← Chapters

ကံကောင်းခြင်း ... ။

Vol. 77 Ch. 924

ကံကောင်းခြင်း ... ။

Vol. 77 Ch. 924

နှစ်နာရီခန့် ကြာပြီးနောက် စုရီတစ်ယောက် တရားထိုင်ရာမှ နိုးထလာခဲ့သည်။

“ ဒီ တားမြစ်နယ်မြေဟာ တကယ်ပဲ အခွင့်အရေးနဲ့ အန္တရာယ်ထိုက်တန်ပါပေတယ် ဒီနေရာကနေတောင် ရွှမ်ဟွမ်ကြယ်စုရဲ့ မူလ စွမ်းအင်တွေကို စုပ်ယူနိုင်နေတာပဲ။”

တရားထိုင်နေစဉ်အတွင်း စိတ်နှင့် ခန္ဓာကိုယ်သည် အစောဆုံးသောအခြေအနေသို့ ပြန်လည်ရောက်သွားပြီး ဖော်မပြတတ်အောင် ထူးမြတ်လှလေသည်။

“ ဒါက ပြင်ပဒေသပဲ ရှိသေးတယ် တားမြစ်နယ်မြေရဲ့ အနက်ရှိုင်းဆုံးကို ရောက်ရင် ဘယ်လောက်တောင် မှော်ဆန်လိုက်မလဲ။ ”

တွေးတောလျက် သားရဲအရေခွံ လျှို့ဝှက်မြေပုံကိုထုတ်ယူကာ လက်ဖျားဖြင့် တစ်ချက် ထိလိုက်သည်။

“ ဝူး ... ။ ”

မြေပုံပေါ်ရှိ မျဉ်းကြောင်းများသည် တောင်တန်းနှင့် မြေပြင်ပုံစံအသက်ဝင်လာကာ အသက်ရှင်ရာလမ်း၊ အန္တရာယ်ဇုန်နှင့် မရဏဇုန် စသည်ဖြင့် အမှတ်အသားများပေါ်လာ၏။

ဤသည်မှာ ပြင်ပဒေသပေပင်။ သူရောက်ရှိနေသော အရပ်သည် အစိမ်းရောင် သစ်တော ချောက်ကမ်းပါးဖြစ်သည်။

ထိုနေရာကို ‘အသက်ရှင်ရာလမ်း’ ဟု မှတ်သားထားပြီး အတွင်းပိုင်းဒေသနှင့်အလွန် ဝေးကွာနေသေး၏။

ကောင်းကင်နတ်ဆိုး ဧကရာဇ်နှင့် သွေးနက်အပျက်အစီးတွင် ပြန်ဆုံရန် ချိန်းရာ ထိုနေရာသို့သွားရန် ပြင်ဆင်လိုက်သည်။

လမ်းတစ်လျှောက်တွင် နှောင့်ယှက်လာသော မကောင်းဆိုးဝါးဝိညာဉ် များကို လက်လှိုင်းများဖြင့် သုတ်သင်ကာ ခရီးဆက်လာ၏။

“ အား ... ။ ”

ရုတ်တရက် အဝေးဆီမှ နာကျင်စွာ အော်ဟစ်သံကြောင့် လှည့်ကြည့်လိုက်တော့၏။ ယင်းသည် မြေပုံပေါ်တွင် ‘အန္တရာယ်ဇုန်’ဟု မှတ်သားထားသော လွင်ပြင်ကြီးဖြစ်သည်။

မြစ်ချောင်း အင်းအိုင်များစွာရှိနေပြီး မြူခိုးများမပြတ်ဖုံးလွှမ်းနေ၏။ ကောင်းကင်တွင် ဧကရာဇ်အဆင့်ထက်မနိမ့်ကျသော ရှေးဟောင်း သားရဲကြီးများ ပျံသန်းနေကာ မြစ်ရေများထဲ ပျက်စီးနေသော အလောင်းများ၊ ရတနာများ မျောပါနေတတ်သည်။

ယခင်ဘဝက ထိုနေရာသို့ သွားရောက်ဖူးသော်လည်း အန္တရာယ်ကြီးလှ သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ဖူးသည်။ သို့သော် ယခုအခါတွင်မူ သူ့ခွန်အားသည် ထိုစဉ်ကထက် သာလွန်နေပြီဖြစ်၏။

တစ်ဖက်တွင် လောကသခင်’ မှတ်ဉာဏ်များသည်လည်း ရှိနေခဲ့လေရာ ထိုအန္တရာယ်များကို စိုးရိမ်စရာမရှိတော့ချေ။

ဤလွင်ပြင်ဗဟိုဒေသကြီးတွင် ချော်ရည်ကန်ကြီးရှိပြီး ထိုချော်ရည်ကန်အတွင်း ‘ကိုးရောင်ခြည်နတ်ကြာပန်းနှင့် ကောင်းကင် နဂါးငါးကြင်းတို့မှာ အလွန်အစွမ်းထက်၏။

နဂါးငါးကြင်းများသည် ‘ရွှမ်ဟဲ’အဆင့် ဧကရာဇ်များအတွက်ပင် အလွန်အဖိုးတန်သော ဆေးဖက်ဝင်ပစ္စည်းပေပင်။

ထို့ကြောင့် နာကျင်စွာအော်ဟစ်သံ ကြားသောအခါ ချော်ရည်ကန်အနီးမှလာမှန်းကို သိရှိလိုက်သည်။ ထိုစဉ် နာကျင်စွာ အော်ဟစ်သံ ထပ်မံ ထွက်ပေါ်လာလေသည်။

“ အား ... မင်းတို့တွေ သေချာပေါက် ပြန်ခံစားရလိမ့်မယ် ... ။ ”

အသံရှင်သည် အမုန်းတရားများနှင့် ပြည့်နှက်နေပြီး ဒေါသတကြီးကျိန်ဆဲလျက်ဖြင့် ရုတ်ချည်း ပြတ်တောက်သွားချေပြီ။ စုရီက မျက်ခုံးပင့်လိုက်ပြီး ရောင်ဝါကိုသိမ်းကာ လျင်မြန်စွာ တိုးကပ်သွားလိုက်၏။

ချော်ရည်ကန်ကမ်းနားရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် စားပွဲ၊ ကုလားထိုင်များ ခင်းကျင်းထားသည်။

ဝတ်စုံနီနှင့် လူရွယ်တစ်ဦးသည် ဒူးတစ်ဖက်ချိတ်လျက်ဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်တစ်ဖက်က ငါးမျှားတံကို ကိုင်ထားကာ ကျန်တစ်ဖက်ဖြင့် အရက်သောက်နေ၏။

“ သခင် ... ငါးစာ ပြင်ဆင်ပြီးပါပြီ။”

သူ့ဘေးတွင် သွေးများစီးကျနေသော အလောင်းတစ်လောင်းရှိနေ၏။ အဝတ်စုတ်နှင့် အဘိုးအိုတစ်ဦးသည် ထိုအလောင်းအတွင်းမှ ဝိညာဉ်ကိုဆွဲထုတ်ကာ ငါးမျှားချိတ်တွင် ချိတ်လိုက်ပြီး ရိုသေစွာပြောကြားသည်။

“ ဝှစ် ... ။ ”

ဝတ်စုံနီနှင့်လူရွယ်က စကားမဆိုဘဲ သူ့ငါးမျှားတံကို ချော်ရည်ကန်ထဲလွှဲပစ်လိုက်၏။

“ ဟမ့် ... ငါ ငါးမျှားနေတာ နေ့တဝက်ရှိပြီ၊ နဂါးငါးကြင်းသုံးကောင်ပဲရတယ် ဒီကောင်တွေ တကယ့်ကို ကောက်ကျစ်တာပဲ။”

လူရွယ်မှ ညည်းညူလိုက်သည်။ သူသည် နှလုံးသားပြခန်းဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲ တစ်ဦးဖြစ်၏။ အခြားသော အင်အားစုများဖြင့် မဟာမိတ်ဖွဲ့ကာ စုရီကိုသတ်ရန် ဤနတ်ဘုရား သင်္ချိုင်းတားမြစ်မြေသို့ ရောက်ရှိလာခြင်းပေပင်။

“ ဟမ့် ... လွတ်သွားပြန်ပြီလား ... နောက်တစ်ယောက်သတ်စမ်း ... ဒီကောင်တွေ ငါ့လက်က မလွတ်အောင်မျှားရမယ်။ ”

ဝတ်စုံနီနှင့်လူရွယ်က ငါးမျှားတံကို ဆတ်ခနဲဆွဲတင်လိုက်ပြီး ဗလာဖြစ်နေသော ငါးမျှားချိပ်ထံ စိတ်ပျက်စွာကြည့်ပြီး အမိန့် ပေးလိုက်တော့သည်။

သူ့အနားတွင် ကျင့်ကြံသူ (၃၀)ခန့် ဖမ်းဆီးထားပြီး သူတို့၏ဝိညာဉ်ကိုငါးစာအဖြစ် အသုံးပြုခြင်းပေပင်။ ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရား ကင်းမဲ့လွန်း၏။

ထို့ကြောင့် ရွှေရောင်ဝတ်စုံနှင့်လူတစ်ဦးက ကျင့်ကြံသူအမျိုးသမီးတစ်ဦးကို ဆွဲခေါ်လာ၏။ အမျိုးသမီးက ကြောက်ရွံ့ခြင်းမရှိဘဲ၊

“ ဟမ့် ... လူယုတ်မာတွေ ... နင်တို့လို ကျူးကျော်သူတွေကို စီနီယာစုကတစ်နေ့ကျရင် အကုန်သတ်ပြီး ငါ့နောက်ပို့ပေးလိမ့်မယ်။ ”

-ဟု အော်ဟစ်ခြိမ်းခြောက် လိုက်သည်။

“ ဖြန်း ... ။ ”

“ ပါးစပ်ပိတ်ထား ... ။ ”

ပြင်းထန်သော ပါးရိုက်သံနှင့်အတူ ရွှေရောင်ဝတ်စုံအစေခံလူရွယ်က အမျိုးသမီး လည်ပင်းကို ညှစ်လိုက်ကာ၊

“ ဒီနေ့ ... ရွှမ်ကြွယ် ရောက်လာရင်တောင် နင်တို့အသက်ကို သူ မကယ်နိုင်စေရဘူး။ ”

-ဟု တုန့်ပြန်၏။

ထို့နောက် အရှင်လတ်လတ်ဝိညာဉ်ကို ဆွဲထုတ်ကာ ငါးစာအဖြစ်ချိပ်တွင်တပ်ဆင်ရန် ပြင်လိုက်တော့သည်။

“ ကလန် ... ။ ”

သို့သော် ထိုခဏတွင် ကြည်လင် ပြတ်သားသော ဓားမြည်သံတစ်ချက် ထွက်ပေါ် လာတော့၏။

‌ရွှေရောင်ဝတ်စုံနှင့် အစေခံ လူရွယ်က ခေါင်းမော့ကြည့်လိုက်ရာ စိတ်ဝိညာဉ်ဟာခနဲ ဖြစ်သွားလေသည်။

တစ်ဆက်တည်းမှာပင် သူ့ဦးခေါင်းသည်လည်း မြေပြင်ပေါ်လွင့်ကျပြီး တိကျညီညာသောလည်ပင်းမှသည် သွေးများ ပန်းထွက်လာတော့၏။

ထို့နောက်တွင် ခန္ဓာကိုယ်နှင့် ဦးခေါင်းသည် ပြာအဖြစ်ပြောင်းလဲသွား၏။ ဤသေဆုံးမှုသည် နှလုံးသားပြခန်းမှ ကျင့်ကြံသူများအားလုံးကို မျက်နှာပျက်ယွင်းကုန်စေသည်။

သေဆုံးသွားသော ရွှေရောင်ဝတ်စုံနှင့် အစေခံလူရွယ်သည် ရွှမ်ဟဲအလယ်အလတ်ရှိ ဧကရာဇ်တစ်ပါးဖြစ်၏။ ယခုမူ တစ်ချက်တည်း သုတ်သင်ခံလိုက်ရချေပြီ။

“ ဘယ်သူလဲ ... ။ ”

အဝတ်စုတ်နှင့် အဘိုးအိုက ဒေါသတကြီးအော်ဟစ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲစစ်ဆေးကြည့်လိုက်သည်။

“ ငါ ... စုရွှမ်ကြွယ် ... ။ ”

အဝေးတွင် လက်နှစ်ဖက်နောက်ပို့ပြီး ကျောက်စိမ်းရောင်အင်္ကျီ တဖျပ်ဖျပ်ခတ်ကာ လူငယ်တစ်ယောက် လျှောက်လှမ်းလာနေ၏။ ခြေတစ်လှမ်းကို ပေတစ်ရာခန့်ကျယ်ချေပြီ။

“ စုရွှမ်ကြွယ်လား ... ။ ”

လူအုပ်ကြီးသည် တုန်လှုပ်သွားပြီး အသက်ဘေးမှ ယခုပင်လွတ်မြောက်သွားသော အမျိုးသမီးကျင့်ကြံသူသည် ဝမ်းသာအားရ အော်ဟစ်တော့သည်။

“ ဟားဟားဟား ... စီနီယာစုလာပြီ ... နင်လို့လိုလူယုတ်မာတွေ ဒီကနေ့တစ်ယောက်မှ အသက်ရှင်နိုင်မယ် မထင်နဲ့ ... ။ ”

သူမအော်သံကြောင့် ဖမ်းဆီးခံထားရသော အရိုင်းမြေကိုးပါးမှ ကျင့်ကြံသူများအားလုံးသည် ငရဲခန်းမှ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက် အလင်းတန်းလေးများပေါ်လာ၏။

တစ်ဖက်တွင် ဝတ်စုံနီနှင့်လူရွယ်က အေးဆေးစွာပင်ထိုင်နေရာမှမထဘဲ၊

“ သူ ... မင်းတို့ကို ကယ်နိုင်မယ်လို့ တကယ်ထင်နေလား ... အကျဉ်းသားတွေကို ချက်ချင်းသတ်ပစ်လိုက်ကြ။ ”

-ဟု အမိန့်ပေးလိုက်သည်။

“ နားလည်ပါပြီ။ ”

“ ကလန် ... ။ ”

သူ့ဘေးတွင် အစေခံ(၁၇)ဦးရှိ၏။ ၎င်းတို့သည် လက်နက်များကိုယ်စီဖြင့် သတ်ရန် ပြင်လိုက်တော့သည်။

“ ဝှစ် ... ။ ”

“ ဟမ့် ... မကောင်းတော့ဘူး။ ”

“ သခင်လေး ငါတို့ကို ကယ်ပါ။ ”

သို့သော် ဓားရောင်ဝါတစ်စင်းသည် ကောင်းကင်မှ တဟုန်ထိုး စီးဆင်းကျလာသော မြစ်ရေများကဲ့သို့ သူတို့အပေါ် ဖုံးလွှမ်းသွား၏။ တစ်ခဏအတွင်း (၁၇)ဦးစလုံး ဝိညာဉ်ပါမကျန် သုတ်သင်ခြင်းခံလိုက်ရတော့သည်။

“ ဒါ ... ။ ”

အဝတ်စုတ်နှင့် အဘိုးအိုခမျာ ကြောက်လန့်လွန်းသဖြင့် မေးရိုးများတဂတ်ဂတ် ရိုက်နေခဲ့သည်။ ထိုစဉ် ဒူးထောက်နေသော လူအုပ်ကြီးရှေ့သို့ စုရီရောက်ရှိလာ၏။

“လောကျိဟုန်က မင်းလက်ထဲမှာ ရှုံးသွားတယ်လို့ ကြားတယ် ဒါပေမဲ့ ... မင်းက သူ့ကိုဘာလို့ မသတ်တာလဲ ကြည့်ရတာ ...

... လောကသခင်ဝင်စားသူက ကောလဟာလတွေထဲကလို မစွမ်းနိုင်တော့ဘူး ထင်တယ်။ ”

ဝတ်စုံနီနှင့်လူရွယ်မှ စုရီကို လှည့်ကြည့်ကာ ပြောကြားသည်။ သူ့လူများ သေဆုံးခြင်းအပေါ် လျစ်လျူရှုထား၏။

“ ဝှစ် ... ။ ”

စုရီက စကားမဆိုဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ပေ(၅၀)ခန့်ဝေးသောနေရာရှိ အဝတ်စုတ်နှင့်အဘိုးအို၏ဦးခေါင်းမှာ ချက်ချင်း ပြတ်ထွက်သွားတော့သည်။ ထို့‌နောက် မြေပြင်ပေါ်ဆင်းသက်ကာ၊

“ အခု ... မင်းဘေးက လူတွေအကုန် သေကုန်ပြီ ငါ့မှာ အရည်အချင်းရှိလား- မရှိလား ဘာလို့ ကိုယ်တိုင်လာမစမ်းကြည့်ရတာလဲ။ ”

-ဟု ဖိတ်ခေါ်လိုက်၏။

ဝတ်စုံနီနှင့်လူရွယ်၏ မျက်လုံးများတွင် လူသတ်လိုစိတ်များ ပြည့်လျှံလာသော်လည်း နောက်ဆုံးတွင် ထိန်းချုပ်လျက်၊

“ နောက်တစ်ခါ တွေ့ရင် မင်းကို အပိုင်းပိုင်းစုပ်ဖြဲပစ်မယ်။”

-ဟု ဆိုကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲဖယ်ခွာလိုက်တော့သည်။

နယ်ပယ်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦးသည် တိုက်ပွဲအစား ယခုကဲ့သို့ ထွက်ပြေး လိမ့်မည်ဟု မည်သူမျှ မထင်ထားမိချေ။

လူရွယ်၏အမြင်တွင် လောကျိဟုန်ပင် ရှုံးနိမ့်ထားသဖြင့် ဤနေရာတွင်အချိန်ဖြုန်းရန် ဆန္ဒမရှိချေ။ အခြားသော မဟာမိတ်များဖြင့် ပူးပေါင်းကာ သေချာသော တိုက်ပွဲကိုသာ လိုလားချေပြီ။

“ မင်းအတွက် နောက်တစ်ခါဆိုတာ မရှိတော့ဘူး။”

“ ဟမ့် ... ချိုးဖြတ်စမ်း။

စုရီက ပြုံးလျက် ဝင်စားခြင်းဥပဒေကို ကောင်းကင်အပြည့် လွှမ်းခြုံပစ်၏။ ဝတ်စုံနီနှင့် လူရွယ်သည် အစွမ်းထက်သော နည်းစနစ်များ ထုတ်ဖော်ကာ ဖောက်ထွက်တော့သည်။

သို့သော် မည်မျှပင် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ဝင်စားခြင်းသံသရာ အတွင်းဝင်ရောက်ကုန်သော စွမ်းအားများမှာ အရည်ပျော် ပျက်ပြယ်ကုန်ကြ၏။

“ ဘာတွေဖြစ်နေတာလဲ။ ”

ဒေါသတကြီးဖြင့် တံဆိပ်များဖန်တီးကာ ပစ်ခတ်လိုက်လေသည်။ တစ်ဆက်တည်းမှာပင် ‌ရွှေဓားတစ်ချောင်းထုတ်ယူကာ ဥပဒေစွမ်းအား လွှမ်းခြုံလျက် ခုတ်ပိုင်းချလိုက်၏။

“ သွား ... ။ ”

‌နိဗ္ဗာန်ဝိညာဉ်ဥပဒေပါဝင်သော ရွှေရောင်နဂါးကြီးတစ်ကောင် ပြေးထွက်လာပြီး ဝင်စားခြင်းဥပဒေကို သန့်စင်ရန်ကြိုးစားလာ၏။

“ ဟမ့် ... အသုံးမဝင်ဘူး။ ”

စုရီက လှောင်ပြောင်လျက် ဝင်စားခြင်းဥပဒေကိုဓားအဖြစ်ပြောင်းလဲကာ ရွှေနဂါးကို ခုတ်ချလိုက်သည်။

“ လောကျိဟုန်ကိုတောင် မသတ်နိုင်တာ ငါ့ကိုသတ်နိုင်မယ်ထင်လား။ ”

ဝတ်လုံနီနှင့် လူရွယ်က အံကြိတ်လျက် ရွှေနဂါးကြီးကို အရှိန်မြင့်တင်လိုက်တော့၏။ ပတ်ဝင်းကျင်ရှိ စွမ်းအားများမှာ ရွှေနဂါးထဲ ဝင်ရောက်လာချေပြီ။

“ ဒါပေမယ့် မင်းကတော့ ငါသတ်နိုင်သေးတယ်။ ”

စုရီက ပြုံးလျက် လေဟာနယ်ကို ပိတ်ဆို့ပစ်လိုက်တော့သည်။ ဝင်စားခြင်းဥပဒေ စည်းမျဉ်းသည် ရွှေနဂါးကို သိုင်းခြုံကာ သံသရာအတွင်း ဆွဲငင်လိုက်၏။

“ ဟမ့် ငါသေရင်တောင် မင်းကိုဆွဲချသွားမယ်။ ”

ဝတ်လုံနီနှင့် လူရွယ်ခမျာ ဝင်စားခြင်း သံသရာစွမ်းအားအတွင်း ဒဏ်ရာများဗရပွဖြင့် အန္တရာယ်ကို ခံစားမိလာ၏။ ‘ရွှမ်ဟဲ’အဆင့် လူငယ်တစ်ဦးသည် ဤမျှ စွမ်းအားကြီးမား နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။

“ မင်းမှာ အရည်အချင်းမရှိပါဘူး။ ”

စုရီက ဝင်စားခြင်းဓားဖြင့် နဂါးခေါင်းကို ထိုးစိုက်ချလိုက်၏။ ရွှေနဂါးသည် နာကျင်စွာ အော်ဟစ်လျက် ထိုဥပဒေစည်းမျဉ်းများက ‌ရွှေမှုန်များအဖြစ် ပြောင်းလဲကုန်သည်။

အဆုံးတွင် ထူးဆန်းသော ဥပဒေ စည်းမျဉ်းများ သူ့အပေါ်ပြိုကျကာ မြင်ကွင်းများ ရုတ်ချည်းပြောင်းလဲလာ၏။

နတ်ဆိုးများ၊ မိစ္ဆာများ၊ ကမ္ဘာဦး သားရဲကြီးများ၊ မိုးကြိုးကပ်ဘေးများ၊ ရောဂါ ကပ်ဘေးများ၊ အမှောင်ခတ်၊ အချိန်၊ သမိုင်း၊ ရှင်ခြင်းနှင့်သေခြင်း စသည့် မြင်ကွင်းများ တရစပ်မြင်လာတော့၏။

“ ငါ ... ငါအရှုံးပေးတယ်။ ”

သို့သော် သူ့အသံသည် သံသရာဝဲဂယက်အတွင်း တိုးလျသွားတော့၏။ တစ်ဆက်တည်းမှာပင် ဝိညာဉ်သည် အမှုန်အဖြစ် ပြောင်းလဲသွားချေပြီ။

စုရီမှ သက်ပြင်းချလိုက်သည်။ ဝင်စားခြင်းဥပဒေသည် နယ်ပယ်ဘုရင်အဆင့် တစ်စုံတစ်ဦးကိုပင် ကူကယ်ရာမဲ့သွားစေ၏။ အစွမ်းထက်လွန်းချေပြီ။

တိုက်ပွဲသည် ရုတ်ချည်းဖြစ်ပြီး ကြောက်စရာကောင်းလွန်းသဖြင့် လူတိုင်း မှင်သပ်ကုန်သည်။

စုရီက လမ်းညွှန်မြေပုံတစ်ခု ရေးဆွဲပေးလိုက်ကာ လူတိုင်းကိုအပြင်သို့ ထွက်ခွာစေလိုက်၏။

“ ကျေးဇူးတင်ပါတယ် ... စီနီယာစု ... ။ ”

“ ဒီကျေးဇူးကို မမေ့ပါဘူး။ ”

“ ခွင့်ပြုပါ စီနီယာစု။ ”

လူတိုင်းမှ အရိုအသေပေးလျက် ချက်ချင်းထွက်ခွာသွားသည်။ ဤအရပ်သည် သူတို့အတွက် အန္တရာယ်များလွန်းချေပြီ။ ဆက်လက်ပြီး ကံကြမ္မာရှာဖွေရန် သူတို့တွင် အရည်အချင်း မပြည့်မီတော့ချေ။

တစ်ဖက်တွင်စုရီသည် စားပွဲပေါ်ရှိ ကိုးပါးရောင်ခြည်နတ်ကြာပန်းနှင့် ပလိုင်းထဲမှ နဂါးငါးကြင်းများထံ ငဲ့ကြည့်ကာ၊

“ ခုတော့ ... ဒါတွေက ငါ့ရဲ့ကံကောင်းမှုပဲ။ ”

-ဟု ရေရွတ်လိုက်တော့၏။

***

All Chapters