အခန်း (၁၂၇၃-၁၂၇၅)
Vol. 85 Ch. 1273-1275
အခန်း ၁၂၇၃: အံ့ဩစရာပစ္စည်း! ၂
"ဟုတ်လား?''
ချန်လီကသတင်းကြားပြီး ချက်ချင်းပြုံးရွှင်သွားကာ_
"ပါမောက္ခချီ... သူဌေးချင်နဲ့ သခွားသီးအကြောင်းသွားပြောရအောင်''
"ဟုတ်ပါပြီ.. ခင်ဗျားပြောတဲ့အတိုင်းပါပဲ လက်ထောက်ချန်''
ချီခိုင်ရုံလည်းမငြင်း။ ချင်းလင်အပန်းဖြေစံအိမ်နှင့်မရင်းနှီးသောကြောင့် ရုံချန်းကိုညှိနှိုင်းခိုင်းတာအကောင်းဆုံးဖြစ်မည်။
ချန်လီကဖုန်းချပြီး ပြုံးရွှင်သောမျက်နှာနှင့် စွန်းရှန်ကိုအစီရင်ခံသည်_
"စွန်းရှန်.. သတင်းကောင်းပဲ... သူဌေးချင်စိုက်တဲ့သခွားသီးက ဒီပြဿနာကိုဖြေရှင်းနိုင်တယ်''
"ကောင်းလိုက်တာ''
စွန်းရှန်လည်းသတင်းကြားပြီး ဝမ်းသာအားရမတ်တပ်ထရပ်ကာ_
"သူဌေးချင်ကိုအားကိုးရဦးမယ်... ပညာရှင်တွေအများကြီးမဖြေရှင်းနိုင်တဲ့ပြဿနာကို သူဌေးချင်က သခွားသီးနဲ့ဖြေရှင်းသွားတယ်''
"စွန်းရှန်.. ခင်ဗျား ဒီကိစ္စကိုသူဌေးချင်နဲ့အမြန်ဆုံးဆွေးနွေးရမယ်... ကျုပ်အရင်သွားနှင့်မယ်''
ချန်လီကနှုတ်ဆက်ပြီး ချီခိုင်ရုံဆီသွားသည်။
သူဌေးချင်သခွားသီးက ပြဿနာဖြေရှင်းနိုင်သော်လည်း တကယ်အလုပ်လုပ်ရမှာ ဒီပညာရှင်တွေဖြစ်သည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က သူ့ရုံးခန်းထဲတွင် မှင်စာလက်အိတ်သားရေစနှင့်ကစားနေသည်။
အရင်က အတွင်းပိုင်းကိုသာအာရုံစိုက်နေသောကြောင့် အပြင်အဖုံးကိုသတိမထားမိ။
ဘာပဲဖြစ်ဖြစ် ကစားစရာသက်သက်ဖြစ်သောကြောင့် အတွင်းပိုင်းကသာရေခဲနှင်းဖန်တီးနိုင်၍ အပြင်အဖုံးကိုပစ်ထားခဲ့သည်။
လွန်ခဲ့တဲ့နှစ်ရက်ကလေ့လာကြည့်မှ မှင်စာလက်အိတ်အသားကလည်း ထူးထူးဆန်းဆန်းအသားဖြစ်နေသည်။
ပထမအချက် ဒီအသားကအကြမ်းခံသည်။
စွမ်းအားပင်အသီးနှစ်လုံးစားထားသောသူတောင် လုံးဝမဖြဲနိုင်။ ကတ်ကြေးနှင့်အားသုံးညှပ်မှရသည်။
သူ့အကြမ်းခံမှုက ချုပ်ကြောင်းနေရာမဟုတ်ရင် အားသုံးညှပ်ရသည်။
ချင်လင်ကနံ့သာထွန်းသောမီးခြစ်ယူပြီး လက်အိတ်သားရေကိုရှို့ကြည့်သည်။
သို့သော် နေ့တပိုင်းကျိုးသည်အထိ လက်အိတ်ကမီးမလောင်နိုင်။ မီးရှို့ခံရသောနေရာမည်းသွားသည်မှလွဲ၍ သားရေကတွန့်မသွားချေ။
သူအံ့ဩသွားသည်။
အရည်ပျော်မှတ်နှင့်မီးဒဏ်ခံနိုင်ရည်က အံဩစရာပင်။
မှင်စာလက်အိတ်ကို ကစားစရာဟုသာထင်သောကြောင့် အရင်ကသတိမထားမိ။
ကစားစရာဆိုရင်တောင် စနစ်အထောက်အကူပါသောကြောင့် သာမန်ဂိမ်းကစားစရာမဟုတ်ပေ။
နောက်ပြီး စိတ်ကူးယဉ်ဆန်ဆန် မှင်စာဆိုသောအကောင်ကဖန်တီးထားသည်။
စဉ်းစားကြည့်။ အကြမ်းခံ၊ အဖြဲအရဲခံ၊ မီးလောင်ခံနိုင်တဲ့အသားက ဘယ်လောက်အသုံးဝင်မလဲ?
သူတွေးတောနေစဉ် ရုံးခန်းတံခါးခေါက်သံကြားရသည်။
ချင်လင်က မှင်စာလက်အိတ်ကိုအံဆွဲထဲထည့်လိုက်သည်။
သူတံခါးဖွင့်လိုက်၏။
ချန်လီနှင့်ချီခိုင်ရုံကိုတွေ့ရသည်။
သူတို့နှစ်ဦးကိုမြင်ပြီး အကြောင်းရင်းသိလိုက်သည်။ Kappa သခွားသီးအကြောင်းဖြစ်မည်။
"သူဌေးချင်.. ထပ်ပြီးနှောင့်ယှက်ရတာ အားနာပါတယ်... ဒီတစ်ခါ စီရင်စုကအကူအညီတောင်းလို့ပါ''
ချန်လီကဝင်ဝင်ချင်း ရိုရိုကျိုးကျိုးပြောသည်။
တောင်းပန်နေသလိုပင်။
စီရင်စုကိုယ်စားလာတယ်ဆိုရင်တောင်၊ သူဌေးချင်အရင်ကရက်ရောခဲ့သည်ဆိုရင်တောင် စီရင်စုက ရထိုက်သည်ဟုမမှတ်ယူနိုင်။
ချီခိုင်ရုံက မပြောဘဲမနေနိုင်တော့_
"သူဌေးချင်.. အဲဒီသခွားသီးက တကယ်ကောင်းတာ... အကြီးအကျယ်စိုက်ရင် ငါးစာစျေးကွက်ပျောက်သွားမှာစိုးရတယ်... ဒါပေမဲ့ မင်းကဒီအတိုင်းလေးစိုက်လိုက်တာ တကယ်အံ့ဩစရာပဲ''
“ကျစ် ကျစ်''
ချင်လင် ဘာမှမပြောရဲ။
အဲဒါ ယောင်ယောင်ကြောင့်။
ဒီအတိုင်းလေးစိုက်လိုက်တယ်ဆိုတာ ဘာသဘောလဲ? သူက အဲလောက်စွမ်းမလား? အဲဒါဂိမ်းမစ်ရှင်လေ။ ဂိမ်းထဲကထုတ်လိုက်တာ ဟုတ်ပြီလား?
ဒါပေမဲ့ ဒါမျိုးကိုပြောပြလို့မဖြစ်။
အခုတော့ အစ်ကိုလီကိုကိုယ်ချင်းစာတတ်ပြီ။
"သူဌေးချင်''
ချန်လီကတောင်းဆိုသည်_
"ဒီတစ်ခါ ပါမောက္ခချီနဲ့ကျုပ်လာတာ မင်းကိုမေးစရာရှိလို့... သခွားသီးအတွက်စီရင်စုနဲ့ပူးပေါင်းပေးနိုင်မလား? လက်ရှိမင်မြစ်ရဲ့ဂေဟစနစ်အတွက် ဒီသခွားသီးကိုလိုအပ်နေတယ်''
ချင်လင်လည်း စီရင်စုရည်ရွယ်ချက်ကိုသိပြီးဖြစ်၍ ပြုံးလိုက်ကာ_
"ကိစ္စမရှိပါဘူး လက်ထောက်ချန်... ကျွန်တော်လည်း ဒီသခွားသီးတွေကိုကျယ်ကျယ်ပြန့်ပြန့်စိုက်မှာပါ... ဒါပေမဲ့ လတ်တလောတော့ မျိုးစေ့စုရဦးမယ်... သခွားသီးအများကြီးမပေးနိုင်သေးဘူး''
သူသဘောမတူချင်ရင်တောင် တူရမည်။
ပထမအချက်အနေနှင့် အကျိုးစီးပွားပဋိပက္ခဖြစ်စရာမရှိ။ သခွားသီးများကိုအသုံးချရန်စိုက်ထားခြင်းဖြစ်၍ ဘယ်သူ့ကိုပေးပေးအတူတူပင်။
ဒုတိယအချက်၊ သူကိုယ်တိုင်စိုက်ထားခြင်းဖြစ်သောကြောင့် ဘယ်လိုပဲဖြစ်ဖြစ်ဖြည့်ဆည်းပေးရမည်။
"စိတ်မပူပါနဲ့ သူဌေးချင်''
ချီခိုင်ရုံကတန်းပြောသည်_
"ရေတိုကထိန်းသိမ်းနိုင်တယ်... ဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းဖို့အတွက်ပါ''
“ကောင်းပါတယ်”
ချင်လင် ခေါင်းညိမ့်လိုက်သည်။
ချင်လင်သဘောတူမှ ချန်လီကသက်ပြင်းချလိုက်ပြီး_
"သူဌေးချင်.. ဒီသခွားသီးတွေစိုက်ဖို့ စီရင်စုကနေရာချပေးနိုင်တယ်... မြေစာချုပ်ကို စီရင်စုကကိုင်မယ်... ချင်းလင်စံအိမ်နဲ့ဆက်သွယ်ဖို့လူလွှတ်လိုက်ပါမယ်''
အဓိကအကြောင်းအရာဖြေရှင်းပြီးနောက် တခြားကိစ္စများလွယ်သွားသည်။ ဘာပဲဖြစ်ဖြစ် ရုံချန်းနှင့်ချင်းလင်စံအိမ်ပူးပေါင်းခြင်းဖြစ်၍ မြေစာချုပ်ပြဿနာမရှိပေ။ အားလုံးအဆင်ချောသွားမည်။
နောက်ပြီး ရုံချန်းမှာချင်းလင်စံအိမ်လုပ်ချင်တာမှန်သမျှ ရုံချန်းအစိုးရအထောက်အပံ့မပါဘဲ အသာလေးလုပ်နိုင်သည်။
ချင်းလင်ကုမ္ပဏီနောက်လိုက်ပြီးစိုက်ပျိုးရေးလုပ်ရင် သေချာပေါက်ဝင်ငွေရမည်မှန်း ရုံချန်းသားတိုင်းသိကြသည်။
ချင်လင်ဆီမှအဖြေရပြီးနောက် ချန်လီနှင့်ချီခိုင်ရုံက ရုံချန်းထဲပြန်ကြသည်။
သူတို့စိတ်အပူဆုံးက ဒီကိစ္စပင်။
ချန်လီနှင့်ချီခိုင်ရုံပြန်သွားပြီးနောက် ချင်လင်ကမှင်စာလက်အိတ်တစ်စယူပြီး ရုံခန်းအပြင်ထွက်ကာ ချင်းလင်ဓာတ်ခွဲခန်းဘက်သွားသည်။
ချင်လင်ဓာတ်ခွဲခန်းထဲဝင်လိုက်သောအခါ ပါမောက္ခဝမ်နှင့်သုတေသနသမားများ ကြိုးကြိုးစားစားအလုပ်လုပ်နေကြသည်။ အရင်ကသူယူလာသောမှင်စာလက်အိတ်အတွင်းပိုင်းကိုလေ့လာနေကြ၏။
သုတေသနသမားတစ်ယောက်က သူ့ကိုလှမ်းမြင်ပြီး ပါမောက္ခဝမ်ကိုသတိပေးလိုက်သည်။
"ဥက္ကဌချင်''
ပါမောက္ခဝမ်က လုပ်လက်စကိုတန်းရပ်လိုက်သည်။
"ပါမောက္ခဝမ်.. အဲဒီအပိုင်းတွေလေ့လာကြည့်တာ ဘယ်လိုလဲ?''
ချင်လင်ကမေးသည်။
"ဥက္ကဌချင်''
ပါမောက္ခဝမ်ကမျက်မှောင်ကြုတ်ပြီး_
"အဲဒါတွေအလုပ်လုပ်ပုံကိုအကြမ်းဖျင်းနားလည်ပါတယ်... ဒါပေမဲ့ သုံးထားတဲ့ပစ္စည်းတွေက ကျုပ်တို့သိတဲ့အလားတူပစ္စည်းတွေပေါင်းစပ်ထားတာနဲ့မတူဘူး''
"အထူးသဖြင့် အခေါင်းပေါက်ထဲကအရည်ပဲ... အဲဒီထဲက ဓာတုရူပဖွဲ့စည်းပုံတွေက အံ့ဩစရာကောင်းတယ်... ဒီအရည်ကိုတီထွင်တဲ့သုတေသနသမားက ဉာဏ်ကြီးရှင်လို့ပြောရမယ်... အဲဒါကိုဓာတ်ခွဲဖို့က အချိန်ယူရမယ်''
ချင်လင် ခေါင်းညိမ့်လိုက်သည်။
မှင်စာလက်အိတ်အသားထူးခြားမှန်းသိပြီးနောက် သူအရမ်းနုံခဲ့ကြောင်းသိလိုက်သည်။ မှင်စာလက်အိတ်က အလွယ်တကူဓာတ်ခွဲနိုင်မယ့်ကစားစရာမဟုတ်။
သူကတွေးတောပြီး မှင်စာလက်အိတ်အသားကို ပါမောက္ခဝမ်ဆီပေးကာ_
"ပါမောက္ခဝမ်.. ဒီသားရေကိုစစ်ဆေးဖို့လည်းတာဝန်ယူပေးပါဦး... ဓာတ်ခွဲကြည့်ပေးပါ''
"ကောင်းပါပြီ ဥက္ကဌချင်''
ပါမောက္ခဝမ်က သားရေကိုယူလိုက်သည်။ သူကိုင်ကြည့်လိုက်သောခဏတွင် နည်းပညာမြင့်အသားတစ်မျိုးဖြစ်မည်ဟုသိလိုက်သည်။
ထို့ကြောင့် သူဌေးဖြစ်သူချင်လင်ထွက်သွားသည်နှင့် သားရေစကိုစတင်စစ်ဆေးကြည့်သည်။
ဒီအစကိုဓာတ်ခွဲဖို့ သားရေသားဖွဲ့စည်းပုံကိုအရင်ဆုံးစစ်ဆေးရမည်။
သို့ရာတွင် စစ်ဆေးရင်းအံ့ဩလာသည်။ သားရေက အပူဒဏ်ခံနိုင်၊အဆွဲအဆန့်ခံနိုင်ပြီး အရည်ပျော်မှတ်ရှိသည်။ လုံးဝအံ့ဩစရာပင်။
စမ်းသပ်ချက်ရလဒ်မြင့်လွန်း၍ အစိုးရပစ္စည်းများတောင်မယှဉ်နိုင်။
ဥက္ကဌချင် ဒါကိုဘယ်ကရခဲ့တာလဲ?
သူဌေးချင်ကို အစိုးရကပေးတဲ့လက်ဆောင်လား?
တဖက်တွင်_
ရုံချန်းကလည်း အထူးသခွားသီးအကြောင်းသတင်းလွှင့်သည်။ ရှောင်ချင်ရဲ့အထူးသခွားသီးကို ကျယ်ကျယ်ပြန့်ပြန့်စိုက်မည်ဟူ၍။
ချီခိုင်ရုံတို့ပညာရှင်များကလည်း လိုင်းပေါ်တွင် Kappa သခွားသီးအချက်အလက်များကိုတင်ကြသည်။
Kappa သခွားသီးထွက်လာပြီးနောက် Kappa သခွားသီးအာဟာရပြဿနာကိုလမ်းကြောင်းသောမှတ်ချက်များရှိနေသည်။
စမ်းသပ်ချက်ရလဒ်များထွက်လာပြီးနောက် ထိုလမ်းကြောင်းသူများ လူပျက်ဖြစ်သွား၏။
ဘာပဲဖြစ်ဖြစ် ချီခိုင်ရုံတို့ပညာရှင်များက အစိုးရကိုကိုယ်စားပြုသည်။ အစိုးရအချက်အလက်က မသမာသူအချက်အလက်ထက်ပိုပြီး လက်သင့်ခံနိုင်စရာရှိသည်။
ထို့အတူ Kappa သခွားသီးရလဒ်ထွက်လာပြီးနောက် စမ်းသပ်ချက်ဖတ်တတ်သူများကရှင်းပြကြသည်။
ရှင်းရှင်းပြောရရင် ရှောင်ချင်ပျိုးထောင်တဲ့သခွားသီးက အကြီးမြန်သည်။ အထွက်နှုန်းမြင့်သည်။ သခွားသီးထဲမှာပါတဲ့အာဟာရက ငါးလိုအပ်တဲ့အာဟာရအတိုင်းဖြစ်သည်။
လက်ရှိအပင်သုတေသီတွေမလုပ်နိုင်တဲ့အောင်မြင်မှုမျိုးပင်။
ပါမောက္ခလီခိုင်က ခြွင်းချက်ဖြစ်သည်။
ဒီတော့ အံဩစရာမကောင်းဘဲနေမလား?
အခန်း ၁၂၇၄: အားဖြည့်ဆေးရည်အစွမ်းပြ!
အချိန်ကုန်သွားပြီး နွေရာသီအားလပ်ရက်ကုန်လွန်သွားသည်။
ချင်လင်က ရုံချန်းထဲမောင်းလာသည်။
မွေးရပ်မြေတွင်လူကြီးတစ်ဦးနာရေးရှိသောကြောင့် သူရွာပြန်ခဲ့သည်။ မိသားစုက နာရေးလုပ်ပေးရမည်ဟုရွာကတောင်းဆိုပြီး တချို့ကိစ္စများကိုလည်း တပါတည်းကူညီဆောင်ရွက်ပေးသည်။
တကယ်တော့ ဒီလိုပွဲမျိုးကိုသူမုန်းသည်။ လူသေဆုံးခြင်းကြောင့်မဟုတ်။ လူတစ်ယောက်နာရေးမှာ ဆူဆူညံညံအသံဗလံများကြောင့်ဖြစ်သည်။
တစ်ကိုက်ကိုတစ်ထွာယူချင်ကြသည်။
အရင်တစ်ခါ ချင်ဖုန်းလေးကိုဆွေစဉ်မျိုးဆက်စာရင်းသွင်းပြီး တချို့အရာများကိုလွှတ်ချကာ နောက်မျိုးဆက်ဆီအာဃာတများသယ်မသွားရန်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် လူတချို့နှင့်ပြိုင်မငြင်းချင်။ သို့သော် အတိတ်မှာထားခဲ့ပြီဟုမဆိုလို။ ဒီလူတွေကို ဦးလေးတရှန်း၊ဦးလေးရွှေ့ကန်းတို့လိုသဘောမထားနိုင်ပေ။
တချို့က ကိုယ့်နေရာကိုယ်မသိ၊ ကိုယ့်နေရာကိုယ်မသိတာထက် မျှော်လင့်နေကြသည်။
မျှော်လင့်လည်း မျှော်လင့်နေရုံသာ။
ရုံချန်းထဲဝင်ပြီးနောက် ချင်လင်ကဟွမ်ချန်လမ်းထဲချိုးလိုက်သည်။
ရုံချန်းပတ်လမ်း ၃ ကိုပြင်ဆင်ထားပြီ။ စီရင်စုကြီးတစ်ခုအတွက် ယာဉ်လမ်းကြောအဆင်ပြေရန် ပတ်လမ်းတစ်ခုဆိုလုံလောက်သည်။
ရုံချန်းကမူ နည်းနည်းထူးခြားနေသည်။ ပတ်လမ်း ၃ ဖွင့်ထားသော်လည်း ပတ်လမ်း ၄ နှင့် ၅ ကိုဆောက်လုပ်နေဆဲပင်။
ရုံချန်းက နာမည်ကြီးခရီးသွားမြို့ဖြစ်သည်။ ချင်းလင်စံအိမ်ကြောင့်လာသောခရီးသည်များ၊ ရုံချန်းရာသီဥတုကြောင့် အားလပ်ရက်အပန်းဖြေထွက်လာသောခရီးသည်များ၊ နိုင်ငံ့ရတနာသဘာဝဘေးမဲ့တောကြောင့်လာသောခရီးသည်များနှင့် ရုံချန်းမှာခရီးသည်ဦးရေ တစ်နေ့ ၁၀၀၀၀ ကျော်နေသည်။
တစ်နေ့ ၁၀၀၀၀ ကျော်သောစီရင်စုမြို့၊ အရေအတွက်က ကြောက်စရာကောင်းသည်။
အပြင်ပတ်လမ်း ၃ မှတဆင့် ရုံချန်းမင်မြစ်လက်တက်အမြန်လမ်းထဲဝင်လာသည်။ ထိုလမ်းကို ရေလှောင်တမံနှင့်တိုက်ရိုက်ဆက်ထားပြီး ချင်းလင်စံအိမ်ရှုမျှော်ခင်းနေရာရောက်နိုင်သည်။
နိုင်ငံတော်အမြန်လမ်းမှာ အရင်နှင့်လုံးဝမတူ။ မူလအကျယ် ၈ မီတာသာရှိသော်လည်း ရုံချန်းသဘာဝဘေးမဲ့တောဆောက်ပြီးနောက် ၆ မီတာပိုကျယ်သွားသည်။
ထို ၆ မီတာကို မူလအမြန်လမ်းနှင့်ခွဲခြားထားပြီး ထိုလမ်းတွင်ကားများပြည့်နေသည်ကိုတွေ့ရသည်။
တစ်လမ်းလုံးတွင် ရှုခင်းကြည့်နေရာများရှိသည်။ ထိုနေရာများတွင် ခရီးသည်များစုစုစုစုနှင့် မင်မြစ်လက်တက်ကိုလာကြည့်ကြသည်။ တချို့က မှန်ပြောင်းပါယူလာ၏။
အားလုံးက ပိုင်ရွှင်နှင့်ပိုင်ကျီကိုရှုစားကြသည်။
မြေအောက်မြစ်မှပိုင်ရွှင်နှင့်ပိုင်ကျီရောက်လာပြီးနောက် အရေအတွက်ကြောက်စရာကောင်းလောက်အောင်များလာပြီး မင်မြစ်လက်တက်အနှံ့အပြားတွင်တွေ့ရသည်။
ပိုင်ကျီရေပေါ်ခုန်တက်လာသောအခါ ဝိုင်းအော်ကြသည်။ ပိုင်ကျီအုပ်စုလိုက်ခုန်ပါက အားရပါးရအော်ကြ၏။
အပြင်ရှုခင်းကြည့်နေရာဖြစ်၍ အခမဲ့ဖြစ်သည်။
ရုံချန်းကလည်း ပိုင်ရွှင်နှင့်ပိုင်ကျီအတွက်အထူးရှုခင်းကြည့်နေရာဆောက်ထားပြီး မြစ်ပေါ်တံတားများလည်းဆောက်ထားသည်။
ဝင်ကြေးပေးသောခရီးသည်က ပိုင်ရွှင်နှင့်ပိုင်ကျီကိုအနီးကပ်ကြည့်နိုင်ပြီး ဓာတ်ပုံတောင်အတူရိုက်နိုင်သည်။
ရုံချန်းတွင် ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံအပြင် ထိုပရောဂျက်မှာနာမည်ကြီးလာပြီး ခရီးသည်များအကြားရေပန်းအစားဆုံးဖြစ်လာသည်။
ပိုင်ရွှင်နှင့်ပိုင်ကျီကိုတွေ့ပြီး စိတ်လှုပ်ရှားကြ၏။
ချင်လင်ကအမြန်လမ်းမှမောင်းထွက်လာရာ ရေလှောင်တမံဆိပ်ကမ်းတွင် ယာဉ်တချို့ထိုးထားသည်ကိုတွေ့ရသည်။
ရုံချန်းကဆောက်ထားသောဆိပ်ကမ်းဖြစ်ပြီး အစိုးရသင်္ဘောများကပ်ထား၏။ ပိုင်ရွှင်နှင့်ပိုင်ကျီကိုအစာကျွေးသောသယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သည်။
ဘေးမဲ့တောယူနီဖောင်းနှင့်လူတစ်စုက ကားထဲမှရေပုံးကြီးများသယ်လာသည်။
ဘာတွေမှန်း ချင်လင်သိသည်။ ကားပါကင်ထိုးပြီးနောက် ထိုကားဘေးနားလျှောက်သွားပြီးကြည့်လိုက်သည်။ Kappa သခွားသီးပင်။ အခု ချင်းလင်ငါးစာဟုနာမည်ပေးထားသည်။
လွန်ခဲ့သောရက်ပိုင်းက ငါးစာပထမအသုတ်ထုတ်ပြီး မင်မြစ်လက်တက်ထဲတွင်စကျွေးသည်။
Kappa သခွားသီးက အလွန်ပျော့ပြီးအထဲမှာစေးကပ်ကပ်ဖြစ်နေသောကြောင့် အဝတ်အိတ်၊ခြင်းများနှင့်ထည့်မရ။ ဒီလိုပုံးများနှင့်သာသယ်ရသည်။
လှေပေါ်တွင် အထူးစောင့်ကြည့်သူများပါပြီး ပုံးထဲပါသမျှကို အချိန်ကိုက်မြစ်ထဲထည့်သည်။
ဝန်ထမ်းတစ်ဦးက ချင်လင်ကိုမှတ်မိပြီးနှုတ်ဆက်သည်။
"ရှောင်ချင်!''
"ရှောင်ချင်!''
ရှောင်ချင်ရပ်နေတာ သူတို့အဖို့မထူးဆန်း။ ဘာပဲဖြစ်ဖြစ် ရှောင်ချင်ကငါးစာတီထွင်ခဲ့သူပင်။ သူတို့ငါးစာသယ်နေတုန်းလာကြည့်တာ ပုံမှန်ဖြစ်သည်။
ချင်လင်ကကားထဲအမြန်ဝင်ပြီး ကားစက်နှိုးကာ ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။
ချင်းလင်စံအိမ်နားဖြတ်သွားလျှင် စံအိမ်အပြင်ဘက်တွင်စာတန်းတစ်ခုတွေ့နိုင်သည်:
'အိုလံပစ်အားကစားပွဲမှာ နိုင်ငံ့ကစားသမားတွေရလဒ်ကောင်းပါစေ'
၄ နှစ်တစ်ကြိမ်ကျင်းပသောအိုလံပစ်အားကစားပွဲပြန်စနေပြီဖြစ်သည်။ ဒီနှစ် ကျူးဘားတွင်ကျင်းပမည်။
နောက်ပြီး ဒီနှစ်အိုလံပစ်အားကစားပွဲကို အရင်တစ်ခါထက်ပိုပြီးကြော်ငြာထားသည်။ ထူးထူးခြားခြားအဓိပ္ပါယ်လည်းရှိသည်။ နိုင်ငံ့ကစားသမားတွေက ဒီနှစ်ပိုပြီးရလဒ်ကောင်းမည့်ပုံပင်။
ဒီလိုအခိုင်အမာယုံကြည်ထား၏။
အကြောင်းရင်းကို ချင်လင်သိသည်။
အားဖြည့်ဆေးရည်နှင့်အများကြီးဆိုင်လိမ့်မည်။
ဘာပဲဖြစ်ဖြစ် အထက်လူတွေက အားဖြည့်ဆေးရည်ရပြီးနောက်ပိုင်း အားကစားသမား၊စ*စ်သားများကို သေချာစီစဉ်လေ့ကျင့်ပေးခဲ့သည်။
စ*စ်သားတွေအကြောင်းပြောစရာမလို။ အခုစ*စ်ဖြစ်မနေ။ ပြီးတော့ ထုတ်ပြလို့လည်းမဖြစ်။
အားကစားသမားတွေကမတူ။ အိုလံပစ်က စ*စ်မြေပြင်ဖြစ်သည်။
ဒီတစ်ခါ ဒီစ*စ်မြေပြင်မှာ နိုင်ငံ့ကစားသမားတွေနာမည်ကြီးလာတော့မည်။
ကားပါကင်တွင်ကားထိုးပြီးနောက် ချင်လင်ကအပန်းဖြေစံအိမ်ထောင့်တစ်နေရာလျှောက်သွားသည်။ ထိုနေရာတွင် လိပ်ကျောကုန်းပင်ရှိပြီးအပင်ကောင်းကောင်းဖြစ်နေသည်။
ဘေးနားမှဆိုင်းဘုတ်တွင်လည်း 'လိပ်ကျောကုန်းစမ်းသပ်စိုက်ခင်း'ဟု ကောင်းယောင်ယောင်ရေးထားသည်။ ဒါသူဌေးပျိုးထောင်ထားတဲ့လိပ်ကျောကုန်းတွေမှန်း သူမသိသည်။
အခန်း ၁၂၇၅: အားဖြည့်ဆေးရည်အစွမ်းပြ! ၂
ဒါတွေက အပူချိန်ထိန်းမှန်း၊အထူးအာနိသင်ရှိမှန်း သူမမသိ။
ချင်လင်ကထိုင်ချပြီး အပူချိန်ထိန်းမြက်ကိုစစ်ဆေးကြည့်သည်။ အပင်ကြီးနေပြီဖြစ်သော်လည်း အရွက်ကစိမ်းနေဆဲ။ တချို့သာ အပြာနှင့်အနီပြောင်းနေသည်။
ဒီလိုဆို အပူချိန်ထိန်းမြက်မှာ အာနိသင်မရှိသေး။
အပြာရောင်၊အနီရောင်အရွက်များဖြစ်သွားမှသာ အပူချိန်ထိန်းမြက်ကအာနိသင်ပြမည်။
အပူချိန်ထိန်းမြက်ကြီးနေပြီဟုအတည်ပြုပြီးမှ ချင်လင်ကဧည့်ခန်းထဲလျှောက်သွားရာ ယွီရွှေ့နှင့်လင်းလန်ဇီစောင့်နေသည်ကိုတွေ့ရသည်။
"ဥက္ကဌချင်!''
ယွီရွှေ့နှင့်လင်းလန်ဇီက သူ့ကိုမြင်ပြီးတပြိုင်တည်းနှုတ်ဆက်သည်။
နှစ်ယောက်သား နတ်သမီးပုံပြင်တောင်မှအပင်များအကြောင်းအစီရင်ခံရန်ချိန်းထားကြ၏။
လင်းလန်ဇီက Tablet ထုတ်ပြီး ချင်လင်ကိုပြကာ_
"သူဌေး.. ဒါနတ်သမီးပုံပြင်နွယ်နဲ့ညဘုရင်မစိုက်တဲ့နေရာပါ... သူ့အာနိသင်ကို အထူးပြင်ဆင်ချက်တွေနဲ့ 3D ဗီဒီယိုလုပ်ထားတယ်''
ချင်လင်က Tablet ယူလိုက်သည်။
ဆက်တိုက်စိုက်ပျိုးရေးလုပ်ပြီးနောက် မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မကို နတ်သမီးပုံပြင်တောင်နေရာအသီးသီးတွင်စိုက်ပြီးသွားသည်။
တချို့ကအပင်ကြီးနေပြီဖြစ်၍ အလင်းရောင်စထွက်ပြီးအာနိသင်ပြနေပြီ။ တချို့ကမူ အပင်ပေါက်နေဆဲ။
နတ်သမီးပုံပြင်တောင်ဆောက်လုပ်ရေးမပေါ်စေရန် အာနိသင်ပြသောအပင်များကို ညဘက်လိုက်ကာအုပ်ထားသည်။
ချင်လင်က ဗီဒီယိုဖွင့်ကြည့်လိုက်သည်။ ဗီဒီယိုအစတွင် တောင်တစ်လုံးပေါ်လာသည်။ မိုးမှောင်နေသောကြောင့် အလင်းဖျော့ဖျော့ကဖြည်းဖြည်းချင်းထွက်လာ၏။
ညရောက်သောအခါ လှပသောအလင်းဖျော့ဖျော့ကတစ်တောင်လုံးဖုံးလွှမ်းသွားပြီး နတ်သမီးပုံပြင်တောင်ဖြစ်သွားသည်။
ထိုအံ့ဩစရာမြင်ကွင်းကို စကားလုံးနှင့်ဖော်မပြနိုင်။
ဒါနတ်သမီးပုံပြင်တောင်ဖြစ်သည်။
အလင်းဖျော့ဖျော့က နတ်သမီးပုံပြင်နွယ်နှင့်ညဘုရင်မပင်မှထွက်နေသည်။ ထိုဗီဒီယိုက 3D နှင့်ပုံဖော်ထားသောရလဒ်ဖြစ်၏။
သို့ရာတွင် နတ်သမီးပုံပြင်နွယ်နှင့်ညဘုရင်မက အာနိသင်ပြနေပြီ။
ထို့ကြောင့် ဗီဒီယိုထဲကအခြေအနေမှာ နတ်သမီးပုံပြင်တောင်တွင်ဖြစ်လာမည့်ပုံစံဖြစ်သည်။
"အံ့ဩစရာကောင်းပြီးလှလိုက်တာ!''
ချင်လင် မချီးကျူးဘဲမနေနိုင်။
3D ဗီဒီယိုနှင့်တင် နတ်သမီးပုံပြင်တောင်ဖွင့်ရင် လူတွေအများကြီးစိတ်ဝင်စားကြလိမ့်မည်။ ထို့ကြောင့် သူမျှော်လင့်စောင့်စားမိသည်။
သို့ရာတွင် 3D ဗီဒီယိုက နတ်သမီးပုံပြင်နွယ်နှင့်ညဘုရင်မမှထွက်သောတကယ့်အလင်းရောင်ကိုမယှဉ်နိုင်။
နတ်သမီးပုံပြင်နွယ်နှင့်ညဘုရင်မမှာ ဂိမ်းအာနိသင်ရှိသောကြောင့် ထိုအာနိသင်က 3D ဗီဒီယိုထက်အများကြီးသာမည်။
ချင်လင်ကကျေနပ်ပုံနှင့် လင်းလန်ဇီကို Tablet ပြန်ပေးလိုက်သည်။
လင်းလန်ဇီနှင့်ယွီရွှေ့လည်း နတ်သမီးပုံပြင်တောင်အကြောင်းအစီရင်ခံပြီး ချင်းလင်အပန်းဖြေစံအိမ်မှပြန်သွားသည်။
ထိုအချိန် ကလေးတစ်ယောက်တင်လာသောအုပ်စုချီတက်လာသည်ကို ချင်လင်တွေ့ရသည်။
ကလေးက ချင်ဖုန်းလေးဖြစ်ပြီး သူကရှောင်ရန်ကျောပေါ်တက်ခွထား၏။ ဒါသူ့နေ့စဉ်အလုပ်တစ်ခုဖြစ်လာပုံရသည်။
တဖက်တွင် ရှောင်ရန်က သူ့သခင်လေးမထိခိုက်အောင် ငြင်ငြင်သာသာနှင့်ဖြည်းဖြည်းချင်းတွားသွားသည်။
အထူးသဖြင့် သူ့ကိုယ်လုံးကဝမ်ချိုင်ထက်ကြီးလာပြီး ချင်ဖုန်းလေးအတွက်သက်သောင့်သက်သာရှိသောကုတင်လိုဖြစ်နေသည်။
သို့သော် ဒီကောင်ကကိုယ်လုံးကြီးသလောက် သူရဲဘောကြောင်သည်။ သူ့ခြေထောက်တစ်ဖက်လောက်မရှိတဲ့မွေးနီတောင် သူ့ရှေ့မှာမာန်ထောင်နိုင်သည်။
"ဖေဖေ.. ဖေဖေ!''
ချင်ဖုန်းလေးက ချင်လင်ကိုမြင်ပြီးဝမ်းသာအားရခေါ်သည်။ သွေးကစကားပြော၍ဖြစ်မည်။ ဒီကောင်လေးက သူ့အဖေကိုအရမ်းကပ်သည်။
ချင်လင်က ချင်ဖုန်းလေးကိုကောက်ချီလိုက်၏။ ထိုအချိန်တွင် ဝန်ကြီးလုထံမှဖုန်းဝင်လာသည်။
သူကချက်ချင်းဖုန်းကိုင်လိုက်သည်။
ဝန်ကြီးလုအသံထွက်လာ၏_
"သူဌေးချင်.. အိုလံပစ်ဖွင့်ပွဲလုပ်ပြီးပြီ... တရားဝင်ပွဲစတော့မှာ... ဒီတစ်ခါ တောက်လျှောက်လေ့ကျင့်တဲ့တွန်းအားက အားဖြည့်ဆေးရည်ပဲ... အနောက်တိုင်းအားကစားသမားတွေအံ့ဩသွားလိမ့်မယ်... ဒါတွေအားလုံး မင်းကျေးဇူးပါပဲ''
"ဝန်ကြီးလု.. ကျွန်တော်က ဆေးပဲဖော်ထုတ်ပေးတာ... ကျန်တာနာမည်မယူရဲပါဘူး''
ချင်လင်ကပြုံးပြီး တန်းပြောသည်။
အမှန်အတိုင်းပြောရရင် သူလည်းမျှော်လင့်စောင့်စားနေသည်။ ဘာပဲဖြစ်ဖြစ် သူကအားဖြည့်ဆေးရည်ကိုဖော်ခဲ့သူပင်။
အားကစားသမားတွေနိုင်ရင် သူ့အားထုတ်မှုလည်းပါမည်။
ဖုန်းချပြီးနောက် ချင်လင်ကချင်ဖုန်းလေးကိုရုံးခန်းထဲချီသွားရာ ရှောင်ရန်ကတအစ်အစ်နှင့်နောက်ကလိုက်လာသည်။
ဒီကောင်က သစ္စာခံနောက်လိုက်၊စီးတော်မြင်းဖြစ်နေသည်။
ရုံးခန်းထဲရောက်သောအခါ ချင်လင်ကချင်ဖုန်းလေးကိုဆိုဖာပေါ်တင်ပြီး TV ဖွင့်လိုက်သည်။ ထိုစဉ် ရှောင်ရန်ကဆိုဖာပေါ်အသာလေးတက်လှဲသည်။
အိုလံပစ်အားကစားပွဲမှာ နိုင်ငံတကာအကြီးဆုံးပွဲတစ်ခုဖြစ်သည်။ တစ်ကမ္ဘာလုံးအာရုံစိုက်သောပွဲဖြစ်ပြီး တရုတ်ပြည်တွင်လည်းဒီအတိုင်းပင်။
နှစ်ပေါင်းများစွာ တရုတ်လူမျိုးများက အမေရိကန်လိုနိုင်ငံများနှင့်တောင်ယှဉ်နိုင်ခဲ့သည်။ ဆုတစ်ခုရတိုင်း တွန်းအားတစ်ခုဖြစ်သည်။
ထိုစိတ်ကြောင့်လည်း လူပေါင်းများစွာအရူးအမူးဖြစ်ကြသည်။
ရွှေတံဆိပ်ဆုရရင် အားကစားသမားများကိုချီးကျူးကြသော်လည်း ဖျားနာခွင့်၊ထိခိုက်ခွင့်၊ကိုယ်ပိုင်သွားလာခွင့်မပေးကြ။
ဖျားနာရင်၊ ထိခိုက်ရင်၊ မယှဉ်ပြိုင်နိုင်ရင်၊ အဆင့်မကောင်းရင် သူတို့ထောက်ပံ့တာနဲ့တန်အောင်မနေဟုခွင့်မလွှတ်နိုင်ဖြစ်ကြမည်။
အရင်ကချီးကျူးခဲ့သလောက် အခုပြန်နင်းကြမည်။
ဥပမာပြောရရင် အရင်ကရွှေတံဆိပ်ဆုများသိမ်းပိုက်ခဲ့သော်လည်း ပြေးပွဲတစ်ခုမှာခြေခေါက်သွားပါက သူ့လုပ်ဆောင်ချက်ကိုမေ့ပြီး ပစ်ပစ်နှစ်နှစ်အပြောခံရမည်။