ်လိုက်သည်။ စိမ်းလန်းနေသော နေမင်းကြီးတစ်စင်း ထွက်ပေါ်လာသကဲ့သို့ အလင်းများတောက်ပလာ၏။
“ မင်းလွတ်မြောက်မယ်ထင်လား။ ”
“ ဘောင်း ဘောင်း ... ။ ”
သို့သော်လည်း ဝင်စားခြင်းဥပဒေ ဓားအလင်းအောက်တွင် စက္ကူတစ်ချပ်ကဲ့သို့ပင် အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားရသည်။
“ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”
လော့ကျိဟုန်ခမျာ တံဆိပ်သည် အသက် မဝင်ခင်ပျက်စီးသွားသဖြင့် ချက်ချင်းရှောင်တိမ်း လိုက်သော်လည်း ဘယ်ဘက်လက်မောင်းသည် ဓားအလင်းနှင့် ထိမိသွားသေး၏။
ရလာဒ်အနေဖြင့် ထိုလက်မောင်းသည် အသက်ဓာတ်များပျောက်ကွယ်ပြီး ဝင်စားခြင်း သံသရာဝဲဂယက်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။
“ အား ... ။ ”
တစ်ချိန်တည်းမှာပင် သူဘေးရှိ ကျန်ရှိနေသေးသော ဧကရာဇ်ငါးပါးသည်လည်း သွေးမြူအဖြစ်ပေါက်ကွဲကာ ဝိညာဉ်များပင် ချုပ်ငြိမ်းသွားကြတော့၏။
“ အရမ်းပြင်းတယ်။ ”
လော့ကျိဟုန်မှ ထိတ်လန့်သွားသည်။ တစ်ဖက်လူ၏ ဥပဒေသည် နားလည်နိုင်မှုထက် ကျော်လွန်နေ၏။ အရာခပ်သိမ်း သူ့ရှေ့တွင် ဖုန်မှုန့်များပေပင်။
“ မင်းမှာ လက်တစ်ဖက် မရှိတော့ရင် ... မြားဘယ်လိုပစ်မလဲ။ ”
စုရီကပြုံးလျက် ဓားအလင်းဖြင့် ပိုင်းချလိုက်၏။ လော့ကျိဟုန်တစ်ယောက် ပါးစပ်မှ အလင်းတန်းတစ်ခုကို ဖွေးထုတ်လိုက်လေသည်။
“ ဝုန်း ... ။ ”
ဤသည်မှာ ငါးတစ်ကောင်နှင့်တူပြီး လျှပ်စီးများဝန်းရံထားသည့် ပျံလွှားပုံစံလက်နက် ပေပင်။ စုရီကဓားဖြင့် ပြန်လည်ခုခံလိုက်ရာ ပေါက်ကွဲမှုကြီးဖြစ်ပွားလာပြီး နောက်သို့ အနည်းငယ် ဆုတ်ခွာပေးလိုက်ရသည်။
ထိုအခွင့်အရေးကို အသုံးချကာ လော့ကျိဟုန်သည် တားမြစ်နည်းစနစ်တစ်ခုကို သုံးပြီး ထွက်ပြေးသွားတော့၏။
စုရီက နောက်မှ မလိုက်ခဲ့ချေ။ နယ်ပယ်ဘုရင်တစ်ဦး ထွက်ပြေးလိုသော် သူ မည်သို့တားဆီးနိုင်မည်နည်း။
“ ရွှီး ... ။ ”
ထိုစဉ် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခုကျဆင်းလာပြီး လှပသော ငှက်တစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။
“ စမ်းသပ်ခံသူ ... မင်းဟာ ဒီစမ်းသပ်မှု ဖြေဆိုဖို့ အရည်အချည်းပြည့်မီပါတယ် ... ဒါက မင်းရဲ့မဟူရာရွှေကြယ်တံဆိပ်ပါ။ ”
ဤငှက်သည် သက်ရှိမဟုတ်ဘဲ ဥပဒေနိယာမစွမ်းအားများဖြင့် ဖန်တီးထားခြင်း ဖြစ်လေသည်။ စုရီက တံဆိပ်ကို လက်ခံပြီး စစ်ဆေးကြည့်လိုက်၏။
ယင်းသည် ရွှမ်ဟွမ်မိခင်ချီများ သိပ်သည်းစွာပါဝင်နေခဲ့သော ကျောက်မျက် တစ်ခု ပေပင်။
“ စမ်းသပ်ခံသူဆိုတာ ဘာလဲ၊ ဘယ်လိုစမ်းသပ်ရမှာလဲ။ ”
စုရီက စိတ်ဝင်တစား မေးလိုက်သည်။
“ စမ်းသပ်ခံသူအဖြစ် ရွေးချယ်ခံရသူတိုင်းဟာ မူလလျှို့ဝှက်မြေဆီကို သွားခွင့်ရှိပါတယ် စွမ်းဆောင်ရည်ကောင်းရင် အစွမ်းထက်တဲ့ အမွေအနှစ်တွေနဲ့ ...
... ရွှမ်ဟွမ်မိခင်ချီကို ရရှိနိုင်ပါတယ် စမ်းသပ်မှုဆိုတာ တခြားစမ်းသပ်ခံသူတွေဆီက တံဆိပ်တွေကိုလုယူရမှာဖြစ်ပြီး တံဆိပ်(၁၈)ခု ပြည့်ရင် မူလလျှို့ဝှက်မြေကိုသွားနိုင်ပါပြီ။ ”
စကားဆုံးသည်နှင့် ငှက်ကလေးက ထွက်ခွာသွားတော့သည်။ ထို့နောက် စုယီသည် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိ၏။ လက်ရှိတွင် ဂိုဏ်းတစ်ခုမှ တပည့်ရွေးချယ်နေသကဲ့သို့ပင်။
ဤဒေသသည် ရွှမ်ဟွမ်ကြယ်စု၏ တားမြစ်မြေဖြစ်၏။ သို့တိုင်နားမလည်နိုင်သော လျှို့ဝှက်ချက်များ ရှိနေပုံရလေသည်။
ထိုအချိန်တွင် လော့ကျိဟုန်သည် ကျောက်ဂူကြီးတစ်လုံးအတွင်း ပြေးဝင်လျက် ပြတ်သွားသော လက်မောင်းကို ချက်ချင်း ပြန်လည်ကုသနေခဲ့သည်။
ပြီးနောက် ရွှေရောင်တံဆိပ်တစ်ခု ထုတ်ယူကာ သတင်းစကားအချို့အဖော်များထံ ပေးပို့လိုက်တော့သည်။
( လောကသခင်ဝင်စားသူ ... အခု တားမြစ်နယ်မြေထဲ ရောက်နေပြီ၊ သူ့ခွန်အားက နယ်ပယ်ဘုရင်တွေကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေတယ် ...
... သူလည်း စမ်းသပ်ခံသူအဖြစ် ရွေးချယ်ခံရမှာသေချာသလို ငါတို့နဲ့ရန်သူတွေ ဖြစ်လာနိုင်တယ် ...
... သူ့နဲ့တွေ့ရင် သတိထားကြပါ ... ဖြစ်နိုင်ရင် ငါတို့အားလုံးပူးပေါင်းပြီး ဒီလူကို သတ်ပစ်ရအောင်။ )
***