လုံထန်းရဲ့ ပြုပြင်ပြောင်းလဲမှုများ
Vol. 4 Ch. 39
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်။
ကောင်းကင်ယံ၌ ပထမဦးဆုံးသော နေရောင်ခြည် ဖြာကျလာချိန်တွင် တစ်ချိန်က တရုတ်နိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းဖုန်းအမှတ်တံဆိပ် ဖြစ်ခဲ့သော ကျင်းလီမှာ လုံထန်းအဖြစ် အမည်ပြောင်းလဲသွားခဲ့သည်။
ထိုနေ့မှာပင် ကုမ္ပဏီခွဲပေါင်း (၁၁) ခုကို လုံထန်းအုပ်စုအဖြစ် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။
မျှော်လင့်မထားသည့် အခြေအနေတစ်ခုမှာ လုံထန်းအုပ်စုမှာ ကျင်းလီကုမ္ပဏီ အရင်က တင်ရှိခဲ့သမျှ အကြွေးအားလုံးကို တစ်ရက်တည်းဖြင့် အပြီးသတ် ပေးချေနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ထို့အပြင် ရှန်းကျန်း ကျင်းလီဆက်သွယ်ရေးပစ္စည်း ကုမ္ပဏီအတွက် တင်သွင်းထားသည့် ဒေဝါလီခံ ပစ္စည်းရှင်းလင်းရေး လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းရန် ကွမ်တုံးပြည်နယ်၊ ရှန်ကျန်း အလယ်အလတ် ပြည်သူ့တရားရုံးသို့ တင်ပြခဲ့ရာ တရားရုံးကလည်း သဘောတူခွင့်ပြုခဲ့သည်။
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ လုံထန်းအုပ်စုမှာ 'N+1' စနစ်ဖြင့် ဝန်ထမ်းပေါင်း ၅,၀၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပယ်ခံရသူ အများစုမှာ ယခင် ကျင်းလီကုမ္ပဏီမှ အလယ်အလတ်နှင့် အဆင့်မြင့် မန်နေဂျာများ ဖြစ်ကြသည်။
နောက်ရက်များ၌ လုံထန်းအုပ်စုမှာ ၎င်းတို့ရဲ့ လက်ကျန်ကုန်ပစ္စည်းများကို ဈေးနှုန်းတစ်ဝက်ဖြင့် ရောင်းချမည်ဟု ကြေညာခဲ့သည်။
ထိုသို့ ရောင်းချရာ၌ ဖုန်းအလုံးရေ သန်း ၇၀ ခန့်ကို အရှေ့တောင်အာရှ၊ အာဖရိကနှင့် အမေရိကတိုက်များသို့ ရောင်းချနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ငွေကြေးအမြောက်အမြားကို ပြန်လည် ရရှိခဲ့သည်။
ထိုနေ့မှာပင် လုံထန်းအုပ်စုရဲ့ စီအီးအို ဖြစ်သူ ကျန်းဖန်နှင့် ဘဏ္ဍာရေးအရာရှိချုပ် ဖြစ်သူ မင်ကျုံးရှင်းတို့က အများပြည်သူရှေ့မှောက်သို့ ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာခဲ့ကြသည်။
လုံထန်းအုပ်စုရဲ့ စစ်ဆင်ရေးအရာရှိချုပ်ယွီလဲ့ ပြည်ပရေးရာ အထွေထွေမန်နေဂျာ ကျန်းရှန်းလုနှင့် အထွေထွေမန်နေဂျာယွီလီ တို့ကိုမူ လူတိုင်းက ရင်းနှီးပြီးသားဖြစ်သည်။
အကြောင်းမှာ သူတို့အားလုံးသည် ယခင် ကျင်းလီကုမ္ပဏီရဲ့ အဆင့်မြင့် မန်နေဂျာဟောင်းများ ဖြစ်ကြသောကြောင့်ပင်။
"ဥက္ကဋ္ဌ... လက်ကျန်ကုန်ပစ္စည်းတွေအားလုံး ရောင်းထုတ်ပြီးပါပြီ။ အခု လုံထန်းအုပ်စုရဲ့ စာရင်းထဲမှာ အသုံးပြုနိုင်တဲ့ ငွေသားလက်ကျန် ဘီလီယံ ၁၅၀ ကျော် ရှိနေပါတယ်"
လုံထန်းဌာနချုပ်ရှိ ဥက္ကဋ္ဌရုံးခန်းအတွင်း၌ ကျန်းဖန်မှာ သူရဲ့ရှေ့၌ ပျင်းရိပျင်းတွဲ ထိုင်နေသည့် လူငယ်လေးအား ရိုသေလေးစားစွာဖြင့် ကြည့်ရင်း အစီရင်ခံနေသည်။
လင်းဖန်ရဲ့ ညွှန်ကြားချက်အရ ရက်အနည်းငယ်အတွင်းမှာပင် ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုအုပ်စုမှာ ငွေကြေး ဘီလီယံ ၂၀ နီးပါးကို အသုံးပြု၍ ကျင်းလီရဲ့အကြွေးဟောင်းများကို အပြတ်အသတ် ပေးချေခဲ့ပြီး အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများရဲ့ ကိစ္စရပ်များကိုလည်း ကျေနပ်အောင် ဖြေရှင်းပေးနိုင်ခဲ့သည်။
ယခုအခါ လုံထန်းအုပ်စုမှာ အသစ်တဖန် ပြန်လည်မွေးဖွားလာသည့် သက်ရှိသတ္တဝါသစ်တစ်ခုကဲ့သို့ တောက်ပနေပြီဖြစ်သည်။
"ခင်ဗျား တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ"
လင်းဖန်က ကျန်းဖန်ကို လေးလေးနက်နက် ကြည့်ကာ ချီးကျူးစကား ဆိုလိုက်သည်။
အမှန်တကယ်လည်း ကျန်းဖန်မှာ ကျင်းလီ၏ အထက်၊ အလယ်၊ အောက် စီမံခန့်ခွဲမှုအဆင့်ဆင့်တွင် ရှိနေသည့် ကင်ဆာဆဲလ်များကဲ့သို့ အသုံးမကျသူများကို အပြတ်ရှင်းထုတ်နိုင်ခဲ့သည်။
စီမံခန့်ခွဲမှုပိုင်းကို အသစ်ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ပြီး လုံထန်းအုပ်စုကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ဤအောင်မြင်မှုများအတွက် စီအီးအို ကျန်းဖန်ရဲ့ ကြိုးစားအားထုတ်မှုမှာ များစွာ အရေးပါခဲ့သည်။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ။ ဒါပေမဲ့... လုံထန်းရဲ့ အဓိက ထုတ်လုပ်ရေးစခန်း နှစ်ခုနဲ့ လက်အောက်ခံ လုပ်ငန်းခွင်တွေ အားလုံးက အခုအချိန်ထိ လည်ပတ်မှု မရှိသေးဘဲ အားနေတာကတော့ နည်းနည်း နှမြောစရာ ကောင်းနေပါတယ်"
ကျန်းဖန်က လင်းဖန်ကို ခိုးကြည့်ရင်း စိုးရိမ်တကြီးဖြင့် အကြံပြုစကား ဆိုလိုက်သည်။
"ငါ ဒါအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပါ"
ကျန်းဖန်ရဲ့ စိုးရိမ်မှုကို ကြားသိရသော်လည်း လင်းဖန်၏ မျက်နှာက တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။
သူက အေးဆေးစွာဖြင့် ဆက်ပြောလိုက်သည်။
" နီဗားနား အိတ်ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က Appleနဲ့ တခြား နာမည်ကြီး တံဆိပ်တွေဆီကနေ အလယ်အလတ်နဲ့ အဆင့်မြင့် ဈေးကွက်ဝေစုကို လုယူဖို့ပဲ"
"ဒါပေမဲ့... ဈေးနှုန်းသက်သာတဲ့ အခြေခံဈေးကွက်ကိုလည်း ငါတို့ လျစ်လျူရှုထားလို့ မရဘူး"
ကျင်းလီမှာ နိုင်ငံတကာ၌ ရောင်းအားဖြန့်ချိရေး လမ်းကြောင်းပေါင်း ၄၀ ကျော် ရှိထားပြီး ဖြစ်သလို၊ နိုင်ငံ ၈ နိုင်ငံရှိ မိုဘိုင်းအော်ပရေတာ စနစ်များအတွင်းသို့လည်း အောင်မြင်စွာ ထိုးဖောက်ထားနိုင်ပြီးသား ဖြစ်သည်။
တောင်အမေရိက၊ အာဖရိကနှင့် အရှေ့တောင်အာရှရှိ နိုင်ငံအများအပြားတွင် လူတိုင်းက အဆင့်မြင့်ဖုန်းများကို မဝယ်ယူနိုင်ကြသေးဘဲ အခြေခံဖုန်းများကိုသာ အဓိက သုံးစွဲနေကြရဆဲ ဖြစ်သည်။
"ဥက္ကဋ္ဌ... ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် နည်းနည်းတော့ ရိပ်မိသလိုလို ရှိပေမဲ့ သိပ်တော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးခင်ဗျ"
ဟု ကျန်းဖန်က မေးလိုက်သည်။
"မင်း ချွမ်းယင်အကြောင်း သိလား"
လင်းဖန်က ပြန်မေးလိုက်သည်။
"အာဖရိကတိုက်ရဲ့ ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းကို လက်ဝါးကြီးအုပ်ထားတဲ့ ထရက်ရှင်းနည်းပညာကို ပြောတာလားခင်ဗျာ"
ကျန်းဖန်မှာ ခဏမျှ ကြောင်အသွားပြီးနောက် ချက်ချင်းပင် ပြန်မေးလိုက်သည်။
သို့သော် လင်းဖန်က သူ၏မေးခွန်းကို တိုက်ရိုက်ပြန်မဖြေခဲ့ပေ။ သူက ထိုင်ရာမှထ၍ ရုံးခန်းအတွင်း လမ်းလျှောက်ရင်း ပြောလိုက်သည်။
"ချွမ်းယင်ကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ သူတို့ဆီမှာ TECNO၊ itel နဲ့ Infinix ဆိုပြီး မိုဘိုင်းဖုန်း အမှတ်တံဆိပ် သုံးခု ရှိလာခဲ့တယ်။ အဲဒီတံဆိပ်တွေက အခြေခံ၊ အလယ်အလတ်နဲ့ အဆင့်မြင့် ဈေးကွက်တွေကို ကိုယ်စားပြုတာပဲ။ သူတို့ရဲ့ ၂၀၁၆ ခုနှစ် အရောင်းပမာဏဟာ အလုံးရေ သန်း ၈၀ အထိ ရှိခဲ့ပြီး အံ့အားသင့်စရာ ကောင်းလောက်အောင် များပြားခဲ့တယ်။"
"အာဖရိကသားတွေအတွက် အထူးထုတ်လုပ်ထားတဲ့ TECNO ဖုန်းမှာ ဆဲလ်ဖီရိုက်တာ၊ သီချင်းနားထောင်တာနဲ့ ဆင်းကတ် လေးကတ် တစ်ပြိုင်တည်း သုံးလို့ရတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တယ်။ ဒါဟာ Four Star တို့၊ Sony (ဆိုနီ) တို့လို ကုမ္ပဏီကြီးတွေတောင် မလုပ်နိုင်တဲ့အရာတွေကို သူတို့က လုပ်ပြနိုင်ခဲ့တာပဲ။"
ဤသို့ပြောရင်း လင်းဖန်က ခေတ္တမျှ ရပ်နားလိုက်ပြီး ဆက်ပြောသည်။
"ငါ မျှော်လင့်တာကတော့... လုံထန်းအနေနဲ့ Tထရက်ရှင်းဆီကနေ သင်ခန်းစာယူပြီး နီဗားနားအိတ် မထွက်ခင်မှာ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့တောင်အာရှ ဈေးကွက်တွေအတွက် သင့်တော်မယ့် အခြေခံဖုန်း အမျိုးအစားသစ်တစ်ခုကို အရင် ဒီဇိုင်းထုတ်စေချင်တယ်။"
"ကျင်းလီရဲ့ မူလဈေးကွက်ဝေစုကို ခိုင်မာအောင် လုပ်ပြီးတာနဲ့ ငါတို့က ပြင်းပြင်းထန်ထန် ချဲ့ထွင်သွားမယ်။ သူများတွေ သိမ်းပိုက်ထားတဲ့ ဈေးကွက်တွေကိုရော၊ ဘယ်သူမှ မသိမ်းပိုက်ရသေးတဲ့ ဈေးကွက်တွေကိုပါ ငါတို့ အကုန်ယူမယ်။"
အမှန်အတိုင်း ပြောရလျှင် ချွမ်းယင် မိုဘိုင်းဖုန်းများမှာဟာ့ဒ်ဝဲပိုင်း၌ များစွာ အားသာချက်မရှိသလို၊ ပြည်တွင်းမှ ဒုတိယတန်းစား အမှတ်တံဆိပ်များ ဖြစ်ကြသည့် Phantom နှင့် OPPO တို့ကိုပင် မယှဉ်နိုင်ပေ။
သို့သော်လည်း ၎င်းတို့ အာဖရိက မိုဘိုင်းဖုန်းဈေးကွက်ကို လွှမ်းမိုးထားနိုင်သည့် အဓိက အကြောင်းရင်းမှာ ပြဿနာကို မှန်ကန်စွာ ရှာဖွေပြီး ထိရောက်သော နည်းလမ်းဖြင့် ကုသပေးနိုင်ခြင်းကြောင့် ဖြစ်သည်။
၎င်းမှာ ဖုန်းထုတ်လုပ်မှု အပိုင်းတွင်သာမက ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များတွင်လည်း ပါဝင်သည်။
ဤအချက်နှစ်ချက်လုံးတွင် လုံထန်းမှာ ချွမ်းယင်ထက် မနိမ့်ပါးသည့်အပြင် အနည်းငယ်ပင် သာလွန်နေသေးသည်။
သုတေသနနှင့် ဖွံ့ဖြိုးရေး အပိုင်း၌ နိုင်ငံပေါင်းစုံမှ အင်ဂျင်နီယာ ၁,၅၀၀ ပါဝင်သည့် အဓိက သုတေသနဌာနကြီး လေးခု ရှိထားသည်။
ဈေးကွက်မြှင့်တင်ရေး အပိုင်းတွင်မူ ဝါရင့်ပညာရှင်တစ်ဦးဖြစ်သည့် ယွီလဲ့ရှိနေသောကြောင့် ဤနှစ်ခုကို ပေါင်းစပ်လိုက်ပါက ကြီးမားသော အောင်မြင်မှုများကို သေချာပေါက် ရရှိနိုင်မည် ဖြစ်သည်။
ဒါဟာ နီဗားနားအိတ် ဖုန်း ပေါ်ထွက်မလာခင်မှာ အနာဂတ်အတွက် ကြိုတင် အုတ်မြစ်ချထားခြင်းလည်း ဖြစ်သည်။
"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ”
ကျန်းဖန်က စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် လုံထန်းအုပ်စုရဲ့ နောက်ထပ်ခြေလှမ်းများကို စတင်ပြင်ဆင်ရန် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
.......................................................