← Chapters

သက်သေ

Vol. 47 Ch. 692

သက်သေ

Vol. 47 Ch. 692

“ခွေးဖြစ်ရတာ မဆိုးပါဘူး၊ ဟောက်ကျွယ်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်၊ အထက်တန်းလွှာလို့ ထင်ရတဲ့ ပုဂ္ဂိုလ်တချို့တောင် ငါ့ရဲ့ ခွေးတွေပဲ၊ သူတို့လည်း မင်းလိုပဲပေါ့၊ ဒါဆို နင့်အတွက် လက်ခံရတာ ပိုလွယ်သွားပြီမလား”

ထိုအမျိုးသမီးက သူမ၏ အဝတ်အစားများကို ခပ်ကျယ်ကျယ်ဟလိုက်ပြီး ခန္ဓာကိုယ်ကို ဖော်ပြလိုက်သည်။

“လူတွေအများကြီး ငါ့ရဲ့ခွေးဖြစ်ဖို့ တောင်းပန်နေကြတာတောင် ငါက လိုချင်တာမဟုတ်ဘူး၊ နင်ကတော့ ဒီအခွင့်အရေးကို မလိုချင်ဘူးတဲ့လား”

ထွက်ပြေးရန် မဖြစ်နိုင်ပေ။ ထိုရက်စက်သော အမျိုးသမီးသည် လီဆန်းစီ၏ မျက်နှာကို မြင်သွားပြီဖြစ်၍ ဒီအတိုင်း လွှတ်ပေးမည် မဟုတ်တာ သေချာသည်။ ကောင်းမင်အနေနဲ့ ဝမ်ရှန့်ဂိုဏ်းကို ရန်မစရဲစရာ အကြောင်းမရှိသော်လည်း ရိုးရှင်းစွာစုံစမ်းရုံနှင့်ပင် သူတင် ပျက်စီးမည်မဟုတ်ဘဲ တင်းရှန်းနဲ့ ကျားယိုကျစ်တို့ပါ ဒုက္ခရောက်ပေလိမ့်မည်။

“သေချာ စဉ်းစားပြီးပြီလား”

အမျိုးသမီးသည် ကော်ဇောကို အရမ်းနူးညံ့လွန်းနေသည်ဟု ထင်ပုံရသည်။ သူမ၏ ခြေထောက်များကို စားပွဲထိုးလေး၏ အလောင်းပေါ်သို့ တင်လိုက်သည်။

“စဉ်းစားပြီးပြီ”

ကောင်းမင်၏ အကြည့်သည် သေနတ်ပြောင်းဝမှတစ်ဆင့် အမျိုးသမီး၏ ဦးခေါင်းတည့်တည့်သို့ ချိန်ရွယ်လိုက်သည်။

“မင်းသတ်ခဲ့တဲ့ အသက်တွေအတွက် နောင်တရဖို့ ငရဲကိုသာ သွားလိုက်တော့”

ဦးခေါင်းကို တစ်ချက်ပစ်လိုက်ပြီးနောက် နောက်ထပ်အချက်အနည်းငယ် ထပ်မံပစ်ခတ်လိုက်သည်။ ထို့နောက် သူသည် ကျွမ်းကျင်သော သန့်ရှင်းရေးသမားတစ်ဦးကဲ့သို့ သူ၏ လက်ဗွေရာများကို ဖျက်ဆီးကာ အခင်းဖြစ်ပွားရာနေရာကို သပ်သပ်ရပ်ရပ် ပြန်ပြင်လိုက်သည်။ပိုက်ဆံ မရခဲ့ဘဲ ယခုတွင် အကြီးအကျယ်ပြဿနာ တက်နေပြီဖြစ်သည်။ ကောင်းမင်၏ ဦးနှောက်မှာ မီးခိုးထွက်မတတ် အလုပ်လုပ်နေရသည်။

“ဒီမိန်းမ ပြောတာတော့ ဟောက်ကျွယ်ဟိုတယ်မှာ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်တဲ့၊ ဒီအခန်းထဲမှာရော လျှို့ဝှက်ကင်မရာတွေ ရှိနေမလား၊ ငါ့ကိုရော ရိုက်မိသွားပြီလား”

ထိုအတွေးက ကောင်းမင်ကို စိုးရိမ်မကင်း ဖြစ်စေသည်။ သူသည် လက်အိတ်ဝတ်လိုက်ပြီး အခန်းတွင်း လိုက်လံရှာဖွေရာ နောက်ဆုံးတွင် အမျိုးသမီး၏ အဝတ်အစားများထဲမှ အနက်ရောင်နှင့် အဖြူရောင် ရောစပ်ထားသော ထူးခြားသည့် အခန်းကတ်တစ်ခုနှင့် သော့အချို့ကို ရှာတွေ့ခဲ့သည်။

“၄၀၁၈”

“အခန်း ၄၀၁၇ က ကော်ရစ်ဒါအဆုံးက အခန်းမဟုတ်ဘူးလား၊ အခန်း ၄၀၁၈ က ဘယ်က ရောက်လာတာလဲ”

ကောင်းမင်သည် အခန်း ၄၀၁၇ အပြင်ဘက်သို့ ထွက်၍ ကော်ရစ်ဒါနံရံများကို စစ်ဆေးလိုက်သည်။ ဂရုတစိုက် စစ်ဆေးကြည့်ရှုပြီးနောက် နံရံတွင် အချိုင့်လေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် အနက်ရောင်နှင့် အဖြူရောင် အခန်းကတ်ကို ဖြတ်လိုက်သောအခါ စောင့်ကြည့်ကင်မရာ စက်ပစ္စည်းများ၊ စနစ်တကျ စီစဉ်ထားသော စာရွက်စာတမ်းများနှင့်ဗီဒီယိုများ ပြည့်နှက်နေသည့် အထူးဧည့်ခန်းတစ်ခု ပေါ်လာတော့သည်။

“တော်သေးတာပေါ့”

ကောင်းမင်သည် အခန်းထဲရှိ သော့ခတ်ထားသော ဗီရိုများကို ကြည့်လိုက်သည်။ သော့တစ်ခုချင်းစီသည် လုံခြုံရေးအဆင့်တစ်ခုစီနှင့် သက်ဆိုင်ပုံရသည်။ သူ အများကြီး သယ်သွားမရသဖြင့် အနီရောင်သော့နှင့် ဖွင့်ရသော ဗီရိုထဲမှ စာရွက်စာတမ်းများနှင့် USB Stick တစ်ခုကိုသာ ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

ထို့နောက် သူနှင့် ပတ်သက်သည့် ဗီဒီယိုများကို အမြန်ရှာဖွေကာ ဖျက်ဆီးပစ်လိုက်သည်။ သို့သော် စိတ်မချသဖြင့် ဗီဒီယိုအားလုံးကိုပါ ဖျက်ပစ်လိုက်ပြီး စက်ပစ္စည်းများကိုပါ ဖျက်ဆီးပစ်ခဲ့သည်။

ကောင်းမင် ပြန်ထွက်ရန် ပြင်လိုက်သည်။ ခွေးမည်းရှိခဲ့သော အခန်းရှေ့မှ ဖြတ်သွားစဉ် သူတစ်ခုခု စဉ်းစားမိကာ ခွေးမည်းအသုံးပြုခဲ့သော ပစ္စည်းအချို့ကိုကောက်ယူပြီး အမျိုးသမီး အသတ်ခံရသည့် အခန်းထဲသို့ ပစ်ထည့်လိုက်သည်။

ထို့နောက် ကောင်းမင် ဓာတ်လှေကားဖြင့် ထွက်လာခဲ့သည်။ ပထမထပ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေဆဲပင်။ ဝမ်ရှန့်ဂိုဏ်းနှင့် ကျူးချွမ်းအဖွဲ့ကြားက ပဋိပက္ခသည် ရှည်ကြာလှပြီ ဖြစ်သော်လည်း ညရဲတပ်ဖွဲ့၏ ဖိအားကြောင့်သာ ပူးပေါင်းထားရခြင်း ဖြစ်သည်။

ဧည့်ခန်းထဲ ပြန်ရောက်လာသောအခါ ကောင်းမင်သည် သူရဲဘောကြောင်ပြီး လောဘကြီးသော ပုံစံသို့ ပြန်ပြောင်းလိုက်သည်။သူသည် တစ်ကိုယ်လုံးတုန်ရီနေရင်းပင် ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ပိုက်ဆံများကို လိုက်ကောက်ဖို့ မမေ့ပေ။ အကြိမ်အနည်းငယ် အရိုက်အနှက်ခံရပြီးနောက် ထွက်ပေါက်ကို ရှာတွေ့ကာ နောက်လှည့်မကြည့်ဘဲ ပြေးထွက်လာခဲ့တော့သည်။

သူ နောက်ဖေးလမ်းကြားသို့ ရောက်လာသောအခါ ကျားယိုကျစ်နှင့် တင်းရှန်းတို့မှာ စိတ်မရှည် ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့ ကောင်းမင်အနားကို ချဉ်းကပ်ကာ မေးလိုက်သည်။

“ဘယ်လိုလဲ၊ ပိုက်ဆံ ရခဲ့လား”

“ဒါကို မေးတောင် မမေးနဲ့တော့... သူတို့ကို မြင်တောင်မမြင်ခဲ့ရဘူး၊ အဲ့ဒီဓာတ်လှေကားမှာ စတုတ္ထထပ် မရှိဘူး”

ကောင်းမင်က တင်းရှန်းကို မုန်းတီးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“မင်းရဲ့ သတင်းပေးက ပေးတဲ့အချက်အလက်တွေက လုံးဝအမှားကြီးပဲ၊ ပထမထပ်မှာ ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်ဂိုဏ်း ရန်ဖြစ်နေတာနဲ့တိုးနေလို့ ငါ့မှာ အတော်လေးအရိုက်ခံလိုက်ရတယ်၊ မနည်း အသက်လုပြေးလာရတာ”

“မဖြစ်နိုင်တာ”

တင်းရှန်းက ခေါင်းခါလိုက်ပြီး ဝူဝေကတော့ စိတ်ပျက်သွားပုံရသည်။ ကျားယိုကျစ်က ကောင်းမင်အား သံသယဖြင့် အကြိမ်ရေအနည်းငယ် လှမ်းကြည့်လိုက်သည်။

“ငါတို့ ပထမဆုံး မကောင်းမှုလုပ်ဖို့ ကြိုးစားတာ မအောင်မြင်ဘူး၊ ငါတို့က တကယ့်အမှိုက်ကောင်တွေပဲ၊ အလုပ်တစ်ခုကို ဘယ်လိုမှန်မှန်ကန်ကန် လုပ်ရမလဲတောင် မသိကြဘူး”

ကျားယိုကျစ်က သူ့နာရီကို တစ်ချက်ကြည့်လိုက်သည်။

“သန်းခေါင် ရောက်တော့မယ်၊ လမ်းတွေက ရှုပ်ထွေးနေပြီ။ စတူဒီယိုကိုပဲ ပြန်ကြရအောင်”

လေးဦးသားမှာ အကြီးအကျယ် လုယက်ဖို့ စီစဉ်ခဲ့ကြသော်လည်း ယခုတော့ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ သူတို့သည် ရှိသမျှ ပိုက်ဆံများစုကာ တက္ကစီငှားပြီး သန်းခေါင်မတိုင်မီ စတူဒီယိုသို့ အပြေးပြန်ခဲ့ကြသည်။

“မြန်မြန်... တံခါးတွေ၊ ပြတင်းပေါက်တွေ ပိတ်လိုက်တော့”

ကျားယိုကျစ်က အမိန့်ပေးလိုက်သည်။ တင်းရှန်းနှင့် ဝူဝေတို့မှာလည်း ပုံမှန်နှင့်မတူဘဲ စကားများမနေတော့ဘဲ မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ကြသည်။

လီဆန်းစီ၏ မှတ်ဉာဏ်များအရ ဤမြို့ကြီးသည် ညဘက်တွင် အလွန်ဖရိုဖရဲဖြစ်တတ်သည်။ လမ်းပေါ်တွင် အကြောင်းမဲ့ သေဆုံးခြင်းနှင့် ရုတ်တရက် ပျောက်ကွယ်သွားခြင်းတို့မှာ ထမင်းစားရေသောက်သလို ဖြစ်နေသည်။ သန့်ရှင်းရေးအလုပ်သမားများနှင့် ညရဲတပ်ဖွဲ့မှလွဲ၍ ဂိုဏ်းဝင်များပင်လျှင် သန်းခေါင်ကျော်ပါက လမ်းမပေါ်တွင် မနေရဲကြပေ။

“ဂိုဏ်းသားတွေက ဘာကို ကြောက်နေကြတာလဲ၊ မြို့ရဲ့ အမှောင်ထုထဲမှာ တစ်ခုခု ပုန်းနေတာလား”

ကောင်းမင်သည် ယွမ်ချင်း၏သမီး ရူးသွပ်သွားစဉ်က သူမမျက်လုံးထဲမှ ထွက်လာသော အနက်ရောင် မျဉ်းကြောင်းများကို သတိရလိုက်သည်။၎င်းသည် ပိုးချည်မျှင် သို့မဟုတ် သွေးကြောမျှင်များနှင့် တူ၏။

“ဒါက အမှောင်ယဇ်ပလ္လင်ရဲ့ ကမ္ဘာပဲ၊ သူ့ရဲ့ အနှစ်သာရကို ရှာတွေ့မှပဲ ဒီပိတ်ဆို့မိမှုကို ငါတို့ ဖြိုခွဲနိုင်မှာ”

သန်းခေါင်ကျော်ပြီးနောက် လမ်းမများသည် နေ့ခင်းဘက်နှင့် လုံးဝမတူတော့ပေ။ ကောင်းမင် အပြင်ထွက်ကြည့်ချင်သော်လည်း လက်ရှိခန္ဓာကိုယ်က အားနည်းလွန်းနေသည်။

“ဒါရိုက်တာလီ... တံခါးတွေ အကုန်ပိတ်ပြီးပြီ၊ ခဏလောက် အနားယူလိုက်ပါဦး၊ မနက်ဖြန်ကျမှ ပုမင်ကို ထပ်စောင့်ကြတာပေါ့”

ဝူဝေက ကောင်းမင်မှီထားသည့် ကျောပိုးအိတ်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း သူမက ဘာကိုမှသတိမထားမိဘဲ စောင်တစ်ထည်ယူကာ ဆိုဖာပေါ် အိပ်ပျော်သွားတော့သည်။

မီးများ ပိတ်သွားပြီး ကျားယိုကျစ်နှင့် တင်းရှန်းတို့ အိပ်ပျော်သွားသည်။ထိုအချိန်တွင် ကောင်းမင် အသာလေးထကာ စတူဒီယိုရှိ တစ်လုံးတည်းသော ကွန်ပျူတာစုတ်ဆီသို့ သွား၍ ထိုနေ့က ရိုက်ကူးလာခဲ့သော ဗီဒီယိုများကို ကူးထည့်လိုက်သည်။

ကွန်ပျူတာဖန်သားပြင်မှ အေးစက်စက် အလင်းရောင်များ ထွက်ပေါ်လာ၏။ ဗီဒီယိုမှာ အနည်းငယ် ဝါးနေသော်လည်း ခွေးမည်းက အမျိုးသမီးတစ်ဦးကို နံရံတွင်ကပ်ကာ လည်ပင်းညှစ်ထားသည်ကို မြင်နိုင်ပြီး သူ၏ဟိန်းဟောက်သံများကိုလည်း ကြားနိုင်သည်။

ကင်မရာထောင့်အနေအထာကြောင့် ခွေးမည်းသတ်လိုက်သော အမျိုးသမီးသည် ပုံထဲတွင် သိပ်မထင်ပေါ်ပေ။

နားကြပ်ကို တပ်လိုက်ရင်း ကောင်းမင်သည် ကိစ္စကြီးတစ်ခုကို ကြံစည်တော့သည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ဂိုဏ်းမျိုးစုံတွင် များပြားလှသော အကြွေးများတင်နေသဖြင့် ပြန်ဆပ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုဂိုဏ်းများကြားတွင် စစ်ပွဲဖြစ်အောင် ဖန်တီးကာ ကြွေးရှင်များကို လျှော့ချပစ်ရန် သူဆုံးဖြတ်လိုက်သည်။

“ဒီကွန်ပျူတာစုတ်ကလည်း နှေးလိုက်တာ”

ကောင်းမင်က ရေရွတ်ရင်း ထိုညစ်ညမ်းသည့် အမျိုးသမီးကို သူကိုယ်တိုင် ပစ်သတ်လိုက်သည့် ဗီဒီယိုကိုဖွင့်ကာ တည်းဖြတ်တော့သည်။ သူသည် ထိုအမျိုးသမီး၏ သေဆုံးမှုကို ခွေးမည်းပေါ်သို့ ပုံချလိုခြင်းဖြစ်သည်။

ထိုအချိန်က အပေါ်ထပ်သို့ တက်သွားသူမှာ ကောင်းမင်နှင့် ခွေးမည်း နှစ်ယောက်သာရှိသည်။ သို့သော် ကောင်းမင်မှာ ကင်မရာထဲတွင် မပါဝင်ခဲ့သလို ဘယ်သူကမှလည်း သူ့လိုအညတရလူကို ဂရုစိုက်မည် မဟုတ်ချေ။ ထို့ကြောင့် ခွေးမည်းမှာ အဓိကသံသယရှိသူ ဖြစ်လာပေလိမ့်မည်။

“မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ၊ လွှတ်စမ်း”

“ငါက မင်းတို့လို ကျေးဇူးကန်းတဲ့မိန်းမပျက်တွေကို အမုန်းဆုံးပဲ၊ ချီးပဲ၊ မင်း တကယ်သေသင့်တယ်”

“အဲ့ဒီတုန်းကတည်းက သတ်ပစ်လိုက်ရမှာ၊ အခုထိ ငါ့ကို ခြိမ်းခြောက်နေသေးတယ်”

ကောင်းမင်သည် ခွေးမည်း၏ မူလအသံများကို တည်းဖြတ်ထားသော ဗီဒီယိုထဲသို့ ထည့်သွင်းလိုက်သည်။ အဆင်ပြေသွားပြီဟု ထင်သောအခါ မူလဗီဒီယိုကို ဖျက်ပစ်လိုက်ပြီး သူတည်းဖြတ်ထားသည့် “သက်သေ” ကိုသာ ချန်ထားလိုက်သည်။

“တကယ်လို့ ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်ဂိုဏ်းသာ တိုက်ခိုက်ကြရင် ညရဲတပ်ဖွဲ့က အပျော်ဆုံး ဖြစ်လိမ့်မယ်၊ သူတို့က ခရိုင် ၄ကို သိမ်းပိုက်ပြီးပြီ၊ အခု ခရိုင် ၃ကို ခြေဆန့်နေတာ၊ သူတို့မှာ ရည်မှန်းချက်ကြီးတွေ ရှိတယ်၊ ငါ ဒါကို အသုံးချလို့ရတယ်”

ကောင်းမင်သည် တည်းဖြတ်ထားသော ဗီဒီယိုကို USB ထဲသို့ ပြောင်းထည့်လိုက်သည်။

“ဂိုဏ်းစစ်ပွဲက လူတွေအများကြီး သေစေလိမ့်မယ်၊ ဒါပေမဲ့ အခွင့်အရေးတွေ အများကြီးကိုလည်း ဖန်တီးပေးလိမ့်မယ်”

လီဆန်းစီ၏ နှလုံးသားထဲမှ ဆိုးယုတ်သောစိတ်များ စုစည်းလာပြီး အနက်ရောင်လိုင်းများအဖြစ် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ကောင်းမင်က ထိုအရာများကို ကောင်းစွာ သတိပြုမိလိုက်သည်။

သူသည် မကောင်းသောအတွေးတစ်ခု တွေးပြီး လက်တွေ့လုပ်ဆောင်ရန် ပြင်လိုက်သည့် အခိုက်အတန့်တွင် နှလုံးသားထဲမှ ပုန်းကွယ်နေသော ထိုအနက်ရောင်လိုင်းများက အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းဖြစ်သည်။ ၎င်းတို့ ဖြတ်သန်းသွားသော နေရာများမှာ ပိုမို သန်မာလာပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။

“ခွေးမည်းနဲ့ အဲ့ဒီအမျိုးသမီး လူသတ်နေတုန်းက သူတို့မျက်လုံးထဲမှာ အနက်ရောင်လိုင်းတွေ ပြည့်နေတာ၊ ဒါက မကောင်းမှုလုပ်လို့ ရတဲ့ ဆုလာဘ်လား၊ တကယ့်ကို ရူးချင်စရာ နေရာပဲ”

All Chapters