ဥယျာဉ်
Vol. 47 Ch. 703
ဆင်းရဲသားရပ်ကွက်ထဲတွင် ကြွက်လူသား၊ ခွေးလူသားနှင့် ဝက်လူသားဟူ၍ ထူးခြားသော လူတန်းစား သုံးရပ်ရှိသည်။ သူတို့ထဲမှ အများစုသည် ဝမ်းနည်းကြေကွဲဖွယ် အတိတ်သမိုင်းကိုယ်စီ ရှိကြပြီး သူတို့၏ စိတ်ဝိညာဉ်နှင့် အသိစိတ်များသည်လည်း လူသားများနှင့် များစွာကွာခြားသွားပြီဖြစ်သည်။ သူတို့သည်"သားရဲ" သို့မဟုတ် "အသုံးအဆောင်" များအဖြစ်သို့ ပြောင်းလဲခြင်း ခံထားရသူများ ဖြစ်သည်။
ယင်းက ရက်စက်လွန်းသည်ဟု ထင်ရသော်လည်း ဆင်းရဲသားရပ်ကွက်ထဲတွင် နေထိုင်သူများအတွက်မူ ၎င်းမှာ နေသားကျနေပြီဖြစ်သော အရာပင်။ ကြွက်၊ ခွေး သို့မဟုတ် ဝက် ဖြစ်သွားခြင်းမှာ သူတို့၏ နောက်ဆုံးရှင်သန်ရာ လမ်းစပင် ဖြစ်တော့သည်။
လမ်းကြားထဲရှိ သွေးကွက်များကို လျင်မြန်စွာ သန့်ရှင်းလိုက်ကြပြီး သက်သေများအားလုံးကို ကန့်သတ်နယ်မြေထဲသို့ ပို့ဆောင်လိုက်ကြသည်။ ကျီးကန်းနက်နှင့် ကောင်းမင်တို့သည်လည်း အားမနေကြပေ။သူတို့က ကန့်သတ်နယ်မြေအစွန်ရှိ ဂူးလ်၏ လျှို့ဝှက်သိုလှောင်သေတ္တာကို သွားရောက်ရှာဖွေကြသည်။
ဒုက္ခသည်များကို နှစ်ပေါင်းများစွာ အမဲလိုက်စားသောက်ခဲ့သော်လည်း ဂူးလ်ထံတွင် စုဆောင်းထားသော ကြွယ်ဝမှုက သိပ်မရှိလှပေ။ သူ့သေတ္တာထဲတွင် နံပါတ်များ ပွန်းပဲ့ပျက်စီးနေသော အနက်ရောင်သေနတ်တစ်လက်နှင့် အဖုံးလန်နေပြီဖြစ်သော ညရဲကျင့်ဝတ်စာအုပ်တစ်အုပ်သာ ရှိသည်။
"ငါ သိချင်တာက ညရဲတစ်ယောက်က စည်းမျဉ်းကို ချိုးဖောက်ရင် ဘာဖြစ်မလဲ"
ကောင်းမင်က အနက်ရောင်သေနတ်ကို သိမ်းဆည်းလိုက်ရင်း ကျင့်ဝတ်စာအုပ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ညရဲတွေ သာမန်ထက်သာလွန်တဲ့ အစွမ်းတွေကို ရနေတာဟာ ဒီစည်းမျဉ်းတွေကြောင့်ပဲ"
ကျီးကန်းနက်နှင့် ကောင်းမင်တို့သည် ခွေးအိုကြီးကို အတူတကွ သတ်ဖြတ်ပြီးနောက် သူတို့၏ ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလာကြသည်။ ကျီးကန်းနက်က ဘာမှ ဖုံးကွယ်မထားတော့ပေ။
"ခွေးအိုကြီး ပြောသွားတာ ရှင်းပါတယ်၊ ပထမဆုံး ညရဲက မြို့ပြင်ကနေ တရားမျှတမှု စိတ်ဓာတ်အပြည့်နဲ့ ရောက်လာခဲ့တာတဲ့၊ သူက အင်အားစုတစ်ချို့ကြောင့် ဒီမှာ အကျဉ်းကျခံခဲ့ရတယ်၊ ဆိုးယုတ်မှုတွေကို တိုက်ဖျက်ဖို့အတွက် သူက သူ့ကိုယ်သူစတေးပြီး မြို့ရဲ့ စည်းမျဉ်းတွေကို လှုပ်ခတ်ပစ်ခဲ့တာ၊ ညရဲကျင့်ဝတ်ဆိုတာ လူတစ်ယောက်က ညရဲတစ်ယောက် လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ ကိုက်ညီသွားတဲ့အခါ အဲ့ဒီပထမဆုံးညရဲ ပေးအပ်တဲ့ စွမ်းအားကို ရတာပဲ၊ ကျင့်ဝတ်နဲ့ ပိုညီလေလေ ရတဲ့အစွမ်းက ပိုကြီးလေလေပေါ့၊ ပြောင်းပြန်အနေနဲ့ စည်းမျဉ်းကို ချိုးဖောက်ရင်တော့ စွမ်းအားတွေ ပြန်ရုပ်သိမ်းခံရလိမ့်မယ်၊ ဒါဟာ မြို့တော်ကြီးကို ပြောင်းလဲပစ်ချင်တဲ့ ပထမဆုံး ညရဲရဲ့ လှပတဲ့ မျှော်လင့်ချက်ပေါ့၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူလုံးဝ ကျရှုံးခဲ့ရတယ်"
"ပထမဆုံး ညရဲက မြို့ပြင်က လာတာလား... ငါတို့လိုပဲပေါ့"
"ဟုတ်တယ်၊ ဒါကြောင့် တခြားမြို့တွေကလာတဲ့ ခရီးသည်တွေပဲ ညရဲ ဖြစ်နိုင်တာ"
ရှင်းပြပြီးနောက် ကျီးကန်းနက်က ညရဲကျင့်ဝတ်စာအုပ်ကို သိမ်းလိုက်သည်။
"မင်း ညရဲ ဖြစ်ဖို့ စိတ်ဝင်စားလား၊ ငါ့အမြင်အရဆို မင်းက အတော်လေး သင့်တော်တယ်နော်"
"မလိုပါဘူး"
ကောင်းမင်တွင် သူကိုယ်တိုင် လျှောက်လှမ်းရမည့် လမ်းရှိသည်။ စည်းမျဉ်းများကို ပြောင်းလဲရုံနှင့် ဆိုးယုတ်မှုကို မဖျက်ဆီးနိုင်ပေ။ အရာအားလုံးကို အမြစ်က လှန်ပစ်မှသာ ရပေလိမ့်မည်။
"ခွေးအိုကြီး သေဆုံးတဲ့ သတင်းက မနက်ဖြန်ကျရင် လူသိရှင်ကြား ဖြစ်သွားလိမ့်မယ်၊ ဒါပေမဲ့ ကျူးချွမ်းအဖွဲ့ရဲ့ ခွေးမည်းက ယွမ်ချင်းရဲ့ သမီးကို သတ်ခဲ့တဲ့သက်သေတွေကို ရထားပြီဆိုတော့ ဂိုဏ်းကြီးနှစ်ခုကြား စစ်ပွဲဖြစ်အောင် သွေးထိုးပေးဖို့ပဲ အာရုံစိုက်နေလိမ့်မယ်၊ သူတို့က ကန့်သတ်နယ်မြေကို သိပ်ဂရုစိုက်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒီနေရာကို စူးစမ်းဖို့ ပေးဆပ်ရတဲ့တန်ဖိုးက ရလာမယ့် အကျိုးအမြတ်ထက် အများကြီး ပိုများနေလို့ပဲ"
ကျီးကန်းနက်သည် မျက်နှာပုံပျက်နေသော အမျိုးသမီးနှင့် ဆင်းရဲသားရပ်ကွက်မှ ခွေးလူသားများကို ထိုနေရာတွင် ခြေရာလက်ရာဖျောက်ရန် ထားရစ်ခဲ့ပြီး ကောင်းမင်အား အခြားလမ်းတစ်ခုမှ ခေါ်ထုတ်လာခဲ့သည်။
"တခြားလူတွေ သတင်းမရခင် ငါတို့ ခွေးအိုကြီးအိမ်ကိုသွားပြီး တန်ဖိုးကြီး ရတနာတွေ သွားယူကြစို့"
စကားအဆုံးတွင် ကျီးကန်းနက်၏ အေးစက်သော မျက်နှာပေါ်၌ ကြာမြင့်စွာ ပျောက်ကွယ်နေသော အပြုံးတစ်ခု ပေါ်လာလေသည်။ ထိုခွေးအိုကြီးသည် အမြဲတမ်း ပြုံးပြနေတတ်သော်လည်း နောက်ကျောတွင် ဓားတစ်လက် ဝှက်ထားပြီး သူ့ကို အမြဲတစေ ဖိအားပေးခဲ့သူ ဖြစ်သည်။ ယခုတော့ ထိုလူကို အပြတ်ရှင်းနိုင်ခဲ့ချေပြီ။
ခရို ၃ ရှိ အန်းဖူရိပ်သာလမ်းထဲသို့ သူတို့ ဝင်လာခဲ့ကြသည်။ ဤနေရာသည် လူချမ်းသာများ နေထိုင်ရာ နေရာဖြစ်သည်။ လမ်းပေါ်တွင် အမှိုက် သို့မဟုတ် ခြင်တစ်ကောင်ပင် မရှိချေ။ ဆင်းရဲသားရပ်ကွက်နှင့် လုံးဝကွာခြားလွန်းလှသော ကမ္ဘာတစ်ခု ဖြစ်နေသည်။
ခွေးအိုကြီး၏ အသားစများထဲမှ ရရှိခဲ့သော သော့ဖြင့် ကျီးကန်းနက်နှင့် ကောင်းမင်တို့သည် အန်းဖူလမ်း အမှတ် ၁၇ တံခါးကို ဖွင့်လိုက်ကြသည်။ ခြံဝန်းကျယ်ကြီးနှင့် သီးသန့်ဗီလာအိမ်ကြီးသည် ခရိုင် ၃ တွင် အလွန်ထင်ရှားသော်လည်း ပိုင်ရှင်မှာ မည်သူမည်ဝါမှန်း ဘယ်သူမှ မသိကြပေ။ အချို့က ကောင်စီဝင်တစ်ဦး၏ အိမ်ဟု ယူဆကြပြီး အချို့ကလည်း ဝမ်ရှန့်ဂိုဏ်း၏ အဆင့်မြင့်အရာရှိများ သူတို့၏ မယားငယ်များကို ထားရှိရာနေရာဟု ပြောကြသည်။
"ညရဲတစ်ယောက်က အန်းဖူရိပ်သာလမ်းမှာ ဒီလောက်ကြီးတဲ့အိမ်ကြီးကို ဘယ်လို ဝယ်နိုင်တာလဲ၊ အဲ့ဒီခွေးအိုကြီးက ပိုက်ဆံတွေ ဘယ်က ရတာလဲ"
"ငါလည်း နားမလည်ဘူး၊ သူက အမြဲတမ်း စုတ်စုတ်ပြတ်ပြတ် အဝတ်အစားတွေ ဝတ်ပြီး ကင်းစခန်းမှာပဲ နေတာလေ၊ ညဘက်ကျမှပဲ ထွက်လေ့ရှိတာ"
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် သင်းပျံ့သော ပန်းရနံ့များက ဝေ့ဝဲတက်လာသည်။ ခွေးအိုကြီးမှာ ပန်းစိုက်ပျိုးရာတွင် အတော်လေး ကျွမ်းကျင်ပုံရသည်။
"ပန်းတွေ အများကြီးပဲ၊ အကုန်လုံး လှလှပပ ပွင့်နေကြတာပဲ"
ကောင်းမင်က နံရံထောင့်မှ ပေါက်ပြားကို ယူလိုက်ပြီး ဥယျာဉ်ထဲသို့ လမ်းလျှောက်ဝင်သွားသည်။ သူက ပျော့ပျောင်းသော မြေကြီးကို စတင်တူးဆွလိုက်သည်။
အမြစ်များ ပြတ်တောက်သွားပြီး မြေနီများ ပျံ့ကျဲသွားရာ ပန်းရနံ့များက ပိုမိုပြင်းထန်လာသည်။
“သွေးတွေ၊ အသားတွေ၊ လူအရိုးတွေ... ပန်းတွေနဲ့ အပင်တွေက အသက်ရှူနေသလိုပဲ”
ကျီးကန်းနက်က ခေါင်းကို စောင်းငဲ့၍ ညှိုးနွမ်းနေသော ပွင့်ချပ်များကို စိုက်ကြည့်ကာ တစ်ပွင့်ကို ကောက်ယူ၍ နမ်းကြည့်လိုက်သည်။
“အနံ့က ကျူးချွမ်းဆေးဝါးစက်ရုံက ထွက်တဲ့ ဆေးအသစ်နဲ့ နည်းနည်းဆင်တယ်၊ အသက်ပြင်းပြင်းရှူလိုက်ရင် ခေါင်းမူးသွားစေတဲ့ ခံစားချက်မျိုးပဲ၊ ဒီခွေးအိုကြီးက ဒါတွေကို တိတ်တဆိတ် စိုက်နေတာလား”
ပွင့်ချပ်ကို လွှင့်ပစ်လိုက်ပြီးနောက် ကျီးကန်းနက်က ဒုတိယထပ် အိပ်ခန်းထဲရှိ အမှောင်ခန်းတစ်ခုကို ရှာတွေ့လိုက်သည်။ ထိုအခန်းထဲတွင် ဆေးဖော်စပ်သည့် ကိရိယာများနှင့် ကျူးချွမ်းစက်ရုံက စွန့်ပစ်ထားသော ဆေးဖော်စပ်နည်း မှတ်တမ်းအဟောင်းအချို့ ရှိနေသည်။
ကျူးချွမ်းစက်ရုံ၏ ဆေးဖော်နည်းသည် ယခင်က အတော်လေး ရိုးရှင်းသော်လည်း အခက်အခဲမှာ ကုန်ကြမ်းရရှိရန် ဖြစ်သည်။
သူတို့သည် "ဘဝ" ဟု ခေါ်သော ပန်းတစ်ပွင့်ကို ဩဇာကျွေးမွေးရန် သက်ရှိလူများကို လိုအပ်သည်။ "မြေသြဇာ" ဖြစ်သော ထိုလူမှာ စိတ်ကောင်းရှိပြီး သန့်စင်လေလေ "ဘဝပန်း" မှာ ပိုမိုလှပစွာ ပွင့်လန်းလေဖြစ်သည်။ ဆေး၏ အာနိသင်မှာလည်း ပိုမိုကောင်းမွန်လေ ဖြစ်သည်။
"ဆိုးယုတ်မှုကို ဖိနှိပ်နိုင်တဲ့ဆေးက လူတွေနဲ့ စိုက်ပျိုးထားတာလား၊ ဆေးတစ်ငုံ သောက်တိုင်း ကိုယ့်ရဲ့ဇာတ်တူသားကို ဖဲ့စားနေသလိုပဲပေါ့"
ကျီးကန်းနက်သည် အမှောင်ခန်းထဲမှ တောက်ပသော အနီရောင်ရှိပြီး အမွေးအမှင်ကဲ့သို့ အချွဲအကျိများပါသော ဆေးပုလင်းငယ်အချို့ကို ကောက်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လာပြီး ထိုအရာအားလုံးကို အငမ်းမရ သောက်ချချင်စိတ် ပေါ်လာလေသည်။
ဆေးပုလင်းများကို သိမ်းဆည်းလိုက်ပြီးနောက် ကျီးကန်းနက်သည် အံဆွဲတစ်ခုကို ဖွင့်လိုက်ရာ ကျူးချွမ်းအဖွဲ့၏ ရာဇဝတ်မှု သက်သေများစွာကို တွေ့ရှိလိုက်ရသည်။
"ခွေးအိုကြီးက ကျူးချွမ်းအဖွဲ့နဲ့ တိတ်တဆိတ် ပူးပေါင်းနေတာပဲ၊ ဘဝပန်းက သူတို့ကြားက အပေးအယူပစ္စည်းတစ်ခုပဲ"
အနီးကပ် စစ်ဆေးကြည့်လေ ကျီးကန်းနက်မှာ ပိုထိတ်လန့်လေ ဖြစ်လာသည်။ ကျူးချွမ်းအဖွဲ့သည် ခရိုင် ၃ တွင် အသစ်ပေါ်ထွက်လာသော ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ဤဆေးအသစ်ကြောင့် ခရိုင်များစွာသို့ သူတို့၏လက်တံများ ပြန့်နှံ့နေပြီဖြစ်သည်။ ခွေးအိုကြီးကဲ့သို့ ကျူးချွမ်းအဖွဲ့နှင့် ပူးပေါင်းချင်ကြသော ဂိုဏ်းခေါင်းဆောင်များစွာ ရှိနေသည်။
"ဝမ်ရှန့်ဂိုဏ်းက ဘာလို့ ဒီလောက် သည်းခံနေရလဲဆိုတာ မဆန်းတော့ဘူး၊ သူတို့မှာ ရွေးချယ်စရာ မရှိလို့ သည်းခံနေရတာပဲ"
မြို့ထဲရှိ တခြားဂိုဏ်းများနဲ့ မတူသည်က ကျူးချွမ်းအဖွဲ့သည် အလွန်ကောက်ကျစ်စဉ်းလဲတတ်ခြင်းပင်။ သူတို့သည် နယ်မြေလုတာမျိုး ဘယ်တော့မှ မလုပ်ချေ။ ပြဿနာကိုလည်း မီးခွက်ထွန်း မရှာပေ။ သူတို့သည် သမားတော်တို့၏ မေတ္တာ အကြောင်းကိုသာ အမြဲလိုလို ပြောဆိုနေတတ်သော်လည်း ညဘက်ကျလျှင်တော့ တိတ်တဆိတ် တိုက်ခိုက်တတ်ကြသည်။ခရိုင် ၃ ရှိ လူနာအများအပြားမှာ သူတို့လက်ထဲတွင် ရှိနေပြီး ကျူးချွမ်းအဖွဲ့သည် ထိုလူများကို အချိန်မရွေး ရုပ်သေးရုပ်များနှင့် မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲပစ်နိုင်သည်။
"ငါ့မှတ်ဉာဏ်ထဲမှာ ဝမ်ရှန့်ဂိုဏ်းက ကျူးချွမ်းအဖွဲ့နဲ့ သိပ်မတိုက်ခိုက်ဘဲ နယ်မြေအတော်များများကို ဖယ်ပေးခဲ့တာ သိပ်မဆန်းတော့ဘူး၊ အဲ့ဒီနေ့တွေတုန်းက ခရိုင်၃ မှာ ရောဂါကူးစက်မှုက အရမ်းပြင်းထန်လွန်းလို့ ညရဲတွေတောင် ဝင်ဖို့ တွန့်ဆုတ်နေကြတာ"
လျှို့ဝှက်ခန်းထဲမှ တန်ဖိုးအရှိဆုံး ပစ္စည်းများကို ယူဆောင်ပြီးနောက် ကျီးကန်းနက်က အမြန်ထွက်ခွာရန် ပြင်လိုက်သည်။ သူ ဥယျာဉ်ထဲသို့ ပြန်ရောက်လာသော်လည်း ကောင်းမင်ကို မတွေ့ရပေ။
"လီဆန်းစီ"
"ငါ မြေအောက်မှာ"
လေထုထဲတွင် ပန်းရနံ့များ ပြည့်နှက်နေလေသည်။ ကျီးကန်းနက်သည် အသံလာရာသို့ ကြည့်လိုက်ရာ ဥယျာဉ်၏ အလယ်ဗဟိုမှာ တူးဆွထားပြီးဖြစ်ကာ လူ့ခြေလက်အင်္ဂါများစွာ ပေါ်ထွက်နေသည်ကို မြင်လိုက်ရသည်။ အလောင်းများပေါ်တွင် အပင်မြစ်များ ဖုံးအုပ်နေကြသည်။ ထိုအမြစ်ငယ်များက အသားထဲသို့ စိုက်ဝင်နေကာ နှလုံးသားများကို ရစ်ပတ်ထားကြသည်။
မျက်နှာကာများကို ဖယ်ရှားလိုက်ပြီးနောက် ကျီးကန်းနက်သည် ကျင်းအောက်ခြေတွင် ဆောင့်ကြောင့်ထိုင်နေသော ကောင်းမင်ကို မြင်လိုက်ရသည်။
"မင်း ဘာလုပ်နေတာလဲ"
"ငါ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုကို တွေ့လိုက်တယ်"
ကောင်းမင်က ပွန်းပဲ့နေသော သူ့လက်များကို မြှောက်ပြလိုက်သည်။ သူ့လက်ဖဝါးထဲတွင် အညှောက်ပေါက်နေသော မျိုးစေ့တစ်ခု ရှိနေလေသည်။
ကောင်းမင်၏ သွေးဖြင့် အာဟာရ ရရှိထားသော ထိုမျိုးစေ့သည် လုံးဝ ကွဲပြားခြားနားသော ပန်းတစ်ပွင့်အဖြစ် ပွင့်လန်းလာသည်။ အရုပ်ဆိုး၊ ညစ်ညမ်းပြီး သွေးနီရောင်တောက်နေသော ထိုပန်း၏ ပွင့်ချပ်ပေါ်တွင် လူ့မျက်နှာပုံစံများ ထွင်းထုထားသကဲ့သို့ ရှိနေသည်။ အကြောများမှာလည်း တလှုပ်လှုပ်နှင့် ဖြစ်နေကြသည်။
"ငါ့သွေးက ဒီပန်းကို ပိုမြန်မြန် ကြီးထွားစေလိမ့်မယ်"
ကောင်းမင်က ပွင့်ချပ်တစ်ခုကို ဆွဲဖဲ့၍ ကျီးကန်းနက်ထံ ပစ်ပေးလိုက်သည်။ သူက မျှော်လင့်တကြီး ကြည့်နေလေသည်။
"မြည်းကြည့်ပါဦး၊ အသားနံ့ ရလားလို့"
ကျီးကန်းနက်သည် မျက်မှောင်ကြုတ်ရင်း ပွင့်ချပ်ကို ဝါးစားလိုက်သည်။ တစ်ချက်ဝါးလိုက်တိုင်း သူ့နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်လာပြီး သူ့နှလုံးသားထဲမှ ဆိုးယုတ်မှုများ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။သူ့တွင် အခြားသော စိတ်ခံစားချက်တစ်ခုဖြစ်သည့် သေခြင်းတရားအပေါ် ကိုးကွယ်ယုံကြည်မှုတစ်ခုက အစားထိုးဝင်ရောက်လာလေတော့သည်။