ပိတ်ပင်ထားတဲ့ ရုပ်ရှင်
Vol. 47 Ch. 698
"မင်း ဘာလုပ်နေလဲဆိုတာ မင်းသိမှာပါ၊ ငါ မင်းဆုံးဖြတ်ချက်ကို ယုံတယ်"
လူပုံအလယ်တွင်တော့ ကောင်းမင်သည် တစ်ဖက်လူ၏ပုခုံးကို ပုတ်ခြင်းမျိုး စသည့် ရဲတင်းသော အမူအရာမျိုးကို မလုပ်ဆောင်ပေ။ သူ၏ ကြောက်ရွံ့တုန်လှုပ်နေသော ပုံစံမှာ လီဆန်းစီ၏ စရိုက်နှင့် အံကိုက်ပင် ဖြစ်သည်။
ဘတ်စ်ကားပေါ်တွင် ကောင်းမင်၏ ဗိုက်ထဲမှ တဂွီဂွီအသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သူသည် ခွေးလမ်းမသို့ ရောက်လာသည်အထိ အောင့်အည်းသည်းခံလာရသည်။ သူ စတူဒီယိုသို့ မရောက်သေးခင်မှာပင် စကားများ ရန်ဖြစ်သံများကို ကြားလိုက်ရသည်။
"ဒါရိုက်တာလီ သေချာပေါက် ပြန်လာမှာ၊ ငါတို့ သူ့ကို ယုံတယ်၊ ဒါရိုက်တာက ငါတို့ကို ပစ်ထားပြီး ထွက်ပြေးမယ့်လူစားမျိုး မဟုတ်ဘူး"
"အရမ်း အတင့်မရဲနဲ့နော်၊ ယုန်တောင် ချောင်ပိတ်ခံရရင် ပြန်ကိုက်တတ်တယ်"
"ငါ့ကင်မရာကို မထိနဲ့"
သူ၏ လက်အောက်ငယ်သား သုံးဦးသည် အရူးအမူး အော်ဟစ်နေကြသော်လည်း ခွေးသေကောင်များကဲ့သို့ စတူဒီယိုအပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရသည်။
"မင်းတို့ ညရဲတပ်ဖွဲ့ကို ပေးဖို့ ပိုက်ဆံမရှိရင် မင်းတို့ရဲ့ ဒါရိုက်တာလီ အသက်ရှင်လျက် ပြန်ထွက်လာရင်တောင် အရှင်လတ်လတ် အရေခွံနွှာခံရမှာပဲ၊ သူ့မှာရှိတဲ့ တန်ဖိုးရှိတာတွေလည်း အခိုးခံရမှာ သေချာတယ်"
"ပေါက်ကရတွေ၊ ဒါရိုက်တာလီက ဘာမှမဖြစ်ဘူးကွ"
ကျားယိုကျစ်က ထူးထူးခြားခြားပင် ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ငါ ဒါရိုက်တာလီနဲ့ သိလာတာ နှစ်တွေအများကြီး ရှိပြီ၊ အတူတူ ဖြတ်သန်းခဲ့တာတွေလည်း အများကြီးပဲ၊ ငါတို့မှာ ထုတ်သုံးစရာ လှည့်ကွက်တွေ အများကြီး ရှိသေးတယ်"
"ဟုတ်တယ်"
ဆံပင်အဆွဲခံထားရသော တင်းရှန်းကလည်း ဝင်ပြောသည်။
"ငါတို့ ဒါရိုက်တာလီကို ယုံတယ်၊ သူက ငါတွေ့ဖူးသမျှထဲမှာ အားအကိုးရဆုံး လူတစ်ယောက်ပဲ"
သူ့လူ သုံးယောက်၏ စကားသံများက ကောင်းမင်၏ နားထဲသို့ ရောက်ရှိလာသည်။ကောင်းမင် နှလုံးသားထဲ နွေးထွေးသွားရသည်။ ကျီးကန်းနက်နှင့် ထိုအရူးမတို့၏ ဆက်ဆံရေးကို တွေးမိရင်း သူ့ငယ်သားသုံးယောက်အပေါ် ထားရှိသော အမြင်ကို ပြန်လည်သုံးသပ်သင့်လားဟု သူ တွေးမိသွားသည်။
ကောင်းမင် စိတ်လှုပ်ရှားကြည်နူးမိရုံ ရှိသေးသည် မျက်စိလျင်သော ကျားယိုကျစ်က သူ့ကို လှမ်းမြင်သွားသည်။ သူသည် သူ့လက်မောင်းကို ကိုင်ထားသော လူမိုက်လက်ထဲမှ ရုန်းထွက်လာပြီး ကောင်းမင်ကို အော်ခေါ်လိုက်သည်။
"ဒါရိုက်တာလီ"
ကျားယိုကျစ်သည် သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာပြီး ယခုမှပင် ကြောက်ရွံ့သော အမူအရာကို ထုတ်ပြရဲတော့သည်။
"ခင်ဗျား နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ သူတို့က ခွေးမည်းရဲ့ လူတွေပဲ၊ ကျွန်တော်တို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ရောင်းပြီး အကြွေးဆပ်ခိုင်းမလို့တဲ့ဗျာ"
ကျားယိုကျစ်သည် ကောင်းမင်၏ ခြေထောက်ကို ဖက်တွယ်ကာ ငိုယိုလေတော့သည်။
"အကြွေးရှိရင် အကြွေးရှင်ဆီပဲ သွားပါ၊ ပြဿနာရှာရင်လည်း လုပ်တဲ့လူဆီပဲ သွားပါ၊ ဒါရိုက်တာလီ... ခင်…ခင်ဗျားရဲ့တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတွေကို ညရဲတွေက အကုန်ထုတ်မသွားသေးဘူးမလား"
ကျားယိုကျစ်နှင့် တင်းရှန်းတို့ နှစ်ဦးလုံးသည် ကောင်းမင်၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်နေကြလေသည်။ ညရဲတပ်ဖွဲ့က ကောင်းမင်၏ ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူသွားပါက ခွေးမည်း၏ အကြွေးများကို ဆပ်ရန် မလုံလောက်တော့ဘဲ သူတို့ကိုပါ ထိခိုက်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
အစောပိုင်းက ခံစားခဲ့ရသော ပီတိသောမနများမှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။ ကောင်းမင်က ကျားယိုကျစ်ကို ဘေးသို့ ကန်ထုတ်လိုက်သည်။
"ငါ ဘာမှမဖြစ်ဘူးကွ၊ အခုထိ ကျန်းကျန်းမာမာပဲ"
စတူဒီယိုဆီသို့ လျှောက်သွားရင်း ကောင်းမင်သည် လူမိုက်များနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
"စာချုပ်ထဲမှာ အဖြူအမည်းရှင်းလင်းအောင် သေချာရေးထားတာပဲ၊ ပိုက်ဆံရှာဖို့ ငါ့မှာ အချိန်တစ်ပတ် ရှိသေးတယ်၊ အခု ခင်ဗျားတို့ ဒီကိုလာပြီး ရိုက်နှက်နေတာ ဘာသဘောလဲ"
"ဘော့စ်က ဒီနေ့ပဲလို့ ပြောလိုက်တာကွ"
ခွေးမည်း၏ တပည့်များမှာ ရိုင်းစိုင်းလှသည်။ မည်မျှကြာအောင် ရိုင်းစိုင်းနိုင်မည်ကိုတော့ သေချာမသိပေ။
"ကြည့်ရတာ သူက ပိုက်ဆံကို အသည်းအသန် လိုနေတဲ့ပုံပဲ၊ သတင်းထဲမှာ ပါတာတွေက အမှန်ပဲလား၊ အထက်အောက် အကုန်လုံးကို လာဘ်ထိုးဖို့ ပိုက်ဆံလိုနေတာလား"
ကောင်းမင် စကားပြောပြီးသည်နှင့် လူမိုက်တစ်ဦးက လက်သီးဖြင့် လှမ်းထိုးလိုက်သည်။ သူသည် ထိုလက်သီးကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး အချိန်မီ ရှောင်တိမ်းနိုင်ပေသည်။ သို့သော်လည်း ပြန်မခုခံမိစေရန် သူ့ကိုယ်သူ အတင်းထိန်းထားရသည်။
"ခွပ်"
ကောင်းမင် ကြမ်းပြင်ပေါ် လဲကျသွား၏။ ထိုးချက်၏ အရှိန်ကြောင့် သူသည် အတော်ဝေးဝေးသို့ လွင့်စင်သွား၏။ အတွင်းဒဏ်ရာ အကြီးအကျယ် ရသွားသကဲ့သို့ လေထဲမှာပင် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။သူ့မျက်နှာသည် သေလူကဲ့သို့ ဖြူလျော့သွားပြီး မေ့လဲတော့မည့်ဟန် ရှိနေလေသည်။
လူမိုက်သည် သူ့လက်သီးက ထိုမျှ အားပြင်းလိမ့်မည်ဟု မထင်ထားမိပေ။ ကောင်းမင် မေ့လဲတော့မည်ကို မြင်သောအခါ သူ စိုးရိမ်သွားသည်။
ကောင်းမင်က အားတင်း၍ ပြန်ထလိုက်သည်။ သူသည် အလွန်အမင်း ဒေါသထွက်နေပုံရပြီး မျက်လုံးများက နီမြန်းနေလေသည်။သူ့လက်ချောင်းများမှာလည်း တဆတ်ဆတ် တုန်ရင်နေသည်။
"ခွေးမည်းကို သွားပြောလိုက်... မနက်ဖြန်ကျရင် ပိုက်ဆံကို သေချာပေါက် လာပေးမယ်လို့"
"အစ်ကိုယီ... ကိုယ်တွင်းအင်္ဂါတွေက အသက်ရှင်နေတုန်းထုတ်ယူမှပဲ ဈေးကောင်းရတာနော်၊ နောက်တစ်နေရာကို အရင်သွားရအောင်ပါ၊ မနက်ဖြန်ကျမှပဲ ဆရာဝန်နဲ့ ကိရိယာတွေ ယူလာခဲ့တာပေါ့"
လူမိုက်က ကောင်းမင်ကို သေလုနီးပါး ရိုက်နှက်ထားသည်ကို မြင်သောအခါ အဖော်နှစ်ဦးက ဝင်ရောက် ဖျောင်းဖျလိုက်သည်။ ကောင်းမင်သည် ခွေးမည်းကို ပိုက်ဆံပေးရန် ရှိနေသေးသည်။ ပိုက်ဆံမရခင် သတ်ပစ်၍ မဖြစ်ပေ။
“လီဆန်းစီ၊ မနက်ဖြန်မနက် ငါပြန်လာခဲ့မယ်၊ မင်း ပိုက်ဆံမရှာနိုင်ရင်တော့ မင်းနဲ့ မင်းလူတွေ အကုန်လုံးကို ကျူးချွမ်းအဖွဲ့ရဲ့ လူသားစမ်းသပ်ခန်းကို ပို့ပစ်မယ်၊ အဲ့ဒီထဲ ရောက်သွားရင်တော့ သေရတာကမှ နိဗ္ဗာန်ပဲလို့ မင်းတို့ ထင်သွားလိမ့်မယ်”
လူမိုက်က လှောင်ပြုံးပြုံးကာ “သွားစို့၊ နောက်တစ်နေရာကို သွားကြမယ်”
ခွေးလမ်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ထိုနေရာတွင် နေထိုင်သူများသည် မူလကပင် ပိုက်ဆံမရှိကြသူများဖြစ်သဖြင့် ထိုလူမိုက်များက ပိုနှိပ်စက်နေကြခြင်းဖြစ်သည်။ လူတိုင်း ညည်းညူနေကြသော်လည်း မည်သူမျှ မတော်လှန်ဝံ့ကြပေ။
ခွေးမည်း၏ လူများ ထွက်သွားပြီးမှသာ ကျားယိုကျစ်နှင့် တင်းရှန်းတို့က ကောင်းမင်အနားသို့ ပြေးကပ်ကာ ကျယ်လောင်စွာ ငိုယိုကြတော့သည်။
“တော်ကြစမ်း”
ကောင်းမင်က မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်သည်။
“ငါ မသေသေးဘူးကွ”
“ဒါရိုက်တာ... မနက်ဖြန် ဘာလုပ်ကြမလဲ၊ ကျူးချွမ်းအဖွဲ့ရဲ့ လူသားစမ်းသပ်ခန်းဆိုတာ ငရဲထက်တောင် ကြောက်ဖို့ကောင်းတဲ့ နေရာကြီးနော်”
“အော်နေ…အော်နေ…အော်ပဲအော်နေကြတော့၊ မင်းတို့က တစ်နေကုန် အော်နေဖို့ပဲ သိတာလား၊ မင်းတို့က အသံချဲ့စက်တွေလား၊ အဲ့ဒီနေရာက ကြောက်ဖို့ကောင်းမှန်းသိရင် ဖြေရှင်းမယ့် နည်းလမ်းကို စဉ်းစားကြစမ်းပါ”
ကောင်းမင်က ထထိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုင်မည့်အစား နောက်ထပ် သွေးတစ်လုပ် ထပ်အန်လိုက်ပြန်သည်။
"မလှုပ်နဲ့ ဒါရိုက်တာလီ၊ ရှင့်ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်လေ၊ ရှင့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်သွားရင် တန်ဖိုးမရှိတော့ဘဲ နေမယ်"
တင်းရှန်းက လက်ကိုင်ပုဝါဖြင့် ကောင်းမင်နှုတ်ခမ်းမှ သွေးများကို သုတ်ပေးရင်း နာကျင်စွာ ပြောလိုက်သည်။
"ငါ့ရှေ့မှာ ကိုယ်အင်္ဂါတွေအကြောင်း နောက်တစ်ခွန်း ထပ်ပြောရင် ငါမင်းတို့အားလုံးကို ငရဲကို အတူတူ ဆွဲခေါ်သွားမယ်"
ကောင်းမင်က လက်ကိုင်ပုဝါကို ဆွဲယူပြီး မတ်တပ်ထရပ်လိုက်သည်။
"အထဲ ဝင်ကြစို့"
အဖွဲ့သားများသည် လူမိုက်များ အပြင်သို့ လွှင့်ပစ်ထားသော ပစ္စည်းများကို သိမ်းဆည်းပြီးနောက် စတူဒီယိုအတွင်း ပြန်ဝင်လာခဲ့ကြသည်။ တစ်လုံးတည်းသော ကွန်ပျူတာမှာ ရိုက်ခွဲခံထားရပြီး ဝူဝေ ကာကွယ်ထားသော ကင်မရာတစ်လုံးသာ အကောင်းအတိုင်း ကျန်ရစ်ခဲ့သည်။
"ဒါရိုက်တာလီ... ရှင် ညရဲတွေဆီကနေ ဘယ်လို လွတ်လာတာလဲ၊ သူတို့က ခွေးရူးတွေထက်တောင် ပိုးဆိုးတာလေ"
ခဏတာ ဘေးကင်းသွားသည့်အခိုက်အတန့်တွင် တင်းရှန်းက စပ်စုလိုက်သည်။
"ငါ ကတိတွေ အများကြီး ပေးခဲ့ရတယ် ၊မြို့တော်လုံခြုံရေး အလှူငွေထက် အဆပေါင်းများစွာ ပိုများတဲ့ အကျိုးအမြတ်တွေ ပေးမယ်လို့ ကတိပေးခဲ့တာ"
ကောင်းမင်က မျက်မှောင်ကြုတ်ရင်း အမှိုက်ဖြစ်နေသော ကွန်ပျူတာကို မော့ပင်မကြည့်ဘဲ ပြောလိုက်သည်။
"ခင်ဗျားက ညရဲတွေကိုတောင် လိမ်ရဲတယ်ပေါ့၊ ဒါရိုက်တာလီ... ခင်ဗျားက တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ"
ကျားယိုကျစ်က အလေးအနက် ချီးကျူးလိုက်သည်။
"ငါ ပိုသိချင်တာက... ဒီလို အခြေအနေမျိုးမှာတောင် မင်းတို့ သုံးယောက်က ဘာလို့ ထွက်မပြေးကြသေးတာလဲ၊ ငါနဲ့အတူ သေဖို့ စောင့်နေကြတာလား"
ကောင်းမင်က လှည့်ကြည့်လိုက်ပြီး သူတို့ သုံးဦးစလုံးကို အကဲခတ်လိုက်သည်။
"ဒီလောကထဲ ရောက်မှတော့ သစ္စာရှိမှုက ပထမပေါ့၊ ကျွန်တော်တို့က..."
"စကား အပိုမပြောနဲ့"
ကောင်းမင်က ကျားယိုကျစ်ကို ဘေးသို့ တွန်းထုတ်လိုက်သည်။ စကားပြောရန် တုံ့ဆိုင်းနေသော ဝူဝေကို လက်ညိုးထိုးလိုက်သည်။
"မင်း ပြော"
"ဒီလိုပါ... ကျွန်မတို့သုံးယောက် ဒီမနက် ပိုက်ဆံကို အမြန်ဆုံး ဘယ်လိုရှာမလဲဆိုတာ တိုင်ပင်ဖြစ်ကြတယ်၊ အဲ့ဒီမှာ အစ်မတင်းရှန်းက အကြံကောင်းတစ်ခု ပေးခဲ့တယ်"
ဝူဝေက တင်းရှန်းကို ချက်ချင်း ဖော်ကောင်လုပ်လိုက်သည်။
"သူက ပိတ်ပင်ထားတဲ့ ရုပ်ရှင်တွေ ရိုက်ကြမလားတဲ့"
ကောင်းမင် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
"ဒီမြို့က လူအများအပြားဟာ စိတ်သဘောထားတွေ အရမ်းကို ပုံပျက်နေပြီး ပုံမှန်မဟုတ်ကြဘူး၊ ရိုးရိုးရုပ်ရှင်တွေက သူတို့ကို စိတ်မလှုပ်ရှားစေတော့ဘူး၊ အဲ့ဒါကြောင့် သူတို့က ပိတ်ပင်ထားတဲ့ ရုပ်ရှင်တွေကို ငွေပေးပြီး ရိုက်ခိုင်းကြတယ်၊ ဥပမာ - အင်တာနက် ဆယ်လီတွေကို လိုက်သတ်ဖြတ်တဲ့ ဗီဒီယိုမျိုးတွေပေါ့၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ်ရတယ်၊ ဆယ်လီက ပိုနာမည်ကြီးလေလေ သူတို့ကို သတ်တဲ့ဗီဒီယိုက ပိုဈေးကြီးလေလေပဲ"
တင်းရှန်းက ကိုယ်တိုင် ဝင်ရှင်းပြလိုက်သည်။
"မြို့ထဲက ထုတ်လုပ်ရေးကုမ္ပဏီတွေက နာမည်ပျက်တော့မယ့် ဆယ်လီတွေကို အဲ့ဒီလို ဗီဒီယိုမျိုးတွေ ရိုက်ပြီး ထုတ်လွှင့်လေ့ ရှိကြတယ်၊ တကယ်သတ်တာတော့ မဟုတ်ဘူးပေါ့၊ ရိုက်ကွင်း အနေနဲ့ပဲ ရိုက်ကြတာပါ၊ အဲ့ဒီ ဆယ်လီက ပိုက်ဆံအများကြီး ရမယ်၊ ပြီးရင် သူ့နာမည်ကို ပြောင်းပြီး ပုန်းနေလိုက်ရုံပဲ၊ ဒါက ဒီလောကမှာတော့ လျှို့ဝှက်ချက်မဟုတ်ပါဘူး"
"မင်းတို့တွေက ဒီလို ယုတ်မာတဲ့ အလုပ်တွေကို လုပ်ကြမလို့လား"
ကောင်းမင် လက်ပိုက်လိုက်သည်။
"ဒါဆို မင်းတို့က မင်းတို့ကိုယ်မင်းတို့ 'အသတ်ခံရတဲ့' ဗီဒီယို ရိုက်ကြမလို့လား"
"မဟုတ်ဘူး... အဲ့ဒီလို ရုပ်ရှင်တွေအပြင် နောက်ထပ် အမျိုးအစားတစ်ခု ရှိသေးတယ်၊ အဲ့ဒါကတော့ အန္တရာယ်ရှိပြီး ကြောက်စရာကောင်းတဲ့ ကန့်သတ်နယ်မြေတွေထဲမှာ သွားရောက် ရိုက်ကူးတာပဲ"
တင်းရှန်းက သူမ၏ ဖုန်းကို ထုတ်ပြလိုက်သည်။
"ဥပမာ - ကျွန်မတို့ ခရိုင် ၃ထဲမှာတင် ညရဲတွေ ချိပ်ပိတ်ထားတဲ့ နယ်မြေတချို့ ရှိတယ်၊ လူတော်တော်များများက အဲ့ဒီထဲမှာ ဘယ်လို ကြောက်စရာကောင်းတဲ့ကိစ္စတွေ ဖြစ်ခဲ့သလဲဆိုတာ သိချင်နေကြတာ၊ ကျွန်မတို့သာ အထဲဝင်ပြီး ရိုက်ကူးနိုင်ရင် အဲ့ဒီလို ဗီဒီယိုမျိုးတွေကိုလည်း ပိုက်ဆံ အများကြီးနဲ့ ရောင်းလို့ရတယ်"