ကျင်းလီကို သိမ်းပိုက်ခြင်း
Vol. 4 Ch. 35
လင်းဖန်ရဲ့စကားများက ကျင်းလီကုမ္ပဏီမှ အဆင့်မြင့်အရာရှိကြီးများအကြား မုန်တိုင်းတစ်ခုသဖွယ် လှုပ်ခတ်သွားစေခဲ့ပြီး အခြေအနေအရပ်ရပ်ကို ပြောင်းလဲပစ်လိုက်သည့် နောက်ဆုံးလက်ကျန် တွန်းအားတစ်ခု ဖြစ်သွားခဲ့သည်။
"ကျွန်တော့်ရဲ့ အစုရှယ်ယာတွေကို ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထံ ရောင်းချဖို့ သဘောတူပါတယ်"
မိနစ်အနည်းငယ်အကြာ၌ ကျင်းလီရဲ့ ဒုတိယဥက္ကဋ္ဌ တိန့်လီက ပထမဦးဆုံး စတင်ပြောလာသည်။
"ကျွန်တော်လည်း ကျွန်တော့်ရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ သဘောတူတယ်"
"ရှယ်ယာတွေကို ဖန်ထန်းဆီ ရောင်းချလိုက်ပြီ"
ထို့နောက်တွင် ကျင်းလီရဲ့ အမှုဆောင်အရာရှိ အတော်များများကလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံပြောဆိုလာကြတော့သည်။
"ကောင်းပြီ! ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအနေနဲ့ မင်းတို့ကို မျှတပြီး သင့်တော်တဲ့ ဈေးနှုန်းတစ်ခု သေချာပေါက် ပေးမှာပါ"
ဤမြင်ကွင်းကို ကြည့်ရင်း လင်းဖန်ရဲ့ မျက်နှာပေါ်၌ ပြုံးရိပ်တစ်ခု ယှက်သန်းသွားပြီး စာချုပ်ပြင်ဆင်ရန် မို့ရှင်းယာကို လက်ရိပ်ပြ အချက်ပေးလိုက်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ကျင်းလီရဲ့ အဆင့်မြင့်အရာရှိ ၁၂ ဦးစလုံးသည် ၎င်းတို့၏ အစုရှယ်ယာများကို ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထံ ရောင်းချလိုက်ကြပြီဖြစ်သည်။
အစည်းအဝေးခန်းမ၏ အခြားတစ်ဖက်၌ ရပ်နေသည့် လျိုလီရုံရဲ့ မျက်နှာမှာမူ ပြာနှမ်းသွားတော့သည်။
မိမိ လက်အောက်ငယ်သားများအားလုံး မိမိအပေါ် သစ္စာဖောက်ကြလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ရင်းနှီးမြှုပ်နှံမှု ရရှိမည်ဟု မျှော်လင့်ထားရာမှ ရုတ်တရက် ကျင်းလီကုမ္ပဏီကို ရောင်းချလိုက်ရသည့် အခြေအနေသို့ ပြောင်းလဲသွားခြင်းကို သူ မည်သို့မျှ လက်မခံနိုင်ဖြစ်နေရသည်။
"ဥက္ကဋ္ဌလျို... ခင်ဗျားကရော ဘယ်လိုလဲ"
ကျင်းလီဒါရိုက်တာများရဲ့ အစုရှယ်ယာစာချုပ်များအားလုံး လက်မှတ်ရေးထိုးပြီးသွားသောအခါ မိုရှင်းယာက လျိုလီရုံကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ဟွန်း မင်းတို့ဘက်က ဘီလီယံ ၁၀ပေးနိုင်မှပဲ ငါ့ရှယ်ယာတွေကို ရောင်းမယ်"
လျိုလီရုံက နှာခေါင်းတစ်ချက်ရှုံ့ရင်း အသံကျယ်ကျယ်ဖြင့် ပြောချလိုက်သည်။
ထိုအချိန်တွင် မိုရှင်းယာရဲ့ မျက်နှာအမူအရာ ပျက်သွားရုံသာမကဘဲ အစည်းအဝေးခန်းမအတွင်းရှိ ကျင်းလီအမှုဆောင်များရဲ့ မျက်နှာများလည်း အလွန်အမင်း ကြည့်မကောင်းအောင် ဖြစ်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်အရ ကျင်းလီအုပ်စုတစ်ခုလုံးကို ဖန်ထန်းအုပ်စုထံ အပြီးအပိုင် လွှဲပြောင်းပေးနိုင်မှသာ ရှယ်ယာရောင်းရငွေကို ရရှိကြမည်ဖြစ်သောကြောင့်ပင်။
ယခု လျိုလီရုံရဲ့ လုပ်ရပ်မှာ လူတိုင်း၏ ငွေလမ်းကြောင်းကို ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။
ပုံမှန်အခြေအနေအရ ကျင်းလီကုမ္ပဏီသည် အများဆုံးတန်ဖိုး ဘီလီယံ ၄၀ သာရှိပြီး ယင်းတန်ဖိုးမှာ နှစ်ရှည်လများ ရှုံးနိမ့်နေသည့် ကြွေးမြီများကို ထည့်မတွက်ရသေးသည့် တန်ဖိုးဖြစ်သည်။
လျိုလီရုံက ကျင်းလီရှယ်ယာရဲ့ ၄၁.၄ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားသော်လည်း ၎င်းမှာ ဘီလီယံ ၁၀ ထောင် တန်ကြေးမရှိပေ။
ဒါက တကယ့်ကို အဆမတန် တောင်းဆိုနေတာ မဟုတ်ပါလား။
"ဩော်... ဟုတ်လား"
ခုံ၌ ထိုင်နေတဲ့လင်းဖန်က ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး လျိုလီရုံကို တည့်တည့်စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော့်ဆီမှာ 'စက်မှုဘဏ် ရှန်ကျန်း အဆင့်မြင့်နည်းပညာဇုန် ဘဏ်ခွဲ နှင့် ရှန်ကျန်းစီးတီး ဂျီယွန်နီ ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်မှုလီမိတက် တို့အကြား ဘဏ္ဍာရေးချေးငွေစာချုပ် အငြင်းပွားမှုဆိုင်ရာ အတည်ပြုစီရင်ချက်' မိတ္တူတစ်စောင် ရှိနေတယ်။ ခင်ဗျား ကြည့်ချင်သေးလား"
သူ့စကားဆုံးလျှင် မိုရှင်းယာက လက်ထဲရှိ စာရွက်စာတမ်းကို ပရိုဂျက်တာ (Projector) သုံးကာ ဖန်သားပြင်ကြီးပေါ်သို့ ထိုးပြလိုက်သည်။
"ဟား"
ထိုစာရွက်စာတမ်းကို မြင်လိုက်ရသည့် လူတိုင်း အသက်ရှူမှားမတတ် တုန်လှုပ်သွားကြသည်။
ရှန်ကျန်းစီးတီး အလယ်အလတ်ပြည်သူ့တရားရုံး၏ စီရင်ချက်တွင် ဖော်ပြထားသည်မှာ - ဂျီယွန်နီအုပ်စု ဥက္ကဋ္ဌ လျိုလီရုံ နှင့် ဘဏ္ဍာရေးအရာရှိချုပ် ဟယ်တပင်းတို့သည် တရားဝင်စာရွက်စာတမ်းများအရ ပေးဆပ်ရန်ရှိသော ကြွေးမြီများကို ပေးဆပ်ရန် ပျက်ကွက်ခဲ့ကြသဖြင့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် ဥပဒေအရ အရေးယူဆောင်ရွက်ရန် တရားစွဲဆိုခြင်း ခံခဲ့ရသည်။
အရေးယူဆောင်ရွက်မှုများအရ ဂျီယွန်နီ ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းပိုင် မော်တော်ယာဉ် ၄ စီးနှင့် လျိုလီရုံပိုင် မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရန် စောင့်ဆိုင်းနေသည့် အခြေအနေဖြစ်သည်။
ဂျီယွန်နီအုပ်စုရဲ့ ဥက္ကဋ္ဌ လျိုလီရုံသည် ယုံကြည်မှုကို ချိုးဖောက်ကာ ကြွေးမြီပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဥပဒေအရ အရေးယူခံရသူများစာရင်းတွင် ပါဝင်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ရထား၊ အမြန်ရထား၊ လေယာဉ်နှင့် အခြားခရီးသွားလာရေးယာဉ်များကို စီးနင်းခွင့် မရှိတော့သလို၊ ကုမ္ပဏီရဲ့ တရားဝင်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အသုံးအဖြုန်းကြီးမားသည့် နေထိုင်မှုပုံစံများကိုလည်း ကန့်သတ်ပိတ်ပင်ခြင်း ခံလိုက်ရသည်။
"ဖြောင်း" "ဂျွတ်"
လျိုလီရုံရဲ့ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး သူရဲ့ထိုင်ခုံပေါ်သို့ အားယုတ်လျော့စွာဖြင့် ရုတ်တရက် ပြိုလဲကျသွားတော့သည်။
ထို့နောက်တွင် လင်းဖန်က လျိုလီရုံရဲ့ အစုရှယ်ယာအားလုံးကို ဘီလီယံ ၄.၁၄ (၄.၁၄ ဘီလီယံ) ဖြင့် အပြီးသတ် ဝယ်ယူလိုက်နိုင်သည်။
ထိုအချိန်မှစ၍ ကျင်းလီ အောက်ရှိ ကုမ္ပဏီများနှင့် ရှယ်ယာအားလုံးကို ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။
(ဒင်)
(ပင်မတာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် စနစ်ရှင်အား ဂုဏ်ပြုပါသည်)
"လုပ်ငန်းခွင်သို့ စတင်ခြင်း"
ဟူသည့် တာဝန်အရ ရွှေရောင်အာဏာကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီး ချမ်းသာကြွယ်ဝမှုများကို ဆက်ခံနိုင်မည့် အခွင့်အရေးကို ဆုလာဘ်အဖြစ် ရရှိသွားပြီဖြစ်သည်။
(စနစ်ရှင်အနေဖြင့် အမွေဆက်ခံနိုင်သော ဓနဥစ္စာအခွင့်အရေးကို အသုံးပြုမည်လား)
ထိုအချိန်တွင် လင်းဖန်ထံသို့ စနစ်ထံမှ အချက်ပေးစာတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။
"အသုံးမပြုသေးဘူး"
သူက စနစ်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပြီး ချမ်းသာကြွယ်ဝမှုများကို ချက်ချင်း အမွေမဆက်ခံသေးရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ့တွင် ယခုထက် ပိုမိုအရေးကြီးသည့် ကိစ္စရပ်များ စောင့်ကြိုနေသောကြောင့် ဖြစ်သည်။
"ရှင်းယာ... ငါခေါ်ခိုင်းထားတဲ့သူတွေ အကုန်ရောက်ပြီလား"
ပတ်ဝန်းကျင်ကို သေချာစွာ တစ်ချက်ကြည့်ပြီးနောက် လင်းဖန်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
"သူဌေး... သူဌေး ဆက်ထိန်းထားချင်တယ်လို့ ပြောထားတဲ့သူတွေအားလုံး အခု အစည်းအဝေးခန်းမ (၂) မှာ စောင့်နေကြပါပြီ"
မိုရှင်းယာက ရိုသေစွာဖြင့် ပြန်လည်ဖြေကြားသည်။
"ကောင်းပြီ! ငါ အခုပဲ သွားလိုက်မယ်"
ထိုသို့ပြောပြီးနောက် လင်းဖန်က အစည်းအဝေးခန်းမ (၂) ထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားတော့သည်။
ခဏအကြာတွင် မိမိရှေ့၌ စတိုင်လ်ကျကျ ဝတ်စားထားကြသည့် လူတစ်ဒါဇင်ခန့်ကို ကြည့်ရင်း လင်းဖန်က သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ အောက်သို့ ဖိချလိုက်ပြီး အားလုံးကို ထိုင်ကြရန် အချက်ပြလိုက်သည်။
"မစ္စတာလင်း... ကျွန်တော်တို့ကို ဘာကြောင့် အခုလို ဆက်နေခိုင်းတာလဲဆိုတာ သိပါရစေ"
ထိုအချိန်၌ ကျင်းလီရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဖြစ်သူ ယွီလဲ့က လက်ဝဲဘက်မှနေ၍ ဦးစွာ မေးမြန်းလိုက်သည်။
အမှန်တကယ်တော့ ထိုနေရာ၌ သူတစ်ဦးတည်း ရှိနေသည်မဟုတ်ဘဲ ကျင်းလီ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ဒု-ညွှန်ကြားရေးမှူးဟောင်း ယွီလီ၊ ပြည်ပရေးရာဌာန အထွေထွေမန်နေဂျာ ကျန်းရှန်းလုနှင့် ဘဏ္ဍာရေးဌာန ဒု-ညွှန်ကြားရေးမှူး ယန်ရွှယ်တို့အပြင် အခြားသူများလည်း ရှိနေကြသည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ကျင်းလီကုမ္ပဏီတစ်ခုလုံးကို ရောင်းချပြီးသွားပြီ ဖြစ်သည့်အတွက် ဤလူဟောင်းများသည် ကျင်းလီဌာနချုပ်၏ အမှတ် (၂) အစည်းအဝေးခန်းမတွင် ရှိမနေသင့်တော့ပေ။
သို့သော်လည်း ယွီလဲ့နှင့် အခြားသူများ ရှယ်ယာရောင်းချခြင်းဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးပြီးချိန်တွင် မိုရှင်းယာကိုယ်တိုင် လာရောက်၍ ၎င်းတို့ကို ဤနေရာသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ အမှတ် (၂) အစည်းအဝေးခန်းမအတွင်းရှိနေသူများမှာ ဝတ်စုံပြည့် ဝတ်ဆင်ထားကြပြီး စီးပွားရေးလောကမှ ထိပ်တန်းပညာရှင်များနှင့် တူနေခြင်းပင်။
ဤအချက်က ယွီလဲ့နှင့် အခြားသူများကို ပို၍ပင် ဇဝေဇဝါ ဖြစ်စေသည်။
ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအနေဖြင့် အမှန်တကယ် ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။
.................................................