အတိတ်က ရယူခဲ့တယ် ၊ အခုတော့ ပြန်လည် ပေးဆပ်မယ်
Vol. 3 Ch. 215
ဆန်းလျန် ဝိညာဉ်မြစ်ထဲတွင် ရေငုပ်သည့် အခါတိုင်း ကူးချိုင်ဝေ့က အင်္ကျီ ဝတ်မထားသည့် ဆန်းလျန်၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို မြင်ဖူးနေကျပင် ဖြစ်လေသည်။ သို့သော် သူမက ဆန်းလျန်ကို သူမ၏ မောင်ငယ်လေး တစ်ယောက်ပမာ သဘောထားသည့် အတွက် သူမရင်ထဲ မည်သို့မျှ မခံစားခဲ့ရပေ။ သူမ၏ ရင်ထဲတွင် ဆန်းလျန်သည် သူမ သင်ပြပေးရသည့် မောင်ငယ်လေး တစ်ယောက်ဟုသာ အမြဲတမ်း သဘောထားခဲ့သူ ဖြစ်လေသည်။
သို့သော် ဆန်းလျန် ဟိုင်သန်းအဆင့် အောင်မြင်ပြီး ချင်းရွှမ်တောင်ပေါ်သို့ ပြန်ရောက် လာပြီးသည့်နောက် ထိုမောင်ငယ်လေးသည် သူမလေးစားရသည့် ဂိုဏ်းချုပ် တစ်ယောက် ဖြစ်လာခဲ့လေသည်။ ဆန်းလျန်အပေါ်တွင် သူမ၏စိတ်များ မပြောင်းလဲရအောင် ထိန်းသိမ်းထားသည့်တိုင် ယခု ဆန်းလျန်က သူမ၏ လက်အစုံကို စုပ်ကိုင်ထားသည့် အခါတွင်တော့ ရင်ခု န်စိတ်လှုပ်ရှား မိသည်က အမှန်ပင် ဖြစ်လေသည်။
ဆန်းလျန်ကတော့ ကူးချိုင်ဝေ့အပေါ်တွင် ထူးဆန်းသည့် သဘောထားများ မရှိပါ။ သူက ကူးချိုင်ဝေ့၏ စိတ်ဝိညာဉ် လှုပ်ခတ်သွားသည်ကို ခံစားမိသည့်တိုင် ကူးချိုင်ဝေ့၏ ခံစားချက်များကိုတော့ သတိထားမိခြင်း မရှိပေ။
"အစ်မ ၊ သတိထား မိလားဟင်"
ဆန်းလျန်က မေးလိုက်လေသည်။
ဆန်းလျန်ဆီမှ အမေးစကားသံကို ကြားရမှ ကူးချိုင်ဝေ့ သတိ ပြန်ဝင်လာသည်။
ကူးချိုင်ဝေ့ မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် တစ်ချက်လုပ်လိုက်ပြီး သူမ၏ လှပသည့် မျက်ဝန်းများဖြင့် ချောမောလွန်းသည့် ဆန်းလျန်၏ မျက်နှာကို မော့ကြည့် လိုက်လေသည်။ ဆန်းလျန်က ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည့် အချိန်တွင်တော့ သူမက ဆန်းလျန်အတွက် လက်ဖက်ရည်ကြမ်း တစ်ခွက် ငှဲ့ပေးလိုက်သည်။ လက်ဖက်ခြောက် ရနံ့လေးသည် ခန်းမ အတွင်းတွင် ပျံ့နှံ့နေပြီး စိတ်ကို ငြိမ်းချမ်းစေလေသည်။
ဆန်းလျန်က လက်ဖက်ရည် တစ်ငုံကို သောက်လိုက်သည့် အချိန်တွင် ကူးချိုင်ဝေ့က ဖြည်းညင်းစွာ မေးလိုက်သည်။
"ဂိုဏ်းချုပ် ၊ ဘာပြောလိုက်တာလဲဟင်"
ရင်ခုန်စိတ်လှုပ်ရှားမှုကို ရုတ်တရက် ခံစားလိုက်ရသည့် အတွက် ဆန်းလျန် ဘာမေးလိုက်မှန်း သူမ မသိလိုက်ပေ။
ထို့ကြောင့် သူမက ဆန်းလျန်ကို လက်ဖက်ရည်ကြမ်း တစ်ခွက်ငှဲ့ပေးပြီး မသိသလို လုပ်ကာ မေးခွန်း ပြန်မေးလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ အစ်မဖြစ်သူ၏ ထူးထူးဆန်းဆန်း အပြုအမူကြောင့် အနည်းငယ် အံ့သြ သွားရလေသည်။ ဆန်းလျန်က သူမလက်ကို ကိုင်လိုက်သည်မှာ သူ၏ ကိုယ်တွင်းမှ ထိုက်ရွှီး တန်ခိုးစွမ်အားများ မည်မျှ မြင့်မားနေသည်ကို သတိထားမိ စေလိုသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် "သတိထားမိလား" ဟု ဆန်းလျန်က ကူးချိုင်ဝေ့ကို မေးလိုက်ခြင်း ဖြစ်သည်။ ယခုတော့ ကူးချိုင်ဝေ့၏ နားမလည်သလို ပုံစံကြောင့် ဆန်းလျန်မှာ သေချာရှင်းပြရန် ဆုံးဖြတ်လိုက်ရတော့သည်။
"အစ်မ ၊ ဗုဒ္ဓဘုရားက ရွှေရောင်ကြာပန်းကို လှမ်းယူလိုက်တဲ့ အချိန်မှာ ၊ မဟာကျားရဲ့ ကိုယ်တော်ကြီး ပြုံးတော်မူတဲ့ အကြောင်းကို သိတယ်မဟုတ်လား ၊ အဲဒါ ရင်ထဲက တရားဓမ္မကို ဖြန့်ဝေပေးခြင်း ဆိုတဲ့ အဓိပ္ပာယ်ပဲ ၊ အဲဒီလိုပဲ ကျွန်တော်ကလည်း အစ်မနဲ့ စိတ်ချင်းဆက်သွယ်ပြီး ကျွန်တော့်ရင်ထဲက ကျင့်စဉ်လမ်း အဓိပ္ပာယ်ကို အစ်မကို သိမြင်စေချင်တယ်"
ဟု ဆန်းလျန်က ရှင်းပြလိုက်သည်။
အလွန်ဉာဏ်ရည် ထက်မြက်လွန်းသည့် ကူးချိုင်ဝေ့သည် ဆန်းလျန် ဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက် သွားလေသည်။
သူမက သက်ပြင်း တစ်ချက်ချလိုက်ရင်း…
"မင်းက မင်းရင်ထဲက ကျင့်စဉ်လမ်း အဓိပ္ပာယ်ကို အစ်မကို လွှဲပြောင်းပေးမလို့လား"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"အစ်မ ၊ အရင်တုန်းကဆိုရင် အစ်မက ကျွန်တော့်ကို ပညာသင်ပေးတာလေ ၊ ခုတော့ ကျွန်တော် အစ်မကို ကျေးဇူးဆပ်ရမယ့် အချိန်ကျပြီ ၊ အပြန်အလှန်ပေါ့ အစ်မရယ်"
ဆန်းလျန်၏ ပြောဆိုပုံက ရှင်းလင်း ပြတ်သားလွန်းသည်။ ထိုစကားကြောင့် ကူးချိုင်ဝေ့၏ ရင်တွင်းမှ စိုးရိမ်စိတ်များလည်း လွင့်စင် ပျောက်ကွယ် သွားရလေသည်။
ဆန်းလျန်၏ သဘောထားကတော့ ရိုးရှင်းသည်။ တစ်ချိန်က အစ်မဖြစ်သူသည် သူ့အပေါ်တွင် ကျေးဇူး ရှိခဲ့ဖူးသည်။ ယခု ထိုကျေးဇူးကို ပြန်ဆပ်မည်ဆိုသည့် သဘောသာ ဖြစ်လေသည်။
ကူးချိုင်ဝေ့ တိတ်ဆိတ်ငြိမ်သက် နေလေသည်။ အဘယ်ကြောင့် ဆိုသော် စိတ်လှုပ်ရှား နေသောကြောင့် ဖြစ်လေသည်။ လူတစ်ယောက်၏ ရင်ထဲမှ ကျင့်စဉ်လမ်း အဓိပ္ပာယ်ကို အခြားတစ်ယောက်၏ ရင်ထဲသို့ တိုက်ရိုက် လွှဲပြောင်းပေးခြင်းသည် လွယ်ကူသည့် ကိစ္စမဟုတ်ပေ။
ထိုသို့ လွှဲပြောင်းပေးလျှင် သူမ၏ စိတ်ဝိညာဉ်သည် ဆန်းလျန်၏ စိတ်ဝိညာဉ်နှင့် တစ်သားတည်းကျအောင် ပေါင်းစပ်သွားမည် ဖြစ်ပြီး တစ်ယောက်၏ စိတ်ကို တစ်ယောက်က အလုံးစုံ ထိုးဖောက် မြင်တွေ့နိုင်မည် ဖြစ်လေသည်။
ဆန်းလျန်က ကျင့်စဉ်လမ်း အဓိပ္ပာယ်ကို သူမကို လွှဲပြောင်းပေးမည်ဟု ပြောခြင်းမှာ သူမအပေါ်တွင် ဆန်းလျန်၏ သဘောထားသည် တိမ်ကင်းစင်သည့် လမင်းမပါ ကြည်လင်သန့်စင် လွန်းသောကြောင့် ဖြစ်လေသည်။ ကူးချိုင်ဝေ့သည် မောင်ငယ်ဖြစ်သူ အပေါ်တွင် ရင်ခုန် စိတ်လှုပ်ရှားမိသည့် အတွက် သူမကိုယ်သူမ စိတ်ပျက်သွားမိလေသည်။
သို့သော် ကူးချိုင်ဝေ့ အနေဖြင့် ဆန်းလျန်အပေါ် တစ်ခဏမျှ စိတ်လှုပ်ရှားရသည့် အကြောင်းရင်းကို သူမကိုယ်သူမ အဖြေရှာ၍ မရသေးပါ။
သူမက လက်ဖက်ရည်ကြမ်း တစ်ငုံ သောက်လိုက်ရင်း…
"အစ်မ မငြင်းပယ် ချင်ပါဘူး"
ဟု ပြောလိုက်လေသည်။
ကျင့်စဉ်လမ်း အဓိပ္ပာယ်ကို လွှဲပြောင်းပေးတိုင်းလည်း ဟိုင်သန်းအဆင့် တက်ရောက်နိုင်မည်ဟု ယူဆ၍မရပေ။ သို့သော် သူတို့ နှစ်ယောက်လုံးမှာ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံသူများ ဖြစ်သည့် အတွက် စိတ်စွမ်းအားခြင်း ဆက်သွယ်မှုရှိသည်က တစ်ကြောင်း၊ ဆန်းလျန်က ယောကျ်ားလေးဖြစ်ပြီး ကူးချိုင်ဝေ့က မိန်းကလေး ဖြစ်သည့်အတွက် သူတို့ နှစ်ယောက်၏ စိတ်ဝိညာဉ် ပေါင်းစပ်သည့်အခါ ယင်နှင့်ယန်စွမ်းအား၏ မတူညီမှု ထွက်ပေါ်လာပြီး အမြင့်ဆုံး တန်ခိုးစွမ်းအား ထွက်ပေါ်လာနိုင်သည်က တစ်ကြောင်း၊ ထိုအကြောင်း နှစ်ရပ်ကြောင့်သာ ကျင့်စဉ်လမ်းအဆင့် တက်လှမ်းနိုင်မည်ဟု မျှော်လင့်ရခြင်း ဖြစ်လေသည်။
ကျင့်စဉ်လမ်း အဓိပ္ပာယ် လွှဲပြောင်းပေးလျှင် ကူးချိုင်ဝေ့သည် ဆန်းလျန်ဆီမှ ကျင့်စဉ် အောင်မြင်ရသည့် လျှို့ဝှက်ချက်ကို သိရှိနိုင်မည် ဖြစ်လေသည်။
ငါးနှစ်တာ ကာလအတွင်းတွင် ဆန်းလျန်မှာ သူ၏ တန်ခိုးစွမ်းအားများ မြင့်မားရန် အတွက်သာ ကျင့်ကြံခဲ့သည် မဟုတ်ခဲ့ပေ။ ကျင့်စဉ်လမ်းကို ပိုပြီး ပြည့်စုံစေရန် အတွက် လျှို့ဝှက် နည်းလမ်းများကိုလည်း သုတေသနပြု ရှာဖွေနေခဲ့လေသည်။
ဆန်းလျန်က ကူးချိုင်ဝေ့ကို စိုက်ကြည့်လိုက်ရင်း…
"အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်ရှိတာပဲ မဟုတ်လား အစ်မ၊ ကျွန်တော်က အစ်မကို နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ အထိ မျှော်လင့်ထားတာ"
ဟု ပြောလိုက်လေသည်။
ကူးချိုင်ဝေ့သည် ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းထားနိုင်သည့်တိုင် ဟိုင်သန်း အဆင့်သို့သာ တက်ရောက်နိုင်ခြင်း မရှိလျှင် အသက် သိပ်ရှည်နိုင်မည် မဟုတ်တော့ပေ။ မကြာမီပင် ဘဝအဆုံးသတ်ရမည့် အချိန်သို့ ရောက်ရှိ လာတော့မည် ဖြစ်လေသည်။
ထိုက်ရွှီးနည်းဗျူဟာ၏ ထူးခြားချက်မှာ ထိုက်ရွှီးနည်းဗျူဟာကို ကျင့်ကြံသူသည် ပြင်ပ ပြဒါးရှင်ကို အသုံးပြုပြီး ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိပေ။
ထို့ကြောင့်ပင် ထိုက်ရွှီး နည်းဗျူဟာကို တီထွင်ခဲ့သူ ဆရာဘွားဘွား လီချင်းဆွေပြီးလျှင် ထိုက်ရွှီး နည်းဗျူဟာဖြင့် ဟိုင်သန်းအဆင့် တက်ရောက်နိုင်သူမှာ သုံးယောက်သာ ထွက်ပေါ်သေးခြင်း ဖြစ်လေသည်။ ကျိလင် ၊ ပိယွင် နှင့် ဆန်းလျန်တို့ ဖြစ်လေသည်။
ဆန်းလျန်၏ အပြောလေးကြောင့် ကူးချိုင်ဝေ့ မရယ်မောဘဲ မနေနိုင်တော့။
"ဟုတ်ပါပြီ ၊ မင်းပြောနေတာတွေ တော်ပါတော့ ၊ မင်းက အစ်မကောင်းဖို့ အတွက် လုပ်ပေးချင်တာပဲ ၊ အစ်မ ဘယ်လိုလုပ် ငြင်းနိုင်မလဲ"
အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့် အားလျော်စွာ ကူးချိုင်ဝေ့သည် သူမ၏ စိတ်လှုပ်ရှားမှုများကို ချက်ချင်း ဖယ်ရှားပစ် လိုက်လေသည်။ ဆန်းလျန်၏ သူမအပေါ်တွင် ထားရှိသည့် စေတနာ အမှန်ကိုလည်း အလေးထားမိ လိုက်သည်။
"ပြီးတော့ အစ်မ ဟိုင်သန်းအဆင့် အောင်မြင်သွားရင် ကျွန်တော့်အတွက်လည်း အကျိုးရှိတယ်လေ၊ ချင်းရွှမ်နတ်တံခါး အတွက်ရောပေါ့၊ ကျွန်တော့်မှာက လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ တကယ်တော့ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ဟာ ဟိုင်သန်းအဆင့်တက်ဖို့ ခက်ခဲတာဟာ သဘာဝပဲ၊ ဒါကြောင့် အစ်မ အဆင့်တက်ဖို့ အတွက် ဆန်းလျန် တခြား နည်းလမ်း မစဉ်းစားတတ်တော့ဘူး"
ဟု ဆန်းလျန်က ထပ်ရှင်းပြ နေပြန်သည်။
ကူးချိုင်ဝေ့မှာ မောင်ငယ် ဖြစ်သူကို ကြည့်ရင်း ပြုံးလိုက်မိလေသည်။
သူမက ဆန်းလျန်ကို ရှင်သန်စေခြင်း ကျောင်းတော်နှင့် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြောပြ လိုက်လေသည်။ မည်သို့ပင် ဆက်သွယ်၍ ရသည့် နည်းလမ်းပေါင်းများစွာ ရှိသည့်တိုင် မျက်နှာချင်းဆိုင် ပြောရသည်က ပိုပြီး ကောင်းလေသည်။
မိုင်ငါးထောင် ပတ်လည်အတွင်းမှ ကျင့်ကြံသူများသည် ရှင်သန်စေခြင်း ကျောင်းတော်ကို လွန်စွာမှ အားကိုးကြလေသည်။ သူတို့က ရှင်သန်စေခြင်း ကျောင်းတော်၏ အလုပ်များကို ကူညီ လုပ်ကိုင်ပေးကြသလို တရား ဆွေးနွေးခြင်းများလည်း ပြုလုပ်ကြသည်။ သို့သော် ရှင်သန်စေခြင်း ကျောင်းတော်၏ တည်နေရာက ကောင်းမွန်ခြင်း မရှိပေ။ ထို့ကြောင့် စွဲဆောင်မှု သိပ်မရှိ ဖြစ်နေရသည်။
ထို့ကြောင့် ရှင်သန်စေခြင်း ကျောင်းတော်တွင် အလွန်တော်သည့် ကျင့်ကြံသူများ မရှိသလို ပုံမှန်မဟုတ်သည့် ကျင့်ကြံသူများမှာလည်း ကျင့်စဉ်လမ်းအဆင့် တက်နိုင်ရန် ခက်ခဲ နေရလေသည်။
ကူးချိုင်ဝေ့၏ စကားများကို ဆန်းလျန်က နားထောင်ပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားလိုက်သည်။
"အစ်မ ၊ အစ်မက ဒီကျောင်းတော်မှာ အများကြီး ကြိုးစားခဲ့တာပဲ ၊ ဒီဒေသမှာ ဖြစ်နေတဲ့ ပြဿနာက မိုးမြေစွမ်းအားတွေ နည်းပါးလို့ ဖြစ်နေရတာ၊ အဲဒီပြဿနာကို မကြာခင် ဖြေရှင်းပေးပါ့မယ်၊ ဒါပေမယ့် အစ်မက တစ်ခုတော့ သတိထားရမယ်"
"ဘာများ သတိထားရမှာလဲ"
ကူးချိုင်ဝေ့က ပြန်မေးလိုက်သည်။
"ဂိုဏ်းအတွက် ဆိုတာထက် ကျင့်စဉ်လမ်းကလည်း အရေးကြီးပါတယ် ၊ ကျင့်ကြံသူ တစ်ယောက်အတွက် ကျင့်စဉ်လမ်းထက် အရေးကြီးတာ ဘာမှ မရှိပါဘူး"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် ထိုစကားမျိုး မပြောသင့်ကြောင်း ဆန်းလျန် သိပါသည်။ သို့သော် ကူးချိုင်ဝေ့မှာ ချင်းရွှမ်နတ်တံခါး တိုးတက်ရာ တိုးတက်ကြောင်း တစ်ခုတည်း အတွက်သာ အချိန်များ ကုန်ဆုံးနေခြင်းမျိုး မဖြစ်စေလိုပေ။
လူတစ်ယောက်၏ ဘဝတွင် လုပ်စရာ အလုပ်ပေါင်းများစွာ ရှိလေသည်။ သို့သော် ဘဝသည် သက်တမ်းအရ တိုတောင်းသည့် အတွက် သာမန် လူတစ်ယောက် အနေဖြင့် အလုပ် တစ်ခုတည်းကိုသာ အာရုံစိုက်ဖို့ လိုလေသည်။ သို့သော် ကျင့်ကြံသူများကတော့ သာမန်လူသားများနှင့် မတူပေ။ ကျင့်ကြံသူများမှာ အသက်ရှည်နိုင်သမျှ ရှည်အောင် နေထိုင်နိုင်ပြီး လောကတွင် လုပ်စရာများစွာကို လုပ်နိုင်လေသည်။ သဘာဝ အလှတရားများစွာကိုလည်း ခံစားနိုင်လေသည်။
ထို့ကြောင့် မိမိဂိုဏ်း တိုးတက်ရေး အတွက် အာရုံစိုက်သည်မှာ မမှားသည့်တိုင် ကိုယ့်အတွက်လည်း ကိုယ် ကြည့်ရမည် ဖြစ်လေသည်။
ဆန်းလျန်၏ စကားကြောင့် ကူးချိုင်ဝေ့ရင်ထဲတွင် ထိရှသွားလေသည်။ ဆန်းလျန်ပြောသည့် စကားမျိုးကို ဆရာသခင် ကျန်းရော့ရွှီး တစ်ခါမှ ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် ထိုစကားများမှာ ဆရာဘိုးဘိုးယွမ်ချင်း၏ စကားများ ဖြစ်နေလေသည်။ ဆရာဘိုးဘိုး ယွမ်ချင်းသည် တောတောင် ရေမြေများကို ဖြတ်ကျော်ကာ နတ်ဘုရား တစ်ပါးဖြစ်ရန် အတွက် ကျင့်စဉ်လမ်းကိုသာ တစ်စိုက်မတ်မတ် ရှာဖွေခဲ့သူ ဖြစ်လေသည်။
ကူးချိုင်ဝေ့က ထိုအကြောင်းကို ဆက်မပြောချင်သည့် အတွက် စကားလမ်းကြောင်း လွှဲလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်လလောက်နေရင် ဒီမှာ နတ်ဘုရား ဈေးပွဲတော်ရှိတယ်၊ အဲဒီမှာ နတ်ဘုရား သင်္ချိုင်းက ရှားပါးပစ္စည်းတွေ ရှိတတ်တယ် ၊ အစ်မက မင်းကို အဲဒီသတင်း ပြောမလို့ပဲ ၊ မင်းက ရောက်လာတာနဲ့ အတော်ပဲ ဖြစ်သွားတယ် ၊ အဲဒီမှာ လျှောက်ကြည့်ပြီး ပစ္စည်းကေင်းတွေ တွေ့ရင် ယူခဲ့ပေါ့"
ချင်းရွှမ်နတ်တံခါးသည် ပြည့်စုံပြီးသား နတ်ဘုရားဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်သည့် အတွက် သာမန် ဝိညာဉ်စွမ်းအား ပစ္စည်းလေးများကို အရေးမထားတတ်ပေ။ သို့သော် နတ်ဘုရားသင်္ချိုင်းမှ ပစ္စည်းများကိုတော့ စိတ်ဝင်စားလေသည်။ ထို့ပြင် နတ်ဘုရားသင်္ချိုင်းမှာ မိုးနှင့်မြေကြားတွင် စီးမျောနေသည့် နေရာတစ်ခု ဖြစ်ပြီး တစ်နေရာတည်းတွင် အတည်တကျ မရှိပေ။
လုကျိုးယွမ် နတ်ဘုရား မဖြစ်ခင်က နတ်ဘုရားသင်္ချိုင်းသို့ ဝင်ရောက်ခဲ့ဖူးလေသည်ဟု ကောလဟလများ ရှိလေသည်။ အချို့လူများက လုကျိုးယွမ် နတ်ဘုရားတစ်ပါး အဖြစ် အဆင့် တက်ရောက်နိုင်ခြင်းမှာ ထိုနတ်ဘုရား သင်္ချိုင်းနှင့် ဆက်စပ်မှု ရှိနေသည်ဟုပင် ပြောဆိုကြလေသည်။
***