အနက်ရှိုင်းဆုံးအမှောင်ထုကို မင်းမြင်ဖူးသလား
Vol. 47 Ch. 697
သွေးသည် လှုံ့ဆော်မှုတစ်ခုဖြစ်ပြီး သူ့အတွင်းစိတ်မှ ဆိုးယုတ်မှုများကို ပိုမိုတောက်လောင်စေသော်လည်း ကောင်းမင်ကတော့ လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။ ကျီးကန်းနက် တစ်ယောက် ရူးသွပ်သွားပြီး သူ့ကို အပိုင်းပိုင်းဖြတ်ပစ်မည့်အရေးကို ဂရုမစိုက်သကဲ့သို့ ရှိနေသည်။
"သွေးလား"
ကျီးကန်းနက်သည် စားပွဲပေါ်ရှိ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
"ဒါက မင်းပြောတဲ့ ဆေးအသစ်လား"
"အာနိသင်ကိုတော့ ငါလည်း အတိအကျမသိဘူး၊ ဒါပေမဲ့ မင်း စမ်းကြည့်လို့ရတယ်"
ကောင်းမင်က လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ရာ ဆေးပုလင်းငယ်တစ်ခုအတွင်းသို့ သွေးများ စီးဝင်သွားတော့သည်။
ကျီးကန်းနက်သည် တွေးတောနေရန် အချိန်မရှိတော့ပေ။ သူ၏ ဆင်ခြင်တုံတရားက ဆိုးယုတ်မှုများ၏ ညှဉ်းပန်းနှိပ်စက်မှုကို အဆက်မပြတ် ခံစားနေရသည်။ သူ ဆေးပုလင်းကို ဆွဲယူကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။
သူ့မျက်လုံးများမှာ သွေးနီရောင်လွှမ်းသွားသည်။ ကျီးကန်းနက်သည် အစပိုင်းတွင် ဘာမှမခံစားရသော်လည်း တစ်မိနစ်၊ နှစ်မိနစ်ခန့်အကြာတွင် သူ့နှလုံးခုန်သံက မြန်ဆန်လာပြီး ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားလိုက်ရသည်။ သူ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် ဆူးတစ်ချောင်းကို မျိုချလိုက်မိသကဲ့သို့ သူ၏ အူလမ်းကြောင်းများကို ထိုဆူးချွန်များက လိုက်လံထိုးဆွနေသလို ခံစားနေရသည်။
သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသော ဆိုးယုတ်မှုများသည် သွေးစွမ်းအားတစ်ခုဖြင့် ရောယှက်သွားသည်။ ကျီးကန်းနက်သည် သူ့အင်္ကျီကို လက်နှစ်ဖက်ဖြင့် ဆွဲဖြဲပစ်လိုက်ပြီးနောက် သူ့ရင်ဘတ်ကိုပါ လက်သည်းဖြင့် ကုတ်ဖဲ့လာသည်။ သူသည် သူ့ရင်ဘတ်ကိုပါ အတင်းဖြဲထုတ်ပစ်ရန် ဆန္ဒရှိနေလေသည်။
အတွင်းမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် သူနာပြုဝတ်စုံဖြင့် မျက်နှာပုံပျက်နေသော အမျိုးသမီးက တံခါးဝသို့ ရောက်ရှိလာသည်။သူမက တံခါးကို အဆက်မပြတ် ထုရိုက်တော့သည်။ သို့သော် ကျီးကန်းနက်၏ ခွင့်ပြုချက်မရဘဲ သူမ ဝင်မလာဝံ့ပုံရသည်။
စက္ကန့်အနည်းငယ်အကြာတွင် ထိုအမျိုးသမီးမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။ ပုဆိန်သွားက ထူထဲလှသော တံခါးချပ်ကြီးကို ရိုက်ခွဲလိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
တစ်ချက်ပြီးတစ်ချက် ထုရိုက်နေသော်လည်း ထိုအမျိုးသမီးထံမှ အသံ မထွက်ပေ။ သူမသည် ကျီးကန်းနက်၏ အခြေအနေကို သိရန်အတွက် အထဲသို့ အရောက်ဝင်ရမည် ဖြစ်သည်။
ပြင်းထန်သော နာကျင်မှုက မိနစ်အတော်ကြာအောင် ကြာမြင့်ခဲ့သည်။ ထိုအမျိုးသမီးက တံခါးကို ရိုက်ချိုး၍ ပုဆိန်ကိုကိုင်ပြီး အခန်းထဲသို့ ပြေးဝင်လာသည်။ထိုအချိန်တွင်မှ ကျီးကန်းနက်၏ ရူးသွပ်နေသော လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း သူ့ကိုယ်သူ ပြန်လည်ကုတ်ဖဲ့ထားသော ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
"နင် သူ့ကို ဘာကျွေးလိုက်တာလဲ"
ထိုအမျိုးသမီးက ကောင်းမင်ကို ပုဆိန်ဖြင့် ချိန်ရွယ်ကာ မေးလိုက်သည်။
"သူ ဘာမှမဖြစ်ပါစေနဲ့လို့သာ ဆုတောင်းထားလိုက်၊ မဟုတ်ရင် နင် ဒီနေရာမှာ တကယ့်ငရဲအစစ်ကို မြင်စေရမယ်"
"မင်းက သူ့ကို တော်တော်လေး ဂရုစိုက်တာပဲ"
ကောင်းမင်က ထိုသို့ တွေးမိသည်။ ဤမျက်နှာပုံပျက်နေသော အမျိုးသမီးမှာ ဤမြို့ရှိ အခြားသော ဒေသခံများနှင့် ကွဲပြားသည်ဟု သူ ခံစားလိုက်ရသည်။
ထိုအမျိုးသမီးသည် တံခါးဝတွင် စောင့်ကြပ်နေသဖြင့် ကောင်းမင်အနေနှင့် သတင်းအချက်အလက် ထပ်ယူရန် အခွင့်အရေး မရှိခဲ့ပေ။
အတန်ကြာမှ ကျီးကန်းနက်သည် နောက်ဆုံးတွင် ကြမ်းပြင်ပေါ်မှ ထလာလေသည်။ စုတ်ပြတ်နေသော အဝတ်အစားများကို ချွတ်ကာ အမာရွတ်များ ပြည့်နေသော သူ့ခန္ဓာကိုယ်ကို ဖော်ပြလိုက်သည်။
"ငါ ဧည့်သည်နဲ့ စကားနည်းနည်း ပြောဖို့လိုတယ်၊ အပြင်ထွက်ပြီး တံခါးကိုစောင့်နေစမ်း၊ ငါ့ကို စကားနှစ်ခါပြောရအောင် မလုပ်နဲ့"
"နင့်လို အကြင်နာတရားမရှိတဲ့ ကျိန်စာသင့်နေတဲ့ ငှက်ကတော့ အပြင်မှာ သေသွားတာကမှ ပိုကောင်းဦးမယ်"
ထိုအမျိုးသမီး၏ နှုတ်ထွက်စကားသည် အဆိပ်ကဲ့သို့ ပြင်းလှသည်။ ကျီးကန်းနက် အဆင်ပြေသည်ကို မြင်ရသောအခါ သူမသည် ပုဆိန်ကို ကောက်ယူကာ တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်၍ ထွက်သွားတော့သည်။
ဒုတိယထပ်တွင် ထိုအမျိုးသမီး၏ ခြေသံများ ပျောက်ကွယ်သွား၏။ ထိုအခါမှသာ ကျီးကန်းနက်၏ အမူအရာက လုံးဝပြောင်းလဲသွားခဲ့သည်။ တင်းမာနေသော အာရုံကြောများနှင့် အေးစက်ဟန်ဆောင်မှုများမှာ တဖြည်းဖြည်း အရည်ပျော်ကျသွားပြီး စုတ်ပြတ်နေသော ဆိုဖာပေါ်သို့ ပစ်လဲချလိုက်သည်။
"မင်းပေးတဲ့ဆေးက တကယ် အစွမ်းထက်တာပဲ၊ ငါ တစ်ခါမှ ဒီလောက် စိတ်လက်ပေါ့ပါးတာမျိုး မခံစားဖူးဘူး၊ ဒါပေမဲ့ ဒါမှာလည်း အားနည်းချက်ကြီးတစ်ခု ရှိနေတယ်"
"အိုး... အားနည်းချက်လား"
ကောင်းမင်က စိတ်ဝင်တစား မေးလိုက်သည်။
"ဒါက အရမ်းအစွမ်းထက်လွန်းတာပဲ၊ ကျူးချွမ်းအဖွဲ့ရဲ့ ဆေးတစ်လုံးက သုံးရက်လောက် ခံတယ်၊ ဒါပေမဲ့ သုံးတဲ့သက်တမ်း ကြာလာတာနဲ့အမျှ ဆေးစွမ်းက တဖြည်းဖြည်း နည်းနည်းလာပြီး နာရီအနည်းငယ်ခြားတစ်ခါ သောက်နေရတော့တာ၊ မဟုတ်ရင် ဆိုးယုတ်မှုတွေရဲ့ လုံးဝဝါးမြိုသွားတာကို ခံလိုက်ရလိမ့်မယ်"
ကျီးကန်းနက်၏ စကားပြောဆိုမှုက ပိုမို ရင်းနှီးလာသည်။ သူသည် ကောင်းမင်၏ သွေးကို သောက်ပြီးမှသာ တစ်ဖက်လူသည် သူ့ကဲ့သို့ပင် အပြင်လောကမှ လာသူဖြစ်ကြောင်း သဘောပေါက်သွားခြင်း ဖြစ်သည်။
“အစွမ်းထက်လွန်းတာကလည်း အမှားတစ်ခုပဲပေါ့”
ကောင်းမင်က ပြုံးလျက် ပြောလိုက်သည်။
“ကျူးချွမ်းအဖွဲ့ရဲ့ ဆေးက အတွင်းစိတ်ထဲက ဆိုးယုတ်မှုတွေကို ခဏပဲ ဖိနှိပ်ထားပေးနိုင်တာ၊ နောက်တစ်ကြိမ်လာတဲ့ ဆိုးယုတ်မှုလှိုင်းက ပိုပြင်းထန်လိမ့်မယ်၊ ဒါပေမဲ့ မင်းရဲ့သွေးက ဆိုးယုတ်မှုတွေကို ဓာတ်ပြယ်စေပြီး ခန္ဓာကိုယ်ပိုင်ရှင်ကို သူတို့ရဲ့ မူလစိတ်ရင်း ပြန်ရှာတွေ့အောင် ကူညီပေးတယ်၊ ဒါက အရမ်းအန္တရာယ်များတယ်၊ တစ်မြို့လုံးကို ရန်စလိုက်သလိုပဲ”
ညရဲတစ်ဦးဖြစ်သော ကျီးကန်းနက်၏ စိတ်ထဲတွင် ဤမြို့ကြီးနှင့် ပတ်သက်သော မှတ်ဉာဏ်များစွာ ရှိနေသည်။ သူသည် ဤနေရာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းမင်ထက် ပိုမိုနားလည်လေသည်။
“ငါ့မှာ အဲ့ဒီလောက် သတ္တိမရှိပါဘူး”
ကျီးကန်းနက်သည် စားပွဲပေါ်မှ ဓားကို ဆွဲယူကာ ထက်မြိနေသော ဓားသွားကို စိုက်ကြည့်လိုက်သည်။
"မြို့တော်ရပ်ကွက်ပေါင်း ဆယ့်သုံးခု၊ လူတန်းစားခွဲခြားမှုက ပြင်းထန်တယ်၊ နေရာတစ်ခုက ပိုမှောင်ပြီး ပိုညစ်ပတ်လေ အဲ့ဒီမှာ နေရတာ ပိုကောင်းလေလေပဲ၊ ဘာလို့လဲဆိုတော့ ဒီမြို့ကြီးဟာ အမှောင်ထုကို မွေးမြူဖို့အတွက် တည်ရှိနေတာမို့လို့ပဲ၊ ဒီမြို့ရဲ့ တည်ရှိမှု၊ မြို့ထဲက လူပေါင်းများစွာရဲ့ ဘဝ အဓိပ္ပာယ်ဆိုတာ အနက်ရှိုင်းဆုံးအမှောင်ထုကို ရှာဖွေဖို့ ဒါမှမဟုတ် မွေးမြူဖို့ပဲ"
သူသည် ဓားသွားကို နူးညံ့စွာ ပွတ်သပ်နေရင်း ခန္ဓာကိုယ်၏ တုန်ရီနေမှုကို ခံစားနေမိသည်။ ကျီးကန်းနက်၏ မျက်နှာမှာ ပိုမိုရှုံ့မဲ့လာသည်။
"ဒါပေမဲ့ မင်းက နာကျင်မှုတွေကို ပယ်ဖျောက်ချင်တာလား၊ အမှောင်ထုထူထူကြားထဲမှာ လူသားဆန်မှု အကြွင်းအကျန်တွေကို ရှာဖွေတာက တစ်မြို့လုံးကို ရန်သူတော်ကြီးအဖြစ် သတ်မှတ်လိုက်တာနဲ့ မတူဘူးလား"
ဓားကို ပြန်ချလိုက်ရင်း ကျီးကန်းနက်သည် သူ၏သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။
"ဒီမြို့မှာရှိတဲ့ လူတိုင်းရဲ့ နှလုံးသားထဲမှာ အမှောင်ထုရဲ့ မျိုးစေ့တစ်ခုစီ စိုက်ပျိုးခံထားရတယ်၊ ငါတို့ ဒါတွေကို အကုန်တူးထုတ်လို့မရသလို၊ မင်းမှာလည်း အဲ့ဒီလောက် သွေးအများကြီးမရှိဘူး၊ ဒါတွေအားလုံးကို အဆုံးသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အဲ့ဒီအနက်ရှိုင်းဆုံး အမှောင်ထုကို ငါတို့ ရှာတွေ့ဖို့ပဲ"
"တစ်မြို့လုံးက အမှောင်ထုကို မွေးမြူဖို့ဆိုတာက... အဲ့ဒီ အနက်ရှိုင်းဆုံး အမှောင်ထုဆိုတာက ဘာလဲ၊ ပြီးတော့ အဲ့ဒါက ဘယ်မှာ ပုန်းနေတာလဲ"
“ငါလည်း မသိဘူး၊ ငါ့ခေါင်းထဲက မှတ်ဉာဏ်တွေက အမှောင်ထုနဲ့ ထိတွေ့ဖို့၊ အမှောင်ထုကို ရှာဖွေဖို့ပဲ အမြဲတမ်း သတိပေးနေတာ၊ ဒါပေမဲ့ အဲ့ဒီအမှောင်ထုက ဘာလဲဆိုတာကိုတော့ မပြောပြထားဘူး”
ကျီးကန်းနက်က ကောင်းမင်အနားသို့ လျှောက်လာသည်။
“အဓိကအချက်ကို ပြန်သွားရအောင်... မင်းရဲ့ဆေးက အရမ်းပြင်းထန်တယ်၊ သောက်ရတဲ့ ဖြစ်စဉ်ကလည်း အရမ်း နာကျင်ရတယ်၊ အဲ့ဒါကို အဆ တစ်ရာလောက် လျှော့ချလိုက်ရင်တော့ အနေတော် ဖြစ်သွားလိမ့်မယ်”
“ငါက ဆေးဝါးဗေဒအကြောင်း သိပ်မသိတော့... ဖြစ်နိုင်တာကတော့...”
“ရပါတယ်၊ ကျူးချွမ်းအဖွဲ့က ဒါတွေကို ကောင်းကောင်းသိတယ်”
ကျီးကန်းနက်၏ မျက်နှာက ပြန်လည် အေးစက်လာပြီး တည်ငြိမ်သွားသည်။
“အခု ဝမ်ရှန့်ဂိုဏ်းနဲ့ ကျူးချွမ်းအဖွဲ့ကြားမှာ ပဋိပက္ခ အကြီးအကျယ်ဖြစ်နေပြီ၊ အောက်ခြေကလူတွေက မထိန်းနိုင်တော့ပေမဲ့ အထက်လူကြီးတွေကတော့ ဒါကို ဖိနှိပ်ထားကြတုန်းပဲ၊ တကယ်လို့ ငါတို့က ဒီပဋိပက္ခကို ပိုပြီး ကြီးထွားအောင် လုပ်နိုင်ရင် ကျူးချွမ်းအဖွဲ့ဆီကနေ ဆေးဝါးထုတ်လုပ်တဲ့ ကိရိယာတွေနဲ့ ကျွမ်းကျင်သူတွေကို ရအောင်ယူနိုင်မယ်လို့ ငါယုံကြည်တယ်”
“ပဋိပက္ခကို ကြီးထွားအောင် လုပ်မှာလား”
ကောင်းမင်က သူတည်းဖြတ်ထားသော ဗီဒီယိုဖိုင်နှင့် အချက်အလက်အချို့ကို ထုတ်ပေးလိုက်သည်။
“ဒါက မင်းအတွက် အကူအညီ ဖြစ်လိမ့်မယ်၊ ဒါကို ညရဲတပ်ဖွဲ့ဌာနချုပ်ကို ယူသွားရင် မင်းအတွက် အောင်မြင်မှုကြီးတစ်ခု ဖြစ်လာမှာပဲ”
ဗီဒီယိုကို ကြည့်ရင်း ကျီးကန်းနက်တစ်ယောက် ကျောရိုးများ စိမ့်တက်သွားသည်။
“မင်း အဲ့ဒီမိန်းမကို သတ်လိုက်တာလား၊ ဒါတွေအားလုံးက မင်းရဲ့ အစီအစဉ်တွေလား”
“ခွေးမည်း သတ်တာလေ၊ ဗီဒီယိုထဲမှာ ရှင်းနေတာပဲ၊ ငါနဲ့ ဘာမှမဆိုင်ဘူး”
ကောင်းမင်က ပုခုံးတွန့်လိုက်သည်။
“ဗီဒီယိုကတော့ ဒါပဲ၊ ဒါပေမဲ့ ဒါမတိုင်ခင် မင်းနောက်ထပ် အလုပ်တစ်ခု အရင်လုပ်ဖို့ လိုမယ်ထင်တယ်”
"ဘာလဲ"
ကျီးကန်းနက်က USB ကို သိမ်းလိုက်ရင်း မေးသည်။
"စခန်းက အဲ့ဒီအဘိုးကြီးက မင်းအပေါ် အရမ်းရန်လိုနေတာ၊ သူရှိနေသရွေ့ မင်းအမှန်တကယ် ပြန်မတိုက်နိုင်ဘူး"
ကောင်းမင်၏ စကားကြောင့် ကျီးကန်းနက် ခဏမျှ ငြိမ်ကျသွားသည်။
"ဒါကို ပေါ်တင်လုပ်လို့မရဘူး။ ညရဲ စည်းမျဉ်းတွေအရ သူသေရင်တောင် မကောင်းဆိုးဝါးတွေ ဒါမှမဟုတ် အရူးတွေရဲ့ လက်ချက်နဲ့ပဲ သေရမယ်"
ကျီးကန်းနက်နှင့် ကောင်းမင်တို့သည် တစ်ဦးကိုတစ်ဦး နားလည်မှုရှိရှိ ကြည့်လိုက်ကြပြီး နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို စတင်ဆွေးနွေးကြတော့သည်။
မွန်းတည့်ချိန်တွင် ကျီးကန်းနက်သည် ကောင်းမင်ကို စွန့်ပစ်လမ်းကြားအပြင်ဘက်အထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။
"ဆေးခန်းက အဲ့ဒီမျက်နှာပုံပျက်နေတဲ့ မိန်းမက ယုံကြည်လို့ ရရဲ့လား၊ သူက ငါတို့ထဲက မဟုတ်ဘူးနော်"
ကောင်းမင်က ခေါင်းငုံ့၍ ဘေးမှ ကျီးကန်းနက်သာ ကြားနိုင်မည့် အသံဖြင့် တိုးတိုးလေး မေးလိုက်သည်။
"ငါ့မှတ်ဉာဏ်ထဲမှာတော့ တစ်မြို့လုံးမှာ ငါယုံကြည်လို့ရတဲ့ တစ်ဦးတည်းသောလူက သူပဲ"
"မင်းတို့က ချစ်သူတွေလား"
"သူက ငါ့ရဲ့ အကျဉ်းသားပဲ၊ ငါဖုံးကွယ်ထားတဲ့ သံသယရှိသူတစ်ယောက်"
ကျီးကန်းနက်၏ အေးစက်သော မျက်နှာသည် နှင်းခဲမျက်နှာဖုံး စွပ်ထားသလိုပင်။
"သူ့ရဲ့ ပြစ်မှုက သူက အရမ်းလှပလွန်းနေတာ၊ သူ့နှလုံးသားက အရမ်းသန့်စင်လွန်းနေလို့ ဘယ်လို အမှောင်အတွေးမျိုးမှ လက်ခံလို့မရတာပဲ"
"အဲ့ဒီအရူးမက ငါ့ကို မြင်မြင်ချင်း ခုတ်သတ်မလို့ လုပ်တာလေ"
ကောင်းမင်သည် ထိုအမျိုးသမီးအား အလှအပနှင့် ဖြူစင်မှုတို့ဖြင့် လုံးဝယှဉ်တွဲစဉ်းစား၍ မရချေပေ။
ကျီးကန်းနက်က သူ့ဦးခေါင်းကို လက်ညှိုးဖြင့် ထိလိုက်ပြီး အလေးအနက် ပြောသည်။
"သူ့ကို အဖွဲ့အစည်းက အဲ့ဒီလိုပဲ စီရင်ချက်ချခဲ့တာ၊ သူက ငါ့ကို တခြားလူတွေနဲ့ မတူတဲ့ ခံစားချက်မျိုး ပေးနိုင်တာတော့ အမှန်ပဲ"