ပစ်ခတ်ခြင်း
Vol. 47 Ch. 691
ခွေးမည်းဟူသည့် အမည်ကို ကြားလိုက်ရသည်နှင့် ကောင်းမင်၏ နားများ ထောင်မတ်သွားတော့သည်။ ကင်မရာကို သူ့အင်္ကျီကော်လာအောက်တွင် ဝှက်လိုက်ပြီး အသာလေး ကပ်သွားလိုက်သည်။
"ငါ့မောင်လေး သေတော့မယ်၊ သူက ညဘက်ဆို အရူးအမူးဖြစ်နေတာ၊ ဆေးပမာဏကို ဒီထက် ထပ်လျှော့မယ်ဆိုရင် သူကိုယ်တိုင် သူ့ရဲ့ နက်မှောင်နေတဲ့ နှလုံးသားကို ဆွဲထုတ်မိလိမ့်မယ်"
"အဲ့ဒါ ငါနဲ့ ဘာဆိုင်လဲ၊ မင်းတို့ မောင်နှမက ဒီလမ်းကို ရွေးခဲ့တာပဲ၊ မင်းက အသုံးဝင်နေသေးလို့သာပေါ့၊ မဟုတ်ရင် ဘော့စ်က အသုံးချပြီးတာနဲ့ မင်းကို သားသတ်ရုံကို တန်းပို့ပစ်လိုက်မှာ"
ခွေးမည်း၏ အသံမှာ ယုတ်မာမှုများဖြင့် ပြည့်နှက်နေသည်။
"မင်းကိုယ်မင်း ထူးခြားတယ်လို့ တကယ်ကြီး ထင်နေတာလား၊ လွှတ်စမ်းပါ"
"ငါ့ကို ဆေးပေး၊ မဟုတ်ရင် နင်တို့ဘောစ့်ကို ငါနဲ့ နင့်အကြောင်းတွေ အကုန်ပြောပစ်မယ်"
အမျိုးသမီး၏ အသံက တဖြည်းဖြည်းနှင့် စိတ်လွတ်လာသလို စတင်အော်ဟစ်လာသည်။
"သွားတိုင်လေ… ငါ့ကိုယုံလိုက်၊ မင်း အဲ့ဒီလိုလုပ်ရင် ပိုတောင် မြန်မြန်သေသွားဦးမယ်"
ခွေးမည်းက အမျိုးသမီး၏ လည်ပင်းကို ညှစ်ကာ နံရံတွင် ဆောင့်ကပ်လိုက်သည်။ ရေချိုးတဘက် ကျွတ်ကျသွားသော်လည်း သူ၏ မျက်လုံးများက ရဲရဲနီနေလေသည်။ သူ့အတွင်းပိုင်းမှ အသံတစ်ခုက ဖြစ်ညစ်ထွက်လာသလိုပင်။သူ့မျက်လုံးများထဲတွင် အနက်ရောင်လိုင်းလေးများ တွားထွက်လာသည်။
"ငါတို့အားလုံး ဆေးလိုအပ်တယ်၊ ဒါပေမဲ့ တစ်လတစ်လ ထုတ်လုပ်မှုက အရမ်းနည်းတယ်၊ ဘယ်လိုလုပ် လုံလောက်မှာလဲ၊ မင်းတို့လို လောဘကြီးတဲ့ မိန်းမပျက်တွေက တကယ်မုန်းစရာပဲ၊ ချီးပဲ ၊ မင်း သေသင့်တယ်"
အမျိုးသမီး၏ အသံက တဖြည်းဖြည်း တိုးတိမ်သွားပြီး နောက်ဆုံးတွင် လုံးဝ အသက်ကင်းမဲ့သွားတော့သည်။ ခွေးမည်းက သူ့လက်များကို ဖယ်လိုက်ပြီး အလောင်းကို အတွင်းခန်းထဲသို့ ဆွဲသွင်းသွားသည်။ သူ့မျက်လုံးထဲရှိ အနက်ရောင်လိုင်းများလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူ ဖုန်းကို ထုတ်ကာ ဆက်သွယ်လိုက်သည်။
"သန့်ရှင်းရေးသမား နှစ်ယောက်လောက် လိုချင်တယ်၊ ပိုက်ဆံက ပြဿနာမရှိဘူး၊ အမြန်သာ လာခဲ့"
ပြန်စာရပြီးနောက် ခွေးမည်းက ဖုန်းချလိုက်သော်လည်း ဒေါသက မပြေသေးပေ။
"အဲ့ဒီကတည်းက သတ်ပစ်လိုက်ရမှာ၊ အခုထိ ငါ့ကို ခြိမ်းခြောက်နေသေးတယ်"
သူသည် တစ်ခုခုကို ကောက်ပေါက်ရန် ပြင်လိုက်သော်လည်း တံခါးမှာ ပွင့်နေဆဲဖြစ်ကြောင်း သတိထားမိသွားသည်။သူ့မျက်နှာက ပို၍ မည်းမှောင်သွား၏။
ခွေးမည်းသည် ဖိနပ်မစီးဘဲ တံခါးနားသို့ အသာအယာ တိုးကပ်သွားပြီးနောက် ရုတ်တရက် ဆွဲဖွင့်ကာ ကော်ရစ်ဒါကို ဝေ့ကြည့်လိုက်သည်။
အခန်းတံခါးများအားလုံး ပိတ်နေပြီး လုံခြုံရေးများလည်း ရောက်မလာပေ။ သူ သက်ပြင်းချလိုက်ပြီး အဝတ်အစားနှင့် ဖိနပ်များကို အလျင်အမြန် ဝတ်ကာ ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ဆင်းသွားတော့သည်။
တစ်မိနစ်ခန့် ကြာပြီးနောက် ကောင်းမင်က လှေကားထောင့် တစ်ဖက်မှ ထွက်လာလေသည်။ သူသည် ကော်ဇောပေါ်တွင် တင်ထားသည့် ကင်မရာကို ကောက်ယူလိုက်သည်။
"ထောင့်က သိပ်မမှန်တော့ ပုံရိပ်က နည်းနည်းဝါးနေတယ် ၊ဒါပေမဲ့ ဒါက သက်သေဖြစ်နေတုန်းပဲ"
ကောင်းမင် ထိုအခန်းထဲသို့ မဝင်ပေ။ သူ၏ ဤနေရာသို့ လာရင်းရည်ရွယ်ချက်ကို မမေ့ထားပေ။
အခန်း ၄၀၁၇ ဆီသို့ လျှောက်သွားရင်း ကောင်းမင်သည် တံခါးနားတွင် အရင်နားကပ်ကာ နားထောင်လိုက်သည်။ စတုတ္ထထပ်ရှိ အခန်းများ၏ အသံလုံစနစ်မှာ အလွန်ကောင်းမွန်လှသည်။ ခွေးမည်းသာ တံခါးဖွင့်မလာခဲ့လျှင် ကောင်းမင်သည် သူတို့ စကားများနေသည်ကို လုံးဝ ကြားရမည် မဟုတ်ပေ။
ကင်မရာကို တပ်ဆင်လိုက်ပြီးနောက် ကောင်းမင် လူခေါ်ဘဲလ် နှိပ်လိုက်သည်။ တံခါးပွင့်လာရန် ၁၀ စက္ကန့်ခန့် စောင့်လိုက်ရပြီး အခန်းထဲမှ ပြင်းရှသော ရနံ့တစ်ခု တိုးထွက်လာသည်။၎င်းက တစ်ခုခုကို မီးရှို့ထားသည့် မူးယစ်ဆေးနံ့နှင့် တူသည်။
ပိုးသား ညအိပ်ဝတ်စုံကို ခန္ဓာကိုယ်ပေါ်တွင် ကပိုကရိုဝတ်ဆင်ထားပြီး အရေးကြီးသည့် နေရာများကိုသာ ဖုံးအုပ်ထားသည်။ တံခါးဖွင့်လာပေးသူမှာ အသားဖြူဖြူနှင့် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း မြင့်မြတ်ပြီး ပျင်းရိငြီးငွေ့သည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ သူမ၏ မျက်လုံးများက အာရုံစူးစိုက်မှု မရှိသလို ခြေလှမ်းများမှာလည်း စိတ်ကြွဆေးတမျိုးမျိုး သုံးစွဲထားသကဲ့သို့ ယိုင်နဲ့နေလေသည်။
ကင်မရာက မှတ်တမ်းတင်နေပြီ ဖြစ်သဖြင့် ကောင်းမင်သည် ကြောက်ရွံ့မနေတော့ဘဲ ပြောလိုက်သည်။
"ကျွန်တော့်ကို ပုမင်ဆီက အကြွေးလာတောင်းဖို့ လွှတ်လိုက်လို့ပါ"
"ပုမင်... နေဦး... ငါစဉ်းစားပါရစေဦး..."
အမျိုးသမီးက မေးစေ့ကို လက်နှင့်ထောက်ကာ ဆံပင်များကို ကစားလိုက်သည်။
"အိုး... သူက ရေချိုးခန်းထဲမှာပဲ"
"ခွင့်ပြုပါဦး"
ကောင်းမင်က အခန်းထဲသို့ အလျင်အမြန် ဝင်လိုက်သည်။ အခန်းဖွဲ့စည်းပုံသည် ခွေးမည်း၏ အခန်းနှင့် အတူတူပင်။
"ပုမင်… ငါ အကြွေးလာယူတာ"
ရေချိုးခန်းတံခါးမှာ ပိတ်မထားပေ။ ကောင်းမင် ဝင်သွားလိုက်သောအခါ ကုလားထိုင်တွင် ကိုယ်လုံးတီးဖြင့် ချည်နှောင်ခံထားရသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
သူ့မျက်နှာကို အုပ်ထားသည့် အတွင်းခံကို ဖယ်လိုက်သောအခါ လူသေတစ်ယောက်ကဲ့သို့ ဖြူလျော်နေသော မျက်နှာ၊ ပြူးထွက်နေသော မျက်လုံးများနှင့် ပါးစပ်ထောင့်ရှိ အမှုန့်အကြွင်းအကျန်များကို မြင်လိုက်ရသည်။
ပုမင် သေဆုံးနေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။
စိုစွတ်နေသော အတွင်းခံကို လွှင့်ပစ်လိုက်ပြီး ကောင်းမင် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ ထိုစဉ် အေးစက်စက် သေနတ်ပြောင်းတစ်ခုက သူ၏ ဦးခေါင်းနောက်ကျောသို့ လာထောက်သည်။
"ငါမှတ်မိသလောက်တော့... ငါခေါ်ထားတဲ့ သန့်ရှင်းရေးသမားက သန်းခေါင်ကျော်မှ ရောက်မှာ၊ နင်က ဘယ်သူလဲ"
အမျိုးသမီး၏ အသံမှာ ပျင်းရိငြီးငွေ့နေဆဲဖြစ်ပြီး အသက်တစ်ခုအပေါ် အရေးမစိုက်သည့် အသွင်ဆောင်နေသည်။ ကောင်းမင်ကို သတ်ပစ်လိုက်ရခြင်းသည် သူမအတွက် ကစားစရာအရုပ်တစ်ခုကို ဖျက်ဆီးလိုက်ခြင်းနှင့် မခြားပေ။ ဤမြို့တွင် အရာအားလုံး ဈေးနှုန်းရှိသည်။ ပိုက်ဆံပေးနိုင်သရွေ့ အားလုံးကို ဖြေရှင်းနိုင်သည်။
"ကျွန်တော် ပုမင်ဆီက အကြွေးလာတောင်းတာပါ"
"အကြွေးတောင်းတာ ဟုတ်လား"
အမျိုးသမီးက သေနတ်နှင့် ထောက်ထားရင်း ရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာသည်။
"အမှန်အတိုင်း မပြောဘူးလား၊ ဒီသေနတ်မှာ အသံထိန်းကိရိယာ ပါတယ်၊ ဒီအခန်းတွေကလည်း အသံလုံတယ်၊ နင့်ကို ဘယ်သူမှမသိအောင် သတ်ပစ်လို့ရတယ်နော်"
"ကျွန်တော် တကယ်ပဲ အကြွေးလာတောင်းတာပါ"
ကောင်းမင်သည် ဤမျှစောစောစီးစီး စိတ်မနှံ့သော မိန်းမတစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ယောက်ျားတွေက ဘယ်တော့မှ အမှန်အတိုင်း မပြောဘူးပဲ၊ အိပ်ခန်းထဲသွား၊ လာခဲ့"
အမျိုးသမီးက ကောင်းမင်ကို သေနတ်နှင့် ချိန်ကာ အိပ်ခန်းထဲသို့ အတင်းအကျပ်ဝင်ခိုင်းလိုက်သည်။ စူးရှသော ဓာတုဆေးနံ့များက သွေးညှီနံ့ကို လုံးဝဖုံးလွှမ်းထားသည်။ အိပ်ခန်းကြမ်းပြင်ပေါ်တွင် အလွန်ငယ်ရွယ်သော စားပွဲထိုးလေးတစ်ဦး၏ အလောင်းတစ်လောင်း ရှိနေလေသည်။ သူသည် မသေဆုံးမီက မတွေးရက်စရာ နှိပ်စက်မှုများကို ခံခဲ့ရပုံရသည်။
"သွားစမ်း အဲ့ဒီကောင်လည်ပင်းက ခွေးလည်ပတ်ကို ချွတ်လိုက်"
ကောင်းမင်က ငုံ့လိုက်ရင်း မှန်ထဲမှတစ်ဆင့် အမျိုးသမီးကို လျှို့ဝှက်စွာ အကဲခတ်ကြည့်လိုက်သည်။ အမျိုးသမီး၏ သေနတ်ကိုင်ထားပုံသည် မတည်ငြိမ်ဘဲ မျက်လုံးများသည်လည်း ဝေဝါးနေ၏။ သူမသည် သတိအပြည့်အဝ ရှိပုံမရပေ။
"စားပွဲပေါ်က ပုလင်းအမည်းကို တွေ့လား၊ အထဲက ဆေးရည်တွေကို အကုန်သောက်လိုက်စမ်း"
အမှတ်အသားမပါသော ပုလင်းထဲတွင် စူးရှရှအနံ့ရှိသည့် ဆေးရည်များ ပါဝင်နေသည်။ ၎င်းမှာ စွဲလမ်းစေနိုင်သောအရာ သို့မဟုတ် အဆိပ် ဖြစ်နိုင်သည်။
ထိုအမျိုးသမီးမှာ ရက်စက်သူဖြစ်သည်။ သူမသည် ပုမင်ရော စားပွဲထိုးလေးကိုပါ သတ်ခဲ့ပြီး သူမ၏မျက်နှာတွင် နောင်တရသည့် အရိပ်အယောင်မရှိပေ။ဒီလိုမိန်းမမျိုးဆီကနေ ဘာကောင်းကျိုး ရနိုင်မည်နည်း။
"မြန်မြန်လုပ်"
မှန်ထဲမှတစ်ဆင့် သေနတ်နှင့်အမျိုးသမီး ရှိရာနေရာကို အတိအကျ ချိန်ဆလိုက်ပြီး ကောင်းမင်သည် ပုလင်းကို လှမ်းယူဟန်ဖြင့် ငုံ့လိုက်ရင်း ခြေထောက်ကြွက်သားများကို တင်းထားလိုက်သည်။ ပုလင်းကို ဆုပ်ကိုင်မိသည်နှင့် သူသည် အရှိန်ပြင်းပြင်းလှည့်ကာ လက်ကို ပင့်မြှောက်လိုက်တော့သည်။
"ဒိုင်း"
အမျိုးသမီးက တွန့်ဆုတ်မနေဘဲ ပစ်ခတ်လိုက်ရာ ကျည်ဆန်သည် ကောင်းမင်၏ပါးကို ရှပ်သွားပြီး အိပ်ရာခင်းကို ထိမှန်သွားသည်။
သူမ လိမ်ပြောခဲ့ခြင်း မဟုတ်ပေ။အသံထိန်းကိရိယာကြောင့် သေနတ်သံမှာ အလွန်တိုးလျနေသည်။
လီဆန်းစီ၏ ခန္ဓာကိုယ်သည် အားနည်းလွန်းလှသည်။ အကယ်၍ ထိုအမျိုးသမီးသာ မူးယစ်ဆေးများ မသုံးစွဲထားခဲ့ပါက ကောင်းမင် သူမကို ယှဉ်နိုင်မည် မဟုတ်ပေ။
ကောင်းမင်သည် အင်အားအပြည့် သုံး၍ သေနတ်ကို လုယူလိုက်ပြီး တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ သေနတ်ဖြင့် အချိန်ခံထားရသော်လည်း အမျိုးသမီးမှာ တည်ငြိမ်နေဆဲပင်။ သို့သော်လည်း သူမ၏ အကြည့်များက အနည်းငယ် ပြန်လည် ကြည်လင်လာသည်။
"ငါ့သေနတ်ကို လုရဲတယ်ပေါ့၊ သတ္တိရှိလှချည်လား"
ကောင်းမင်၏ ကန်ချက်မိသွားသည့် သူမ၏ ဝမ်းဗိုက်ကို ပြန်ပွတ်ရင်း မျက်လုံးထဲတွင် ဆိုးယုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သို့သော်လည်း သူမမျက်နှာကတော့ ဘာမှမဖြစ်သလို ရှိနေသည်။
"ငါ ဘယ်သူလဲဆိုတာ နင်သိလား"
ထိုအမျိုးသမီးသည် ကောင်းမင်က သူမကို ပစ်ရဲလိမ့်မည်ဟု မယုံကြည်ပုံရသည်။ သူမသည် ခြေဗလာနှင့် မတ်တပ်ရပ်နေရင်း အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သည်။
"ဝမ်ရှန့်ဂိုဏ်းရဲ့ ဘော့စ် 'ယွမ်ချင်း' က ငါ့အဖေပဲ၊ ဒီဟောက်ကျွယ်ဟိုတယ်က ငါ့အတွက် သူပေးထားတဲ့ လက်ဆောင်ပဲ၊ ငါ့ကို သတ်လိုက်ရင် နင်ရော၊ နင်နဲ့ ပတ်သက်သူအားလုံးပါ အပိုင်းပိုင်း အဖြတ်ခံရလိမ့်မယ်"
သူမသည် ပို၍ ယုံကြည်မှု ရှိလာပြီး စားပွဲပေါ်က ဝိုင်နီတစ်ခွက်ကို ယူသောက်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
"သေနတ်ကို ချထားလိုက်စမ်းပါ၊ နင့်ကို ငါ့ရဲ့ 'ခွေးလေး' အဖြစ် နေပေးဖို့ အခွင့်အရေးပေးမယ်၊ ငါ့ခွေးဖြစ်လာရင် တခြားလူတွေ အသေအလဲလိုချင်နေတဲ့ ဆုလာဘ်တွေ အများကြီးရလိမ့်မယ်"
"ခွေးဖြစ်ရမယ်၊ ပြီးရင် ကြမ်းပြင်ပေါ်က ကောင်လေးလို သေတဲ့အထိ ကစားခံရမယ်ပေါ့ ဟုတ်လား"
"ခွန်အားမရှိဘဲ ဂုဏ်သိက္ခာကို ဖက်တွယ်နေတာက ရယ်စရာအကောင်းဆုံးပဲ၊ ငါ့အမြင်မှာတော့ နင်က ဒေါသထွက်နေတဲ့ ချီဟွာဟွာ(ခွေးလေး)တစ်ကောင်နဲ့ မခြားဘူး"
အမျိုးသမီး၏ သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် ကောင်းမင်အား မည်သို့နှိပ်စက်ရမည်ကို စတင်စဉ်းစားလိုက်သည်။ သူမ၏ မကောင်းသော စိတ်ကြောင့် အနက်ရောင်လိုင်းများက သူမ၏ မျက်လုံးများဆီသို့ ဖြည်းဖြည်းချင်း တိုးဝင်လာသော်လည်း သူမကိုယ်တိုင်ကတော့ သတိမထားမိပေ။