ဆိုးယုတ်မှုကို ဖိနှိပ်နိုင်တဲ့ဆေး
Vol. 47 Ch. 694
အမှောင်ယဇ်ပလ္လင်ကမ္ဘာ၏ ပထမဆုံးညသည် ကောင်းမင် မျှော်လင့်ထားသည်ထက် ပိုမိုငြိမ်းချမ်းနေခဲ့သည်။ ညအစောင့်အရှောက်များ ထွက်ခွာသွားပြီးနောက် ထူးဆန်းသော ဖြစ်ရပ်များနှင့်မကြုံခဲ့ရပေ။
နံနက် ၆ နာရီခွဲအချိန်
ကောင်းမင် အိပ်ပျော်နေစဉ် ရုတ်တရက် တဂျောက်ဂျောက် မြည်သံတစ်ခု ကြားလိုက်ရသည်။ အဖွဲ့ထဲတွင် အငယ်ဆုံးနှင့် အသန်မာဆုံးဖြစ်သော ဝူဝေမှာ သံကုတင်ပေါ်မှ လိမ့်ကျသွားခြင်း ဖြစ်သည်။ သူမသည် အပေါ်အင်္ကျီပင် မဝတ်နိုင်တော့ဘဲ ဖုန်းကို ဆုပ်ကိုင်ကာ ကောင်းမင်ရှိရာသို့ အပြေးအလွှား ရောက်လာလေသည်။
"ကိစ္စကြီးတော့ ဖြစ်ပြီ၊ ကြောက်စရာကောင်းတာတွေ ဖြစ်ကုန်ပြီ"
ဝူဝေမှာ စကားများပင် ထစ်နေသည်။ သူမသည် ကျား၊ မ ခြားနားမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဖုန်းကို ကောင်းမင်၏ မျက်နှာရှေ့သို့ အတင်းထိုးပြလိုက်သည်။
"ပု-ပုမင် သေပြီ၊ သူက ဟောက်ကျွယ်ဟိုတယ် သူဌေးမရဲ့ အခန်းထဲမှာ သေနေတာ၊ အဲ့ဒါ …အဲ့ဒါက..."
"စိတ်မလှုပ်ရှားနဲ့ဦး၊ ဖြည်းဖြည်း ပြောစမ်းပါ"
ကောင်းမင်သည် ထိုသတင်းကို ယခုမှ စကြားရသလိုမျိုး အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်သည်။
"ဝမ်ရှန့်ဂိုဏ်း ဘော့စ်ကြီးရဲ့ သမီးလည်း သေသွားပြီတဲ့၊ သေနတ်နဲ့ ပစ်သတ်ခံရတာ"
ဝူဝေက သူမဖုန်းထဲမှ သတင်းကို ကောင်းမင်အား ပြသလိုက်သည်။
"လူသတ်သမားကိုတော့ မမိသေးဘူး ၊စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေလည်း အကုန်ဖျက်ဆီးခံထားရတယ်၊ ဒါပေမဲ့ လူတိုင်းကတော့ ဒါက ကျူးချွမ်းအဖွဲ့က ခွေးမည်းရဲ့ လက်ချက်လို့ ပြောနေကြတယ်၊ အဲ့ဒီခွေးရူးတော့ ဒုက္ခလှလှတွေ့ပြီ"
"မဟုတ်ဘူး၊ မဟုတ်ဘူး"
ဆူညံသံများကြောင့် ဘောင်းဘီတိုလေးဖြင့် ပြေးထွက်လာသော ကျားယိုကျစ်က ဝင်ပြောသည်။
"ဒါရိုက်တာလီ... တစ်ခုခုတော့ မှားနေပြီ၊ ပုံမှန်ဆိုရင် ဒီလိုကိစ္စမျိုးကို တိတ်တဆိတ် ဖြေရှင်းကြတာ ဒါမှမဟုတ် သတင်းမထွက်ခင် နှစ်ဦးနှစ်ဖက် သဘောတူညီချက် ယူကြတာ၊ ကျွန်တော်တို့လို သာမန်လူတွေ သိလိုက်ရတယ်ဆိုကတည်းက အခြေအနေကို တမင်သွေးထိုးပေးနေတဲ့ တတိယအဖွဲ့အစည်းတစ်ခု ရှိနေလို့ပဲ"
"ညရဲတပ်ဖွဲ့"
အိပ်ယာနိုးနိုးချင်း ဝူဝေ၏ ပြောပြချက်ကို နားထောင်ပြီးနောက် တင်းရှန်းက အပိုင်တွက်ချက်ကာ ပြောလိုက်သည်။
"ညရဲတပ်ဖွဲ့ရဲ့ ဖိအားကို ခုခံဖို့ ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်ဂိုဏ်းက အတင်းအကျပ် ပူးပေါင်းခဲ့ရတာ၊ တကယ်လို့ သူတို့သာ ခွာပြဲသွားရင် ညရဲတပ်ဖွဲ့က အမြတ်အစွန်း အများဆုံး ရမှာပဲ၊ တကယ်လို့ ခွေးမည်းက ယွမ်ချင်းရဲ့သမီးကို သတ်တာမှန်ရင် ဝမ်ရှန့်ဂိုဏ်းက သေချာပေါက် လက်စားချေမှာပဲ၊ လူသတ်သမားက ညရဲတပ်ဖွဲ့က လူများလား"
“ညရဲတပ်ဖွဲ့က အခု ခရိုင် ၄ကို အခြေချနေတုန်းဆိုတော့ သူတို့အတွက် အချိန်ကောင်းပဲ၊ ဒါပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ မလှုပ်ရှားလောက်ဘူး၊ ကျူးချွမ်းအဖွဲ့က တခြားဂိုဏ်းတွေနဲ့ မတူဘူး၊ သူတို့က ဆေးဝါးထောက်ပံ့မှုကို ထိန်းချုပ်ထားတာ”
ကျားယိုကျစ် ဆေးဝါးအကြောင်း ပြောလိုက်သည့်အခါ ဝူဝေနှင့် တင်းရှန်းတို့ တိတ်သွားကြသည်။
“မနေ့ညက ညရဲတွေ သတ်သွားတဲ့ အရူးက ကုသဖို့ ဆေးမရှိလို့ ရူးသွားတာ၊ ဒီမြို့မှာ ဆေးဝါးကို ထိန်းချုပ်နိုင်တယ်ဆိုတာ လူပေါင်းများစွာရဲ့ ကံကြမ္မာကို ထိန်းချုပ်လိုက်တာပဲ၊ ညရဲတပ်ဖွဲ့ကလည်း ဆေးလိုတာပဲ၊ အဲ့တော့ သူတို့က ကျူးချွမ်းအဖွဲ့နဲ့ ဒီလောက်အမြန်ကြီး ရန်ဖြစ်မှာ မဟုတ်ဘူး”
“သေသင့်တဲ့ ကျူးချွမ်းအဖွဲ့ ၊ သူတို့က မရေမတွက်နိုင်တဲ့ ပြည်သူတွေအပေါ် ဆေးတွေ စမ်းသပ်ပြီးမှ ဆေးဈေးကွက်ကို ထိန်းချုပ်ထားတာ”
တင်းရှန်းက ပြောသည်။
“အရင်က ခရိုင် ၃မှာ ဝမ်ရှန့်ဂိုဏ်းကပဲ ဆရာကြီးလေ၊ ကျူးချွမ်းအဖွဲ့ဆိုတာ တခြားဂိုဏ်းတွေရဲ့ ဖိနပ်တောင် သယ်ခွင့်ရတဲ့အဆင့် မဟုတ်ဘူး၊ အခုတော့ ခွေးကနေ လူဖြစ်လာတာပေါ့”
ဆေးဝါးသည် ဤမြို့ကြီးတွင် အင်မတန် အရေးပါသည်။ တင်းရှန်း၏ စကားအရ ဆေးဝါးကိုသာ ထိန်းချုပ်နိုင်လျှင် အာဏာကို အလျင်အမြန် တည်ဆောက်နိုင်မည် ဖြစ်သည်။
ဝူဝေက သတင်းကိုသာ ဆက်လက်ဖတ်ရှုနေပြီး ကျန်သုံးဦးမှာမူ အတွေးကိုယ်စီဖြင့် ရှိနေကြသည်။
ဂိုဏ်းများကြား သွေးထိုးပြီး တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခိုင်းခြင်းမှာ နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။ ဤမြို့ကြီးတွင် အခြေချနိုင်ရန် လက်တွေ့ကျသည့် အရာတစ်ခု လိုအပ်ပြီး ဆေးဝါးသည် အကောင်းဆုံး ကိရိယာတစ်ခုပင်။
ကောင်းမင်သည် ဆေးဝါးအကြောင်း အနည်းငယ်သာ သိရှိထားပြီး လီဆန်းစီ၏ မှတ်ဉာဏ်ထဲတွင်လည်း ထိုအကြောင်း သိပ်မရှိပေ။ သူသည် ဆေးဝါးဆိုလျှင် အလွန်အန္တရာယ်များလှသည်ဟု ထင်ကာ ပလိပ်ရောဂါကဲ့သို့ ရှောင်လေ့ရှိသူ ဖြစ်သည်။
"ဟိုတယ်က အဲ့ဒီမိန်းမက ဆေးအတွက်ဆို အရာအားလုံးကို စတေးဖို့ အသင့်ပဲ၊ ဆေးမရတော့ ခွေးမည်းကို အသက်နဲ့ရင်းပြီး ခြိမ်းခြောက်တယ်၊ အဲ့ဒီအရာက လူတွေကို တကယ် ရူးသွပ်သွားစေနိုင်တာပဲ"
မနေ့ညက ကောင်းမင် တစ်ခုခုဖျက်ဆီးရန် ကြံစည်နေစဉ် သူ့နှလုံးသားထဲတွင် ဆိုးယုတ်မှုများ ကြီးထွားလာပြီး မကောင်းသော အတွေးများအောက်တွင် ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းသည်မှာ သူသည် ယဇ်ပလ္လင်ပြင်ပမှလာသော အိပ်မက်သရဲတစ်ကောင် ဖြစ်နေခြင်းပင်။
"သွေးမြို့တော်သရဲတက်တူးက နှလုံးသားထဲက ထွက်လာတဲ့ အနက်ရောင်လိုင်းတွေကို သက်ရောက်နိုင်တယ်၊ ဆိုးယုတ်မှုကနေ ငါ့ကိုယ်ငါ ကာကွယ်နိုင်သလို တခြားသူတွေကိုလည်း ဒီဆိုးယုတ်မှုဝဲဂယက်ထဲကနေ ကယ်ထုတ်နိုင်ရမယ်၊ အခွင့်အရေးရရင် ဒီဆေးကို ဘယ်လိုလုပ်သလဲဆိုတာ စုံစမ်းရမယ်၊ မူလသဘောတရားကို နားလည်မှသာ ဒါကို ပြန်ထုတ်နိုင်မယ့် နည်းလမ်းကို ရှာလို့ရမှာ"
"ဒါရိုက်တာလီ... ခရိုင် ၃ကတော့ ရှုပ်ထွေးလာတော့မယ်၊ ကျွန်တော်တို့ ဝင်မပတ်သက်တာ အကောင်းဆုံးပဲ၊ ဘယ်သူပဲလာမေးမေး အားလုံး အဖြေတစ်ခုတည်းပဲ ပေးရမယ်"
ကျားယိုကျစ်သည် ဘောင်းဘီတိုလေးသာ ဝတ်ထားသောကြောင့် သူ၏ပိန်လှီလှသော နံရိုးများ ပေါ်လွင်နေလေသည်။
"ပုမင်က ယွမ်ချင်းသမီးရဲ့ အခန်းထဲမှာ သေတာ၊ ကျွန်တော်တို့က ပုမင်ကို သွားရှာတယ်လို့ ပြောရင် သူနဲ့ တစ်ဖွဲ့တည်းလို့ အထင်ခံရလိမ့်မယ်"
“ပုမင်နဲ့ ယွမ်ချင်းရဲ့သမီးက ထူးထူးဆန်းဆန်း သေသွားတာ၊ ကျွန်မတို့ ဒီကိစ္စထဲ လုံးဝမပါဘူးဆိုတာ သေချာရမယ်၊ ကျွန်မတို့က ခွေးမည်းကို သွားရှာတာ၊ ကြော်ငြာရိုက်ဖို့ နောက်ထပ် အခွင့်အရေး တစ်ခုလောက်ပေးဖို့ သွားတောင်းပန်တာလို့ပဲ ပြောကြတာပေါ့”
တင်းရှန်းက ကျားယိုကျစ် စကားကို ထောက်ခံလိုက်သည်။ သူမ စကားပြောပြီးနောက် ကောင်းမင်ကို ကြည့်လာသည်။
“ဒါရိုက်တာလီ... ရှင် ဟိုတယ်မှာ ခွေးမည်းကို တွေ့ခဲ့လား”
“သူ့ကို မြင်တောင် မမြင်လိုက်ရဘူး၊ ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်ဂိုဏ်းက လူတွေ ရန်ဖြစ်နေတာနဲ့ ငါတောင် ဧည့်ခန်းထဲမှာ တော်တော်အရိုက်ခံလိုက်ရသေးတယ်”
ကောင်းမင် ပြောသည်ကို ကြားမှ ကျားယိုကျစ်နှင့် တင်းရှန်းတို့ စိတ်အေးသွားကြသည်။
“ခွေးမည်းကတော့ အကြွေးလာတောင်းဖို့တောင် အားရှိတော့မှာ မဟုတ်တော့ပါဘူး၊ ဒါပေမဲ့ ငါတို့မှာ ပြဿနာအသစ် ရှိလာပြီ”
ကျားယိုကျစ်က စတူဒီယိုတံခါးကို ဖွင့်လိုက်ပြီး ညစောင့်ရဲ ထားခဲ့သော စာရွက်ကို ယူလိုက်သည်။ ထိုထဲတွင် ရက်စွဲတစ်ခုနှင့် ကိန်းဂဏန်းများ အတန်းလိုက်ပါဝင်နေသည်။
“နေမဝင်ခင် မြို့တော်လုံခြုံရေး လှူဒါန်းငွေကို ညစောင့်ရဲစခန်းကို သွားပို့ရမယ်၊ စုစုပေါင်းက... တစ်သိန်းတစ်သောင်း (၁၁၀,၀၀၀)လား”
“ဘယ်လောက်”
ဝူဝေ ထခုန်လိုက်သည်။
“မနေ့ညက အဲ့ဒီအရူးကို အထဲပေးဝင်လိုက်ပြီး ကျွန်မတို့ကို အကုန်သတ်ခိုင်းလိုက်တာကမှ ပိုကောင်းဦးမယ်”
“မနေ့ညက လူနာက အန္တရာယ်အဆင့် အရမ်းမြင့်လို့ ဖြစ်မယ်”
ကျားယိုကျစ်သည်လည်း မျက်နှာမကောင်းတော့ပေ။
“ညအစောင့်အရှောက်တွေက ဘယ်တော့မှ ဈေးမဆစ်ဘူး၊ ဒီလုံခြုံရေးအလှူငွေဆိုတာ အသက်ဝယ်တဲ့ ပိုက်ဆံပဲ၊ အန္တရာယ်လာရင် ညအစောင့်အရှောက်တွေက ငါတို့ရဲ့ အကြီးမားဆုံး အားကိုးရာပဲ၊ အန္တရာယ်မရှိရင်တော့ သူတို့က ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ”
“တစ်သိန်းတစ်သောင်း... အားလုံး ဝိုင်းစိုက်ထည့်ကြတာပေါ့”
ကောင်းမင် ပြောပြီးသည်နှင့် စတူဒီယိုတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဘယ်သူမှ ပြန်မဖြေကြသလို ကောင်းမင်ကိုလည်း မျက်နှာချင်းမဆိုင်ရဲကြပေ။
“နည်းနည်းလောက်ပဲဖြစ်ဖြစ် ထည့်ကြစမ်းပါ၊ ညအစောင့်အရှောက်က ငါတစ်ယောက်တည်းကိုပဲ ကာကွယ်ပေးခဲ့တာ မဟုတ်ဘူးနော်”
“ကျွန်မမှာ ဒါပဲ ရှိတော့တယ်”
ဝူဝေက ဘတ်စ်ကားကတ်တစ်ခုနှင့် ၁၇ ယွမ် ထုတ်ပေးသည်။
တင်းရှန်းက သူမ၏ လက်ကိုင်အိတ်ကို ဖွင့်ပြီး အကြွေးစာချုပ်တစ်ထပ်ကို ဆွဲထုတ်ပြလာသည်။
"ရှင်လည်း သိသားပဲ၊ ကျွန်မက ရှင့်ထက်တောင် အကြွေးပိုများသေးတယ်"
နှစ်ဦးသား ကျားယိုကျစ်ကို လှမ်းကြည့်လိုက်သောအခါ ကျားယိုကျစ်က သူ၏အင်္ကျီလက်မောင်းကို လှန်ပြလိုက်သည်။ လက်မောင်းတွင် အပ်ရာများ အများအပြား ရှိနေလေသည်။
"ငါက ကိုယ့်သွေးကိုယ်ပြန်ရောင်းပြီး မနည်းအသက်ဆက်နေရတာ၊ ဘယ်ကလာ ပိုတဲ့ ပိုက်ဆံရှိမှာလဲ၊ မင်းတို့ကလည်း ဒါရိုက်တာလီက ငါ့ကို လစာပေးထားသလိုလိုနဲ့"
ကောင်းမင်၏ လက်အောက်ငယ်သား သုံးယောက်စလုံးမှာ တစ်ယောက်ထက်တစ်ယောက် အခြေအနေ ပိုဆိုးနေကြခြင်းဖြစ်သည်။ သူ သက်ပြင်းချလိုက်သည်။
"မင်းတို့ ငါ့ကို လိုအပ်သေးလို့လား"
ညအစောင့်အရှောက်၏ ပြေစာနှင့် ဝူဝေ၏ ဘတ်စ်ကားကတ်ကို ယူလိုက်သည်။ ကောင်းမင် အင်္ကျီဝတ်လိုက်ပြီး ကျောပိုးအိတ်ကို ဆွဲ၍ တံခါးဆီ ထွက်လာခဲ့သည်။
"ဒါရိုက်တာလီ"
ကျားယိုကျစ်က တစ်ခုခု စိတ်လှုပ်ရှားသွားပုံရသည်။
"ခင်ဗျားရဲ့ ကျောက်ကပ်တွေက သိပ်မကောင်းတော့ဘူး၊ ဈေးကောင်းရမှာ မဟုတ်ဘူး၊ ပထမလမ်းမဘက် သွားပြီး မျက်ကြည်လွှာနဲ့ မျက်လုံးတွေအကြောင်း စုံစမ်းကြည့်ပါလား၊ ခင်ဗျားမျက်လုံးတွေက တော်တော်ကြည့်ကောင်းတယ်"
"သွားစမ်းပါ"
ကောင်းမင်သည် လီဆန်းစီ၏ ကိုယ်တွင်းအင်္ဂါများကို ရောင်းစားရန် အစီအစဉ် မရှိပေ။ အကယ်၍ သူ့နှလုံးသားထဲက ဆိုးယုတ်မှုများကို အပြည့်အဝ ထိန်းချုပ်နိုင်လျှင် ဤခန္ဓာကိုယ်သည်လည်း ကြီးမားသော စွမ်းအားများကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
သူ အိတ်ကပ်များကို ပွတ်ကြည့်လိုက်သည်။ မနေ့ညက ဟိုတယ်ဧည့်ခန်းထဲ အရိုက်ခံနေရစဉ် ပိုက်ဆံများနှင့် တန်ဖိုးရှိသည့် ပစ္စည်းအချို့ကို သူကောက်ယူနိုင်ခဲ့သည်။ ထိုအရာများကို ညရဲတပ်ဖွဲ့ထံ သွားပေးရန် စီစဉ်ထားသလို သူတို့အတွက် လက်ဆောင်ကြီးတစ်ခု ပေးရန်လည်း ရှိနေသေးသည်။
မနက်စောစောသာ ရှိသေးသော်လည်း လူအများအပြားသည် လမ်းမများပေါ်တွင် အသက်ဆက်ရှင်ရန်အတွက် စက်ရုပ်များသဖွယ် အားကုန်ထုတ်ကာ လှုပ်ရှားနေကြပြီ ဖြစ်သည်။