နေထိုင်ခြင်း
Vol. 141 Ch. 1967
ကျိုးကျိုးသည် မျိုးနွယ်ဝင်များကို ထွက်သွားခိုင်းလိုက်သည်။ သူတို့သည် သူမကို စစ်ဆေးမေးမြန်းရန်မလိုတော့သဖြင့် ရှိနေရန်မလိုတော့ပေ။
“ဘာများမေးစရာရှိလို့လဲ မင်းသမီးလေး”
ရှီမာယူယူသည် ယွင်ရာနှင့် ဖေးယိတို့ကိုကြည့်လိုက်သည်။ ဖေးယိသည် ထွက်သွားမည်ပြုသော်လည်း ယွင်ရာသည် သူ၏ တောက်ပြောင်သော ခုံပေါ် တွင် ထိုင်မြဲထိုင်နေကာ ထွက်သွားရန် ရည်ရွယ်ချက်မရှိသည့်ပုံပင်။ ရှီမာယူယူ သူ့ကို ကြည့်လာသည်ကိုမြင်သောအခါ မျက်ခုံးပင့်ရုံပင့်ပြီး ထွက်မသွားပေ။
ထိုလူများသည် ယွိခဲ့လော့၏ ကြင်နာမှုကို အသိအမှတ်ပြုသည်။ ထို ဆက်ဆံရေးမှာ သူတို့နှင့် သူမအကြားမှာဖြစ်သည်။ ယွင်ရာတို့နှင့် မဆိုင်ပေ။ သူတို့ စိတ်ပြောင်းပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ပါက ပြန်တိုက်ခိုက်ရမည်ကို ပျင်းလှသည်။
တြိဂံဒေသမှ လူများသည် လူကောင်းများမရှိပေ။ လူကောင်းကိုလည်း အရင်က မမြင်ဖူးခဲ့ပေ။
သူ ထွက်မသွားသည်ကို ရှီမာယူယူ မြင်သောအခါ အတင်းနှင်မထုတ် တော့ပေ။ သူမသည် ကျိုးကျိုးကို မေးလိုက်သည် “ခေါင်းဆောင်ကျိုး ကျွန်မ မေးချင်ပါတယ် ကိုးခုမြောက်မရဏာတောင်က ဒီနေရာနဲ့ဝေးလား”
ကိုးခုမြောက်မရဏာတောင်သည် ကိုးခုမြောက်မရဏာမျိုးနွယ်၏ လက် အောက်တွင်ရှိသည်။ သူတို့သည် တစ်ချိန်က တစ္ဆေလောက၏ အစစ်အမှန် အုပ်စိုးသူများ ဖြစ်ခဲ့ကြသည်။
ကျိုးကျိုးနှင့် ယွင်ရာတို့သည် သူမ၏ ရုတ်တရက်ဆန်သော မေးခွန်း ကြောင့် အံ့အားသင့်သွားကြသည်။ သူမက ဘာလို့ ဒီမေးခွန်းမေးရတာလဲ။
“ဘာဖြစ်လို့လဲ ခေါင်းဆောင်ကျိုး ဒီအကြောင်း ပြောပြလို့မရဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“မပြောနိုင်တာမဟုတ်ပါဘူး.. ဒီအတိုင်းပဲ ဒီမေးခွန်းမေးလာမယ်လို့ ထင် မထားလို့ပါ” ကျိုးကျိုး ပြောလိုက်သည် “ကိုးခုမြောက်မရဏာတောင်ကို သွား တာက ကိုးခိုမြောက်မရဏာမျိုးနွယ်ကို ရှာမလို့လား”
“ဟုတ်ပါတယ်” ရှီမာယူယူ ဝန်ခံလိုက်သည်။
“မင်းကို မပြောနိုင်တာမဟုတ်ဘူး ကျုပ်လည်း တကယ်မသိဘူး”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ရှင်တို့က တစ်နယ်တည်းမဟုတ်ဘူးလား.. ကိုးခုမြောက်တောင် ဘယ်မှာရှိလဲဆိုတာကို ဘယ်လိုလုပ် မသိရတာလဲ”
“ကိုးခုမြောက်မရဏာတောင် ပေါ်မလာတာ နှစ်တွေဒီလောက်ကြာနေပြီ သူတို့ရှိတယ်ဆိုတဲ့ သတင်းတွေရှိနေတုန်းပဲဆိုပေမဲ့ အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ.. အခု ကိုးခုမြောက်မရဏာတောင်ရဲ့ နေရာအတိအကျကို ဘယ်သူမှ မသိကြတော့ဘူး.. သိရင်တောင် ဝင်လို့မရဘူး.. ကိုးခုမြောက်မရဏာလောက ကို အပြင်လူမဝင်တာ နှစ်တွေရာချီနေပြီလို့ ပြောကြတယ်” ကျိုးကျိုး ပြော လိုက်သည်။
“နှစ်တွေ ရာချီပြီဟုတ်လား.. အရမ်းချဲ့ကားလွန်းတာမဟုတ်ဘူးလား”
“ဝင်သွားတဲ့လူတွေရှိပေမဲ့ သတင်းထွက်မလာတာမဟုတ်ဘူးလား” ဝူလင်းယူ ခန့်မှန်းလေသည်။
“မဟုတ်ဘူး.. ကိုးခုမြောက်မရဏာတောင်ကို ဝင်သွားချင်ရင် ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ သွေးသားဖြစ်ရမယ်လို့လည်း ပြောကြတယ်.. ပြီးတော့ အပြင်မှာ ကိုးခုမြောက်မရဏာမျိုးနွယ်ကို ကာကွယ်နေတဲ့လူလည်း ရှိ တယ်.. ဒါကို သူတို့ကိုယ်တိုင်ပဲပြောတာပဲ.. သူတို့လည်း ဝင်မသွားရတာ ကြာပြီ တဲ့” ထိုအကြောင်းများသည် တြိဂံဒေသမှ လူတိုင်းသိကြသည့် အကြောင်းဖြစ် သဖြင့် ကျိုးကျိုးသည် ယုံကြည်ချက်ရှိရှိ ပြောနိုင်လေသည်။
ရှီမာယူယူသည် သူမ၏ မေးစေ့ကိုကိုင်လိုက်သည်။ သူမရဲ့ အဘိုးဖြစ်သူ လည်း ဝင်သွားပြီးပြီလား မသိပေ။ ပြီးတော့ အမေ.. သူမလည်း အရင်က သွား ဖူးလား။ သူမရဲ့ အဘွားကရော အခု ကိုးခုမြောက်မရဏာမျိုးနွယ်မှာလား။
“မင်းသမီးလေး ကိုးခုမြောက်မရဏာတောင်ကို သွားချင်လို့လား” ကျိုးကျိုး မေးလိုက်သည်။
“သွားချင်ပါတယ်”
အစကတော့ သူမ ထိုသို့တွေးထားခြင်းမဟုတ်ပေ။ သို့သော် ကိုးခုမြောက် မဏာတောင်သည် ဤနေရာတွင်ရှိကြောင်းကို ထိုနေ့က ယွင်ရာပြောပြခဲ့၏။ ထို့ကြောင့် သူမ သွားကြည့်ချင်စိတ်ရုတ်တရက် ဖြစ်လာသည်။
အစပိုင်း သူမ၏ ဘိုးဘေးကြီး သူမကိုမရဏာစွမ်းအား လွှဲပြောင်းပေးစဉ် က သူမကို ကိုးခုမြောက်မရဏာလောကသို့ သွားစေချင်ခဲ့သည်။ အခု ဒီအဆင့် ထိရောက်လာပြီးမှတော့ အခွင့်အရေးကို ဘယ်လက်လွှတ်ခံလို့ဖြစ်မလဲ။
“ကျွတ် လက်လျော့ဖို့ပဲ ငါအကြံပေးချင်တယ်” ယွင်ရာသည် ရယ်မော လေသည် “ကိုးခုမြောက်မရဏာလောကကို လူတိုင်းသွားတိုင်တာမဟုတ်ဘူး မင်း မကြားဘူးလား အဲဒီကိုဝင်ဖို့ဆို ကိုးခုမြောက်မရဏာမျိုးနွယ်ဖြစ်မှရမယ်”
“ကျွန်မက စဉ်းစားရုံပဲစဉ်းစားတာလေ မရဘူးလား” ရှီမာယူယူသည် သူ့ကို ကြည့်လိုက်သည် “ကျွန်မပြောတာက ဒီမှာဧည့်သည်အဖြစ်နေမှာ.. ဒါပေမဲ့ ရှင်က ရှင်တို့ဝိညာဉ်နယ်မြေကို မပြန်ဘူးလား.. ရှဲဟွမ်က ရှင်တို့ရှိရဲ့သား နဲ့ ပျောက်သွားတာ ရှဲဟွမ်ရဲ့လူတွေက ရှင်တို့ကိုအလွတ်ပေးမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား.. ရှင်တို့ ပြန်ပြီးအခြေအနေကို ဖြေရှင်းသင့်တာမဟုတ်ဘူး လား”
“မင်းမျက်နှာက အပျော်က သိသာလွန်းနေတာမဟုတ်ဘူးလား… နည်းနည်းလောက် ထိန်းပါဦး.. သူ ငါ့ကိုအလွတ်မပေးဘူးဆိုတာ မင်းသိသားပဲ အဲတော့ အခုပြန်စရာအကြောင်းရှိမှာလဲ.. ငါ့ကိုယ်ငါ ပြဿနာရှာသလိုဖြစ်မနေ ဘူးလား… အဲတော့ ဒီမှာပဲ မင်းနဲ့အတူပုန်းနေလိုက်မယ်” ယွင်ရာသည် ကြောက်နေသည့်အလား ပြောသော်လည်း သူ့တွင် စိုးရိမ်မှုများရှိမနေပေ။
“ရှင် ဟန်ဆောင်ချင်တယ်ဆိုလည်း ပိုပြီးပညာရှင်ပီသအောင် လုပ်သင့် တယ်” ရှီမာယူယူသည် အထင်သေးစွာ ပြောလိုက်သည်။
“သူက ဝိညာဉ်မျိုးနွယ်လား… ဒါဆို ဘယ်လိုလုပ် မင်းသမီးလေးနဲ့ အတူ လာဖြစ်သွားတာလဲ” ကျိုးကျိုး မေးလိုက်သည်။
“လောကအသေးထဲမှာတွေ့တာပါ”
“ဒါဆို သူ့သရုပ်မှန်က… ကျုပ်တို့က ခင်ဗျားတို့ကို ဧည့်သည်အဖြစ် လက်ခံထားပေမဲ့ ခင်ဗျားရဲ့သရုပ်မှန်ကိုတော့ သိထားရမယ်.. ဒါက ဒီနေရာရဲ့ စည်းမျဉ်းပဲ”
“သူက ညှို့ယူဂီတဂိုဏ်းရဲ့ ဒုသခင် ယွင်ရာပါ” ရှီမာယူယူ ပြောလိုက် သည်။ ပြီးနောက် ဖေးယိကို ညွှန်ပြကာ ပြောလိုက်သည် “ဒါကတော့ ဝိညာဉ် မျိုးနွယ်ရဲ့ အတော်ဆုံးတည်ဆောက်မှုသခင် ဖေးယိပါ”
“ခင်ဗျားတို့က ယွင်ရာနဲ့ဖေးယိလား”
“ရှင် သူတို့ကိုသိတာပဲ ဒါဆိုရင် ထပ်ပြီး မိတ်ဆက်ပေးဖို့မလိုတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။ တကယ်တော့ သူ သူမကို ထပ်ပြောစေချင်လည်း တခြားအရာ ပြောစရာမရှိပေ။
“ယွင်ရာနဲ့ ဖေးယိတို့ကိုသိတာပေါ့.. ဒီအတိုင်းပဲ အရင်ကမမြင်ဖူးတာပဲ ရှိတာပါ” ကျိုးကျိုးရယ်မောလိုက်သည်။
ထင်မထားဘူး ကျိုးနီဆိုတဲ့ကောင်က ဒီလို ဩချရလောက်တဲ့လူတွေကို တစ်ခါတည်း ဖမ်းလာတာပဲ။ အဲဒါကြောင့် သူတို့က ဒီလောက်ယုံကြည်ချက် တွေရှိနေကြတာပဲ။
ကံကောင်းစွာပင် မင်းသမီးလေးသည် တိုက်ခိုက်ရသည်ကို သဘောကျ သူ မဟုတ်ပေ။ မဟုတ်လျှင် အကျိုးဆက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
“ကျွန်တော်တို့အတွက်တော့ စိတ်မပူပါနဲ့ သူတို့နဲ့ပဲ နေလိုက်ပါမယ်” ယွင်ရာ ပြောလိုက်သည်။
ထိုအချိန်တွင် ကျိုးဟွေ့ပြန်ရောက်လာပြီး ဧည့်သည်ဆောင်မှာ အသင့် ဖြစ်သဖြင့် ဧည့်သည်များကို လာရန်ဖိတ်ခေါ်လေသည်။
ကျိုးကျိုးသည် သူတို့ကို ကိုယ်တိုင်လိုက်ပို့ပြီး တစ်ခုခုလိုအပ်သည်ရှိသော် ပြောရန် မှာကြားလေသည်။ သူကိုယ်တိုင် လှည့်ပတ်လိုက်ပြမည်ဟုပင် ပြော သွားသေးသည်။
“ခေါင်းဆောင်ကျိုး ရှင်လည်း အလုပ်များနေတာ ကျွန်မတို့ကို စိတ်ပူဖို့ မလိုပါဘူး.. ကျွန်မတို့ လမ်းလျှောက်သွားချင်ရင် သွားလိုက်ပါမယ်.. ကန့်သတ် ထားတဲ့ နေရာတို့ဘာတို့ ရှိရင်သာ ကြိုပြောပေးထားပါ” ရှီမာယူယူ ပြောလိုက် သည်။
“ဟုတ်ပြီ” ကျိုးကျိုးသည် ကျိုးမိသားစု၏ ကန့်သတ်နယ်မြေများ အကြောင်းပြောပြီး တစ်ခုခုလိုအပ်လာပါက သူ့ကိုခေါ်ရန် ပြောသွားလေသည်။
ကျိုးကျိုး ထွက်သွားတော့မည်အပြုတွင် ရှီမာယူယူသည် သူ့ကိုခေါ်ပြီး ပြောလိုက်သည် “ခေါင်းဆောင်ကျိုး ရှင်တို့နေရာမှာ လွတ်သွားတဲ့လူက ရှီယွိလို့ ခေါ်တယ်.. သူက ရှောင်ဟော်ရဲ့လက်အောက်က စစ်ဦးစီး ၁၀ ယောက်ထဲက တစ်ယောက်ပဲ သူက တြိဂံဒေသကို ရတနာတချို့လာရှာတာပဲ.. အခု သူက ရှင် တို့ နယ်နိမိတ်ကနေ ထွက်သွားပါပြီ”
သူမသည် ထိုလူ၏ သရုပ်မှန်နှင့် တည်နေရာကိုပါ ပြောပြလိုက်သည်။ သူ့ နောက်သို့ ဆက်လိုက်သည် မလိုက်သည်ကတော့ သူတို့အပေါ်မှာပင် မူတည် တော့သည်။
ကျိုးကျိုးသည် ကျေးဇူးတင်စကားပြောပြီး ထွက်သွားလေသည်။
“ငါပြောဦးမယ် ဘာလို့ ဒီမှာနေချင်တာလဲ” ယွင်ရာသည် သူမကို မေးလေ သည်။
“နေတာကောင်းမယ်ထင်လို့လေ” ရှီမာယူယူသည် သူ့ကို ပြန်ဖြေလေ သည် “ကျွန်မပြောဦးမယ်.. ဘာလို့ ကျွန်မနောက်လိုက်ပြီး ဒီမှာနေတာလဲ”
“နေတာကောင်းမယ်ထင်လို့လေ” ယွင်ရာသည် သူမစကားအတိုင်း ပြန်ဖြေပြီး သူမ၏ ဒေါသကိုဆွလေသည်။
တကယ်တော့ ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် နားလည်ခဲ့ သည်။ အခြေအနေတစ်ခုလုံးကို နားမလည်ဘဲနှင့် အလွယ်တကူ ထွက်သွားနိုင် မည်မဟုတ်ပေ။ သူတို့လုပ်မည့်ကိစ္စလည်းမဟုတ်ပေ။
“မင်း ရှီယွိနဲ့ ဆန့်ကျင်ချင်တုန်းပဲလား” ယွင်ရာ မေးလိုက်သည်။
“ဟင်း ကျွန်မက သူနဲ့ဆန့်ကျင်ချင်တယ်ဆို ဘာဖြစ်လဲ.. ရှင်က ကျွန်မကို ကူညီချင်လို့လား” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည် “မဟုတ်ရင် ကျွန်မကို ပြောပြဖို့ အစီအစဉ်ရှိလို့လား”
“တစ်ခုမှမဟုတ်ဘူး” ယွင်ရာသည် အကြောဆန့်ပြီး ပျင်းရိစွာ ပြောလေ သည် “ငါက ပွဲကြည့်မလို့”
“ရှင်က ကျွန်မနောက်လိုက်ချင်မှတော့ ကျွန်မကိုတော့ ပြဿနာလာရှာ မပေးနဲ့.. ခါးသီးတဲ့ အမှန်တရားကိုတော့ ပြောထားလိုက်မယ်.. ရှင်တစ်ခုခုဖြစ် ရင် ကျွန်မကူညီမှာမဟုတ်ဘူး.. တခြားကိစ္စရှိရင် ကိုယ့်ဘာသာပဲလုပ်ပါ” ရှီမာယူယူသည် ပြောပြီးသည်နှင့် ဝူလင်းယူနှင့်အတူ အခန်းထဲသို့ ဝင်သွားလေ သည်။ သူတို့ ဝင်သွားသည်နှင့် သူမ ပြောလိုက်သည် “လင်းယူ ဖူရှီကို အမြန်ခေါ် လိုက်ပါ သူ့အခြေအနေကိုကြည့်ရအောင်”
ဝူလင်းယူသည် လောကအသေးကိုဖွင့်ပြီး ဖူရှီကို ခေါ်ထုတ်လိုက်သည်။
“မိုယွိ လင်းယူ နောက်ဆုံးတော့ ငါ့ကိုခေါ်ထုတ်ပြီပေါ့ ဒီရက်တွေမှာ မင်းတို့ အဆင်ပြေကြရဲ့လား” ဖူရှီသည် ထွက်လာသည်နှင့် မေးလေသည်။
ဝူလင်းယူ ဒဏ်ရာရသည်ကို သူ လောကအသေးမှနေ၍ ခံစားမိသည်။ ထို့ကြောင့် စိုးရိမ်နေခဲ့ခြင်းပင်။ သူမ တစ်စုံတစ်ရာဖြစ်မလားဟု သူ အမြဲတမ်း သိချင်ခဲ့သည်။ သူသည်လည်း အပြည့်အဝပြန်မကောင်းသေးပေ။
“ငါ အဆင်ပြေပါတယ်…” ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည် “မင်း ထိုင်လိုက်ဦး ငါ မင်းခန္ဓာကိုယ်ကို စစ်ဆေးကြည့်ဦးမယ်”
***